Friday, February 17, 2017

မြတ်ဗုဒ္ဓအလိုတော်ကျ ဇနီးမောင်နှံ ဖြစ်ဖို့



သဒ္ဓါ,သီလ, စာဂ, ပညာ ရှိခဲ့မယ်ဆိုလျှင် ဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ ယခုဘ၀မှာလည်း အချင်းချင်း ရှုမြင်နိုင်ကြတယ်။ နောင်တမလွန်ဘ၀မှာလည်း အချင်းချင်း ရှုမြင်နိုင်ကြလိမ့်မယ်။ဒီအကြောင်းလေးကိုမှီပြီး နကုလပိတာနှင့် နကုလမာတာ အကြောင်းကို အနည်းငယ်ပြောပြပါ့မယ်။

ဘုရားရှင်ရဲ့ လက်ထက်တော်အခါမှာ ဘဂ္ဂတိုင်း သုသုမာရမြို့မှာ နကုလပိတာလို့ ထင်ရှားတဲ့
သူကြွယ်နှင့် နကုလမာတာလို့ ခေါ်တွင်တဲ့ သူကြွယ်ကတော်တို့ဟာ ရှေးရှေးဘ၀များစွာကပဲ မကွဲ
မကွာ ဖြစ်လာကြပြီးတော့ ဘုရားရှင်လက်ထက်တော်အခါမှာလည်း ဘုရားရှင်ကို ပထမဆုံး ဖူးမြင်
ရတဲ့အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြတယ်။ ဒီဇနီးမောင်နှံ နှစ်ဦးလုံးဟာ ဘ၀ပေါင်းများစွာက
ဘုရားအလောင်းတော်ရဲ့ မိဘအဖြစ်၊ ဦးကြီး မိကြီးအဖြစ်ç ဦးလေး ဒေါ်လေးအဖြစ်ဖြင့် အတူ
နေခဲ့ရတဲ့အတွက်ကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာ လွန်စွာ အကျွမ်းဝင်ပါတယ်။
ဘုရားရှင်ကို လျှောက်ထားလိုရာကို ချွင်းချက်မရှိ လျှောက်ထားလေ့ ရှိကြပါတယ်။

ဒါ့ကြောင့် တစ်ချိန်မှာ သူကြွယ်က ဘုရားရှင်ကို ဒီလို လျှောက်ထားတယ် -
" အရှင်ဘုရား ... တပည့်တော်ဟာ ငယ်ရွယ်စဉ်အခါကပဲ ငယ်ရွယ်သူ နကုလမာတာ
သူကြွယ်မကို ထိမ်းမြားလက်ထပ်ကာ ဆောင်ယူခဲ့ပါတယ် မြတ်စွာဘုရား၊ သူ့ကို သိမ်းပိုက်ခဲ့သည်မှ
စပြီးတော့ စိတ်မျှဖြင့်သော်လည်း နကုလမာတာသူကြွယ်မကို လွန်ကျူးပြီးတော့ အခြားအမျိုးသမီးတို့
အပေါ်မှာ ကျင့်မှားမိတယ်လို့ တပည့်တော်ဟာ မသိခဲ့စဖူးပါဘူး။ ကိုယ်ထိလက်ရောက် လွန်ကျူးဖို့
ဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ ပြောဆိုဖွယ်ရာ ရှိနိုင်ပါ့မလဲ။ အရှင်ဘုရား ... တပည့်တော်တို့ဟာ
ယခုဘ၀မှာလည်း အချင်းချင်း ရှုမြင်လိုကြပါတယ်၊ နောင်တမလွန်ဘ၀မှာလည်း အချင်းချင်း ရှုမြင်လို
ကြပါတယ်ဘုရား ..." ။

ဒါကတော့ နကုလပိတာ ဒါယကာကြီးရဲ့ လျှောက်ထားချက် ဖြစ်ပါတယ်၊ ဒီစကားကို နကုလမာတာ
ဒါယိကာမကြီးက ကြားတော့ အားကျမခံ သူ့စိတ်ရင်းအတိုင်း ဒီလို လျှောက်ထားပြန်တယ် -
"အရှင်ဘုရား ... နကုလပိတာသူကြွယ်ဟာ ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်တဲ့ တပည့်တော်မကို
ထိမ်းမြားလက်ထပ်ပြီးတော့ ဆောင်ယူခဲ့ပါတယ် မြတ်စွာဘုရား၊ တပည့်တော်မကို သူက
သိမ်းပိုက်ခဲ့တဲ့အချိန်မှ စပြီးတော့ စိတ်မျှဖြင့်သော်လည်း နကုလပိတာသူကြွယ်ကို လွန်ကျူးပြီးတော့
အခြားယောက်ျားတို့အပေါ်မှာ ကျင့်မှားမိတာကို တပည့်တော်မဟာ မသိခဲ့စဖူးပါ၊ ကိုယ်ထိလက်ရေ
ာက် ကျူးလွန်ဖို့ဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ ပြောဆိုဖွယ်ရာ ရှိနိုင်ပါ့မလဲ။ အရှင်ဘုရား ...
တပည့်တော်တို့ဟာ ယခုဘ၀မှာလည်း အချင်းချင်း ရှုမြင်လိုကြပါတယ်၊ နောင်တမလွန်ဘ၀မှာလည်း
အချင်းချင်း ရှုမြင်လိုကြပါတယ်" ဒီလို လျှောက်ထားလိုက်တယ်။

အဲဒီအခါမှာ ဘုရားရှင်က အောက်ပါစကားတော်ကို မိန့်ကြားတော်မူပါတယ် --- " ဒါယကာ
တို့ ... ဇနီးမောင်နှံနှစ်ဦးတို့ဟာ ယခုဘ၀မှာလည်း အချင်းချင်း ရှုမြင်ကြရန်, တမလွန်ဘ၀မှာလည်း
အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကြတယ်ဆိုလျှင် ဇနီးမောင်နှံနှစ်ဦးလုံးတို့ဟာ ---
၁။ တူမျှတဲ့သဒ္ဓါတရား ရှိရမယ်၊
၂။ တူမျှတဲ့ ကိုယ်ကျင့်သီလ ရှိရမယ်၊
၃။ တူမျှတဲ့ ပေးကမ်းစွန့်ကြဲမှု စာဂတရား ရှိရမယ်၊
၎။ တူမျှတဲ့ ၀ိပဿနာပညာ မဂ်ပညာဆိုတဲ့ ပညာတရား ရှိရမယ်။

ဒီလိုတူမျှတဲ့ သဒ္ဓါ, သီလ, စာဂ,ပညာ ရှိခဲ့မယ်ဆိုလျှင် ဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ ယခုဘ၀မှာ
လည်း အချင်းချင်း ရှုမြင်နိုင်ကြတယ်။ နောင်တမလွန်ဘ၀မှာလည်း အချင်းချင်း ရှုမြင်နိုင်ကြလိမ့်
မယ် "---လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

အိမ်ရှင်က သဒ္ဓါတရားကောင်းသလို အိမ်သူကလည်း သဒ္ဓါတရားကောင်းရမယ်။ အိမ်ရှင်က
သီလစင်ကြယ်သလို အိမ်သူကလည်း သီလစင်ကြယ်စေရမယ်၊ တစ်ယောက်ယောက်က စွန့်ကြဲပေး
ကမ်းလှူဒါန်းလိုလျှင် တစ်ယောက်က မတားမြစ်ရဘူး၊ " မယ်ကလှူမူ မောင်ကြည်ဖြူပြီးတော့, မောင်ကလှူဒါန်း
မယ်ရွှင်လန်းရမည်၊" အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း တူညီရမယ်။ အထူးသဖြင့်
ဝိပဿနာဉာဏ်ပညာချင်းလည်း တူညီနေရမယ်။ ဒီထက်ပိုပြီးတော့ စွမ်းနိုင်ပါက မဂ်ဉာဏ် ဖိုလ်ဉာဏ်
ချင်းလည်း အရာရာ တူညီစေရမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီဝတ္ထုမှာ သောတာပန် ဖြစ်ပြီးကြတဲ့ ဇနီးမောင်နှံတို့ရဲ့ အပြန်အလှန် ချစ်ခင်ကြပုံကို စဉ်းစား
ကြည့်ပါ။ ဒီလို လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှ လွဲပြီးတော့
အခြားသူနှင့် ဖောက်ပြားဖို့ရန် စိတ်မျှဖြင့်သော်လည်း မကြံစည်မိကြဘူး။ ဒီလောက် သီလရှိရှိဖြင့်
စိတ်ထားဖြူစင်မြင့်မြတ်ကြသဖြင့်လည်း တစ်ဦးအပေါ် တစ်ဦး ပိုမို၍ မြတ်နိုးကာ တစ်သံသရာလုံးမှာ
မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြတယ်။ ဒီလို တွေ့မြင်လိုကြရာမှာ လောဘအရင်းခံတဲ့ ဆန္ဒပင်
ဖြစ်လင့်ကစား ဒီသူတော်စင်တို့ရဲ့ တဏှာပေမ လောဘဟာ သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်
ပြီးလျှင် ပြုပြုသမျှ ဒါန သီလ သမထ ၀ိပဿနာ ဘာဝနာကုသိုလ်အပေါင်းက အရဟတ္တဖိုလ်တိုင်အောင်သော
ကောင်းမြတ်ရာဘ၀သို့ရောက်အောင် ပို့ဆောင်ပေးကြလိမ့်မည်သာ ဖြစ်ပါတယ်။

သို့သော် --- မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ
ဧကန်ရှိသလို ဘ၀ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ မည်သည့်ဘ၀ကိုမျှ ငါဘုရား
မချီးမွမ်းပါ
လို့ တစ်ဖက်ကလည်း ဘုရားရှင်ဟာ အသိဉာဏ် ပေးသနားထားတော်မူပါတယ်။
အကြောင်းကတော့ ဘ၀ဟူသမျှဟာ ယေဘုယျအားဖြင့် ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ
ဒုက္ခ ဒေါမနဿ ဥပါယာသ-ဆိုတဲ့ ဒုက္ခတုံး ဒုက္ခအစုအပုံကြီးက အထွတ်တပ်လျက် ရှိနေတဲ့အတွက်
ကြောင့်ပဲ ဖြစ်ပါတယ်။

(၄၅၅ အံ၊၁၊၃၇၂။ အံ၊ဋ္ဌ၊၁၊၃၀၈။) (အံ၊၁၊၃၇၃။)

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
https://muditar.blog.com
https://facebook.com/muditaralinnsayadawdhamachannallive
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဒကာကြီး ဦးအစိုး + ဒကာမကြီး ဒေါ်စန်းစန်းဝင်း ( နီးမောင်နှံ ) အတွက် #မုဒိတာအလင်းဆရာတော် မှ ဓမ္မလက်ဆောင် ။

No comments:

Post a Comment