Saturday, December 31, 2016

မိမိကိုယ် ကို မိမိ.သောတာပန် ဖြစ်တာဘယ်လိုလုပ်သိမလဲ


ဝိပဿနာ ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့  ဟာ ခုလို ကျင့်ကြံအားထုတ်နေကြယင်း၊ တစ်ဖက်ကလည်း ဗုဒ္ဓစာပေ တွေ လေ့လာဖတ်ရှုကြ ၊ တရားတော် တွေ ကို နာကြားကြတဲ့အလျောက် ယခင်က စ စခြင်း တရားအားထုတ်ခါစ ထက် တရားဓမ္မနဲ့ ပါတ်သက်တဲ့ အသိဉာဏ်တွေဟာ ပို၍ပို၍ တိုးပွားလာတယ် ဆိုတာ ကိုယ် ကိုယ်တိုင်လည်း သတိထားမိကြမှာပါ။ အဲဒီလို ဓမ္မနဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေ တိုးပွားလာလေလေ ပို၍ ပို၍ သတိထား ဆင်ခြင်မိကြလေလေ ဖြစ်တဲ့ အတွက် အဲဒီလို သတိထားမိကြတဲ့ အလျောက် မိမိအားထုတ်နေတဲ့ အားထုတ်မှုအပေါ် ကိုယ်ဖာသာကို သုံးသပ်မိကြပါတယ်၊ ဆင်ခြင်မိကြပါတယ်။ သို့ သော် အဲဒီလို သုံးသပ်မိကြယင်းက မိမိတို့ ရဲ့ စိတ်နေစိတ်ထား၊အပြုအမှု နဲ့ ဘုရား၊တရား၊သံဃာ ယုံကြည်ကိုးကွယ်မှုအပေါ်မှာ အယင်ကနဲ့ မတူဘဲ ကောင်းသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ် ဆင်ခြင်မိယင်း မိမိတို့ ကိုယ်တိုင်က..
" ငါ.. သောတာပန် များ ဖြစ်နေပြီလား..၊ သောတာပန် ဖြစ်နေပြီ ဆိုတာ ဘယ်လိုစစ်ဆေးရင် သိရမလဲ"စသည့် ဖြင့် တွေးမိကြမှာပါ။
တွေးလည်း တွေးကောင်းပါတယ်။
ဘာလို့ လည်းဆိုတော့..
"သောတာပန်" အရိယာ ဖြစ်မှသာ"အပါယ်လေးဘုံ" က လုံးဝကင်းလွတ်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါဘဲ။
ဒါကြောင့်မို့..
ဓမ္မမိတ်ဆွေ တို့ အတွက် မိမိဟာ " သောတာပန်" ဖြစ်နေတယ် ဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ၊ သောတာပန် ဖြစ်မဖြစ် မိမိကိုယ်ကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာကို ဖတ်ရှု ၊လေ့လာဖူးထားသလောက် မျှဝေ ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
-------------
"သောတာပန်" လို့ ဆိုလိုက်တာ နဲ့  သာမာန်ပုထုဇဉ် တို့ ဟာ..
ဒီစကားလုံးပေါ် မူတည်ပြီးတော့ ဒီခေတ်၊ဒီကာလကြီးမှာ "သောတာပန်" ဖြစ်ဖို့ ခက်ခဲတယ်ပေါ့..
ဥပမာ... ကိုယ့်ရဲ့ ပတ်ဝန်းကျင် မှာရှိတဲ့  သာမာန်လူ၊ ကိုယ်နဲ့ အမြဲထိတွေ နေတဲ့ လူ၊ အယင်က တရားဓမ္မ တွေ ကို ကျင့်ကြံအားထုတ်မှု မရှိခဲ့သူ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေဟာ ၁၀ရက်လောက် ဘဲဖြစ်ဖြစ်၊ ၁၅ရက် တန်သည် လောက်ဘဲ ဖြစ်ဖြစ်၊ တရားအားထုတ်ရင်း နဲ့  " သောတာပန်" ဖြစ်နေတယ် လို့  ကြားလိုက်ရရင်၊သိလိုက်ရရင်ဖြင့်.. ယုံကြည်မှု မရှိကြပါဘူး၊ ယုံလည်းမယုံကြည်ချင်ပါဘူး။ ဒါ ဘာကြောင့်များ ဖြစ်ရတာလည်း ဆိုတော့..ကိုယ်ကိုတိုင် ကိုယ်က " သောတာပန် အရိယာ မဖြစ်သေးတာရယ်၊ ပြီးတော့ သောတာပန် မဆိုထား နဲ့ ရဟန္တာ ကို တောင် သိရှိဖို့ ခက်ခဲလှတဲ့ သာမာန်ပုထုဇဉ် တို့ ရဲ့ ပင်ကိုယ်သဘာဝ ဉာဏ်တွေကြောင့် ကြောင့်သာဖြစ်လို့ ပါဘဲ လို့ သာဆိုပါရစေ။
တစ်ချို့ ကလည်း " သောတာပန် " ပုဂ္ဂိုလ် ကို "တရားထူး"ရထားတဲ့ ပုဂ္ဂိုလ် လို့ လည်း ခေါ်ကြပါတယ်။တကယ်တော့.. ပထမဦးဆုံး နိဗ္ဗာန် ကို မြင်တွေ့ သွားတဲ့ ပုဂ္ဂိုလ်၊ ပထမ ဦးဆုံး " မဂ်" ကျသွားတဲ့ ပုဂ္ဂိုလ်ဟာ "သောတာပန်" ပါဘဲ။
မိမိကိုယ်ကိုမိမိ " သောတာပန်" ဖြစ်နေတယ် ဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ၊ သောတာပန် ဖြစ်မဖြစ် မိမိကိုယ်ကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာကို တင်ပြဖို့ "သောတာပန်"ဆိုတာ ဘယ်လိုဟာလဲ၊ "သောတာပန်" နဲ့ ပုထုဇဉ် ဘာကွာတာလဲ၊ ဆိုတာ အကြမ်းဖျင်းလောက်တော့ သိထားဖို့ လိုအပ်ပါတယ်။

သောတာပန် ဆိုတာ..
သာမာန်ပုထုဇဉ် နဲ့ မတူဘဲ ခုနပြောသလို "တရားထူးရထားသူ" လို့ ဘဲလွယ်လွယ်မှတ်ကြပါ။ "တရားထူး"ရသွားရင် ဘာတွေ ဖြစ်လည်းဆိုတော့....
"သောတာပန်" တို့ ရဲ့ အကျိုးတရား ( ၆ )ပါးဆိုပြီး မြတ်စွာဘုရားဟောထားတာရှိပါတယ်။
အကျဉ်းချုံးပြီး ဖေါ်ပြရရင်

၁။(သဒ္ဓမ္မနိယတော)- သူတော်ကောင်း တရားမှာ မြဲခြင်းအကျိုး လို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေ ဟာ "ငါးပါးသီလ၊ဆယ်ပါးသီလ နဲ့ သတိပဋ္ဌာန်တရားလေးပါး"စတဲ့ သူတော်ကောင်းတရားတို့ကို မြဲတဲ့အကျိုးကိုလည်း ရရှိကြပါတယ်။
သူများအသက်သတ်ဖို့ ကြုံလာတဲ့အခါ သူများဥစ္စာခိုးဖို့၊ သူ့သားမယားကို လွန်ကျူးဖို့၊ လိမ်ညာပြောဖို့၊ အရက်သေစာ သောက်စားဖို့၊ ကြုံလာသောအခါတို့ မှာ ဘယ်လိုအကြောင်းကြောင့်မှ မလွန်ကျူးကြတော့ပါဘူး။လုံးဝ ရှောင်ကြဉ်နိုင်ကြပါတော့တယ်။။ ငါးပါးသီလ လို့ ခေါ်တဲ့ သူတော်ကောင်းတရားလုံးဝမြဲကြပါပေတော့တယ်။
အခြားတစ်ယောက်ယောက် က အကြောင်းအမျိုးမျိုးကြောင့် သူများအသက်ကိုမသတ်ပေးရင်၊ သူများဥစ္စာကို မခိုးပေးရင်၊ သူများ သားမယားကို မဖျက်ဆီးပေးရင်၊ လိမ်ညာမပြောပေးရင်၊ အရက်တိုက်တာကို မသောက်စားရင် ၊သင့်ကို အရင်သတ်ရလိမ့်မည်ဟု အနိုင်အထက် နှိပ်စက်၍ စေခိုင်းပေမယ့် လည်း ငါးပါးသီလကို မလွန်ကျူးနိုင်တော့ပါဘူး။အသက်ကိုပင် အသေခံကြပေတော့တယ်။
ဒါ ပုထုဇဉ် နဲ့ မတူဘဲ အသက်နှင့်လဲပြီး ငါးပါးသီလ ဆိုတဲ့ သူတော်ကောင်း တရားကို မြဲကြပါပေတယ်။

၂။(အပရိဟာနဓဓမ္မာ)-မဆုတ်ယုတ်တဲ့ သဘောရှိခြင်း အကျိုးလို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ သောတာပန်ဖြစ်တဲ့အချိန်က စပြီး သဒ္ဓါ ၊သီလ စတဲ့ သူတော်ကောင်း၊ ဥစ္စာတရား (၇)ပါးတို့သည် ဆုတ်ယုတ်သွားသည်ဟူ၍
မရှိကြတော့ပါဘူး။ တိုးတက်ကြီးပွားနေခြင်း အကျိုးကိုသာ ရရှိနေကြပါတော့တယ်။
သာမာန် ပုထုဇဉ်ပုဂ္ဂိုလ်တို့ မှာရှိတဲ့ "သဒ္ဓါ၊သီလ"စတဲ့ သူတော်ကောင်းဥစ္စာတရား (၇)ပါးတို့ဟာ ယခုမျက်မှောက်ဘဝ မှာ လည်း အကြောင်းအမျိုးမျိုးတို့ ကြောင့် ဆုတ်ယုတ်ပျက်စီးသွားတတ်ကြပြီး၊ အကယ်၍ ဒီဘဝမှာ မဆုတ်ယုတ် မပျက်စီးဘူးဆိုရင် နောက်နောင်ဘဝတွေမှာ ဆုတ်ယုတ်ပျက်စီးသွားတတ်ကြပါပေတယ်။

♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေကျတော့..
"သဒ္ဓါ၊သီလ၊ ဟိရိ၊ ဩတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ"စတဲ့ သူတော်ကောင်းဥစ္စာ တရား (၇)ပါးတို့ ဟာ အခုလက်ရှိဘဝမှာလည်း ဘယ်လို အကြောင်းကြောင့်မှ ဆုတ်ယုတ်ပျက်စီးသွားခြင်းမရှိကြတဲ့ အပြင်၊ နောက်နောင်ဘဝတို့မှာလည်း ဘယ်လို အကြောင်းကြောင့်မှ ဆုတ်ယုတ်ပျက်စီး သွားခြင်းမရှိကြတော့ပါဘူး။
တိုးတက်ကြီးပွားလျက်သာ ရှိကြပေတော့တယ်။ အထက်မဂ်၊အထက်ဖိုလ် တွေ ကို သာ ရောက်သွားဖို့ရာ အားကြီးတဲ့ အကြောင်း (ပကတူပနိဿယသတ္တိ)ဖြစ်ပြီး ကျေးဇူးပြုလျက်ရှိနေကြပေတော့ပါတယ်။

၃။(ပရိယန္တကတ ဿဒုက္ခံ)- ဆင်းရဲဒုက္ခ အပိုင်းအခြားကို ပြုပြီးခြင်းအကျိုးလို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
လူ့ပြည်၊ နတ်ပြည် (၆) ထပ်တို့မှာ အိုရခြင်းဒုက္ခ၊ နာရခြင်းဒုက္ခ၊ သေရခြင်းဒုက္ခ စတဲ့ ဆင်းရဲ ဒုက္ခ အမျိုးမျိုးတို့ကို အများဆုံး (၇)ဘဝသာ ခံကြရတော့မည် ဖြစ်ကြပါပေတယ်။ အဲဒီလို ( ၇ )ဘဝ သာ ဆင်းရဲဒုက္ခကို ခံရခြင်းဟူသော ပြုအပ်ပြီးသော ဆင်းရဲဒုက္ခ အပိုင်းအခြားရှိခြင်း အကျိုးကိုလည်း ရရှိကြပါပေတယ်။
သာဓကတစ်ခုအနေနဲ့ ..
တစ်ချိန်သောအခါ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် မှာ သီတင်းသုံးနေတော်မူတဲ့ အခါမှာ လက်သည်းပေါ်သို့ မြေမှုန့်လေးတင်ပြပြီး ငါဘုရား ရဲ့ လက်သည်းပေါ်၌တင်ထားသည့် မြေမှုန့် နဲ့ မဟာပထဝီ မြေကြီးပေါ်၌ရှိသည့် မြေမှုန့်တို့ဟာ ဘယ်မြေမှုန့် က ပိုပြီးများသလဲ”လို့ ရဟန်းတော်များကို မေးတော်မူပါတယ်...တဲ့။
ရဟန်းတော်တွေက “မြတ်စွာဘုရား...
မြတ်စွာဘုရား၏ လက်သည်းပေါ်၌တင်ထားတဲ့ မြေမှုန့်လေးမှာ အလွန်ပင် နည်းပါးလှပြီး မဟာပထဝီ မြေကြီးပေါ်၌ရှိသည့် မြေမှုန့်များက အလွန်ပင် များပြားလှပါတယ် ဘုရား”ဟု လျှောက်ထားကြလေ၏..တဲ့။
အဲဒီအခါ မြတ်စွာဘုရားက....
“ချစ်သားရဟန်းတို့...သောတာပန် ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ကျန်ရှိနေသေးသော အိုရခြင်းဒုက္ခ၊ နာရ ခြင်းဒုက္ခ၊ သေရခြင်းဒုက္ခစသော သံသရာဝဋ်ဆင်းရဲဒုက္ခတို့သည် (၇)ဘဝသာ ကျန်တော့သည်ဖြစ်၍ ငါဘုရား၏ လက်သည်းပေါ်၌တင်ထားသော မြေမှုန့်မျှပင် ကျန်ရှိတော့သည်။ ကုန်ပြီးသွားသော သံသရာဝဋ် ဆင်းရဲဒုက္ခတို့သည် မဟာပထဝီမြေကြီး၌ရှိသော မြေမှုန့်များလောက် များပြားကြပေသည်”ဟု သောတာပန်ပုဂ္ဂိုလ်တို့၏ ဝဋ်ဆင်းရဲဒုက္ခ အပိုင်းအခြားရှိပုံကို ဟောကြားတော်မူပါသည်။..လို့  ဟောကြားတော်မှုခဲ့ပါတယ်။

၎။(အသာဓာရဏဉာဏော)-ပုထုဇဉ်တို့ နဲ့ မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံခြင်းအကျိုးလို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အမှားကို သိမြင်တတ်တဲ့ ဒိဋ္ဌိ၊ ကောင်းဆိုးအာရုံတွေကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာ၊အပါယ်သို့ ကျရောက်စေတတ်တဲ့လောဘကြမ်း၊ဒေါသကြမ်း၊ မောဟကြမ်း၊ မမြဲခြင်း- အနိစ္စ ၊ ဆင်းရဲခြင်း - ဒုက္ခ၊ အစိုးမရခြင်း - အနတ္တ တို့ကို အမှန်အတိုင်း သိနေကြပါပေတယ်။ အဲဒီလို လောကရေးရာ၊ ဓမ္မရေးရာတို့၌လည်း ပုထုဇဉ်တို့နှင့် မဆက်ဆံသော
အသိဉာဏ်ထူးများနှင့် ပြည့်စုံနေခြင်း အကျိုး
ကိုလည်း ရရှိကြပါပေတယ်။

၅။(ဟောတုစသုဒိဋ္ဌော)-အကြောင်းကိုလည်း ကောင်းစွာမြင်ခြင်းအကျိုး လို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
အကြောင်းကြောင်းတွေ ကြောင့် ၊ အကျိုးတရားများ ဖြစ်ကြရာမှာ အကြောင်းမှန်ကို ကောင်းစွာ သိမြင်တတ်တဲ့ အကျိုးကိုလည်း ရရှိကြပါပေတယ်။
အဲဒီလို သောတာပန်ဖြစ်ပြီးသား ပုဂ္ဂိုလ်တို့ဟာ ကြံစည်၊ပြောဆို၊ပြုလုပ်ခြင်းစတဲ့ ကုသိုလ်ဖြစ်ခြင်းတို့ ရဲ့ အကြောင်း၊ ကြံစည်၊ပြောဆိုပြုလုပ်ခြင်းတို့ရဲ့ အကုသိုလ် ဖြစ်ခြင်းတို့ ရဲ့ အကြောင်း၊ ကြံစည်၊ပြောဆို၊ပြုလုပ်ခြင်းတို့ဟာ ချမ်းသာခြင်းရဲ့ အကြောင်း၊ ကြံစည်၊ပြောဆို၊ ပြုလုပ်ခြင်းတို့ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းဖြစ်တယ် လို့  ကောင်းကြောင်း ဆိုးကြောင်း တွေ ကို ပုထုဇဉ်ပုဂ္ဂိုလ် တို့ထက် ပို၍ကောင်းစွာမြင်တတ်ကြပါပေတယ်။

၆။(ဟေတုသမုပ္ပန္နာစဓမ္မာ)-အကြောင်းကြောင့်ဖြစ်သော အကျိုးတရားကိုလည်း ကောင်းစွာမြင်ခြင်း အကျိုးလို့ ခေါ်ပါတယ်။
♦သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
အကြောင်းကြောင်းတွေ ကြောင့် အကျိုးတရား တို့ ဖြစ်ကြရာမှာ အကျိုးအမှန်ကို ကောင်းစွာမြင်တတ်တဲ့ အကျိုးကိုလည်း ရရှိကြပါပေတယ်။
အဲဒီလို သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တို့ဟာ အခုလို ကောင်းကျိုးများကို ရရှိလာခြင်း၊အခုလို ချမ်းသာသုခ တွေ ကို ရရှိလာခြင်းတို့ ဟာ ကောင်းတဲ့ အကြောင်းကံတွေကို ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့် ၊ကောင်းတဲ့ အကျိုးတွေကို ရရှိလာခြင်းဘဲ ဖြစ်ပေတယ်။ ဘေးရန်များ ဖြစ်လာခြင်း၊ အခုလို ဆင်းရဲ ဒုက္ခများ ဖြစ်လာခြင်းတို့ဟာ မကောင်းတဲ့ အကြောင်းကံတွေကို ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့် မကောင်းတဲ့ အကျိုးတွေကို ရရှိလာခြင်းဘဲ ဖြစ်တယ်လို့  ကောင်းကျိုး၊ဆိုးကျိုး တို့ကို ပုထုဇဉ်ပုဂ္ဂိုလ် တို့ထက် ပိုပြီး ကောင်းစွာ သိမြင်တတ်ကြပါပေတယ်။

အဲဒီလို သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
ပုထုဇဉ်ပုဂ္ဂိုလ်တို့ထက် အဲဒီလို ထူးခြားလွန်ကဲတဲ့ အကျိုးတရား ၆-ပါးကို ရရှိကြပါပေတယ်။
ရှေ့ ဆက်ရရင်တော့.
"မဂ်" လေးပါးရှိတဲ့ အနက် ပထမဦးဆုံး မဂ် ကျရင် သောတာပန် ဖြစ်ပြီဆိုတာတော့ ..ဓမ္မမိတ်ဆွေ တို့  သိပြီးသားဖြစ်ကြမှာပါ။ တစ်ချို့ ကလည်း မိမိဟာ သောတာပတ္တိမဂ်ကျနေပြီလား၊ မကျသေးဘူးလား ဆိုတဲ့ သို့လော၊သို့ လော ဖြစ်နေကြတဲ့ သူတွေလည်းရှိပါတယ်။
"မဂ် မသိ၊ ဖိုလ် နဲ့ ညှိ " ဆိုတဲ့ စကားရပ်အတိုင်း ...အစပျိုးရရင်တော့
မဂ် က"အသေ၊ ဖိုလ် က "အရှင်" ပေါ့။
"မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီး၊ မဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။
ဖိုလ်လေးပါးမှာ သူနဲ့ ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုတာဖြစ်ပါတယ်။
" သောတာပန်"အတွက်ဆိုရင် "မဂ်"ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဥာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။
ဝိပသနာဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဥာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို့ ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်တယ်ပေါ့။
ဓမ္မမိတ်ဆွေတို့ ဟာ မိမိဟာ သောတာပတ္တိမဂ်ကျ၊ မကျသိချင်ရင်တော့ ..
"ဖိုလ်ဥာဏ်"ဆိုတာ ဟာ ဆိုင်ရာ"မဂ်ဥာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိနိုင်တဲ့ အတွက်ကြောင့်.."ဖိုလ်"ဝင်စားကြည့်လို့ ရနိုင်ရင်တော့ "သောတာပန်" ဖြစ်ပြီလို့ သေခြာပေါက်ပြောနိုင်ပါတယ်။
ဒီတော့" ဖိုလ် "စိတ်မျိုး ဖြစ်အောင် ဖိုလ်ဝင်စားတော့မယ်ဆိုရင်...
အရင်ဆုံးတစ်ခုရှင်းပြပါရစေ...
"ဉာဏ်စဉ် (၁၆)ပါး" ဆိုတာရှိပါတယ်။အရင် စာမျက်နှာတွေမှာလည်း ဖေါ်ပြခဲ့ဘူးပါတယ်။ဒီနေရာမှာတော့ ဒီ( ၁၆ ) ပါးလုံးကို မဖေါ်ပြတော့ပါဘူး။
ဝိပဿနာရှုတဲ့အခါ သာမာန်ပုထုဇဉ်တွေအနေနဲ့  စပြီးအားထုတ်တော့မယ်ဆိုရင်ဉာဏ်စဉ် (၁၆)ပါး မှာရှိတဲ့ "နာမရူပ ပရိစ္ဆေဒ ဉာဏ်" မှ စပြီး ဖြစ်ပေါ်ပါတယ်။
"နာမရူပ ပရိစ္ဆေဒ ဉာဏ်" ဆိုတာ ဘာလည်း ဆိုတော့..
"ရုပ် နာမ် ခွဲခြားသိတဲ့ဉာဏ်"..ဖြစ်ပါတယ်။ တရားအားထုတ်ရင်း ရှုဖန်များလာရင်.. ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ပိုင်းခြားသိလာတော့...
"နာမရူပပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။ ဒါ ပုထုဇဉ် မှာ စဖြစ်တဲ့ ပထမဆုံး ဉာဏ်စဉ်ပါ။

သောတာပန် ဖြစ်ပြီးသား အရိယာ ကတော့ " ဥဒယဗ္ဗယဉာဏ်" လို့ ခေါ်တဲ့...
ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်တဲ့ ဉာဏ် ကစပြီး ဖြစ်ပေါ်ပါတယ်။ ( မဟာစည်ဆရာတော်ဘုရား ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲစာမျက်နှာ ၄၃ မှာလည်း ပြဌာန်းထားပါတယ် )

ဓမ္မမိတ်ဆွေတို့  အဲဒီလို ရှုမှတ်နေတဲ့ အစ မှာ အဖြစ်အပျက် နှစ်ပါးလုံးကို သိလျက် " ဥဒယဗ္ဗယဉာဏ်" ဖြစ်ပေါ်နေပြီးတော့..သူ့ ဉာဏ်စဉ် အတိုင်း တိုးတက်၊တိုးတက် လာပြီးမကြာမီ အချိန်တစ်ခုမှာ အနူးညံ့ဆုံး၊ အသိမ်မွေ့ ဆုံး၊ အကောင်းဆုံး မှတ်သိမှုဖြစ်တဲ့ " သင်္ခါရုပေက္ခာဉာဏ်"သို့  ရောက်ရှိသွားပါလိမ့်မယ်။ ရုပ်၊ နာမ် ဓမ္မသင်္ခါရ တွေကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့....
"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာပါတယ်။
တစ်ကယ်တန်း မဂ်ဖိုလ် သို့ ရောက်ပြီးသောသူရဲ့ စိတ်ထားဟာ အရင်တုန်းက စိတ်ထားနဲ့ မတူဘဲ ထူးခြားလာတာ ကိုယ့်ဖာသာကိုယ်သိသာပါတယ်။
ဥပမာ...
ဘဝအသစ်တစ်ခု ပြောင်းလဲ လာသလို ထင်ရတတ်ပါတယ်။ ယုံကြည်မှု ၊ကြည်ညိုမှု ၊ကြည်လင်မှု သဒ္ဓါ တွေဟာ အလွန် ထက်သန်စွာဖြစ်တတ်ပါတယ်။ အဲဒီ သဒ္ဓါ အဟုန်ကြောင့် ပီတိ ၊ပဿဒ္ဓိ တို့ လည်းလွန်ကဲစွာ ဖြစ်နေတတ်ပါတယ်။ ဝမ်းသာမှု သုခ ဟာ လည်း အလိုလိုပင် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီ သဒ္ဓါ၊ ပီတိ ၊ပဿဒ္ဓိ ၊သုခ တို့ က လှိုက်လှိုက်လှဲလှဲ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အတွက်ကြောင့် မဂ်ဖိုလ်သို့  ရောက်ပြီးခါစ မှာ ရှုမှတ် ပေမယ့်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်သေးတာလည်း ရှိတတ်ပါတယ်။
ဒါပေမယ့် နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်း ဖြစ်စေ ကြာလွန်တဲ့ အခါမှာ အဲဒီ သဒ္ဓါ တို့ ဟာ အားနည်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ ပိုင်းပိုင်းခြားခြား သိနိုင်ပြီးတော့ အမှတ်ကောင်းသွားပါလိမ့်မယ်။ တချို့ ပုဂ္ဂိုလ်တွေ ဟာ မဂ်ဖိုလ် သို့ ရောက်ပြီးခါစမှာ ဘယ်လို ဖြစ်လည်းဆိုတော့..
ဝန်ပေါ့သွားသလိုမျိုး ၊မမှတ်ချင်တော့သလို၊ အားရသွားသလိုမျိုး အဲဒီလိုစိတ်တွေ ဖြစ်တတ်ပါတယ်။အဲဒီလိုဖြစ်တဲ့ သောတာပန် က နဂိုကတည်းကမိမိဟာ "သောတာန်ပန်"ဖြစ်ရင်တော်ပြီ၊ "သောတာပတ္တိမဂ်ဖိုလ် " လောက်ကိုဘဲ ရည်မှန်းခဲ့တဲ့ အတွက်ကြောင့် ရောင့်ရဲမှုသာ ဖြစ်တယ် လို့  ယူဆ ရပါတယ်လို့ ..မဟာစည်ဆရာတော်ဘုရား ကြီး က ရေးသားဖေါ်ပြထားပါတယ်။

အဲဒီလို ဉာဏ်အား ပြည့်တဲ့အခါမှာ "သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံ " ကို အယင် ကလိုပင် ကူးပြောင်းပြီး..
"ဖိုလ်စိတ်"အစဉ်ဖြစ်ပေါ်နေပါလိမ့်မယ်။
ဒီ "ဖိုလ်စိတ်"ဟာ "အရင်တုန်းက လို အချိန်ကို မပိုင်းခြားတော့ဘဲ တစ်ချို့ ဖိုလ်ဝင်စားသူတွေမှာ..
" တစ်ခါတစ်လေ ခဏလေးသာဖြစ်တတ်ပါတယ်။တစ်ခါတစ်လေ..၅မိနစ်လောက်၊ ၁၀မိနစ် ၊၁၅မိနစ်၊ နာရီဝက်၊ တနာရီ လောက် စသည်ဖြင့် အချိန် ကြာမြင့်စွာလည်း ဖြစ်တတ်ပါတယ်။
"အဋ္ဌကထာ" ထဲမှာတော့..တစ်နေ့ လုံး၊တစ်ညလုံး သော်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။တကယ်လို့ အချိန်ကာလပိုင်းခြားပြီး အဓိဋ္ဌာန်ထားတဲ့ ကာလပတ်လုံး လည်း ဖြစ်တတ်သည် ဟု မိန့် ဆိုထားပါတယ်။အခုမျက်မှောက်ကာလမှာလည်း သမာဓိ၊ ဝိပဿနာ ထက်သန်တဲ့ သူတွေမှာတော့ ၁နာရီ ၊၂နာရီ ၊၃နာရီ စသည်ဖြင့် ပိုင်းခြားထားသည့်အတိုင်း ကြာမြင့်စွာ "ဖိုလ်"တည်တံ့နေသည်ကို တွေ့ ကြရပါတယ်။
ထားပါတော့...
"ဖျက်လိုမှဘဲ ပျက်ပါစေ" ဆိုတဲ့ အဓိဌာန် နဲ့ အရင်ကတည်းက ပိုင်းခြားထားရင်လည်း အလိုမရှိတဲ့ အခါကျမှသာ ကောင်းစွာ ထပါတယ်။ဒါပေမယ့် တနာရီ ၊နှစ်နာရီ ကြာတဲ့ ပုဂ္ဂိုလ် အဖို့ ဆင်ခြင်တဲ့ စိတ်တွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ်...အဲဒီစိတ်တွေ ကို ၄-ချက်၊ ၅-ချက် လောက် မှတ်လိုက်ရင်တော့ "ဖိုလ်" ကို တဖန်ရောက်သွားပြန်ပါတယ်။ အဲဒီနည်း နဲ့ လည်းပဲ အားရသည့်တိုင်အောင် နာရီပေါင်းများစွာ တည်တံ့နေတာကိုလည်း တွေ့ ကြရပါတယ်။အဲဒီ " ဖိုလ် "စိတ်တွေ ဖြစ်နေတဲ့ အခိုက် မှာ "သင်္ခါရ" အလုံးစုံချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံ မှာဘဲ စိတ် ဟာ တည်တံ့လျက်ရှိနေပါတယ်။
နိဗ္ဗာန်အာရုံ ကလွဲပြီး တစ်ခြားအာရုံကို မသိပါဘူး။ နိဗ္ဗာန် ဆိုတာကလည်း ဒီလောက၊ တစ်ပါးသော လောကတို့ နဲ့ ဆိုင်တဲ့ ရုပ်နာမ် သင်္ခါရ တရား၊ ပညတ်တရား တို့ မှ အလွတ် သီးခြားသဘောတရား ဖြစ်ပါပေတယ်။ ဒါ့ကြောင့်မို့ ဖိုလ် ဝင်စားနေတဲ့ အချိန်မှာ မိမိခန္ဓာကိုယ်ဟာ ဒီလောက တစ်ပါးသော လောကတို့ ရဲ့ အကြောင်းကို ဘာမျှ သတိမရပါဘူး၊ သိလည်းမသိပါဘူး၊ ကြံစည် စဉ်းစားမှု တွေဟာလည်းလုံးဝ ကင်းစင်နေပါတယ်။မြင်စရာ၊ ကြားစရာ၊ ထိစရာ ၊ နံစရာ အာရုံတွေ ထင်ထင်ရှားရှားရှိနေပေမယ့်လည်း ဘာကိုမျှ မသိတော့ပါဘူး။

"အပ္ပနာဇဝနံ ဣရိယာပထမ္ပိ သန္နာ မေတိ" ဟု ဆိုတာ နဲ့  အညီ ဣရိယာပုထ် လည်း ခိုင်ခံ့နေပါတယ်။ ထိုင်ပြီး ဝင်စားနေရင် ထိုင်တဲ့ ကိုယ်အမူအရာဟာ မူလက အတိုင်းဘဲ တည်တံ့လျက်ရှိနေပါတယ်။ ယိမ်းယိုင်ခြင်း၊ ညွတ်ကျခြင်း၊ ယွင်းပျက်ခြင်း မရှိပါဘူး။ ဖိုလ် စိတ် အစဉ်ပြတ်သွားသောအခါမှာ သင်္ခါရငြိမ်းတဲ့ သဘော၊ အဲဒီ ငြိမ်းရာကို ရောက်နေတဲ့ သဘောတွေကို ဆင်ခြင်မှုဖြစ်စေ၊ ပုံသဏ္ဌာန် စတဲ့ အာရုံတစ်မျိုးမျိုးကို တွေ့ မြင်မှုဖြစ်စေ၊ ရှေးဦးစွာ ထင်ရှားဖြစ်တတ်ပါတယ်။

အဲဒီနောက် မှတ်မြဲ မှတ်ခြင်း၊ ကြည်လင်ခြင်း၊ ဆင်ခြင်ခြင်း စတဲ့ စိတ်တို့ ဟာ ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်ကြပါတယ်။ မှတ်နေတာကို ဆက်မှတ်နေပေမယ့်လည်း အစ မှာ ပီသ ကြမ်းတမ်းတဲ့ အဖြစ်အပျက် ကို သိပြီး ခပ်ကျဲကျဲသာ ဖြစ်တတ်ပေမယ့် ဝိပဿနာ အထူးအားကောင်းလာတဲ့ အခါ "ဖိုလ်" မှ ထခါစ မှာ လည်း အမှတ်မကျဲဘဲ ကောင်းမြဲပင်၊ သိမ်သိမ်မွေ့ မွေ့ နဲ့ ကောင်းနေတာလည်းရှိနေသေးပါတယ်။
အဓိကအချက်က "ဖိုလ်"ကို မြန်မြန်ရောက်ရန်၊ ဖိုလ်ဝင်စားမှု ကြာကြာတည်တံ့ဖို့ အတွက် ၊ ဆောက်တည်မှုကို အားမထုတ်ခင်ကတည်းက ကြိုတင်ပြီး ပြုလုပ်ဖို့ လို ပါတယ်။ မှတ်နေတဲ့ အချိန်ကျမှ ဆောက်တည်မှုအတွက် ကြောင့်ကြမှု၊ တောင့်တမှုကို မပြုအပ်ပါဘူး။ ဝိပဿနာ အားမပြည့်သေးဘူး ဆိုရင်တော့ အမှတ် အထူးကောင်းနေတဲ့ အချိန်မှာ ကြက်သီးထ တာတို့ ၊ သမ်း တာတို့ ၊ ခန္ဓာကိုယ်တုန်လှုပ်တာတို့ ၊ ရှိုက်တာ တို့ တွေ ဖြစ်ပြီးတော့ အမှတ်ကျဲသွား သည်လည်း ရှိတတ်ပါသေးတယ်။
မှတ်နေရင်း မှတ်နေရင်း အထူးကောင်းလာတဲ့ အချိန် မှာ "ရောက်တော့ မှာဘဲ" လို့ ဆင်ခြင်မိတဲ့အတွက် အမှတ်ကျဲသွားသည်လည်း ရှိပါသေးတယ်။ဓမ္မမိတ်ဆွေတို့  မဆင်ခြင်မိစေကြစေဖို့  အထူးဂရုပြုသင့်ပါတယ် ။
အကယ်၍ပေါ့လေ ဓမ္မမိတ်ဆွေ အနေနဲ့ ဆင်ခြင်မိရင်၊တွေးမိလိုက်ရင်တောအဲဒီ "ဆင်ခြင်မှု" "တွေးတောမှု"ကို မိမိရရ မှတ်ပါလို့ တိုက်တွန်းပါတယ် ။
အဲဒီလို ကျဲကျဲသွားတာကို အကြိမ်များစွာ မကြာခဏ တွေ့ ရပြီး မှ "ဖိုလ်" ကို ရောက်တဲ့သူလည်းရှိတတ်ပါတယ်။ သမာဓိ ဉာဏ်အားနည်း နေရင်တော့ သောတာပန် ပုဂ္ဂိုလ်ဟာ ဖိုလ် သို့ မြန်မြန်မရောက်တတ်ပါဘူး၊ ရောက်ရင်လည်း ကြာကြာမတည်တံ့ တတ်ပါဘူး။ ဒါကတော့ "ဖိုလ်"ဝင်စားတဲ့ ပုံစံဖြစ်ပါတယ်။အဲဒီလို "ဖိုလ်" ဝင်စားနိုင်ပြီဆိုရင်တော့ သေခြာပေါက် "သောတာပန်" ဖြစ်တယ် လို့ ပြောနိုင်ပါတယ်။
ဘယ်လိုဘဲ ဖြစ်စေ..
ဓမ္မမိတ်ဆွေ ကိလေသာ ကို သတ်တယ် ဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက် လို့ ဆိုတဲ့အတိုင်း၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။

လေ့လာထားရသလောက်မျှဝေရရင်....

၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊
၂။ ကြောင့်ကြပူပန်ခြင်းကင်းနေတဲ့ စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊
၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၎။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊
၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ အားထုတ်ရတဲ့ ဆန္ဒအားတွေ ယုတ်လျော့ နိမ့်ပါးသွားပြီး ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၆။ နုလွန်သောအတွေ့ မှာ အသိက မလိုက်နိုင်တော့တဲ့ အတွက်ကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။
တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်တဲ့ မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။
မဂ်အစစ်ကား …
မဂ် ကျတာ နဲ့  တစ်ပြိုင်နက် ထပ်ချပ်မကွာ "ဖိုလ်" လို့ ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု ရဲ့ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။
မဂ်အတုတို့ကား …
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာတော့ပါဘူး။
တစ်ကယ်တော့"မဂ်" ဆိုတာ သူနဲ့ ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" တို့ဟာအကြောင်းခံ နဲ့  အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
စာရေးသူမိမိရဲ့ သဘောထားကို ပြောရရင်... "မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုဘူးလို့ ထင်ပါတယ်။
အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ လိုမယ်လည်း မထင်ပါဘူး။ "မဂ်မသိ ဖိုလ် နဲ့ ညှိ " စကားပမာ ချုပ်ပြတ်မှုသိတဲ့ အသိရဲ့ နောက်မှာ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်၊ မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း ကိုသာ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။
...........................................................................
မဟာစည်ဆရာတော်ဘုရားကြီး ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲ အား ဖတ်ရှုယင်းစာမျက်နှာ ၄၃ မှ ကောက်နုတ်၍ လည်းကောင်း၊ (မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီ)"သောတာပန်" စာမျက်နှာမှလည်းကောင်း၊ ရွှေကျောင်းကုန်းဆရာတော် (မဟာဗောဓိမြိုင်ဆရာတော်) ဝနဝါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ် ပူဇော်ပါသည်။

posted from Bloggeroid

ထိုက်တန်တဲ့တစ်နေရာ



ဘဝမှာ
မကောင်းတဲ့ လူနဲ့လည်း ကြုံရမယ်...
ကောင်းတဲ့လူနဲ့လည်း ဆုံရမယ်....

ကိုယ့်ကို
မုန်းတဲ့ လူနဲ့လည်း ကြုံရမယ်...
qချစ်တဲ့ လူနဲ့လည်း ဆုံရမယ်..

ကိုယ့်ကို
မနာလိုတဲ့ လူနဲ့လည်း ကြုံရမယ်.....
ကြည်ဖြူတဲ့ လူနဲ့လည်း ဆုံရမယ်.....

ကိုယ့်အပေါ်
တန်ဖိုး မထားတတ်တဲ့ လူတွေနဲ့လည်း ကြုံရမယ်..
တန်ဖိုးသိပြီး တန်ဖိုးထားတတ်တဲ့ လူနဲ့လည်း ဆုံရမယ်..

ကိုယ့်အပေါ် မကောင်းတဲ့လူ
ကိုယ့်ကို အမုန်းပွားတဲ့သူ
ကိုယ့်ကို မနာလိုသူ
ကိုယ့်ကို မချစ်ခင်တဲ့သူ
ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူတွေအတွက် ဘာမှခံစားမနေပါနဲ့....

သင့်အတွက် အကျိုးမဲ့စေတဲ့ အရာမှန်သမျှကို
စိတ်ထဲက ထုတ်ပစ်နိုင်လေ
သင် စိတ်ချမ်းသာရလေပဲ ဖြစ်တယ်....

ဘာပဲဖြစ်ဖြစ်

လောကမှာ ....
သင်နဲ့ထိုက်တန်တဲ့ နေရာ တစ်နေရာတော့
ရှိကို ရှိပါတယ်....
ဒါကို သင်ရှာမတွေ့ သေးလို့ တန်ဖိုးမဲ့နေတာပါ....

ထို့အတူ
လောကကြီးက သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့
လူတချိုနဲ့ သင့်အတွက် စိတ်အေးချမ်းစေဖို့ ခိုလှူံစရာ
နေရာတစ်နေရာ ရှိကိုရှိပါတယ်.....

ဒါကို သင်ရှာမတွေ့သေးလို့ သာ စိတ်မငြိမ်းချမ်းသေးတာပါ...

လောကမှာ ရှာဖွေသင့်တာကို ရှာဖွေပြီး
လက်လွှတ်သင့်တာကို စိတ်ပြတ်ပြတ်နဲ့
လက်လွှတ်တတ်မှ ဘဝကို စိတ်ချမ်းသာ
ပျော်ရွှင်စွာနှင့် လျှောက်လှမ်းနိုင်မှာပဲ ဖြစ်တယ်....

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

လင် နဲ့ မယားဆိုတာအတူရှိမှပြည့်စုံတာပါ

*-


ဘယ်အရာတွေ
ဘယ်လောက်
ပြည့်စုံနေပါစေ

ပိုက်ဆံ
ငွေကြေး
စည်းစိမ်
ဘယ်လောက်
ပြည့်စုံ
ချမ်းသာနေပါစေ

ခင်ပွန်း မရှိတဲ့
ဇနီးသည်
တစ်ယောက်ရဲ့ 
ဘဝက
လုံခြုံ မှု
မရှိသလို

ဇနီးသည် မရှိတဲ့
ခင်ပွန်း
တစ်ယောက်ရဲ့ 
ဘဝကလဲ
မပြည့်စုံပါဘူး

အိမ်ထောင်ပြုတယ်
ဆိုတာတစ်သက်လုံး
အတူလက်တွဲပြီး
အခက်အခဲတွေကို
အတူရင်ဆိုင်ဖြေရှင်း
ကြမယ်ဆိုတဲ့ ရည်ရွယ်
ချက်နဲ့ ကိုယ့်ချစ်သူကို
ရွေးချယ်လက်ထပ်ခဲ့ 
ကြတာပါ

တစ်ယောက်နဲ့
တစ်ယောက်
အလိုမကျမှု
တွေကိုညှိနှိုင်းပြီး
တစ်ယောက်
မကြိုက်တာ
တစ်ယောက်
မလုပ်ဘဲရှောင်
မယ်ဆိုအဆင်ပြေ
လာမှာပါ

နောက်ြပီး
အရေးကြီးဆုံး
တစ်ခုက

ကိုယ်ရဲ့
ရင်သွေးလေးတွေကို
မိတကွဲ ဖတကွဲ
ဖြစ်အောင်မလုပ်မိဖို့ 
ပိုအရေးကြီးပါတယ်

မိဘနေရာ
ရောက်လာပြီ
ဆိုရင်

ကိုယ့်ရင်သွေးလေး
အတွက်ဦးစားပေး
စဉ်းစားရမယ်
ရင်သွေးလေးကို
တန်ဖိုးထားရမယ်

သူတို့ လေးတွေကို
လူလောကကြီးထဲ
ရောက်လာချိန်ကစလို့ 
ရဲ့ ဝံ့ စွာလျှောက်လှမ်း
နိုင်ဖို့ နဲ့ ကိစ္စမှန်သမျှ
မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ 
ဘဝရပ်တည်မှု
မှန်ကန်စေဖို့ 
သင်ပြညွှန်ပြပေးဖို့ 
လိုပါတယ်

လူကောင်း
လူတော်လေးတွေ
လူရည်ချွန်လေးတွေ
ဖြစ်အောင်ပေါ့

ဒါတင်မကသေးဘူး
အိမ်ထောင်တစ်ခုမှာ
အချစ်ဆိုတာလဲ
အရေးကြီးတဲ့ဏ္ဍတစ်ခုပါ
အချစ်ကိုတန်ဖိုးထားရမယ်

အိမ်ထောင်မှု
ဘုရားတည်
ဆေးမှင်ရည်
စုတ်ထိုးဆိုသလို
ပြုပြီးသား
အိမ်ထောင်
တည်ပြီးသား
ဘုရား
ထိုးပြီးသား
မှင်ရည်
ပြန်ဖျက်လို့ မရပါ

်ဒါ့ကြောင့်

နှစ်ဖက်မိဘ
ဆွေမျိုး
ပတ်ဝန်းကျင်
ကလဲ
ခိုင်မြဲတဲ့ 
အိမ်ထောင်ရေး
ကိုတစ်သက်လုံး
တည်မြဲအောင်
ထိန်းသိမ်းတတ်ဖို့ 
မိသားစုဘဝ
တည်ထောင်တတ်ဖို့ 
သင်ပြပေးသင့်ပါတယ်

နှစ်ယောက်ပေါင်း
တစ်ဘဝလို့ ထင်မှတ်ပြီး
တစ်ယောက်ဘဝ
တစ်ယောက်ပေါင်းဆပ်
လိုက်တာပါဘဲ

အဲ့ ဒါကြောင့်
လင်ကွဲ
မယားကွဲ
မိသားစုပြိုကွဲ
ဆိုတာ
မကောင်းပါဘူး

မိဘတွေကလဲ
သားသမီးတွေ
နားလည်အောင်
ရှင်းပြပေးသင့်တယ်

နှစ်ဖက်မိဘလဲ
ပြေလည်
သားသမီးတွေလဲ
ပြေလည်
ဆွေမျိုးတွေနဲ့ လဲ
ပြေလည်အောင်
နေကျမယ်ဆိုရင်
နောက်ဖြစ်တည်
လာမယ့်ရင်သွေး
ငယ်လေးတွေရဲ့ 
ဘဝတွေဟာလဲ
အရာအားလုံး
ပြည့်စုံသွားမှာပါ

အဲ့ဒါကြောင့်
အဖက်ဖက်က
တွေးပြီး
ပြည့်စုံ
အောင်မြင်တဲ့ 
မိသားစုဘဝလေး
တွေသာယာလှပ
နိုင်ပါစေလို့ 
ဆန္ဒပြုလိုက်ပါတယ်

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ဘုရားရှင်၏ဂုဏ်တော်



ဘုရားရှင်လက်ထက်က ကာရဏပါလီ အမည်ရ ပုဏ္ဏားတစ်ဦးသည်
ဝေသာလီပြည်၊ လိစ္ဆဝီမင်းတို့၏ အလုပ်ကို လုပ်နေစဉ် အဝေးမှလာ
သော ပိင်္ဂိယာနီပုဏ္ဏားကို မြင်တွေ့သော် မေးမြန်းစကားဆိုလေသည်။

ကာရဏပါလီ
အရှင်၊ ဘယ်ကလာသလဲ။
ပိင်္ဂိယာနီ
ရဟန်းဂေါတမ ထံမှပြန်လာတာဖြစ်တယ်။
ကာရဏပါလီ
ရဟန်းဂေါတမရဲ့ပညာအစွမ်းကို အရှင်ဘယ်လိုထင်သလဲ၊ ပညာရှိတစ်ဦးပဲ ထင်ပါရဲ့။
ပိင်္ဂိယာနီ
ကျွန်ုပ်က ဘယ်လိုလူမို့လဲ၊ ဘယ်လောက်တော်တဲ့ သူမို့ ရဟန်း
ဂေါတမရဲ့ပညာစွမ်းကို သိနိုင်ရမှာလဲ၊ ရဟန်းဂေါတမရဲ့ပညာ
စွမ်းကို သိသူမှာ ရဟန်းဂေါတမလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်ရပေ မပေါ့။
ကာရဏပါလီ
အရှင်ကား၊ ရဟန်းဂေါတမအား ကောင်းမြတ်မွန်ရည်လှတဲ့ ချီးမွမ်းခြင်းဖြင့် ချီးမွမ်းနေတာ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးထူး ကို မြင်လို့ ရဟန်းဂေါတမကို ကြည်ညိုရပါသလဲ။
ပိင်္ဂိယာနီ
အမောင်၊ အကောင်းဆုံး အရသာများဖြင့် ဝအီနေတဲ့ ယောက်ျား ဟာ တခြားညံ့ဖျင်းတဲ့ အရသာတွေကို မလိုလား မနှစ်သက်
တော့ပါ။ ထို့အတူ ရဟန်းဂေါတမ ဘယ်ပုံဟောသည်ဖြစ်စေ တရားကို နာရသော် ထိုတရားမှတစ်ပါး အခြားသမဏ၊ ဗြဟ္မဏ တို့ရဲ့ အယူဝါဒကို မလိုလား မနှစ်သက်တော့ပါ။
အမောင်၊ ဆာလောင်တဲ့အတွက် အားနည်းနေတဲ့ ယောက်ျား ဟာ ပျားမုန့်ဆုပ်ကို ရတဲ့အခါ ဘယ်နေရာကို လျက်လျက်
ကောင်းမွန် ချို မြတဲ့ အရသာကို ရနေတာသာဖြစ်တယ်။ ထို့အတူ ရဟန်းဂေါတမ ရဲ့တရားကို ဘယ်ပုံနာရနာရ ထိုတရား မှနေ၍ နှစ်သက်ခြင်း၊ စိတ်ကြည်လင်ခြင်းတို့ကို ရနေသည် သာဖြစ်ပါတယ်။
ကာရဏပါလီ
ဆက်ပြောပါပုဏ္ဏား၊ နားထောင်နေပါတယ်။
ပိင်္ဂိယာနီ
အမောင်၊ စန္ဒကူးရွှေဖြစ်စေ၊ စန္ဒကူးနီဖြစ်စေ၊ စန္ဒကူးတုံးရဲ့ 
အရင်း၊ အဖျား၊ အလယ် သုံးသွယ်တို့တွင် ကြိုက်ရာက နမ်း ရှူစေ မွှေးကြိုင်သော ရနံ့ ကို ရလျက်သာ ရှိပါတယ်။ ထို့အတူ ရဟန်းဂေါတမ၏ တရားကို ဘယ်ပုံနာရနာရ ထိုတရားမှနေ၍ ဝမ်းမြောက်ခြင်း၊ စိတ်ရွှင်ပျခြင်း တို့ ရလျက်သာ ရှိပါတယ်။
အမောင်၊ အပြင်းအထန် ရောဂါကပ်ရောက်လို့ ဒုက္ခဖြစ်နေတဲ့
ယောက်ျားအား ကျွမ်းကျင်တဲ့ ဆေးဆရာဟာ တခဏချင်း
ရောဂါ ပျောက်ငြိမ်းစေသလို ရဟန်းဂေါတမ ဘယ်နည်းနဲ့ မဆို
ဟောတဲ့ တရားဖြစ်စေ၊ နာကြားရရင် ထိုတရားကြောင့် စိုးရိမ် ပူဆွေး ငိုကြွေး ခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲများ ငြိမ်းပျောက်
ခြင်း အဖြစ်သို့ ရောက် ရတာသာ ဖြစ်ပါတယ်။
အမောင်၊ နွေအပူဒဏ် ခံရလို့ ပင်ပန်းနွမ်းနယ်ကာ ရေဆာနေ တဲ့ ယောက်ျားဟာ အေးကြည်ချို မြတဲ့ ရေရှိပြီး ဆိပ်ကမ်းသာယာ
မွေ့ လျော်ဖွယ်ရေကန်သို့ ရောက်လာကာ ထိုရေကန်တွင်း သက်ဆင်း ပြီး ရေချိုး ရေသောက်ရသော် အပူအပန်မှန်သမျှ
အေးမြငြိမ်းစဲခြင်း ဖြစ်ရပါတယ်။ ထို့အတူ ရဟန်းဂေါတမ ဘယ်နည်းနဲ့ ဟောသည်ဖြစ်စေ နာကြားရသူမှာ ထိုတရား
ကြောင့် အပူအပန်ဟူသမျှ ငြိမ်းရသည်သာ ဖြစ်ပါတယ်။
ဤသို့  ပိင်္ဂိယာနီထံမှ ဘုရားရှင်၏ ဂုဏ်တော်များကို နာကြားရသော ကာရဏပါလီသည် နေရာမှထကာ လက်ဝဲပခုံးထက် ကိုယ်ရုံတဘက် တင်လျက် လက်ျာဒူးကို မြေမှာထောက်ပြီးလျှင် ဘုရားရှင်ရှိရာလက်အုပ် ချီ၍ ကန်တော့လိုက်လေတော့သည်။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ကိုယ့်ကိုကိုယ်အထင်မသေးပါနဲ့း


လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။
အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။ ဆင်ထိန်းက

“ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ”
လို့ ပြန်ဖြေလိုက်ပါတယ်။
လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။ တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ပးကြပါစို့



တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်
ကျောင်း၌ စံနေတော်မူသည်။ ထိုစဉ် မြင်းရိုင်းကို မြင်းယဉ်ဖြစ်စေရန် သွန်သင်ဆုံးမတတ်သည့် ကေသိ အမည်ရှိ မြင်းဆရာ ရောက်ရှိ လာ သည်။ မြတ်စွာဘုရားက တရားနာပရိသတ်များ ရှေ့မှောက်၌ မြင်းဆုံးမ
နည်းကို မေးမြန်းတော်မူ၏။

ဘုရား
မြင်းရိုင်းများကို ယဉ်ပါးအောင် သင်ဆုံးမပုံကို ပြောပြစမ်းပါ အမောင်ကေသိ။
ကေသိ
ပထမ အနုနည်းနဲ့ ဆုံးမပါတယ်။ မရရင် အကြမ်းနည်း သုံးပါ တယ်။ ဒါမှ မရသေးရင် အနုနဲ့ အကြမ်း နှစ်မျိုးရောတဲ့ နည်းနဲ့  ဆုံးမပါတယ်။
ဘုရား
အဲဒီလို ဆုံးမလိုက်ရင် မြင်းတွေအားလုံး ရိုင်းစိုင်းရာက ယဉ်ပါးသွားကုန်ရောလား။
ကေသိ
တတိယ နည်းနဲ့မှ ဆုံးမလို့မရခဲ့ရင် သတ်ပစ်လိုက်ပါ
တယ်ဘုရား။ တပည့်တော် မြင်းဆုံးမနည်းကတော့
ဒီလေးမျိုးပါပဲ။ အရှင်ဘုရားရဲ့ တပည့်များကို ဘယ်လို
နည်းတွေသုံးပြီး ဆုံးမတော်မူပါသလဲဘုရား။
ဘုရား
ငါဘုရားလည်း သင့်လိုပါပဲ။ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းရောနည်းနဲ့ နောက်ဆုံး သတ်ပစ်တဲ့နည်းကို
သုံးပြီး တပည့်တွေကို ဆုံးမပေတယ်။
ကေသိ
လူသတ်တာဟာ ရဟန်းနဲ့ မလျော်ကန်ပါ။ ဘယ်လိုများ သတ်တာပါလဲဘုရား။
ဘုရား
ဆုံးမလို့မရတဲ့ သူကို ဆုံးမထိုက်တဲ့ သူအဖြစ်က ပယ်လိုက် တယ်။ လူ့ဘဝမှာ အဆုံးအမကွယ်ရင်ေ သတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီတော့၊ ဆုံးမလို့ မရတဲ့ သူကို မဆုံးမဘဲ နေ လိုက်တာဟာ သူ့ကို သတ်ပစ်လိုက်တာပဲပေါ့။
ကေသိ
သဘောပေါက်ပါပြီဘုရား။
ဘုရား
ကြာပွတ်သံကြားတာနဲ့ အသားအနာမခံဘဲ ပြေးတဲ့ အင်မတန် ပါးနပ်တဲ့မြင်း၊ အရေပြားကို ကြာပွတ်နဲ့ ပွတ်ပေးလိုက်ရုံနဲ့ ပြေး
တဲ့မြင်း၊ ရိုက်မှပြေးတဲ့မြင်းနဲ့ သံချွန်လေးနဲ့ အရေစုတ်အောင်
ရိုက်မှ ပြေးတဲ့မြင်း ရယ်လို့ လောကမှာ အာဇာနည်မြင်း
လေးမျိုးရှိတယ်။ ဒါကိုသင်သိမှာပါ။
ကေသိ
သိကြောင်းပါဘုရား။
ဘုရား
ငါ့တပည့်တွေထဲမှာလည်း ရေကြီး၊ မီးလောင် စတဲ့ ဘေးတွေ
ကြောင့် သေကျေဒုက္ခ ရောက်တယ်လို့ကြားတဲ့အခါ မိမိနဲ့ 
ပတ်သက်သူ မဟုတ်ပေမယ့် ငါလည်းပဲ သူတို့လို သေနိုင်
တယ်။ အသေမဦးခင် ဉာဏ်ဦးမှပဲလို့ အသံကြားရုံနဲ့ ငါးပါးအာရုံ ကာမဂုဏ် လွတ်အောင် အားထုတ်တဲ့သူ၊ မိမိနဲ့နီးစပ်ရာလူ
ဒီလိုဖြစ်ရင် ငါလည်း အချိန်မရွေး သေနိုင်တယ်လို့ သံဝေဂ
ရပြီး အားထုတ်သူ၊ မိမိရဲ့ မိဘဆွေမျိုးသားချင်းများ ဒီလို အဖြစ်မျိုး ကြုံတွေ့မှ ငါလည်းတစ်နေ့သေမှာ၊ သေမျိုးတွေပါပဲလို့ သံဝေဂရ အားထုတ် သူနဲ့ မိမိကိုယ်တိုင် အိပ်ရာထဲလဲကာမှ သံဝေဂရပြီး အားထုတ်သူရယ်လို့ရှိကြတယ်။ မမေ့မလျော့တဲ့ သူသာ မသေ
ရာနိဗ္ဗာန်ကို ရောက်မယ်။ မေ့လျော့ပေါ့ဆသူဟာ သေသူနဲ့ 
မခြားနားဘူး။ အိုရာက နာရာကို မရောက်ခင် ဉာဏ်နဲ့ပြေးမှ
ဖြစ်ကြတော့မယ်။ မြင်းဆရာကေသိ၊ သင်ဘယ်တော့ပြေးမှာ လဲ။
ကေသိ
မှန်လှပါ၊ မဆိုင်းမတွ အခုပင် ပြေးမှာဖြစ်တာကြောင့်
တပည့်တော်ကို ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား။
ဘုရား သာဓု သာဓု သာဓု။
ဦးသုမင်္ဂလ၊ ( ဒယ်အိုးဆရာတော်)။ ပြေးစို့တရားတော် ။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

စံတင်ရသော ဓမ္မအမြင်များ



ကောသလတိုင်း၊ သာဝတ္ထိပြည်အနီး၊ ဇေတဝန်ကျောင်းနှင့် ဆက်စပ်
နေသော တောကြီးတစ်တောရှိသည်။ ထိုတောကြီးထဲတွင် ဘိက္ခုနီ ရဟန္တာ အရှင်မသုံးဦး တရားအားထုတ်လျက်နေသည်။ ဆာလာ၊ ဥပဆာလာနှင့် သီသူပဆာလာ အမည်အသီးသီးရှိကြသည့် အရှင်သာရိပုတ္တရာ၏ နှမတော်
များပင်ဖြစ်ကြသည်။ နှောက်ယှက်လိုသော စိတ်ဖြင့် မာရ်နတ်သည် အခြား ပုဂ္ဂိုလ်ဟန်ဆောင်ကာ ဘိက္ခုနီမတစ်ဦးချင်းအား မေးခွန်းများလိုက်လံ
မေးမြန်းသည်။
မာရ်နတ်
အသင် မနှစ်သက်တာဘာလဲ။
ဆာလာ
ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဇာတိတရားကို မနှစ်သက်ပါ။
မာရ်နတ်
ဇာတိတရားကို ဘာကြောင့် မနှစ်သက်ရတာလဲ။ မွေးဖွားပြီး လူရယ်လို့ဖြစ်လာမှ ကာမဂုဏ် ချမ်းသာကို ခံစားနိုင်တော့ မှာပေါ့။ မမွေးဖွားခဲ့ရင် ဘယ်လာခံစားနိုင်မှာတုံး။ ဘယ်လို လူမိုက်က သင့်ကို ဒီအယူ ခံယူစေခဲ့တာလဲ။
ဆာလာ
လောကမှာ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မသေရဘူးဆိုတာ မရှိ၊ သေရမှာဖြစ်တယ်။ ဇာတိ တရားရဲ့နောက်ဆုံးလမ်းက မရဏပဲ။ ဒါတွင်မဟုတ်သေးဘူး၊ မသေခင် အိုရ နာရ၊ တချို့ဆို ဖမ်းဆီးချုပ်နှောင် ခံရ၊ ညှဉ်းဆဲသတ်ဖြတ်ခံရနဲ့ ခံလိုက်ရတဲ့ ဆင်းရဲဒုက္ခ၊ မွေးဖွားလာ လို့ ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေ များလှပါ့။ ဒါကြောင့်၊ ဇာတိ တရားကို မကြိုက်တာဖြစ်တယ်။ သစ္စာလေး ပါးကို သိမြင်တဲ့ မြတ်စွာဘုရားဟာ ဇာတိ မှ လွတ်မြောက်
ကြောင်းနည်းလမ်းဖြစ်တဲ့ ဓမ္မကို ဟောကြားခဲ့တယ်။ ဆင်းရဲ ဒုက္ခအားလုံးကို ဖယ်ရှားနိုင်ဖို့ အမှန်လမ်းပေါ်ကို တင်ပေးခဲ့ တယ်။
သက်တမ်း အလွန်ရှည်ကြာတဲ့ ရူပ၊ အရူပဘုံက ဗြဟ္မာတွေ
တောင်မှ သစ္စာမသိရင် ဘဝသစ်ကို ရောက်ကြရဦးမှာပဲ။

မာရ်နတ်သည် လက်လျှော့ကာ ဒုတိယ ဘိက္ခုနီဥပဆာလာထံ သွား
လေသည်။
မာရ်နတ်
အသင် ဘယ်ဘုံဘဝမှာ ဖြစ်ချင်သလဲ။
ဥပဆာလာ
ဘယ်ဘုံဘဝမှာမှ မဖြစ်ချင်ပါ။
မာရ်နတ်
နတ်ပြည်ခြောက်ထပ်ကို တောင့်တလိုက်ပါ။ အဲဒီ နတ်ပြည်
တွေမှာ ကာမချမ်းသာ အပြည့်အဝ ရှိပါတယ်။
ဥပဆာလာ
ထိုနတ်အပေါင်းတို့ဟာ ကာမဂုဏ်နှောင်ကြိုးတွေနဲ့ နှောင်ဖွဲ့ 
ခံထားရလို့ အလိုဆန္ဒနောက်ကို လိုက်နေရတဲ့အတွက် အဲဒီ
နေရာကကို မခွါနိုင်ကြပါဘူး။ ဒါကြောင့် လွတ်လပ်တဲ့သူတွေ မဟုတ်ကြပါ။ ဓမ္မအမြင်နဲ့ ကြည့်ရင် လောကကြီး တစ်ခုလုံးဟာ ကိလေသာမီးတွေ အလျှံတပြောင်ပြောင်နဲ့ ပူလောင်နေပါ
တယ်။
တဏှာ၊ ဒိဋ္ဌိတို့နဲ့ တုန်လှုပ်နေပါတယ်။ ဘယ်လောကမှ ချမ်းသာ တာမရှိ၊ ဖြစ်ရာဘဝမှာ လောင်နေ၊ တုန်လှုပ်နေ ကြ ရ တာ ချည်း ပါ။ ကိလေသာမီး တောက်လောင်ခြင်းမရှိတဲ့၊ ပုထုဇဉ်တို့ မမှီဝဲ
နိုင်တဲ့၊ မာရ်နတ်လည်း လာမနှောက်ယှက်နိုင်တဲ့၊ အမြဲပျော် ပိုက်နှစ်ခြိုက် စရာ အေးမြတဲ့ အရပ်ဆိုတာရှိပါတယ်။ အဲဒါ နိဗ္ဗာန်ပါပဲ။

မာရ်နတ်လည်း မဟန်မှန်းသိသည်နှင့် ဘိက္ခုနီသီသူပဆာလာထံ သွားပြန်၏။
မာရ်နတ်
အသင် ဘယ်အယူဝါဒကို နှစ်သက်သလဲ။
သီသူပဆာလာ
ဗုဒ္ဓသာသနာတော်ရဲ့ အပမှာ မိစ္ဆာအယူဝါဒဆိုတာ ထင်ရှားရှိ တယ်။ လက္ခံကျင့်သုံးသူ တွေဟာ ဒီအယူဝါဒမှာ စွဲလန်းနစ်မြုပ်
နေကြတယ်။ အမှန်တရားနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာမှု မရှိကြလို့ပဲ။ ဒီမိစ္ဆာအယူဝါဒကို ငါမနှစ်သက်ပါ။
မာရ်နတ်
သင်နှစ်သက်ရာကို ပြောပါ။ ဝတ်ဆင်ထားတာကို ကြည့်ရတာ ကိလေသာ ငြိမ်းအောင် ကျင့်ကြံနေသူလို့တော့ ထင်ရပါရဲ့။ သင့်ဆံကေသာ ရိတ်ပယ်လာခဲ့တာ ဘယ်ဆရာကို ဦးတည်ပြီး လာခဲ့တာလဲ။
သီသူပဆာလာ
သာကီဝင်မင်းမျိုးမှ မွေးဖွားလာပြီး၊ ပြိုင်ဖက်မရှိ၊ အရာရာကို လွှမ်းမိုးနိုင်သလို၊ ကိလေသာ မျိုးစုံကို ပယ်ရာမှာ ဘယ်တော့မှ အရှုံးမပေးတဲ့အတွက် ကိလေသာအလုံးစုံကိုပယ်နိုင်တဲ့ မြတ် စွာဘုရား လောကမှာ ထင်ရှားရှိပါတယ်။
ကိလေသာတို့ မှ လွတ်မြောက်ကာ၊ တဏှာ၊ ဒိဋ္ဌိ စွဲငြိခြင်းမရှိတဲ့ ဘုရားရှင်ဟာ၊ တရားအကုန် သိတော်မူသူဖြစ်တယ်။ ကံမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်၌ လွတ်မြောက်ပြီးဖြစ်တဲ့ ဘုန်းတော် ကြီးမြတ်သော ဘုရားရှင်ဟာ ငါ့ရဲ့ ဆရာပါပဲ။ ဒီဆရာကို ရည်စူး
ပြီး ငါ့ရဲ့ဆံကေသာကို ရိတ်ပယ်ကာ ဘိက္ခုနီ ဝတ်ခဲ့တယ်။
ဘိက္ခုနီ ရဟန္တာရှင်မ သုံးဦး၏ စံတင်ရသော ဓမ္မအမြင်များကြောင့် မာရ်နတ်သည် စိတ်ပျက်ဝမ်းနည်းစွာ ထွက်ခွါသွားတော့သည်။
စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ အရှင်သာရိပုတ္တရာ
၏ နှမတော်များ၏ ဓမ္မအမြင်များ တရားတော်။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

အယူမှားအကျင့်ပျက်နေရင် မျက်ရည်ကျသင့်ပါတယ်"



သြကာသ ဘုရားရှိခိုးတဲ့အခါတိုင်း " ဤကဲ့သို့ ရှိခိုးရသော ကောင်းမှုကံ စေတနာကြောင့် ဗျသနတရားငါးပါးမှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ ဆိုပြီး ပါတယ်နော်။

ဗျသနတရားငါးပါးဆိုတာ . .
ဉာတိဗျသန = ဆွေမျိုးမိတ်ဆွေ ပျက်စီးခြင်း။
ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
ရောဂဗျသန = အရာရောဂါ နှိပ်စက်ခြင်း။
သီလဗျသန = သီလ ပျက်စီးခြင်း။
ဒိဋ္ဌိဗျသန = အယူပျက်စီးခြင်း , အယူမှားခြင်း။

တို့ပဲ ဖြစ်တယ်။ ဒီဗျသနတရားငါးပါးအနက် ရှေ့က ဗျသနတရား သုံးပါးကြောင့် ကျတဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာလေးစင်းမက များခဲ့ပါပြီ။

ဒါဆို . . သီလဗျသန နဲ့ ဒိဋ္ဌိဗျသနာ ကြောင့် ကျတဲ့မျက်ရည်ဟာ . . . တန်ဖိုးရှိတဲ့ မျက်ရည်လား ? တန်ဖိုးမရှိတဲ့ မျက်ရည်လား ?

သီလဗျသန . . သီလ ပျက်စီးခြင်း။
မိမိက သီလ မလုံခြုံဘူး။ သီလ ပျက်စီးနေတယ်။ အဲဒီသီလ ပျက်စီးနေတဲ့ အဖြစ်ကို မိမိက မကျေနပ်ဘူး။ သီလ ဖြူစင်ချင်တယ်။ သီလပြည့်စုံချင်ပါလျှက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် သီလမပြည့်စုံရလို့ ဆိုပြီး မျက်ရည်ကျတယ်။

အဲဒီမျက်ရည်ဟာ တန်ဖိုးရှိတဲ့ မျက်ရည်ပါပဲ။ အဲဒီမျက်ရည်ကို အခြေခံပြီး သီလ ဖြူစင်အောင် ကျင့်ကြံအားထုတ်နိုင်တယ်။

ဒိဋ္ဌိဗျသန . . အယူမှားတာ။ မိစ္ဆာဒိဋ္ဌိ အယူမှား ဖြစ်နေတယ်။ မိမိက အယူမှန် ဖြစ်ချင်တယ်။ အယူမှား ဖြစ်နေတာကို ဝမ်းနည်းပြီး ကျတဲ့မျက်ရည်ဟာ တန်ဖိုးရှိတဲ့ မျက်ရည်ပါပဲ။

---------------------------------------------------
မြတ်စွာဘုရား လက်ထက်တော်တုန်းက တာလပုဋ ခေါ်တဲ့ ဇာတ်ဆရာကြီးတစ်ယောက် ရှိတယ်။

တစ်နေ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး လျှောက်တယ်။

" မြတ်စွာဘုရား . . တပည့်တော်တို့ ကချေသည်တွေ သေဆုံးရင် ပဟာသနတ်ပြည် ရောက်တယ်လို့ ဆရာ အစဉ်အဆက်က ပြောကြတယ် , အဲဒီစကား မှန်ပါသလား ? လို့ မေးတော့ . .

ဘုရားရှင်က နှစ်ကြိမ်တိုင်တိုင် တားမြစ်ပေမယ့် သုံးကြိမ်မြောက်မှာတော့ မြတ်စွာဘုရားရှင်က . .

"ကချေသည်တွေ သေဆုံးလို့ရှိရင် ပဟာသနတ်ပြည် ရောက်တယ် ဆိုတဲ့ အယူအဆဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်တယ်။

အဲဒီ မှားယွင်းတဲ့ အယူအဆ မိစ္ဆာဒိဋ္ဌိနဲ့သာ သေရင် ငရဲ , တိရစ္ဆာန် ဂတိ၂ပါးထဲက တစ်ပါးပါးကို လားရောက်ရပါလိမ့်မယ်။

အဲလို ပြောလိုက်တော့ ဇာတ်ဆရာကြီးက ချုံးပွဲချပြီး ငိုတယ်။

ဘုရားရှင်က . . ငရဲကျမှာ ကြောက်လို့ , တိရစ္ဆာန် ဖြစ်မှာ ကြောက်လို့ ငိုတာလား ? မေးတော့ . .

" မဟုတ်ပါဘူး တဲ့။ ဆရာအစဉ်အဆက်က ကချေသည်သေရင် နတ်ပြည်ရောက်မယ်လို့ ပြောတဲ့စကားကို အမှန်လို့ ယူဆပြီး အယူမှားခဲ့တဲ့အတွက် ဝမ်းနည်းလွန်းလို့ ငိုတာပါဘုရား . . လို့ ပြန်လျှောက်တယ်။

အယူမှားခြင်း တနည်း ဒိဋ္ဌိဗျသန ဆိုတာ မိစ္ဆာဒိဋ္ဌိ ပါပဲ။ ဇတ်ဆရာကြီးက မိမိအယူမှားနေတာကို သိလို့ ချုံးပွဲချငို မျက်ရည်ကျတယ်။

မျက်ရည်ကျပြီးတော့ . . အဲဒီအယူမှားတွေကို စွန့်ပြီး သာသနာ့ဘောင်ကို ဝင်ရောက်လို့ ရဟန်းပြုတယ်။ ရဟန်းပြုပြီးတော့ ဝိပဿနာ အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတော့တယ်။

ဇာတ်ဆရာကြီးဟာ ဒိဋ္ဌိဗျသန = အယူမှားခြင်းကို အကြောင်းပြုပြီးတော့ ကျခဲ့တဲ့ မျက်ရည်ဟာ တန်ဖိုး မရှိဘူးလား ? ရှိတယ်နော်။
ရဟန္တာဖြစ်တဲ့အထိတောင် တန်ဖိုးရှိသွားတယ်။

ဒါကြောင့် . .
ရဟန်းဝတ်ခြင်း , သီလရှင်ဝတ်ခြင်းကြောင့် ကျတဲ့မျက်ရည်။
ဝိပဿနာအားထုတ်မှုနဲ့ ပတ်သက်ပြီး ကျတဲ့မျက်ရည်။
ဂုဏ်တော်ပွားများခြင်းနဲ့ ပတ်သက်ပြီး ကျတဲ့မျက်ရည်။
ဈာန်တရား , မဂ်ဖိုလ်တရားတွေ ရချင်လို့ ကျတဲ့မျက်ရည်။
သီလဗျသန , ဒိဋ္ဌိဗျသနကြောင့် ကျရတဲ့ မျက်ရည်တွေဟာ တန်ဖိုးရှိတဲ့ မျက်ရည်တွေပါပဲ။

မိမိကျလိုက်တဲ့ မျက်ရည်ကြောင့် . . .
အကုသိုလ်တရားတွေ ဆုတ်ယုတ်သွားတယ်။
ကုသိုလ်တရားတွေ တိုးပွားလာတယ် ဆိုရင် အဲဒီမျက်ရည်မျိုးဟာ ကျထိုက်တဲ့ မျက်ရည်။ တန်ဖိုးရှိတဲ့ မျက်ရည်ပါပဲနော်. . .။

" ဆရာတော် အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ "

-----------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

နှစ်​သစ်​ အတွက်​အကျင့်ဆိုးတွေပြင်လိုက်တော့"

*

သူများအတင်းပြောတဲ့ပါးစပ်လောက်
အောက်တန်းကျတဲ့ပါးစပ်မရှိဘူး..
သူများပျက်စီးကြောင်းကြံတဲ့စိတ်ဓာတ်လောက်
အောက်တန်းကျတဲ့စိတ်ဓာတ်မရှိဘူး..

အဲ့ဒီစိတ်ထားမျိုး အတွေးအကျင့်မျိုးတွေ
ကိုယ့်ဆီမှာရှိသေးလား ရှိနေသလားဆိုတာ
ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်..

မြင့်မြတ်တဲ့ပုဂ္ဂိုလ်က မိမိအကျိုးစီးပွားကိုလည်း
မှန်မှန်ကန်ကန်ဆောင်ရွက်သလို
အများအကျိုးစီးပွားကိုလည်း အမြဲရှေးရှုလေ့ရှိတယ်..
အများအကျိုးစီးပွားပျက်ပြားမဲ့အလုပ်ကို
ဘယ်တော့မှ မကြံသလို
ပြောလည်းမပြောဘူး လုပ်လည်းမလုပ်ဘူး..

တစ်ယောက်ကိုတစ်ယောက်
တိုက်ခိုက်နေတယ် ရန်ဖြစ်နေတယ်ဆိုတာ
စိတ်ဓာတ်ခွန်အားမရှိလို့..

အောက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင်တွေက
သူတစ်ပါးကို ပြစ်တင်ဖို့ ရှုံ့ချဖို့ ကဲ့ရဲ့ဖို့ပဲ
အမြဲတမ်း အာရုံစိုက်နေတယ်..
ကိုယ့်အပြစ်ကျ ကိုယ်မကြည့်ပဲ
သူတစ်ပါးကိုချည်း အပြစ်ပြောပြီ ဝေဖန်ရှုံ့ချပြီဆိုကတည်းက
အောက်တန်းစားပုဂ္ဂိုလ်လို့သာမှတ်..

အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ကိုကိုယ်ဂရုစိုက်တယ်..
အမှန်တရားကို လမ်းညွှန်ပြတယ်..

လူ့ဘဝလေးခဏရခိုက်မှာ
ယုတ်မာတဲ့အလုပ်ကတော့ဖြင့် လူတိုင်းလုပ်တတ်တယ်..
မြင့်မြတ်တဲ့အလုပ်က ဒီဘဝကလေး
အခုမြတ်စွာဘုရားသာသနာပွင့်တဲ့ခဏကလေးပဲ တို့လုပ်နိုင်မှာ..
ဒီလိုမြတ်စွာဘုရားရဲ့သာသနာနဲ့ ခဏကြုံရတဲ့ကံဟာ
အလွန်ပဲ ဘုန်းကံထူးလှပါတယ်..

ဒါကြောင့် ကိုယ့်ရဲ့အရထူးတဲ့ ပြည့်စုံလာတဲ့ အကြောင်းကံကို
မကောင်းတဲ့ အတွေး အကြံ အလုပ် အပြောတွေနဲ့တော့
မဖျက်ဆီးလိုက်ကြနဲ့..

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ပရဟိတစိတ်ဓါတ်



တစ်ရံခါသော် မြတ်စွာဘုရားသည် စာတုမာရွာ သျှစ်သျှားတော၌ သီ တင်းသုံးနေတော်မူသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂ
လ္လာန်တို့ ဦးဆောင်သည့် ဘုရားဖူးရဟန်းတော် ငါးရာအဖွဲ့ ရပ်ဝေးမှ
ရောက်ရှိလာကြသည်။ ဆူဆူညံညံအသံများ ပြုမှုကြောင့် ဘုရားရှင်က ခရီးရောက်မဆိုက်ပင် ကျောင်းတိုက်မှ နှင်ထုတ်လိုက်သည်။ ဒေသ
အကြီးအကဲများနှင့် သဟမ္ပတိဗြဟ္မာ၏ တောင်းပန်လျှောက်ထားမှု
ကြောင့် ပြန်လည်လက်ခံတော်မူအပြီးတွင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ထိုစဉ်ကဖြစ်ပေါ်ခဲ့သော စိတ်ဓါတ်ကို
မေးမြန်းတော်မူ၏။

ဘုရား

သင်တို့အား ငါဘုရား နှင်ထုတ်လိုက်ချိန်မှာ ဘယ်လိုစိတ်များ
ဖြစ်ပေါ်ခဲ့ကြလေသလဲ။

သာရိပုတ္တရာ

အခုအချိန်မှာ မြတ်စွာဘုရားဟာ ကိစ္စအလုံးစုံကို လျစ်လျူ ရှု ပြီး
ဖလသမာပတ် ချမ်းသာနဲ့ အေးချမ်းစွာ နေတော်မူတော့မယ်။ မိမိသည်လည်း တခြားသော ကိစ္စများမှာ ကြောင့်ကြ မစိုက်
တော့ဘဲ ဖလသမာပတ်ချမ်းသာနဲ့ပဲ အေးအေးဆေးဆေး
နေတော့မယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။

ဘုရား

ခဏလောက်နေပါဦး၊ သာရိပုတ္တရာ၊ ဖလသမာပတ် ချမ်းသာနဲ့ 
တစ်ကိုယ်တော် အေးအေးဆေးဆေးနေလိုစိတ်ကို ဆိုင်းငံ့ထား လိုက်ပေဦးတော့။

မောဂ္ဂလ္လာန်

မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို နှင်ထုတ်လိုက်ပြီ
ဖြစ်တယ်။ အခုအခါမှာ မြတ်စွာဘုရားဟာ တခြားကိစ္စတွေ
အားလုံးကို လျစ်လျူ ရှုကာ ဖလသမာပတ်နဲ့ပဲ အေးချမ်းစွာ
နေတော်မူတော့မယ်။

ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ရဟန်း တော်
တွေကို မိမိနဲ့ အရှင်သာရိပုတ္တရာတို့နှစ်ပါး အတူပူးတွဲကာ ဦးဆောင်ရမှာဖြစ်တယ်။ ရဟန်းတော်များရဲ့ကိစ္စအဝဝကို
မိမိနဲ့ အရှင်သာရိပုတ္တရာတို့ကသာ ကြောင့်ကြစိုက်ရတော့မှာ
ဖြစ်တယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။

ဘုရား

ကောင်းလိုက်လေစွ၊ ကောင်းလေစွ၊ ရဟန်းတော်များကို ငါ
ဘုရားက ဖြစ်စေ၊ သာရိပုတ္တရာနဲ့ မောဂ္ဂလ္လာန်တို့က ဖြစ်စေ
ကြောင့်ကြစိုက်ရမှာ အမှန်ပင်ဖြစ်ပေတယ်။

ဤသို့လျှင်
မြတ်စွာဘုရားရှင်သည် တစ်ဦးတစ်ယောက်ကောင်းစိတ်ကို တားမြစ်လျက် အများအတွက် တာဝန်ယူလိုသော ပရဟိတ စိတ်ဓါတ်ကို နှစ်သက် ချီးကျူးတော်မူခဲ့ လေသည်။



---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ဒူရေ သန္တော ပကာသေန္တိ ဟိမဝန္တော ပဗ္ဗတော အသန္တေတ္တ န ဒိဿန္တိ ရတ္တိ ခိတ္တာ
ယထာ သရာ ။

Like the Himalays, the good
are visible even from afar like
arrows shat in night the wicked are not seen even though they may be near .

" ဟိမဝန္တာတောင်သည် ဝေးသောအရပ်၌
တည်ရှိသော်လည်း ထင်ရှားသကဲ့သို့ 
သူတော်ကောင်းတရားတို့သည် အဝေး၌
ပင်နေသကဲ့သို့ သူတော်ကောင်းတို့သည်
အဝေး၌ပင်နေသော်လည်း ထင်ရှားကြကုန်
၏ ညဥ့်အခါ၌ ပစ်လိုက်သောမြှားသည်
မထင်ရှားသကဲ့သို့  သူယုတ်မာတို့သည်
အနီး၌ရှိကြကုန်သော်လည်း မထင်ရှားကြကုန် "


မုဒိတာအလင်း​ဆရာ​တော်

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

Friday, December 30, 2016

စိတ်မချမ်းသာစရာတွေ ချပစ်ခဲ့ပါ



တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးဟာ
ခရီးတစ်ခုကို အတူတူထွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့
ခရီးလမ်းမှာ မြစ်တစ်ခုကိုဖြတ်ကူးဖို့ဖြစ်လာပါတယ်။
တံတားကလည်း အိုမင်းပျက်စီးနေပါပြီ။မြစ်ကို
ဖြတ်ကူးဖို့ဆိုရင် တံတားကို မသုံးပဲ ရွှံ့ရေထဲကနေ
ဖြတ်လျှောက်မှ ရမှာပါ။

ဒီအချိန်မှာ ဘုန်းတော်ကြီးတွေလိုပဲ မြစ်ကို ဖြတ်ကူးဖို့
မိန်းမချောလေးတစ်ယောက်လည်း ရောက်လာပါတယ်။
သူမ မြစ်ကို ဖြတ်မကူးနိုင်ဘူးဖြစ်နေတာပေါ့။

ဘုန်းတော်ကြီးက မိန်းကလေးကို သူကျောပိုးပြီး
ခေါ်သွားမယ်လို့ ပြောတော့ မိန်းကလေးကလည်း
လက်ခံလိုက်ပါတယ်။ဘုန်းတော်ကြီးရဲ့ ဒီလုပ်ရပ်ကို ကြားတော့ ကိုရင်လေးဟာ အလွန်ထတ်လန့် အံ့သြသွားပါတယ်။
တရားတော်မှာ မာတုကာမ တွေနဲ့ လုံးဝပတ်သတ်ထိ
တွေ့ချင်းမရှိရလို့ သင်ကြားထားရတယ်မလား။ ဒါပေမယ့်
ကိုရင်လေးဟာ ဆိတ်ဆိတ်သာနေနေပါတယ်။

ဘုန်းတော်ကြီးက မိန်းကလေးကို ကျောပေါ်တင်ပြီး
မြစ်ကိုဖြတ်ကူးပါတယ်။ကိုရင်လေးကတော့ နောက်ကနေ စိတ်ညစ်ညူးစွာနဲ့လိုက်ခဲ့ရတာပေါ့။မြစ်တဖက်ကမ်း
ရောက်တော့ ဘုန်းတော်ကြီးဟာ မိန်းကလေးကို
ချပြီး လမ်းခွဲထွက်လာခဲ့ပါတယ်။

ခရီးဆက်ထွက်ခဲ့တာ မိုင်ပေါင်းတော်တော်လေးရောက်လာတဲ့
ထိအောင် ကိုရင်လေးရဲ့စိတ်မှာ မပျော်ရွှင်နိုင်သေးပါဘူး။
ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို တွေးတွေးပြီး သူ့စိတ်မှာ
အခဲမကျေနိုင်ဖြစ်နေတာပေါ့။ဒါပေမယ့် သူက
ဆိတ်ဆိတ်သာနေပါတယ်။တစ်ခွန်းမှ မပြောဘူးပေါ့။

နာရီပေါင်းများစွာခရီးနှင်ပြီး အပန်းဖြေစခန်းတစ်ခုကိုရောက်တဲ့
အချိန်မှာတော့ ကိုရင်လေး လုံးဝ သည်းမခံနိုင်တော့ပါဘူး။
ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင် ဖြေရှင်းတော့တာပေါ့။"
ကိုယ်တော်ဟာ သန့်ရှင်းစင်ကြယ်တဲ့ ဘုန်းတော်ကြီးလို့
ဘယ်လို ပြောနိုင်တော့မှာလဲ....မိန်းကလေးတစ်ယောက်ကို ထိခဲ့တဲ့နောက်တော့ကိုယ်တော်ဟာ ရိုးသားဖြူစင်နိုင်ပါတော့မလား.....ဘာကြောင့်ပါလဲ...
သူမဟာ လှပလို့လား...? "

ဒီစကားကို ဘုန်းတော်ကြီးကြားတော့ ဘုန်းတော်ကြီးက
ကိုရင်လေးကို အထူးတဆန်းကြည့်ပြီးမေးလိုက်ပါတယ်...။

" ငါက မိန်းကလေးကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာသတည်းက
ချထားခဲ့ပါပြီ.....မင်းကတော့ သူမကို
ဒီအထိခေါ်လာခဲ့တာလား...."

.

မှတ်ချက်။ ။
ဗဟုသုတရွာပရိတ်သတ်ကြီးရေ ဒီပုံပြင်လေးဟာ ရှေးဟောင်းတရုတ်
ပုံပြင်လေးဖြစ်ပါတယ် ။
ဒီနေ့ခေတ်လူသားတွေအတွက် တွေးစရာတွေအများကြီးပါတာပေါ့။
ကျွန်ုပ်တို့ရဲ့ဘ၀မှာ စိတ်မချမ်းသာစရာ၊ စိတ်ညစ်ညူးစရာ၊
ဒေါသထွက်စရာ အဖြစ်အပျက်တွေ အများကြီးနဲ့လူတိုင်းကြုံတွေ့ခဲ့ရမှာပါ....။
ဒါပေမယ့် ကျွန်ုပ်တို့ဟာလဲ ကိုရင်လေးလိုပဲ ဒီအရာတွေကို
ဘ၀တလျှောက်သယ်ပိုးလာခဲ့ပါတယ်။

စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေကို အဲဒီ့နေရာ အဲဒီ့
အချိန်မှာပဲ ထားခဲ့လိုက်ပါ။
ဘ၀ကို ဆက်လျှောက်ဖို့ သင်ယူနိုင်ပါစေ..။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

လူဘဝတွင်မလွဲမသွေကြုံတွေ့ရမည့်အကြောင်းတရား(၁၁)ပါး



---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

■ နေဝင်တော့မည် ■



ဆယ်နှစ်ကလေး၊ ဉာဏ်နှုံ့နှေး၊
ဆော့ပြေးရင်းနဲ့အချိန်ကုန်။

နှစ်ဆယ်တဝိုက်၊ အပျော်ကြိုက်၊
မိတ်လိုက်ရင်းနဲ့အချိန်ကုန်။

အလှပဆုံး၊ သုံးဆယ်နှုန်း၊
လူလုံးပြလျက်အချိန်ကုန်။

လေးဆယ်တစ်လွှား၊ ဓနအား၊
ကြွားလုံးထုတ်လျက်အချိန်ကုန်။

ငါးဆယ်တကွက်၊ ဉာဏ်ထက်မြက်၊
ဉာဏ်နက်ထုတ်ရင်းအချိန်ကုန်။

ခြောက်ဆယ်တစ်လွှား၊ အားဆုတ်သွား၊
ကြုံးဝါးရင်းနဲ့အချိန်ကုန်။

ခုနှစ်ဆယ်တွင်း၊ ခါးမတင်း၊
ဟင်းချရင်းနဲ့အချိန်ကုန်။

ရှစ်ဆယ်မှာတော့၊ ခါးပင်ကော့၊
မော့မော့ကြီးနဲ့အချိန်ကုန်။

ကိုးဆယ်တကွေ့၊ သတိဝေ့၊
မေ့မေ့ကြီးနဲ့အချိန်ကုန်။

ထိုင်၍မကောင်း၊ တစ်ရာညောင်း၊
လဲလျောင်းရင်းနဲ့အချိန်ကုန်။

နေဝင်တော့မည်............။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရား၏
အရွယ်ဆယ်ပါးလင်္ကာမှ.....)

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

မကွဲခင်က ခွဲနှင့်ပါ



ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးရမယ့်
အချက်(၅)ချက်ရှိသတဲ့ဗျ။
အမြဲနှလုံးသွင်းရမယ့် တရား (၅)မျိုးလို့ ခေါ်တယ်။

ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ..
ငါအိုရဦးမယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဒို့ က သူများအိုတာသာ သိတာကွဲ့ ။
ကိုယ်အိုတာကို မေ့နေတယ်။ မေ့တတ်လွန်းလို့ 
သတိပေးရတယ်။ ငါအိုရဦးမယ်..။
ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက
အင်း.. ငါ အအိုကမလွတ်သေးဘူး။
မေ့တတ်လွန်းလို့  .. အမြဲဆင်ခြင်ပါ။

ဒုတိယကျတော့ .. ငါနာရဦးမယ်။
ဒါလည်း ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးနေရမယ်တဲ့။
ဘာဖြစ်လို့ တုန်း။ သူများနာတာတွေတာ သိနေတာ။
ကိုယ်နာတာတော့ မေ့နေသနော်။
သူများနာမှာတွေသာကြည့်နေတာ။
ကိုယ်နာမှာကျ သတိမရဘူး။
ကိုယ့်ကိုယ်ကိုအမြဲတမ်းအကောင်းချည်းပဲထင်နေတာ။
ဒါလည်း အမြဲတမ်းသတိပေးရမှာတဲ့ဗျ။
အဲသလို သတိပေးရင်း..
အင်း ငါအနာကမလွတ်သေးပါလား။
အဲသလိုထပ်စဉ်းစားရမယ်တဲ့ဗျ။

ပြီးတော့ တစ်ခါ တတိယကျတော့
ငါသေရဦးမယ်။ ဘာဖြစ်လို့ တုန်း...
ဒို့ က သူများသေမှာသာ
လျှောက်စဉ်းစားနေတာ..။
ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို့ တုန်း။
မေ့လွန်းလို့  မေ့လွန်းလို့ ။
သေမှာလည်း မေ့လွန်းလို့ 
ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။

နံပါတ် ၄ ကျတော့ ငါ့မိဘ ဆွေမျိုး ညီကို မောင်နှမ
ငါ့အပေါင်းအသင်းတွေနဲ့  သေကွဲဖြစ်ဖြစ်
ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။စဉ်းစားထား။
အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။
သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို
ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။
သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။

ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့ ။
ဒီတိုင်းအမြဲနေရလိမ့်မယ်များ ထင်မနေနဲ့ ။
သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။
အိမ်ထောင်ရက်သားကျလို့  သူ့ ရွာ ကိုယ့်ရွာ
ပါသွားကျတာတွေလည်း အများကြီးပဲ။
ဒါလည်း အမြဲစဉ်းစားရမှာ။
ဘာဖြစ်လို့ တုန်း မကွဲခင်က ခွဲမထားရင်
ကွဲတဲ့အခါကျတော့ ဆတ်ဆတ်လူးမယ်နော်။
မကွဲခင်က ခွဲထားလို့ ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။
မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင်
ကွဲတဲ့အခါ ဆတ်ဆတ်လူးမယ်နော်။

ခွဲတော.့ခွဲကြရမယ်။
သေကွဲလား? ရှင်ကွဲလား? ဒါပဲကွာမယ်။
သူကထားခဲ့မှာလား? ကိုယ်ကထားခဲ့မှာလား?ဒါပဲကွာတယ်။
ထားတော့ ထားခဲ့မှာချည်းပဲ။
ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။
အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ
ခုကတည်းကစလောက်ပြီ။ ညီတွေထားခဲ့တာ၊
အကိုတွေထားခဲ့တာ၊ ညီမတွေထားခဲ့၊
အစ်မတွေထားခဲ.တာ ခုကတည်းကရှိလောက်ပြီ။
ကိုယ်ကလည်း နောက်သူများကိုထားခဲ့ရဦးမယ်။

တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။
ကွဲလို့  မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။
ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု ၊
ပြိတ္တာဘ၀နဲ့ ရောက်တာ ပြန်တွဲတာပြောတာ။
စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့  နေကြရဦးမယ်။
အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့ နေရမယ်။
ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်..။

ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။
ငြိနေ တွဲနေမှာပေါ့။ခွဲရတယ်ဆိုတည်းက
ကိုယ်ပစ္စည်းဟုတ်လို့ လား? မဟုတ်လို.လား?။
မဟုတ်လို့ ခွဲရတာပေါ့။
မဟုတ်လို့ ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။
အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့
စာရင်းစစ်ကြည့်ပါတဲ့။

အဲတော့ နံပါတ် ၅ က ငါ့အတွက်
ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။
ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်..
ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေးလို့ 
သားတွေ သမီးတွေကလိုက်မယ်ထင်လား..။
လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။
ကိုယ့်ကံအတိုင်းသွားရမှာ။

ငရဲသွားမယ့် ပုဂ္ဂိုလ်ကို
ဘုရားဝင်တားလို့ မရဘူး။
သိကြားဝင်တားလို့ မရဘူး။
နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို
ဘုရားဝင်ဆွဲချလို့ မရဘူး။
သိကြားဝင်ဆွဲချလို့ မရဘူး။
ကိုယ့်ကံအတိုင်းသွားကြရမှာ။

မေ့မေ့ကြီးနဲ့ ဒီတိုင်း.နေရင်
ဆိုးကံပစ်ချရာခံရမယ်နော်။
ငါ သေရဦးမယ် ဆင်ခြင်ပါ။
ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။
မဆင်ခြင်လို့ ရှိရင် သေရင်
ခင်ဗျားတို့  မသေဘဲဖြစ်မယ်နော်။
အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား..
မသေဘဲဖြစ်သွားမယ်နော်။
ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။
ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင်
သေတော့ ခင်ဗျားတို့  မသေနိုင်ဘူးနော်........။
.
.

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ငါးပါးသီလ ပြည့်စုံမှ



ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ ခေါ်တယ်။
တစ်ပါးမှ လျော့လို့မရဘူးနော်။
ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။
အဲဒါလေးကို နည်းနည်းလောက် ပြန်စဉ်းစားကြည့်ရအောင်။

လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
ငါးပါးသီလထဲ လေးပါးလောက်ကို
ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့တယ်နော်။
အဲဒီအထဲမှာ . . .
.

■ “ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင်
လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာ
ဖြစ်ပေမဲ့လို့ အသက်တိုမယ်။
ဘယ်သူက အသက်တိုတို နေချင်မလဲနော်။
ပါဏာတိပါတကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ
အနာရောဂါများမယ်၊ အသက်တိုမယ်၊
ဒါက အပေါ့ဆုံးအပြစ်နော်။
ငရဲကျတာ ၊မကျတာ အသာထားနော်။
ငါးပါးသီလရဲ့ အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။
.

■ “အဒိန္နာဒါနကံ”မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ
ရှာလို့တော့ ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။
မီးလောင်တဲ့အထဲ ပါသွားမယ်။
ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်းပျက်စီးနေမယ်။
.

■ နောက်တစ်ခုက ကာမေသုမိစ္ဆာစာရကံ
မလုံရင်လူမုန်း များတယ်။
သူနဲ့ ဘယ်သူမှ မတည့်ဘူး။
သူ့ မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။
အခြောက်တိုက်မုန်းတာမျိုးပေါ့။
နောက်ပြီးတော့ “ကျား”မဟုတ်၊ “မ”မဟုတ်
ဖြစ်တတ်တယ်။
.

■ “မုသာဝါဒကံ”မလုံရင် သူ့စကားကို မယုံကြတော့ဘူး။
သူ ပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ
မယုံကြည်တဲ့အခါ သူ့ရဲ့စကားအရာမရောက် ဖြစ်တယ်။
ဒါကြောင့် “မုသားဆို ရယ်စရာ အနေနဲ့တောင်
မပြောဘဲ ရှောင် ကြဉ်သင့်တယ်”လို့
မြတ်ဗုဒ္ဓ ဟောကြားထားတယ်။
.

■ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ
ဦးနှောက် မပြည့်ဘူး။ ကျပ်မပြည့်ဘူးပြောကြတယ်။
ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
.

ဒါ့ကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။
လူရယ်လို့ ဖြစ်လာတဲ့အခါ အသက်ရှည်ရမယ်။
ကျန်းမာပြီး အနာကင်းရမယ်။
ပစ္စည်းဥစ္စာ ရှိရမယ်။ လူချစ်လူခင် ပေါများရမယ်။
ဉာဏ်ပညာ ပြည့်စုံရမယ်။ ဩဇာရှိရမယ်။
ရူးနှမ်းနှမ်းမဟုတ်ဘဲ ၊တည်ကြည်သူ ဖြစ်ရမယ်။
ငါးပါးသီလလုံခြုံရင် အဲဒီ အကျိုးတွေရမယ်။
ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ပြောလို့ရမယ်။
ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ တစ်ခုခုလိုနေလိမ့်မယ်။

.
(ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
--------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ဘုန်းကံဆိုတာအလိုအလျှောက်​​ရှိနေတာလား


¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဘုန်းကံဆိုတာ အလိုအလျောက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။
မိမိအတိတ်ဘ၀က၃ ပြုလုပ်ခဲ့သောကုသိုလ်ကံကြောင့်လည်းပေါ်ပေါက်လာပါတယ်။
ယခုလက်ရှိဘ၀ပြုလုပ်သော ကုသိုလ်ကံကြောင့်လည်း ပေါ်ပေါက်လာပါတယ်။
.
အနည်းငယ်ရှင်းပြပါရစေ။
.
အတိတ်ဘ၀ကံကြောင့် ဘုန်းကံပေါ်ပေါက်လာသူတွေ အများကြီးထဲက
ဂေါတမမြတ်စွာဘုရား လက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ်ကျော်စောထင်ရှားသော
ဇောတိက, ဇဋိလ, မေဏ္ဍက, ကာက၀လိယနှင့်ပုဏ္ဏတို့သူဌေးကြီး ငါးဦးအကြောင်း
ပြောပြပါရစေ။

ဇဋိလသူဌေးကြီးသည် အတိတ်က ကဿပမြတ်စွာဘုရား၏ ဓာတ်တော်စေတီဌာပနာ
တိုတ်တွင် တစ်ထွာစီမြင့်သော ရွှေပန်းခိုင်သုံးခုကိုလှူဒါန်းပြီး ထိုစေတီ၌ ရွှေတစ်ဖျာစာ
မလောက်မငှဖြစ်နေသည်ကို လှူဒါန်းပူဇော်ခဲ့သည့် ကောင်းမူကြောင့် ဇဋိလသူဌေးဘဝ
တွင် အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီးပေါက်လာ၏။

ဇောတိကသူဌေးကြီးသည် ၀ိပဿီမြတ်စွာဘုရား လက်ထပ်တော်တွင် ဗန္တ္တုမတီပြည်၌
အပရာဇိတအမည်ဖြင့် သူကြွယ်ဖြစ်ခဲ့၏။
ထိုသူကြွယ်သည် ၀ိပဿီဘုရားရှင် သီတင်းသုံးရန် ဂန္ဓကုဋိတိုတ်ကို ရတနာခုနှစ်ပါးဖြင့်
ထူးထူးခြားခြား တည်ဆောက်လှူဒါန်းခဲ့၏။
ဤကုသိုလ်ကံကြောင့် ဇောတိကသူဌေးဘ၀တွင် သူနေထိုင်ရန် ရတနာဗိမာန်ကြီး
မြေမှ ပေါက်လာရ၏။

အပရာဇိတ သူကြွယ်သည် တူတော်စပ်သည့် သူဌေးက၀ိပဿီမြတ်စွာ
ဘုရားနှင့် သံဃာတော်များ စည်းဝေးရန် ဆိတ်ရုပ်ခံသည့်ဇရပ်တစ်
ဆောင်ကို ရတနာခုနှစ်ပါးဖြင့် မွမ်းမံတည်ဆောက်ခဲ့၏။

ဤတူ-သူဌေးက မေဏ္ဍကသူဌေးကြီး ဖြစ်လာသည့်အခါ ရှစ်မင်းပယ်
စာမျှရှိသော မြေပြင်တွင် ဆင်ကြီးမြင်းကြီး အရွယ်မျှရှိသော ရွှေဆိတ် ရုပ်များ ကျောချင်းထိကာ ပေါ်ပေါက်လာကြ၏။

(သူဋ္ဌေးကြီး ပုဏ္ဍ အကြောင်းကို ရှာမရတဲ့အတွက် ခွင့်လွှတ်ပါ)
အထက်ပါ အချက်များသည် မိမိအတိတ်ဘ၀က ပြုလုပ်ခဲ့သော ကုသိုလ်ကံ၏ဘုန်းကံများပင်ဖြစ်ပါတယ်။)

ဘုန်းကံသည် ယခုဘ၀မှာလည်း ဆိုင်ပါတယ်။
ဘုန်းကံနဲ့ ပတ်သက်လို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
ဘုန်းကံဆိုတာ ရှေးက ပါခဲ့ပေမဲ့ ယခုဘ၀ကြိုးစားမှု့ ကလည်းရှိရတယ်။

စင်စစ်တော့ ကံဆိုတာ ရေလာမြောင်ပေးလုပ်မှာလည်း ကောင်းကျိုးရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု ရှိရာမကောင်းကျိုးလာမှာပဲလို့ မိန့် တာလေးကို မှတ်သားဖူးပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီကလည်း ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့
မဟာဓနသူဌေး ခွက်လက်ဆွဲတောင်းစားနေတာကိုကြည့်ပြီး ဒီသူဌေးသည်
ပထမအရွယ်မှာ တရားအားထုတ်ရင် ရဟန္တာဖြစ်နိုင်တယ်။ဒုတိယအရွယ်မှာ
တရားအားထုတ်ရင် အနာဂါမ်ဖြစ်နိုင်တယ်။
တတိယအရွယ်မှာ တရားအားထုတ်ရင် သကဒါဂါမ်ဖြစ်နိုင်တဲ့လို့ မိန့် ကြားတော်
မူတာလေးကိုလည်း မိမိတို့ သတိမူသင့်တယ်။

နောက်ပြီးအခန်း(၁၃) လောကတရားစု- လောကဝဂ်)မှာလည်း

"ယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊

ပစ္ဆာ သော နပ္ပမဇ္ဇတိ၊

သောမံ လောကံ ပဘာသေတိ၊

အဗ္ဘာမုတ္တောဝစန္ဒိမာ။ "

"ရှေးက ကုသိုလ်ကောင်းမှု၌ မေ့လျော့ခဲ့သော်လည်း
နောင်အခါ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သောသူသည်
တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းစေ၏ "
လို့ ဟောထားပါတယ်။

ဒီနေရာမှာ

ဘုန်းကံဆိုတာ ရှေးဘ၀ နောက်ဘ၀နဲ့ ဆိုင်တာကို မသိတဲ့လူတွေသုံးတဲ့
စကားပုံလေး ဗဟုသုတအဖြစ်ပြောလိုက်ပါရစေ။
ဘာလိုလည်းဆိုတော့တစ်ချို့ လူတွေအကုသိုလ်လုပ်ပြီး
ဘာလို့ ကြီးပွားနေတာလဲ အမေးခံရလို့ ပါ။

ဗောဓိပင်ပျိုးလို့ ခြေကျိုးရ၊
ဗောဓိကိုင်းချိုးလို့ရွှေအိုးရ။”
ဟူသောစကားလေး ကြားဖူးမယ်ထင်ပါတယ်။

တစ်ကယ်တော့ဗောဓိပင်ပျိုးလို့ ခြေကျိုးတာ မဟုတ်ပါဘူး။
ဗောဓိပင်ပျိုးသူသည် သေရမယ့် ကံပါလာသောလည်း ဗောဓိပင်ပျိုးလိုက်သော
ကုသိုလ်ကောင်း မှုကြောင့်သေရမည့်ကံက လွတ်ပြီးခြေကျိုးတာကို ဆိုလိုတာပါ။

ထိုအတူပါပဲရွှေအိုးပေါင်းများစွာရရှိရမည့် ကုသိုလ်ကံပါသော်လည်းဗောဓိကိုင်းချိုးသော
အကုသိုလ်ကံကြောင့် ရွှေအိုတစ်အိုးသာ ရရှိတာကိုဆိုလိုတာပါ။

ထိုသို့ မသိဘဲ့ အကုသိုလ်လုပ်လည်း ကြီးပွားတာပဲလို့ တွေးလိုက်ရင်တော့ မှားယွင်းသော အသိဉာဏ် (wrong view) ဖြစ်သွားပါပြီ။

" ဒီလောက်ဆိုရင် ဘုန်းကံဆိုတာ အလိုအလျောက်ရှိနေတာလား " ဆိုတဲ့
မေးခွန်းရဲ့အဖြေရလောက်ပါပြီ။

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်း ချမ်းသာရှိပါစေ။
----------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ဣနြေ္ဒပွားလျှင် စိတ်ကြည်လင်



ဗုဒ္ဓဘာသာတရားတော်များသည် စိတ်ကို ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေရန် ဟောကြားတော်မူသော တရားတော်များ ဖြစ်လေသည်။

စိတ်သည် လိုချင်တပ်မက်ခြင်းဟူသော လောဘတရား၊ အလိုမကျမှု အမျက်ထွက်ခြင်းဟူသော ဒေါသတရား၊ အမှားအမှန်ကို ခွဲခြားမသိမှု တွေဝေမိုက်မဲခြင်းဟူသော မောဟတရား ဤအခြေခံကိလေသာတရားတို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ညစ်နွမ်း၏။ မကြည်လင် မသန့်ရှင်းတော့ဘဲ စိတ်ငြိမ်းအေးမှုကို မရနိုင်တော့ပေ။

ထို့ကြောင့် စိတ်ကို ယင်းကိလေသာတို့မှ ကင်းဝေးစင်ကြယ်စေရန် ဝိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်မှသာလျှင် စိတ်ချမ်းချမ်းသာသာ နေနိုင်မည် အမှန်ဖြစ်ပေသည်။

ဤနေရာ၌ ကျင့်ကြံအားထုတ်ရန် တရားနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်နှင့် အခြားအယူဝါဒတရားများ၏ ကွဲပြားခြားနားပုံကို ဗုဒ္ဓရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် “ဣန္ဒြိယဘာဝနာသုတ်”တရားတော်သည် အလွန်ပင် မှတ်သားနာယူစရာကောင်းလှပေသည်။

ဤသုတ်၌ မျက်စိစသော ဣနြေ္ဒခြောက်ပါးနှင့် စပ်၍ အာရုံကောင်း၊ အာရုံဆိုး၊ အလတ်စားအာရုံများကို တွေ့မြင်သောအခါ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များကို ဖြစ်ခွင့်မပေးဘဲ ကြားမှာ ဝိပဿနာဉာဏ်သွင်း၍ ချမ်းသာစွာ နေရပုံကို ဟောပြထားခြင်း ဖြစ်ပါသည်။

အခါတပါး၌ ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် အိန္ဒိယနိုင်ငံ၊ ဇင်္ဂလနိဂုံးရွာကြီးအနီးရှိ သုဝေဠုအမည်ရှိသော တောအုပ်ကြီးအတွင်းမှာ ခေတ္တ ချမ်းသာစွာ သီတင်းသုံးနေတော်မူစဉ် ပါရာသိဝိယပုဏ္ဏားဆရာကြီး၏ တပည့်ရင်းတဦးဖြစ်သူ ဥတ္တရလုလင်ကလေးသည် ဘုရားရှင်ထံမှောက်သို့ ရောက်ရှိလာခဲ့လေသည်။

မြတ်စွာဘုရားသည် ထိုလုလင်အား “ဥတ္တရ .. သင်တို့ရဲ့ ဆရာကြီးပါရာသိဝိယဟာ စက္ခုစသော ဣနြေ္ဒများကို ပွားဖို့ ဟောကြားဆုံးမသလား” ဟု မေးတော်မူရာ -

ဥတ္တရလုလင်သည် “ဟောကြားဆုံးမပါသည် အရှင်ဘုရား”ဟု လျှောက်ထားသဖြင့် သူဟောကြားပုံကို ပြောပြရန် အမိန့်ရှိတော်မူပါသည်။

ထိုအခါ ဥတ္တရလုလင်က “အဆင်းကို မြင်လျှင် ကြိုက်မှု မကြိုက်မှု စသည် မဖြစ်ရန် ဆရာကြီးက မျက်စိနဲ့ အဆင်းတွေကို မကြည့်နဲ့၊ နားနဲ့ အသံတွေကို နားမထောင်နဲ့ စသည်ဖြင့် ဟောကြား ဆုံးမပါသည်” ဟု ပြောပြရာ ဘုရားရှင်သည် “ဒီလိုဆိုရင် အမိဝမ်းတွင်းထဲက မျက်စိကန်းလာတဲ့သူ၊ နားပင်းလာတဲ့သူတွေဟာ ဣနြေ္ဒတွေကို စောင့်စည်းပြီး ဖြစ်တော့မှာပေါ့”ဟု မိန့်တော်မူသောအခါ ဥတ္တရလုလင်သည် ဘာမှ ပြန်ပြီး ရှင်းမပြနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကြီးကျသွားလေသည်။

ပါရာသိဝိယပုဏ္ဏားဆရာကြီးဟောကြားသည့် တရားသည် လက်တွေ့ကျသော တရား မဟုတ်သည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေသည်။
သူပြောသလို မျက်စိနှင့်နားကို ပိတ်ထားလို့ ရချင်ရနိုင်မည်ဖြစ်သော်လည်း နှာခေါင်း၊ လျှာ၊ ကိုယ်ဣနြေ္ဒတို့ကို ပိတ်ထားလို့ မဖြစ်နိုင်ပေ။
အထူးအားဖြင့် မနိနြေ္ဒခေါ်သော စိတ်ကို မည်သို့ ပိတ်ထားနိုင်မည်နည်း။
သူ့တရားသည် လူပြိန်းကြိုက်တရားမျိုး ဖြစ်၏။
စဉ်းစားဉာဏ်ရှိသူများကတော့ လက်ခံနိုင်ကြမည် မဟုတ်ပေ။

ဥတ္တရလုလင်ကလေး မဖြေရှင်းနိုင်၍ မှိုင်တွေနေစဉ် မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်အား “အာနန္ဒာ .. ပါရာသိဝိယပုဏ္ဏားရဲ့ တပည့်တွေကို ဟောကြားဆုံးမတဲ့ ဣနြေ္ဒပွားမှုတရားက တမျိုးဖြစ်ပြီး၊ ငါဘုရားရဲ့ အရိယာသာသနာတော်မှာ ဟောကြားဆုံးမတဲ့ အမြတ်ဆုံးဣနြေ္ဒပွားမှုတရားက တမျိုးဖြစ်တယ်”ဟု မိန့်တော်မူ၍ ဣနြေ္ဒပွားများပုံကို ဆက်လက် ဟောကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် ဟောကြား ဆုံးမတော်မူသည့် အမြတ်ဆုံးဣနြေ္ဒခြောက်ပါး ပွားများပုံမှာ -
“ရဟန်းသည် မျက်စိဖြင့် နှစ်သက်စရာ အဆင်းအာရုံကို မြင်လျှင် ဝမ်းသာသည့် သောမနဿစိတ် ဖြစ်သည်။ မနှစ်သက်စရာ အဆင်းကို မြင်လျှင် ဝမ်းမသာသည့် ဒေါမနဿစိတ် ဖြစ်သည်။ အလယ်အလတ် အဆင်းအာရုံကို မြင်လျှင် လျစ်လျူရှုသည့် ဥပေက္ခာစိတ် ဖြစ်သည်။
ဤသို့ မျက်စိဖြင့် အဆင်းမြင်ရာ၌ ဝမ်းသာစိတ်ကြောင့် လောဘ၊ ဝမ်းမသာစိတ်ကြောင့် ဒေါသ၊ ဥပေက္ခာစိတ်ကြောင့် မောဟစိတ်များ မဖြစ်စေရန် ဝမ်းသာစိတ်၊ ဝမ်းမသာစိတ်၊ လျစ်လျူရှုစိတ်များ ပေါ်လာခြင်းအကြောင်းကို ဆင်ခြင်သိမ်းပိုက်၍ ဝိပဿနာ ပွားနေရမည်” ဟု ဆုံးမတော်မူပါသည်။

ဆင်ခြင် ရှုမှတ်ပုံမှာ “ယခု ငါ့သန္တာန်မှာ နှစ်သက် ဝမ်းသာသည့် သောမနဿစိတ် ဖြစ်တယ်။ မနှစ်သက် ဝမ်းမသာသည့် ဒေါမနဿစိတ် ဖြစ်တယ်။ အလယ်အလတ် လျစ်လျူရှုသည့် ဥပေက္ခာစိတ် ဖြစ်တယ်။ ဒီစိတ်ဟာ အမှန်စင်စစ်အားဖြင့် မျက်စိ၊ အဆင်း၊ မြင်စိတ်ဟူသော အကြောင်းသုံးခု ပေါင်းဆုံမှု ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာတယ်။ ကြမ်းတမ်းတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား ဖြစ်တယ်။ ဖြစ်ပြီး ပျက်တယ်။ ဒီနှစ်သက် ဝမ်းသာစိတ်လဲ မဖြစ်၊ မနှစ်သက် ဝမ်းမသာစိတ်လဲ မဖြစ်၊ လျစ်လျူရှုစိတ်လဲ မဖြစ်ဘဲ ဝိပဿနာဥပေက္ခာစိတ်ဖြင့် နေခြင်းသည် ချမ်းသာတယ်။ အေးငြိမ်းတယ်” ဟု ရှုမှတ် ဆင်ခြင်ရမည်။

ဤကဲ့သို့ ဝိပဿနာ ဆင်ခြင် ရှုမှတ်လိုက်လျှင် ဤနှစ်သက်ဝမ်းသာသည့် သောမနဿစိတ်၊ မနှစ်သက် ဝမ်းမသာသည့် ဒေါမနဿစိတ်၊ လျစ်လျူရှုစိတ်သည် ချက်ချင်းပင် ချုပ်ပျောက်သွားတော့၏။ ဝိပဿနာနုပေက္ခာဉာဏ် ဖြစ်ပေါ်လာသည်ဟု ဟောကြား ဆုံးမတော်မူလေသည်။

ထို့အတူပင် နားဖြင့် အသံကြားသောအခါမှာလည်းကောင်း၊ နှာခေါင်းဖြင့် အနံ့နံသောအခါမှာလည်းကောင်း၊ လျှာဖြင့် အရသာကို စားသောအခါမှာလည်းကောင်း၊ ကိုယ်ဖြင့် အတွေ့အထိများကို တွေ့ထိသောအခါမှာလည်းကောင်း၊ စိတ်ဖြင့် အတွေးအာရုံမျိုးစုံကို တွေးသောအခါမှာလည်းကောင်း နှစ်သက်စိတ်၊ မနှစ်သက်စိတ်၊ လျစ်လျူရှုစိတ်များ ဖြစ်ရာတွင် အဆင်းမြင်ရာ၌ ဝိပဿနာရှုသကဲ့သို့ ယင်းစိတ်များကို ဝိပဿနာရှုပွားနေရမည်။ ရှုပွားသောအခါ ယင်းစိတ်များသည် လျင်မြန်စွာပင် ချုပ်ပျောက်သွားကြ၍ ဝိပဿနာနုပေက္ခာဉာဏ် ဖြစ်ပေါ်လာ၏။
ဤသို့ ရှုမှတ်ပြီး ဣနြေ္ဒများကို ပွားများနေခြင်းသည် အရိယာသာသနာတော်၌ အမြတ်ဆုံးဣနြေ္ဒပွားများခြင်း ဖြစ်သည်ဟု ဟောကြားတော်မူလေသည်။

မြင်ရာ ကြားရာ စသည်တို့၌ ဖြစ်ပေါ်လာသည့် ဝမ်းသာစိတ်၊ ဝမ်းမသာစိတ်နှင့် လျစ်လျူရှုစိတ်များကို အကြောင်းနှင့်တကွ သိမ်းပိုက် ဆင်ခြင်၍ ဝိပဿနာရှုသောအခါ ယင်းစိတ်များ လျင်မြန်စွာ ချုပ်ပျောက်ပုံကိုလည်း မြတ်စွာဘုရားရှင် ဥပမာဖြင့် ဟောတော်မူသည်မှာ စိတ်ရွှင်လန်းအားတက်စရာ ဖြစ်ပါသည်။

အဆင်းမြင်ရာ၌ ဝိပဿနာဉာဏ်သွင်းသောအခါ ဝမ်းသာ၊ ဝမ်းမသာစိတ်၊ လျစ်လျူရှုစိတ်ဟူသော ခံစားမှု ဝေဒနာစိတ်များသည် မျက်စိဖွင့်ပိတ်သကဲ့သို့ လျင်မြန်စွာ ချုပ်ပျောက်သွား၏။

အသံကြားရာ၌ ချုပ်ပျောက်ပုံမှာ လက်ဖျစ်တီးသကဲ့သို့ မြန်၏။

အနံ့နံရာ၌ ချုပ်ပျောက်ပုံမှာ ကြာဖက်ပေါ်၌ ကျသော ရေပေါက်သည် ချက်ချင်း လျှောကျသကဲ့သို့ မြန်၏။

အရသာစားရာ၌ ချုပ်ပုံမှာ တံတွေးကို ထွေးလိုက်သကဲ့သို့ မြန်၏။

ကိုယ်ဖြင့် အတွေ့အထိတွေ့ရာ၌ ချုပ်ပျောက်ပုံမှာ လက်ကို ကွေးဆန့်သကဲ့သို့ မြန်၏။

စိတ်ဖြင့် တွေးကြံရာ၌ ချုပ်ပျောက်ပုံမှာ သံပူပြားကြီးအပေါ်၌ ကျသော ရေပေါက်ရေစက်သည် ချက်ချင်း ခြောက်ခန်းသွားသကဲ့သို့ လျင်မြန်၏ ဟု ဥပမာအသီးသီး ပေးပြီး ဟောတော်မူပါသည်။

နောက်တနည်း ဣနြေ္ဒပွားများပုံမှာ ကမ္မဋ္ဌာန်းအားထုတ်သည့် ယောဂီရဟန်းသည် စက်ဆုပ်ဖွယ်ရာ အဆင်းအာရုံတခုခုကို မြင်ရာ၌ စက်ဆုပ်မှု မဖြစ်စေရန် မေတ္တာပွား၍လည်းကောင်း၊ ရေ,မြေ,လေ,မီးဓာတ်သဘောကို ဆင်ခြင်၍လည်းကောင်း နေထိုင်သည်။ နှစ်သက်စရာအာရုံတခုခုကို မြင်ရာ၌ မနှစ်သက်စရာ အာရုံဖြစ်အောင် မတင့်တယ်မှု အသုဘဆင်ခြင်၍ဖြစ်စေ၊ မမြဲမှု အနိစ္စဆင်ခြင်၍ဖြစ်စေ နေထိုင်သည်။

နှစ်သက်စရာ အာရုံ၊ မနှစ်သက်စရာ အာရုံများ တွေ့မြင်လာလျှင် ဝမ်းသာမှုလည်း မဖြစ်၊ ဝမ်းမသာမှုလည်း မဖြစ်စေရန် ပေါ်လာသည့် အာရုံအပေါ်မှာ ရှုမှတ်မှုသတိ၊ ဖြစ်ပျက်သိမြင်မှု သမ္ပဇဉ်ဉာဏ်ဖြင့် ဥပေက္ခာပြုနေထိုင်သည်ဟု ဟောကြားတော်မူသည်။

ဤဣန္ဒြိယဘာဝနာသုတ်သည် ဝေဒနာနုပဿနာတရားအားထုတ်နည်းကို ညွှန်ပြသော တရားတော် ဖြစ်ပါသည်။

နှစ်သက်စရာ အဆင်းကို မြင်ရာ၌ သုခဝေဒနာဖြစ်သည်။
ဤဝေဒနာကို ဝိပဿနာမရှုလျှင် (ဝေဒနာပစ္စယာ တဏှာ) သုခဝေဒနာကြောင့် တဏှာလောဘစိတ် ဖြစ်၏။

မနှစ်သက်စရာ အဆင်းကို မြင်ရာ၌ (ဝိပဿနာ မရှုလျှင်) ဒေါမနဿဝေဒနာ (ဒေါသစိတ်) ဖြစ်၏။

နှစ်သက်စရာလည်း မဟုတ်၊ မနှစ်သက်စရာလည်း မဟုတ်သော အလတ်စား အဆင်းကို မြင်ရာ၌ ဥပေက္ခာဝေဒနာဖြစ်၍ ယင်းဝေဒနာကို ဝိပဿနာမရှုလျှင် မောဟစိတ် ဖြစ်၏။

လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ ဖြစ်လျှင် အပါယ်သံသရာ ကျင်လည်ရမည် အမှန်ဖြစ်၏။

သို့ဖြစ်၍ မိမိတို့ သန္တာန်မှာ ယင်းကိလေသာတရားများ မဖြစ်ပေါ်ရလေအောင် မျက်စိစသော ဣနြေ္ဒတံခါးခြောက်ပေါက်မှာ သတိသမ္ပဇဉ်ဝိပဿနာဉာဏ် သွင်းပြီး လုံခြုံအောင် စောင့်ရှောက်ရမည်ဟု ဟောကြားထားတော်မူခြင်း ဖြစ်ပါသည်။

ဤသို့ ရှုမှတ်ခြင်းဖြင့် ဝိပဿနာဉာဏ်များ ရင့်ကျက်သောအခါတွင် မဂ်ဉာဏ် ဖိုလ်ဉာဏ်များ အဆင့်ဆင့် ပေါ်ကာ ဖြစ်ပျက်မစပ် အငြိမ်းဓာတ် မြတ်နိဗ္ဗာန်သို့ ရောက်ရှိသွားမှာ အမှန်ပင် ဖြစ်ပါသတည်း။

(ဥပရိပဏ္ဏာသ၊ ဣန္ဒြိယဘာဝနာသုတ်)
--------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

သူသိ ကိုယ်သိ



ဇနီးခင်ပွန်း အဆင်ပြေဘို့
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။

သမပညာမှာ ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။ အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။ (ပ - အသေးစိတ်၊ ညာ - သိခြင်း) သမ ကတော့ တူညီတာ။

ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။
အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။

ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ
လင်လုပ်တဲ့စီးပွါးရေးစတာတွေကို မယားသိပိုင်ခွင့်ရှိရပါမယ်။ သိနေရပါမယ်။ ဒီလိုဘဲ။ မယားသွားတဲ့နေရာ၊ မယားစားတဲ့အစားအစာ၊ မယားလုပ်တဲ့စီးပွါးရေးစတာ
တွေကို လင်လုပ်တဲ့သူက သိကို သိနေရပါမယ်။

လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရဘူး။
လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားလို့ ပေါက်ကြားလာတဲ့တစ်နေ့ ပြဿနာ စတက်တော့တာပါဘဲ။

လျှို့ဝှက်ချက်ထားတဲ့သူအပေါ်မှာ ယုံကြည်ဘို့မလွယ်
တော့ပါဘူး။ နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကို မှန်မှန်ကန်ကန်လုပ်လုပ် တစ်ခါ မရိုးသားခဲ့တဲ့ အ
တွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။ လင်မယား
ကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင် ဒီလင် ဒီမယား ဘယ်လိုလုပ် ပျော်ရွင်မှု ချမ်းမြေ့မှု သာယာမှု အပြည့်အ၀ ရနိုင်တော့မလဲ။

ဒါ့ကြောင့် လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်း
ချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နှစ်ကိုယ်ကြားလျှို့ဝှက်ချက်လုံးဝမထားဘဲ
သမပညာ - အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့သိခြင်း ရှိနေရပါမယ်။

သမပညာကို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။

ပညာကို ရိုးရိုးလေး ပညာလို့ဘာသာပြန်ပြီး သမ ကို တူညီတာလို့ဘာသာပြန်ကြည့်ရအောင်။ အိမ်ထောင်ပြုလိုတဲ့သူတွေ သမပညာလို့ခေါ်တဲ့ ပညာတူညီဘို့လဲ လိုအပ်ပါတယ်။ ပညာဆိုတဲ့နေရာမှာ တက္ကသိုလ်က ပေးလိုက်တဲ့အတတ်ပညာကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ပိုင်အသိပညာကို ဆိုလိုတာပါ။

တခါတလေဖြစ်တတ်ပါတယ်။ အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး မိုးမမြင်
လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာ။ အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့ လူကြားသူကြား မနေတတ်တဲ့ ကိုယ့်အိမ်ထောင်
သည်တွေ တွေ့ဘူးမှာပေါ့။ လင်မယားကြား Educational Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။

လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ်။ ဒါနရေးရာ ဒါနအသိပညာ၊ သီလရေးရာ သီလအသိပညာ၊ ဘာဝနာရေးရာ ဘာဝနာအသိပညာတွေမှာ တူညီရပါမယ်။ ဒါမှသာ ဒီလင်ဒီမယား ဒီဘ၀မှာ ပေါင်းဆုံရရုံတင်မကဘဲ ဖြစ်လေရာဘုံဘ၀မှာ (ဘုရားအ
လောင်းတော်တို့လို) အတူတကွ ပေါင်းဆုံရပြီး ပါရမီ
ဖြည့်ဘက်တွေ ဖြစ်နေမှာပါ။

---------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ပြိတ္တာဖြစ် ဈေးရောင်းနည်း



မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက် ရှိပါတယ် ။

သူတို့ရဲ့ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး ။ အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေးတွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး ၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန်ကြတယ် ။

အဲဒီအမျိုးသမီးလေးယောက်ဟာ စီးပွားရေးတွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြတယ် ၊

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက်နားမှာ ဗြိတ္တာမတွေ သွားဖြစ်ပါသတဲ့ ။

လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျား လေးယောက်က မကြာခင်မှာ ဇနီးငယ်တွေ ကောက်ယူပြီး သူတို့ရှာဖွေခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော်ပါးပါး ခံစားနေတာ တွေ့ရတော့ . . .

ဗြိတ္တာဖြစ်လို့ ဆင်းရဲရတဲ့အထဲ လုပ်ရက်လေခြင်း ဆိုပြီး ပိုပြီး စိတ်ဆင်းရဲခြင်း ဖြစ်ကြရတယ် ။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ မြို့ထဲကလူတွေ ကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်း ၊ လှမ်းအော်ပါတော့တယ် ။

ဒီအကြောင်းကို မြတ်စွာဘုရားထံ မေးမြန်းတဲ့အခါ . . . မြတ်စွာဘုရားက ၊

ဒါယကာတို့ ဒီအသံဟာ သင်တို့ကို အန္တရာယ် ပြုမယ့်အသံ မဟုတ်ပါဘူး ၊ ဗြိတ္တာမလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်လို့ အော်နေကြတာ ဖြစ်တယ် လို့ မိန့်တော်မူပြီး ဖြစ်ကြောင်းကုန်စင်ကို ဟောပြပါတယ် ။
-

ဒီခေတ်မှာလည်း တစ်ချို့ပုဂ္ဂိုလ်တွေဟာ စဉ်းလဲ ကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ ဈေးရောင်းကြတာတွေ ရှိပါတယ် ။

ကားကို လိမ်ရောင်းတာ ၊ ထီကို လိမ်ရောင်းတာ ၊ ကြက်သားကို ရေထိုးရောင်းတာ ၊ TV လိမ်ရောင်းတာ ၊

ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကို ဈေးဝယ်သူ မသိဘူး ဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေမှာပါ ။

ဒါပေမယ့် ကျန်တဲ့သူတွေသူ မသိရင်နေမယ် ၊ ဈေးရောင်းသူ ကိုယ်တိုင်ကတော့ သိနေခဲ့ပါပြီ ။
ကိုယ့်ရဲ့ အပြုအမူဟာ မဟုတ်မမှန်ဘူး ဆိုတာ သိလျှက်နဲ့ ပြုမူတယ် ဆိုတာ ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝ တန်ဖိုးမထားတာပါ ၊

ကံဆိုတာ ပြုပြီးရင် ပြီးမြောက်သွားတာပါ ။ ဘာမှ ပြန်လုပ်လို့ မရပါဘူး ၊ မြောက်သွားတဲ့ကံက အခွင့်အခါသင့်ရင် ပြန် အကျိုးပေးတော့မှာပါ ။

ကောက်ကျစ်စဉ်းလဲတဲ့ ကံတွေများရင် များသလောက် အကျိုးပေးမှာပါ ။
-

ကိုယ်က မှန်မှန်ကန်ကန် ဈေးရောင်းခဲ့ရင် ကိုယ်ထားခဲ့တဲ့ မေတ္တာ ၊ စေတနာတွေ ၊ ကိုယ်ပြုခဲ့တဲ့ ကံတွေကလည်း အလကားနေမှာ မဟုတ်ပါဘူး ၊ သူ့အကျိုးအားလျော်စွာ တုံန့်ပြန်မှာပါ ၊

ကိုယ့်ရဲ့အပြုအမူတွေကို မေ့ခြင်းသုံးမျိုးနဲ့ ချိန်ကြည့်လို့ ရပါတယ် ၊ မေ့ခြင်းသုံးမျိုးက . . .
၁။အမေ့ကြီး မေ့နေတာရယ် ၊
၂။ အသင့်အတင့် မေ့နေတာရယ် ၊
၃။ မမေ့သင့်တာကို မေ့နေတာရယ်ပါ ။

၁။အမေ့ကြီး မေ့နေတယ်ဆိုတာ. . .
ငွေရဖို့ အဓိက ၊ ပစ္စည်းဥစ္စာ ရဖို့အဓိက ၊ ရာထူး အာဏာရဖို့ အဓိက ၊ အောင်မြင်ကျော်ကြားဖို့ အဓိက. . . . အဲသလို နှလုံးသွင်းပြီး မသမာတဲ့ နည်းနဲ့ ၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းနဲ့ ၊ ဒုစရိုက်နည်းနဲ့ စီးပွားရှာနေကြတာပါ ။

အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ သေရင် ဗြိတ္တာဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် အပါယ်ငရဲ ကျမှာပါ ။

၂။နောက်ဒုတိယက အသင့်အတင့် မေ့နေတယ် ဆိုတာ . . .
ကာမဂုဏ်အာရုံတွေမှာ စိတ်ညွှတ်ပြီး ကုသိုလ် ကောင်းမှု ပြုဖို့ ၊ တရားအားထုတ်ဖို့ မေ့နေတာပါ ၊

ကိုရီးယား ဇတ်ကားလေး ကြည့်ပြီး မေ့နေတာ ၊
ဘောလုံးပွဲကို ည ၁ ၊ ၂ နာရီထိ စောင့်ကြည့်ပြီး မေ့နေတာ ၊
မင်္ဂလာဧည့်ခံပွဲတွေမှာ ငါ့ဝတ်စားဆင်ဆင်မှုက သူတို့ထက် သာတယ် ဆိုပြီး သာယာပြီး မေ့နေတာ ၊
ငါ့ဘဝမှာ " ကိုကိုသာ အဓိက " ဆိုပြီး ကိုကို အတွက်သာ အချိန်ကုန်ပြီး တရားအားထုတ်ဖို့ မေ့နေတာ ။
ကိုယ့်ရဲ့ မြေးလေးနဲ့ပဲ အချိန်ကုန်ုပြီး မေ့နေတာ ။

ဒီမေ့ခြင်းတွေက အပါယ်ငရဲကို ကျစေတတ်တဲ့ မေ့ခြင်းတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သံသရာရှည်ပြီး နိဗ္ဗာန်နဲ့ ဝေးစေတာပါ ။

၃။နောက် တတိယကမမေ့သင့်တာ မေ့နေတယ် ဆိုတာ ကတော့ . .
တရားရိပ်သာ ဝင်တဲ့အခါ အမှတ်တွေ ကျဲကျဲ နေတာကို ပြောတာပါ ။ တရားထိုင်တဲ့အခါ စိတ်တွေက တောင်ရောက် မြောက်ရောက် အိမ်ရောက် ရုံးရောက် နဲ့ သမာဓိတွေ ကျဲနေတာပါ ။

ဒီမေ့ခြင်းက ငရဲကို ကျစေတတ်တဲ့ မေ့ခြင်း မဟုတ်ပါဘူး ၊ ဒါပေမယ့် တရားအတွေ့တွေ နှေးနေတတ်ပါတယ် ။
---------------------------------------------

မေ့ခြင်းသုံးမျိုးထဲမှာ လူသားတစ်ယောက်အနေနဲ့ လုံးဝ မရှိသင့်တဲ့ မေ့ခြင်းကတော့ ပထမမေ့ခြင်း ပါ ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်အစစ်ဟာ နိဗ္ဗာန် ပါ ။ နိဗ္ဗာန် မရသေးရင်တောင် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း နေသွားရဖို့က အဓိကပါ ။

ပစ္စည်းတွေတော့ ပေါပါရဲ့ ၊ ဒါပေမယ့် ဘဝက မငြိမ်းချမ်းဘူးဆိုရင် ဘဝက အဓိပါယ် မရှိလှပါဘူး ။

ဘာပဲပြောပြော ဗြိတ္တာဖြစ်တဲ့ စီးပွားရှာနည်းတွေ ကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ် ။

မေ့ခြင်းသုံးမျိုးကို သဒ္ဓမ္မံရံသီဆရာတော်ကြီးရဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်ရအောင်ပါ ။

ဒုစရိုက်သာ ပြုလုပ်ခါ နေတာမေ့နေမည် ၊
ကာမဂုဏ်မှာ စိတ်ညွှတ်ခါ နေတာမေ့နေမည် ၊
ဘာဝနာမှာ စိတ်လွတ်ခါ နေတာမေ့နေမည် ၊

ကျမ်းကိုး-
၁။ပေတဝတ္တု အဋ္ဌာကထာ
ဘောဂသံဟဏပေတဝတ္တု ။
၂။ပေတဝတ္ထု မြန်မာပြန်
သာသနာ့မဏ္ဍိုင် ဆရာတော် ။
၃။ပေတဝတ္ထုတော်ကြီး
အရှင်ဓမ္မသာမီဘိဝံသ ။
၎။သောတာပန်၏ ဝဋ်သုံးပါးပယ်ပုံ ၊
သဒ္ဓမ္မံဆရာတော်ကြီး ။

ရဝေနွယ် ( အင်းမ )
( အတွေးများနှင့် မိတ်ဖွဲ့ခြင်း ၊ စာ-၁၂၃-၁၂၈ )

-----------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

ခမာထေရီ


“တရားတော်နာရန် လာရောက်ကြကုန်သော ရဟန်းမိန်းမအပေါင်းတို့.......
“ခေမာထေရီ နာမည်ဘွဲ့ခေါ် တပည့်တော်မသည် ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရားပွင့်တော်မူသောအခါ ဟံသာဝတီပြည်ကြီးဝယ် ရတနာအပေါင်းတို့ဖြင့် ပြည့်စုံပေါများ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရရှိသည့် သူဌေးသမီးဖြစ်ရ၏။

“တပည့်တော်မသည် ပဒုမုတ္တရ မြတ်စွာဘုရားအထံတော်၌ တရားတော်ကို
နာရ၍ သဒ္ဒါကြည်ညိုသော စိတ်ဖြင့် သရဏဂုံကို ဆောက်တည်၏။ အမိအဖတို့အား
တောင်းပန်ပြီးလျှင် မြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်လှူ လုပ်ကျွေး၏။ ခုနစ်ရက်မြောက်နေ့တွင် မြတ်စွာဘုရားသည် ရဟန်းမိန်းမတစ်ပါးကို မဟာပညာဧတဒဂ်အရာ၌ ထားတော်မူသည်ကို သူဌေးသမီး
မြင်ရကား ထိုအရှင်မကဲ့သို့ ဖြစ်ရပါလိုသောဟု ဆုတောင်းလေသည်။

“ပဒုမုတ္တရမြတ်စွာဘုရားသည် “ချစ်သမီး၊ သင်၏ ဆုတောင်းခြင်း ပြည့်စုံလတ္တံ။ သံဃာတော်နှင်တကွ ငါဘုရားအား ပူဇော်သက္ကာရကို ပြုသော ချစ်သမီး၏ ကုသိုလ်ကံစေတနာသည် ကြီးစွာသော မရေတွက် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏”ဟု မိန့်တော်မူပြီးလျှင် ဤသို့ ဗျာဒိတ်ပေးတော်မူပေသည်။
“ချစ်သမီး၊ ဤကမ္ဘာမှ တစ်သိန်းထက်၌ သြက္ကာက မင်းမျိုး၌ဖြစ်သော၊ ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လူ့ပြည်၌ဖြစ်လတ္တံ့။ ထို ဂေါတမမြတ်စွာ
ဘုရား၏ တရားတော်တို့၌ အမွေခံဖြစ်သော၊ ဘုရင် ရင်နှစ်သမီးဖြစ်သော၊ တရားတော်သည် ဖန်ဆင်းအပ်သော မဟာပညာ ဧတဒဂ်သို့ရောက်သော ခေမာ အမည်ရှိသော ရဟန်းမိန်းမ ဖြစ်လတ္တံ့။

“တပည့်တော်မသည် ထိုကုသိုလ်ကံဖြင့် စုတေသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ဖြစ်၏။ တာဝတိံသာမှ စုတေပြန်သော် ယာမာနတ်ပြည်၌ဖြစ်၏။ ယာမာနတ်ပြည်မှ စုတေပြန်သော် တုသိတာနတ်ပြည်၌ဖြစ်၏။ တုသိတာနတ်ပြည်မှ စုတေပြန်သော် နိမ္မာနရတိနတ်ပြည်၌ ဖြစ်ရ၏။ နိမ္မာနရတိနတ်ပြည်မှ စုတေပြန်သော် ပရနိမ္မိတ၀သ၀တီနတ်ပြည်၌ဖြစ်၏။ ထိုနတ်ပြည်တို့၌
ဖြစ်သောအခါ ပဒုမုတ္တရ မြတ်စွာဘုရားအား ခုနစ်ရက် ဆွမ်းကပ်လှူဒါန်းခြင်း ကုသိုလ်ကံတို့၏ အစွမ်းအားဖြင့် နတ်မင်းကြီးတို့၏ အဂ္ဂမဟေသီ နတ်မိဖုရားကြီး
ဖြစ်ရလေတော့သည်။

ထိုနတ်ပြည်မှ စုတေလျှင် လူ့ပြည်၌ စကြာမင်း၏ အဂ္ဂမဟေသီ မိဖုရားကြီး အကြိမ်များစွာဖြစ်ရ၏။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အစိုးရသော ဧကရာဇ်မင်း၏ အဂ္ဂမဟေသီမိဖုရားကြီးသည်လည်း အကြိမ်များစွာ ဖြစ်ရလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်မှစ၍ ၀ိပဿီ မြတ်စွာဘုရားပွင့်တော်မူသည့် တိုင်အောင် လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်၍ ခပ်သိမ်းသောဘ၀၌ ချမ်းသာစွာ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့ကို ခံစား၍နေခဲ့ရပေသည်။

“ဤ ကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်တစ်ကမ္ဘာ ထက်၌ ၀ိပဿီမြတ်စွာဘုရားပွင့်တော်မူသည်။ ထိုဝိပဿီမြတ်စွာဘုရား၏သာသနာတော်၌ တပည့်တော်မသည် ရဟန်းမိန်းမပြု၍ နှစ်ပေါင်းရှစ်သောင်းကာလပတ်လုံး
ဗြဟ္မစရိယ အကျင့်မြတ်ကိုကျင့်သုံး၍ ကျမ်းဂန်ပိဋကတ်ကို သင်ကြားကာ များသောဗဟုသုတရှိ၏။ ပဋိစ္စသမုပ္ပါဒ်၌လည်း ကောင်းစွာလိမ္မာ ကျွမ်းကျင်၏။ သစ္စာလေးပါး၌ ရဲရင့်ခြင်းရှိ၏။ သိမ်မွေ့သော အနက်အဓိပ္ပာယ်တို့ကို ထုတ်ဖော်၍ ဆန်းကြယ်သော တရားစကားတို့ကိုလည်းဟော၏။ မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒကို ကောင်းစွာလိုက်နာပြုကျင့်၏။ ကမ္မဋ္ဌာန်း၌လည်း အားထုတ်လုံ့လပြုပေသည်။

“တပည့်တော်မသည် ထို ရဟန်းမိန်းမအဖြစ်မှ စုတေပြန်သော် တုသိတာနတ်ပြည်၌
ဖြစ်ချေသည်။ များသောအခြွေအရံရှိသည့်အပြင် လူ့ပြည်၌ ဗြဟ္မစရိယ အကျင့်မြတ်ကိုကျင့်သော ကံ၏အစွမ်းကြောင့် တစ်ပါးနတ်သမီးတို့ထက်သာလွန်၍ စည်းစိမ်ချမ်းသာကြီးမားလှပေသည်။ “တပည့်တော်မသည် ရဟန်းမိန်းမပြု၍
မြတ်သောအကျင့်ကို ကျင့်သောကြောင့် ဖြစ်လေရာရာ ဘုံဘ၀၌ များသော စည်းစိမ်ဥစ္စာရှိသည်၊ ပညာရှိသည်၊ သီလရှိသည်၊ယဉ်ကျေးလိမ္မာသော အခြွေအရံ ပရိတ်သတ်ရှိသည်။

“မေထုန်ရှောင်လတ် အကျင့်မြတ်ကိုကျင့်သောကြောင့် တပည့်တော်မသည် အလုံးစုံသော စည်းစိမ်တို့ကိုအလိုရှိ၍ တောင့်တလျှင်ရလွယ်၏။ ဖြစ်လေရာဘ၀၌ တပည့်တော်မ၏ လင်ယောင်္ကျားသည် တစ်စုံတစ်ရာမထေ့မဲ့မြင်မပြု။ မချစ်ကြင်မူ၍ ဆဲရေးရိုက်ပုတ် မုန်းထားခြင်းကို မပြုလုပ်။ လင်ယောက်ျားသည် အလွန် ချစ်ကြင် မြတ်နိုး၏။ ဤကား “မေထုန်ရှောင်လတ် ပဋိပတ္တိ ဗြဟ္မာစာရီ”အကျင့်၏ အစွမ်းသတ္တိတည်း။”

“ဤ ဘဒ္ဒကမ္ဘာအတွင်း၌ ကောဏာဂုံ မြတ်စွာဘုရားပွင့်တော်မူသောအခါ တပည့်တော်မသည် ဗာရာဏသီပြည်၌ ကြွယ်ဝပြည့်စုံသော သူကြွယ်သမီးဖြစ်၍ ဓနဉ္ဇနီပုဏ္ဍေးမ၊ သုမေဓာထေရီနှင့် တပည့်တော်မသည် မိတ်ဆွေသူငယ်ချင်း
ဖြစ်ကြ၏။ သူငယ်ချင်းမိတ်ဆွေသုံးဦးတို့သည် သံဃာတော်များနေထိုင်
သီတင်းသုံးရန် အာရာမ်ကျောင်းတိုက်ကိုလှူ၍ သံဃိကကျောင်းကိုလည်း
ဆောက်လုပ်လှူဒါန်းကြပေသည်။

“ထိုဘ၀မှ စုတေကြသည်ရှိသော် မိန်းမမိတ်ဆွေသုံးဦးတို့သည် တာဝတိံသာ နတ်ပြည်၌ ဖြစ်ကြ၏။ ထိုနောက် ဘဒ္ဒကမ္ဘာအတွင်း၌ ကဿပမြတ်စွာ ဘုရားပွင့်တော်မူရာ၊ တပည့်တော်မသည် မြတ်စွာဘုရား၏ ပစ္စည်းလေးပါး ဒါယကာဖြစ်သော ကိကီမင်းကြီး၏ သမီးတော်ဖြစ်လာခဲ့ပေ၏။
“ကိကီမင်းကြီးတွင် သမီးခုနစ်ယောက်ရှိရာ ခေမာထေရီအလောင်းဖြစ်သော သမဏီလည်းတစ်ယောက်၊ ဥပ္ပလ၀ဏ် အလောင်းဖြစ်သော သမဏဂုတ္တာလည်း
တစ်ယောက်၊ ပဋာစာရီအလောင်းဖြစ်သော ဘိက္ခုနီလည်းတစ်ယောက်၊ ကုဏ္ဍလကေသီ၏ အလောင်းဖြစ်သော ဘိက္ခုဒါယိကာမလည်းတစ်ယောက်၊ ကီသာဂေါတမီ အလောင်းဖြစ်သော ဓမ္မာလည်းတစ်ယောက်၊ ဓမ္မဒိန္နာ၏ အလောင်းဖြစ်သော သုဓမ္မာလည်းတစ်ယောက်၊ ၀ိသာခါ၏ အလောင်းဖြစ်သော သင်္ဃဒါသီလည်း တစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက်ဖြစ်ပေသည်။

“ထိုအခါဝယ် တပည့်တော်မသည် သမီးတော်အကြီးဆုံး သမဏီဖြစ်ကာ၊ ကဿပမြတ်စွာဘုရား၏ တရားတော်ကိုနာရ၍ ဘိက္ခုနီပြုခွင့်ရရန် ခမည်းတော် မင်းကြီးထံ ခွင့်ပန်ရာ၊ ခမည်းတော် မယ်တော်တို့သည် ခွင့်မပြုခဲ့ကြချေ။ ထို့ကြောင့် လင်ယောက်ျားမယူဘဲ နန်းတော်၌ပင်“ကုမာရီဗြဟ္မစရိသီလ”ကိုစောင့်သုံးလျက်
နှစ်ပေါင်းနှစ်သောင်းပတ်လုံး ပျော်မွေ့စွာ နေခဲ့ရ၏။ “ကဿပ မြတ်စွာဘုရားသည် တစ်ရံသောအခါ မဟာနိဒါနသုတ်ကို ဟောတော်မူရာ၌ တပည့်တော်မသည် ထိုမဟာနိဒါနသုတ်ကို နာရ၍ နှုတ်ရဆောင်ကာ သင်ယူခဲ့သည်။ ထိုဘ၀မှ စုတေခဲ့ရာ ထိုမဟာနိဒါနသုတ်ဒေသနာတော်ကို အရဆောင်သော ကုသိုလ်
ကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်သို့ရောက်၏။ နောက်ဆုံးဖြစ်သော ယခုဘ၀၌မူ မဒ္ဒတိုင်း၊ သာကလပြည်ဝယ် မဒ္ဒမင်းကြီး၏ သမီးတော် ဖြစ်လာ၏။

“တပည့်တော်မကို ဖွားမြင်သောခဏ၌ ပြည်သူအပေါင်းတို့အား စွဲကပ်နေနှင့်
သော မကောင်းသောဥပါဒ်ရောဂါတို့သည် ကင်းစွာစင်ကြယ်လေရကား “ခေမာ” ဟူသောအမည်ကို မှည့်ခေါ်ကြကုန်သည်။ ဇမ္ဗူရာဇ်ရွှေကို ခုနစ်ထွေသောရတနာဖြင့် စီလျက် ပန်းချီပန်းပုတို့ရေးထု၍ ထားဘိသကဲ့သို့ လှပတင့်တယ် ရှုချင်ဖွယ်ရှိလွန်း
ရကား မြင်သမျှ ယောက်ျား မိန်းမတို့သည် နှစ်မြို့လေးမြတ်လျက်၊ မရပ်တည်နိုင် မူးမှိုင်တွေဝေကြရလေသည်။”အရွယ်သို့ရောက်သောအခါ ရာဇဂြိုလ်ပြည်ကို အစိုးရသော ဗိမ္ဗိသာရမင်းနှင့် ဆောင်နှင်းသင့်မြတ်ကြသဖြင့် အဂ္ဂမဟေသီ
ဒေ၀ီရတနာ၏ ချမ်းသာစည်းစိမ်ကို ခံစားရသတည်း။

“မြတ်စွာဘုရားသည်လည်း ဝေဠုဝန်ဥယျာဉ်ဝယ် စံပယ်တော်မူလာ၍ သုံးလေးဝါတိုင်အောင်ပင် တပည့်တော်မသည် မြတ်စွာဘုရားအား သွားရောက်
ဖူးမျှော်ခြင်းမပြုခဲ့ပေ။ အကြောင်းသော်ကား ဗုဒ္ဓမြတ်စွာသည် အဆင်းလှသော
သူတို့၏ အဆင်း၌အပြစ်ကို တင်ဖွဲ့၍ ကဲ့ရဲ့တော်မူတတ်သည်ဟု ကြားရကား တပည့်တော်မအားလည်း အဆင်းလှခြင်း၌ အပြစ်ကိုရှာ၍ ကဲ့ရဲ့ဘိရာသည်ဟု အဆင်းအရာ၌ ယစ်သောမာနဖြင့် မြတ်စွာဘုရားထံတော်သို့ ဖူးမျှော်ခြင်းငှာမျှ မသွားသတည်း။”

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ဤသို့ကြံ၏။ “ငါသည် မြတ်စွာဘုရားအား အသက်ဆံဖျားထား၍ ကိုးကွယ်လုပ်ကျွေးသော ဥပါသကာမြတ်ဖြစ်သည်။ ငါကဲ့သို့သော မင်း၏မိဖုရားသည် မြတ်စွာဘုရားအား ဖူးမြင်ခြင်ငှာမျှ မသွားဘဲနေသော် မလျော်ကန်ပေ။ အာဏာဖြင့် စေကလည်း ပြည်သူပြည်သားတို့ ငါ့မိဖုရားအား ကဲ့ရဲ့ကြလိမ့်မည်။ “ထို့ကြောင့် တစ်ခုသောပရိယာယ်ဖြင့်သာ
မြတ်စွာဘုရား၏ထံတော်သို့ ရောက်စေအံ့”ဟု စိတ်ကူး၍ ရတုကဗျာ လင်္ကာသီချင်း
ဖွဲ့တတ်ကုန်သော သူတို့အား “ဝေဠုဝန် ဥယျာဉ်၏ တင့်တယ်သာယာဟန်ကို သီကုံး၍ နှလုံးမွေ့လျော်ခြင်းရှိအောင် တပည့်တော်မကြားလောက်သောနေရာ၌ သီဆိုကြလေကုန်” ဟု စေလွှတ်တော်မူပါသည်။

- အကြင်သူသည် မွေ့လျော်ပျော်ဖွယ်ဖြစ်သော မြတ်စွာဘုရားနေတော်မူရာ
ဝေဠေုဝန်ကျောင်းတိုက်တော်ကိုမမြင်ဖူးချေ။ ထိုသူသည် တာဝတိံသာနတ်များစွာသို့
ပျော်ပါးမွေ့လျော်ရာဖြစ်သော နန္ဒ၀န်ဥယျာဉ်တော်ကို မမြင်ဖူးသောသူ ဟူ၍ ငါတို့ မှတ်ထင်ကြကုန်၏။
- အကြင်သူသည် လူအပေါင်းတို့ နှစ်သက်မြတ်နိုးရာ မြတ်စွာဘုရား
ကျောင်းတိုက်တော်ဖြစ်သော ဝေဠေုဝန်ဥယျာဉ်ကိုပင် မြင်ဖူး၏။ ထိုသူသည် တာဝတိံသာ ဣန္ဓာ သိကြား နတ်များတို့ ပျော်ပါးမွေ့လျော်ရာဖြစ်သော နန္ဒ၀န် ဥယျာဉ်တော်ကို မြင်ဖူးသောသူဟူ၍ ငါတို့မှတ်ထင်ကြပါကုန်၏။
- တာဝတိံသာနတ်များစွာတို့သည် နန္ဒ၀န်ဥယျာဉ်ကိုပင် ပယ်ရှားစွန့်ပစ်ခဲ့ကြ၍ လူတို့နေရာ မြေပြင်သို့ဆင်းသက်လာကြကာ၊ မွေ့လျော်ပျော်ဖွယ်ရာဖြစ်သော
ဝေဠုဝန်ကျောင်းတော်ကို ဖူးမြော်ကြကုန်လျက်၊ အလွန်အံသြကြကုန်၍၊ ဖူးမျှော် ကြည့်ရှုခြင်း၌ ရောင့်ရဲတင်းတိမ်မှု မရှိကြကုန်။
- ရာဇဂြိုလ် ပြည်ကြီးအရှင် ဘုရင်မင်းမြတ်၏ဘုန်းကံကြောင့်ဖြစ်သော
မြတ်စွာဘုရား၏ သမ္ဘာပါရမီ ဂုဏ်တော် တန်ခိုးတော်တို့ဖြင့် တန်ဆာဆင်သော
ဝေဠုဝန်ကျောင်းတိုက်ကြီးကို မြင်ရကုန်သော လူအပေါင်းတို့သည် ရှု၍မငြီးနိုင် ကြလေကုန်။

“တပည့်တော်သည် ဝေဠုဝန်ကျောင်းတိုက်ကြီး၏ ပြည့်စုံတင့်တယ်မွေ့လျော်ဖွယ်
ရှိသော အကြောင်းအရာတို့ဖြင့် ဖွဲ့ဆိုသော သီချင်း ကဗျာသံများကို ကြားရ၍ တပည့်တော်မ၏ နား၌ အလွန်သာယာလှပါပေသည်။ နှစ်သက်စွာဖြစ်ရပါသည်။
“ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုလိုပါသည်။ ပျော်ရွှင်ကစားလိုသော စိတ်ဖြစ်ပေါ်လာပါသည်။ ထိုအကြောင်းကို ဗိမ္ဗိသာရမင်းကြီးအားလျှောက်ကြား
တောင်းပန်သော် မင်းကြီးသည် ဥယျာဉ်တော်သို့ အခြံအရံများစွာ ခြံရံစေလျက် ခွင့်ပြုတော်မူရင်း ဤသို့ မိန့်တော်မူလိုက်ပေသည်။

“စည်းစိမ်ချမ်းသာကြီးလှစွာသော ခေမာမိဖုရား၊ များစွာသော အခြံအရံတို့ဖြင့် သွား၍ ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုချေလော့။ ဝေဠုဝန်ဥယျာဉ်တော်သည် မျက်စိအရသာရှိလှ၏။ အခါခပ်သိမ်းသော အသရေတို့ဖြင့် တင့်တယ် ထွန်းလင်း တောက်ပလျက်နေ၏။ မြတ်စွာဘုရား၏ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်လျက် ရောင်စုံခြယ်လှယ် ပန်းစွယ်ပန်းရုံတို့ဖြင့် လွန်စွာ တင့်တယ်ပေ၏။”

“မြတ်စွာဘုရားအကြောင်းကို ထည့်သွင်းပြောဆိုလိုက်သော်လည်း တပည့်တော်မသည် “အဆင်းကို အပြစ်တင်၍ ဟောတော်မူ
တတ်သော” မြတ်စွာဘုရား ဆွမ်းခံကြွသွားတော်မူ၍ ရာဇဂြိုလ်မြို့တွင်း၌ ရှိနေတော်မူသောအချိန်တွင် ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုရန် ထွက်လာခဲ့ပါသည်။ “ဝေဠုဝန်ဥယျာဉ်တော်သို့ ရောက်သောအခါ ဆန်းကြယ်စွာပွင့်နေသော ပန်းအမျိုးမျိုးတို့ကို မြင်ရသည်။ ပန်းပွင့်တို့အလယ်၌ ပျံကာ ၀ဲကာ ပန်းဝတ်ရည် စုပ်သုံးကြသော ပိတုန်းတို့၏တောင်ဟုန်သံဖြင့်လည်းကောင်း၊ အသံသာစွာ မြည်တတ်ကုန်သော ဥသြငှက်တို့၏ သီချင်းသံဖြင့်လည်းကောင်း၊ တပည့်တော်မ၏နား၌ အရသာရှိလှ၏။

“ဥဒေါင်းငှက်အပေါင်းတို့ ကမြူးလျက်နေသည်ကို မြင်ရသည်မှာလည်း မျက်စိအရသာရှိလှပါသည်။ တိတ်ဆိတ်လှစွာ လူသံမကြား၊ လူအများနှင့်
ရောပြွမ်းရှုပ်ရှက်မရှိ၊ ပကတိသန့်ရှင်းစင်ကြယ် မွေ့လျော်ဖွယ်သော စင်္ကြံလမ်းတို့ကို
လည်းကောင်း၊ ကုဋီ၊ မဏ္ဍပ်၊ ဇရပ်၊ တန်ဆောင်း၊ ကျောင်းငယ် ကျောင်းလတ် အရပ်ရပ်သော ကြည့်ရှုဖွယ်တို့ကိုလည်းကောင်း၊ လှည့်လည်ကာကြည့်ရှု၍
နှစ်သက်ကြည်နူးနေမိပေသည်။ ဥယျာဉ်တော်အနှံ့ လှည့်လည်၍ကြည့်သောအခါ ငြိမ်သက်စွာထိုင်နေသော ရဟန်းတစ်ပါးကိုမြင်ရ၍ ဤသို့စိတ်အကြံ ဖြစ်ပါသည်။”

“ဤ ရဟန်းပျိုလေးသည် အဆင်းတော်လှပါဘိသနဲ့။ အရွယ်တော်ကလေး ကလည်း အသက်နှစ်ဆယ် အစိတ်သာ ပါတကား။ ဤကဲ့သို့ အရွယ် အဆင်းဖြင့် ပြည့်စုံသော ယောက်ျားကလေးသည် ငါးပါးအာရုံကာမဂုဏ်၏ အရသာကို စွန့်ပယ်လျက်၊ ဦးခေါင်းကိုပြောင်စွာရိတ်၍ ဖန်ရည်ဆိုးသောသင်္ကန်းကို ၀တ်ရုံကာ တောမြိုင်အတွင်း၌ မပျင်းမရိ သတိမဖောက် တစ်ယောက်ထီးတည်း ကမ္မဋ္ဌာန်းကိုရှု၊ ရဟန်းပြု၍ နေနိုင်ပေ၏တကား။ လူဘ၀၌ လူတို့မည်သည်မှာ လူတို့ချမ်းသာ ကာမဂုဏ်အရသာကို ငယ်စွာအရွယ်ကသာ ကောင်းစွာ ခံစား ပျော်ပါးမွေ့လျော်၍ နောင်အခါအိုမင်းသောအရွယ်ရှိမှ တရားကို ကျင်ဖို့
ကောင်းပါပေ၏တကား။

“ထို့နောက် တပည့်တော်မသည် မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဂန္ဓကုဋီတိုက် တိတ်ဆိတ်နေသဖြင့် မြတ်စွာဘုရားမရှိဟုထင်ကာ မနီးမဝေးမှ အသာချောင်းလျက် ငဲ့စောင်း၍ ကြည့်သောအခါ တက်သစ်စနေမင်းကဲ့သို့ ထွန်းလင်းသပ္ပါယ်၍ ရောင်ခြည်သွယ်ဖြင့် တင့်တယ်တော်မူလှသော
မြတ်စွာဘုရားကို မြင်ရပါသည်။ မြတ်စွာဘုရားအပါးတွင် ချောမောလှပ၍ငယ်ရွယ်
သော မိန်းမပျို တစ်ယောက်သည် မြတ်စွာဘုရားအား ယပ်လေခပ်၍ပူဇော်
နေသည်။ “ယပ်ခပ်၍နေသော မိန်းကလေးသည် ရွှေအဆင်းကဲ့သို့ ၀င်းဝင်းဝါ၀ါ
ချောလှစွာ၏။ ပဒုမ္မာကြာပန်းကဲ့သို့ တင့်တယ်လှစွာသော မျက်နှာ၊ မျက်လုံး၊ မျက်ခုံး၊ မျက်စရှိ၏။ နီဖလံ ရွှေအဆင်းကဲ့သို့ ခြင်းခြင်းနီသော နှုတ်ခမ်းကလေး၊ သင်းခွေပန်းငုံ စံပယ်ငုံအသွေးကဲ့သို့ ဖြူဖွေးသန့်စင် ရှုချင်ဖွယ်ရှိသော သွားကလေး၊ ယဉ်ကျေးသပ်ရပ် လျှောက်ပတ်တင့်တယ်ရှုချင်ဖွယ်ရှိသော နားရွက်ကလေး၊
ရွှေမုရိုးစည်မမ ကဲ့သို့ ညီညာလုံးပြေအနေအထား နုထွားဖြောင့်စင်းသော လည်တိုင်ကလေးဖြင့် တင့်တယ်၍ မဆုံးအောင် လှပါပေသည်။

“ထိုမိန်းကလေးသည် သီးနု သီးကင်းသဖွယ် တင့်တယ်လှပစွာသော ရင်သားကလေး၊ ရွှေပွတ်လုံးအလယ်ကဲ့သို့ သေးသွယ်နွဲ့နောင်း ညွတ်ပြောင်းသော ခါးကလေး၊ ရွှေငှက်ပျောပင်ကဲ့သို့ ချောမောလှစွာသော ပေါင်ကလေး၊ ညိုရောင်စိမ်းဖန့် နူးညံ့လှစွာသော ထဘီကလေးကို ၀တ်ဆင်ကာ ၀င်းဝင်းဝါ၀ါ၊ နူးညံ့စွာသော တဘက်ပ၀ါလေးကို ပခုံးထက်၌ စံပယ်တင်သိုင်းခြုံလျက် ကြည့်ရှု၍မ၀နိုင်အောင်
ချောလှ နုပျိုစွာသော မိန်းကလေးသည် တပည့်တော်မ၏ မျက်စိ၌ ကြည့်၍ အရသာရှိလှပေသည်။” “ဤ ဘ၀တွင် ဤမျှ ချောမောလှသောမိန်းကလေးကို တစ်ကြိမ်တစ်ခါမှ မမြင်ဘူးချေ။ လူတွင်မက နတ်ထက်ပင် ချောမောလှပသည်ဟု ဆိုချင်ပါတော့သည်။”

“ တပည့်တော်မသည် ထိုလှပချောမောသော မိန်းကလေးကို ကြည့်နေစဉ်တွင် မိန်ကလေးသည် အဆင်းတစ်မျိုး အသွင်ဆိုးလျက် အရိုးအကြော ငေါငေါပေါ်ထွက် အဆင်းပျက်၍ မျက်စိ၊ နား၊ နှာ၊ ရုပ်ဝါချွတ်ယွင်း အိုမင်းခြင်းသို့ရောက်သဖြင့်
ဟောက်တောက်ခွက်တက် နက်သောမျက်တွင်း၊ ကျိုးနင်းသောသွားနှင့်၊ ပါးရေတွန့်လိပ်၊ ဖြူသောဆံပင်၊ ရှုချင်ဖွယ်မရှိ ပကတိမဟုတ်၊ တုန်လှုပ်
ဖောက်ပြန်၍သွား၏။” “ထိုမိန်းကလေး၏ တစ်ကိုယ်လုံးကို ရှုကြည့်လေသော် စောစောကမြင်ရသော အဆင်းရုပ်ဝါတို့သည် ဘာတစ်ခုမျှ မရှိတော့ပြီ။ ကျိုးသောသွား၊ တွန့်လိပ်သောပါး၊ မဲ့ခွက်သောနှုတ်ခမ်း၊ ဖြူဖွေးသော ဆံပင်၊ အသားမရှိသော အရေမျှဖြင့်၊ တွဲလျားကျနေသောရင်သား၊ အရိုးအကြောငေါငေါပေါ်ထွက်သောခါး၊ ပျက်ပြားချွတ်ယွင်း အိုမင်းသော မိန်းမကြီးဖြစ်၍ အလုံးစုံသော အင်္ဂါကြီးငယ်တို့တွင် ရှုချင်ဖွယ် တစ်စုံတစ်ခုမျှ မမြင်။ ညွတ်ကိုင်းသောကိုယ်ဖြင့် တုန်လှုပ်၍ တုတ် တောင်းဝှေးကို ကိုင်စွဲလျက် တွဲခေါ်သော အဖေါ်ရှိမှ တုန်တုန်လှုပ်လှုပ် ထ၍သွားနိုင်သည်။”

“ထိုသို့ တုန်တုန်လှုပ်လှုပ် တောင်ဝှေးကို စွဲကိုင်လျက် သွားရာမှ လဲကျသဖြင့် မထနိုင်ဘဲ တလူးလူးတလွန့်လွန့်နေသော သူအိုမကြီးကို တပည့်တော်မမြင်ရ၍ ကြက်သီးမွှေးညှင်းထကာ ထိတ်လန့်၍ လာပါသည်။” ထိုအခါ တပည့်တော်မ၏ ထိတ်လန့်ခြင်းကို သိတော်မူသော သယမ္ဘူထွတ်ထား မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူပါသည်။
“အဆင်း ရုပ်ဝါချောလှစွာသော သမီးတော် ခေမာ ...“နာကျင်ဆင်းရဲတတ်စွာ ရွံရှာစက်ဆုပ်ဖွယ် မတင့်တယ်သော အရိုးအကြောတို့ဖြင့် ဖွဲ့ဆက် စိုက်ထောင်၍
ဟောင်စပ်ညှီပုပ် စက်ဆုပ်ရွံရှာဖွယ်သော အပုပ်ရည်တို့သည် တစိစိ တစိုစို ယိုထွက်အန်စီးတတ်သော ကိုယ်ကောင်ကြီးကို ဖြီးလိမ်းဝတ်ဆင်တပြင်ပြင် တသသ အလှစုံမက် နှစ်သက်မြတ်နိုးခြင်းသည် ဆင်းရဲရုံမျှသော အလုပ်ပိုဖြစ်သည်။ ဤကိုယ်ကောင်ပုပ်၌ဟုတ်တိုင်းမှန်ရာကို
ကောင်းစွာမြင်အောင်ရှုလေ။”

“ချစ်သမီး ခေမာ “တလွန့်လွန့်တလူးလူးနေသော သူအိုမကြီး၏ ကိုယ်ကဲ့သို့ ချစ်သမီး၏ ကိုယ်ထည်သည်လည်း ရင့်ရော်ယိုယွင်း အိုမင်းတတ်သော သဘောတရားပင်ဖြစ်သည်။ တလွန့်လွန့်တလူးလူးနေသော သူအိုမကြီး၏ ကိုယ်သည်လည်း ချစ်သမီး၏ ကိုယ်ကဲ့သို့ ယခင်အခါက အလွန်လှ၏။ ယခုအခါ၌ကား ကြည့်ဝံ့စရာမရှိ။ ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ် ရွံရှာဖွယ် ဖြစ်နေ၏။”

“ဤ ကိုယ်၏ အတွင်းကိုလည်းကောင်း၊ အပကိုလည်းကောင်း အကုန်အစင် ဟုတ်တိုင်းမြင်အောင် ဆင်ခြင်ကြည့်ရှု၍ ဤကိုယ်၌ ဖြီးလိမ်းဝတ်ဆင် တပြင်ပြင် တသသ တကြွကြွ အလှစုံမက် နှစ်သက်မြတ်နိုး၍ မနေပါလင့်။ အရိုး၊ အကြော၊ အသား၊ အရေ တစ်စုတခြားနေအောင် ခွဲဝေကြည့်ရှု အာရုံပြု၍ အသုဘ သညာကို ဖြစ်စေလေလော့။ မြတ်နိုးခင်တွယ်ခြင်းကို စွန့်ပစ်လေလော့။ ခင်တွယ် မြတ်နိုးခြင်း လွတ်ကင်းလျှင် အေးငြိမ်းချမ်းသာ ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ရောက်လတ္တံ့။

“ပင့်ကူမျှင်ကိုပြုလုပ်သော ပင့်ကူကောင်သည် မိမိပြုလုပ်သော ပင့်ကူမျှင်ကို အစဉ်လိုက်၍ လျှောက်သွားသကဲ့သို့ အကြင်သူတို့သည် မိမိကိုယ်ကို ဖြီးလိမ်းဝတ်ဆင် တပြင်ပြင် တသသ တကြွကြွနေသော အဆင်းရုပ်ဝါ တဏှာအမြင်ကို အစဉ်လိုက်၍ နေကြကုန်၏။ ဖြီးလိမ်းဝတ်ဆင် ပြင်၍ သ၍ နေသော တဏှာအစဉ်ကို ပယ်ဖြတ်၍ တွယ်တွယ်တာတာ တဏှာမဖက် ငဲ့ကွက်ခြင်း မရှိကုန်သော ပညာရှိတို့သည် ကာမချမ်းသာကို ပယ်စွန့်၍ ရဟန်းပြုကြကုန်၏။”

“ချစ်သမီး ခေမာ၊ ငါဘုရား ဟောကြားသော တရားစကားကို ဆင်ခြင်လေလော့”

“တပည့်တော်မသည် မြတ်စွာဘုရားဟောကြားသော တရားစကားကို နားစိုက်၍ စဉ်းစားဆင်ခြင်လျက် ကြည်လင်ခိုင်ခန့် တည်တံ့သော စိတ်ဖြစ်၍လာပါသည်။ ထိုအခါ မြတ်စွာဘုရားသည် တပည့်တော်မ၏ စိတ်ငြိမ်သက်ကြည်လင်နေခြင်းကို သိတော်မူသဖြင့် မဟာနိဒါနသုတ်ကို ဟောတော်မူ၏။“ထို မဟာနိဒါနသုတ်ကို တပည့်တော်မသည် ကဿပမြတ်စွာဘုရားလက်ထက်တော်၌ နှစ်ပေါင်းနှစ်သောင်း
ကာလပတ်လုံး အိမ်ထောင်မပြုဘဲ “ကုမာရီ ဗြဟ္မစရိယသီလ”ကို စောင့်သုံးစဉ် အခါက နှုတ်ရဆောင်ခဲ့ဖူးပါသည်။ ယခု ထို မဟာနိဒါနသုတ်တော်ကို အမှတ်ရ
လာကာ ရှေးဘ၀ကို မြင်လာပါသည်။ တပည့်တော်မသည် ထိုနေရာ၌ပင် တည်ငြိမ်သောစိတ်ရှိသည်ဖြစ်၍ နိဗ္ဗာန်ကို မြင်သောကြောင့်
သောတာပန်ဖြစ်ခဲ့ရပါသည်။

ထိုအခါ တပည့်တော်မသည် မြတ်စွာဘုရားခြေတော်ရင်းသို့ ၀ပ်စင်းလျက် ဦးတိုက်ရှိခိုးကာ ဤသို့ဝန်ချတောင်းပန်ရပေသည်။
“ခပ်သိမ်းဥဿုံ အလုံးစုံကို အကုန်အစင်မြင်တော်မူသော မြတ်စွာဘုရား.....
“တပည့်တော်မ ခေမာသည် ရိုသေမြတ်နိုးရှိခိုးပါ၏ ဘုရား၊ မဟာကရုဏာ
ကြီးကျယ်စွာဖြင့် သတ္တ၀ါများကို သနားတော်မူတတ်သောမြတ်စွာဘုရား၊ အရှင်ဘုရားအား တပည့်တော်မသည် ရိုသေမြတ်နိုးရှိခိုးပါ၏။ သံသရာခရီးပင်လယ်ကြီးမှ ကူးမြောက်သောမူပြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားအား တပည့်တော်မ ခေမာသည် ရိုသေစွာရှိခိုးပါ၏ဘုရား။ နိဗ္ဗာန်ချမ်းသာမသေရာကို ကောင်းစွာ ပေးသနားတော်မူသော အရှင်ဘုရား၊ တပည့်တော်မသည် ရိုသေမြတ်နိုး ရှိခိုးပါ၏ အရှင်ဘုရား။

“ကာမရာဂမိုက်မှောင်ကျ၍ ယွင်းခွဖောက်ပြား အထင်မှားလျက် အရှင်ဘုရားကို မမြင်လိုဘဲ ကိုယ်ကိုပြုပင်တန်ဆာဆင်လျက် တပြင်ပြင်တသသ မိုက်မှောင်
ကျ၍နေသော အမိုက်မခေမာကို အရှင်ဘုရားသည် လိမ္မာသိမြင် တရားထင်အောင် ပုံသွင် ဆန်းကြယ် နည်းဥပါယ်ဖြင့် ချစ်ဖွယ် ရွံဖွယ် နှစ်သွယ် နှစ်ဝ ရုပ်ပုံပြ၍ ဆုံးမတော်မူတတ်ပါပေ၏။”

“ဤသို့ များပုံ ကျေးဇူးဂုဏ်ဖြင့် ပြည့်စုံသောမူသော မြတ်စွာဘုရားကို မမြင်ရ၊ မဖူးရ၊ မတွေ့ကြုံရသော အနန္တသတ္တ၀ါတို့သည် သံသရာဝဲသြဃထဲ၌ ဆင်းရဲကြီးစွာ ဘေးများစွာကို တွေ့ကြုံခံစား၍ နေကြရကုန်၏။ အမိုက်မ မိခေမာသည် မြတ်စွာဘုရားအနီးသားနှင့် မသွားရောက်လို မမြင်လိုဘဲ
ရှောင်လွှဲပုန်းလျှိုး နေမိသော အပြစ်ကို တောင်းပန်စကားလျှောက်ကြားပါ၏
မြတ်စွာဘုရား။

“တပည့်တော်မသည် မိမိမိုက်မှားသော အပြစ်ကို တောင်းပန်စကား
လျှောက်ကြားသောအခါဝယ် ချိုသာသော အသံတော်ရှိသော
မြတ်စွာဘုရားသည် အေးကြည် ချမ်းမြသော အမတ ရေစင်ဖြင့် သွန်းလောင်း ဆွတ်ဖျန်းတော်မူလျက် “ချစ်သမီး ခေမာ ..... ငါဘုရား ဆုံးမသောတရား၌
ကောင်းစွာတည်၍ နေလေတော့” ဟူ၍ မိန့်တော်မူပါသည်။
“ထိုအခါ တပည့်တော်မသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤသို့ လျှောက်ထားပြန်ပေသည်။
“ကိလေသာရန် ဘေးတန်တန်ကို အောင်လံစိုက်ထူတော်မူပေသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် စီမံဖန်ဆင်း၍ပြတော်မူပေသော ရုပ်ပုံပြ နည်းဥပါယ်သည် အံ့သြဖွယ်ကောင်းပါပေ၏။ တောကိုကြည့်ရှုလိုသော တပည့်တော်မသည်
ထွေးရှုပ်တဏှာ တောလွတ်ရာမှ မြတ်စွာဘုရားကို မြင်ရပေ၏ ဘုရား။ ဤသို့လျှောက်ကြားပြီးနောက် နန်းတော်သို့ပြန်လာကာ “အရှင်မင်းကြီး ........ ကျွန်ုပ်သည် အဆင်းရုပ်တရား၌ လွန်စွာငြီးငွေ့လှပါ၍ မြတ်စွာဘုရား
သာသနာတော်၌ ရဟန်းပြုပါတော့အံ့”ဟူ၍ ဗိမ္ဗိသာရမင်းကြီးထံ ခွင့်ပန်ကြားလျင် မင်းကြီးသည် လက်အုပ်ချီတင်လျက် “သင်၏ ရဟန်းအဖြစ်သည်
ပြည့်စုံပြီးမြောက်ပါစေလော့” ဟု ဆိုကာ ခွင့်ပြုလိုက်ပေသည်။

“တပည့်တော်မသည် ရဟန်းပြု၍ လခွဲပမာဏ ဆယ့်ငါးရက်တိုင်
ရောက်သောနေ့၌ ဆီမီးတောက်ခြင်းကိုလည်းကောင်း၊ ဆီမီးငြိမ်းခြင်းကို
လည်းကောင်း၊ မြင်၍ သံဝေဂစိတ်ဖြင့် အလုံးစုံသော သင်္ခါရတရားတို့ကို ငြီးငွေ့စေလျက် ပဋိစ္စသမုပ္ပါဒ် အကြောင်းစပ်၍ တတ်သိလိမ္မာ လေးဖြာယောဂ ကင်းပလွန်မြောက် အရဟတ္တဖိုလ်သို့ ရောက်ကာ “ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တ၀ိဇာနာန၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု” ဟူသော အဘိညာဉ်ငါးပါး၊ အာသ၀က္ခယဥာဏ် တည်းဟူသော လောကုတ္တရာ အရဟတ္တဖိုလ်စိတ်ကိုထည့်၍ အဘိညာဉ်ခြောက်ပါး၊ အတ္တ၊ ဓမ္မ၊ နိရုတ္တိ၊ ပဋိပဒါဉာဏဒဿန၊ ဉာဏဒဿန၀ိသုဒ္ဓိ ဟူသော ၀ိသုဒ္ဓိခုနစ်ပါး၊ ကထာဝတ္ထုဆယ်ပါး၊ အဘိဓမ္မာနည်းတို့၌ ကောင်းစွာလေ့လာ
ကျွမ်းကျင်၍ မြတ်စွာဘုရား သာသနာတော်၌ ရဟန္တာမိန်းမ ဖြစ်လာကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေသည်။

“တပည့်တော်မသည် ရဟန္တာအဖြစ်သို့ရောက်ပြီးနောက် မကြာမီတွင် တစ်ခုသောသစ်ပင်ရင်း၌ တည်ကြည်ငြိမ်သက်စွာနေစဉ် ၀ဿဝတ္ထီ မာရ်နတ်မိုက်သည် တပည့်တော်မထံတော်သို့ ရောက်လာကာ ဤသို့ဆိုပေ၏။
“ခေမာ မည်သော ရဟန်းမကလေး .....သင်သည် ငယ်လှသေး၏။ အဆင်းလည်းလှ၏။ ရဟန်းမိန်းမပြု၍ မနေလင့်ဦး။ ငါသည်လည်း လုလင်ပြိုရွယ် ငယ်သေးသည်ဖြစ်၍ သင်နှင့်အတူတကွ ပွဲလမ်းသဘင်ပျော်ရွှင်လို၏။ ငါခေါ်ရာသို့ ယခု လိုက်ခဲ့ပါလော့။ တူရိယာ ငါးပါးဖြင့် ပျော်ပျော်ပါးပါး ကစားမြူးထူးကြကုန်အံ့။”

“စင်စစ်သော်ကား မာရ်နတ်သည် ကာမဂုဏ်ဖြင့် ပျော်ပါးလို၍ ဆိုလာသည်
မဟုတ်၊ တပည့်တော်မ ရဟန္တာဖြစ်ခြင်းကို မသိသေး၍သာ အကျင့်သီလ
ပျက်ပြားစေရန် ဆိုလာခြင်းဖြစ်ပေသည်။ “သဘောယုတ်မာ ဖျက်ဆီးလာသည့် မိစ္ဆာသူနုတ် မာရ်နတ်ယုတ်၊”
“ ကိုးဆယ့်ခြောက်ဖျာ ဘေးရောဂါဖြင့် နာကျင်တတ်ထသော၊ ဖရိုဖရဲ ဖောက်လွဲ ကြေ

posted from Bloggeroid