Tuesday, January 31, 2017

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်



ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမည့်အလုပ် ဖြစ်တယ်၊၊

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ လူသားရဲ့ အင်မတန် ထူးခြားတဲ့ အရည်အသွေးတမျိုး ဖြစ်တယ်၊၊ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး၊၊ တကယ် အမှန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်၊၊

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိကအကြောင်း ဖြစ်တယ်၊၊ ဒီတခုကိုမှ မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး၊၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်၊၊

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကို ကိုယ် ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ အခု လုပ်နေတာ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲ ဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်၊၊

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့အရည်အချင်း ဖြစ်တယ်၊၊

ကိုယ့်စိတ်ကိုကိုယ် ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကိုကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ၊၊
➖ ➖➖➖➖➖➖➖
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်



လူသားတိုင်း လူသားတိုင်း ကိုယ့်ဘ၀ကိုယ် ငြိမ်းအေးသောဘ၀ဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ့  ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘ၀ကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။

ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွေရဲ့ ဘ၀ ငြိမ်းအေးကြသလားဆိုတော့ မငြိမ်းအေးကြပါဘူး။ လူသားအများစုရဲ့  ဘ၀ဟာ အနည်း
နဲ့အများဆိုသလို အမြဲတမ်းပူလောင်နေကြပါတယ်။ တချို့ လူသားတွေရဲ့  ဘ၀ဆိုရင် ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ချင်တဲ့ ဆန္ဒရှိမှရှိပါ့မလားလို့ ထင်မှတ်ရလောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်ဟုန်တောက်နေပါတယ်။

ကိုယ့်ဘ၀ရဲ့  ပူလောင်မှု၊ ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘ၀ပူလောင်ပြီး၊ စိတ်ငြိမ်းအေးရင် ဘ၀ငြိမ်းအေးပါတယ်။ ဘ၀ဆိုတာ စိတ်ရဲ့ ပုံ ရိပ်ပါ။ ဘ၀ဆိုတာ စိတ်ရဲ့  ပုံတူရေး ပန်းချီးကား တစ်ချပ်ပါ။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ အဓိက ပဓာနအကျဆုံး အရည်အသွေးကတော့ “တဏှာကင်းစင်ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။

ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းအေးတယ်လို့ မြတ်စွာဘုရားက ရိုးရိုးလေးမဟောဘဲနဲ့ “၀ီတတဏှော ပုရာဘေဒါ= မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်”လို့ “မသေခင်=ပုရာဘေဒ” ဆိုတဲ့ စကားလုံးလေး အပိုထည့်ပြီးတော့ မိန့်ကြားတော်မူရခြင်းရဲ့  အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင် ရဲ့  တရားတော်ဟာ သေပြီးနောက် အကျိုးရနိုင်တဲ့ တရားမျိုးမဟုတ်ဘူး၊ မသေခင်ကာလမှာကို ချက်ချင်လက်ငင်း အကျိုးရနိုင်တဲ့ တရား၊ ဒီဘ၀ဒီခန္ဓာမှာကိုပဲ အကျိုးရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။

မသေခင်မှာ ကောင်းကျိုးရ၊ ချမ်းသာမယ့်တရား၊ အားကိုးထိုက်တဲ့တရားတော်တွေကို ညွှန်ကြားပြသတဲ့ မြတ်စွာဘုရားရှင်ဟာလည်း အင်မတန်မှ ကျေးဇူးတင်ထိုက်တဲ့ အတွက် “လောကသားတို့ရဲ့  အနှိုင်းမဲ့ ကျေးဇူးရှင်” လို့ ဂုဏ်တင်ချီးမွမ်းကြရပါတယ်။

တဏှာကင်းရင် ငြိမ်းအေးတယ်ဆိုတဲ့ စကားဟာ အင်မတန်ပြီးပြည့်စုံတဲ့စကားဖြစ်တယ်။ တဏှာဆိုတာ တပ်မက်တယ်၊ သာယာတယ်၊စွဲလမ်းတယ်၊ လိုချင်တယ်၊ တောင့်တတယ်၊ ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုနေကြတယ်။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်ဟာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်တွေမဟုတ်ဘူး။ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်ကတော့ “တဿတိ ပရိတဿတီတိ တဏှာ”လို့ဆိုတဲ့ အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ တဏှာဆိုတဲ့ ပါဋ္ဌိစကားလုံးက “ဆာခြင်း”လို့ အဓိပ္ပာယ်ရတယ်။

မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာမယ်၊ နားက အသံအာရုံအမျိုးမျိုးကိုဆာမယ်၊ နှာခေါင်းက အနံ့အာရုံအမျိုးမျိုးကိုဆာမယ်၊ လျှာက အရသာအာရုံအမျိုးမျိုးကိုဆာမယ်၊ ကိုယ်ကလည်း အထိအတွေ့အာရုံ အမျိုးမျိုးကိုဆာမယ်၊ မနောလို့ခေါ်တဲ့ စိတ်ကလည်း အတွေးအကြံအာရုံအမျိုးမျိုးကိုဆာမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးအစားကိုလိုက်ပြီးတော့ တဏှာခြောက်မျိုး ကွဲပြားသွားတယ်။

အဲဒီအာရုံအမျိုးမျိုးကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့်ပဲ လူသားတွေ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်း၊ ပူလောင်နေကြရခြင်းဖြစ်တယ်။

ဆာလောင်မွတ်သိပ်တဲ့ တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့အတွက် “ပရိယေသနဒုက္ခ=ရှာဖွေခြင်းဆင်းရဲ”နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ရှာထားတဲ့အာရုံလေး ကိုယ်ဆာတဲ့အချိန် အဆင့်သင့်စားနိုင်ဖို့အတွက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ “အာရက္ခဒုက္ခ=စောင့်ရှောက်ရခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ကိုယ်ဆာလောင်တဲ့အချိန် သုံးဆောင်စားသောက်ဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်လိုက်ရခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာလည်းပဲပျက်စီးသွားရလေခြင်း၊ မသုံးဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ “၀ိပရိဏမဒုက္ခ=ပျက်စီးခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။

ပရိယေသနဒုက္ခ=အာရုံကို ရှာဖွေရတဲ့ဒုက္ခ

အာရက္ခဒုက္ခ=ရှာဖွေထားတဲ့ အာရုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ ဒုက္ခ

ဝိပရိဏမဒုက္ခ=ရှာထား၊စုထား၊စောင့်ရှောက်ထားပါရက်နဲ့ အကြောင်းမညီညွတ်လို့ ဆုံးရှုံးပျက်စီးသွားတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတဲ့ ဒုက္ခ။

ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သွပ်တဲ့ တဏှာရှိသူတိုင်းကို အမြဲဖိစီးနှိပ်စက်နေတဲ့ အခြေခံအကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာတိုင်း အဲဒီအာရုံမှာ ဒီဒုက္ခသုံးမျိုး ၀ိုင်းပတ် ခြံရံနေတယ်ဆိုတာကို အမြဲသတိပြုရပါမယ်။

အဲဒီလိုအားဖြင့် အာရုံအမျိုးမျိုးကို ဆာလောင်တဲ့သဘော(တဏှာ)ကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခ တွေ ဖြစ်နေကြရတယ်။ ပူလောင်မှု၊ ပင်ပန်းမှုတွေ ဖြစ်နေကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု မရကြဘူး။

မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်မှာ-
“တဏှာယ ဇာယတီ သောကော၊
တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နိတ္ထိ သောကော ကုတော ဘယံ။” လို့ ဟောကြားတော်မူပါတယ်။

ဆာလောင်တဲ့တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ၊ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ၊ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ၊ ပကတိ ငြိမ်းအေးချမ်းသာလှပါတယ်။

တဏှာကင်းတဲ့ပုဂ္ဂိုလ်မှာ သောကဒုက္ခမှန်သမျှ ဘာမှမရှိတော့ဘူးဆိုလို့ တဏှာကနေရင်းထိုင်ရင်း အလိုအလျောက် ကင်းသွားရောလားလို့ မေးစရာပါပဲ။ နေရင်းထိုင်းရင်းနဲ့တော့ တဏှာက အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်းအကျင့်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့သုံးမျိုး၊ သီလ၊သမာဓိ၊ပညာ အကျင့်သုံးပါး၊ သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်းအကျင့်ပါပဲ။

ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်လိုသူတိုင်းတဏှာကင်းကြောင်း အကျင့် သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ငြိမ်းအေးချမ်းသာကြပါစေ…

အရှင်ဆန္ဒာဓိက ရဲ့  “ ငြိမ်းအေးသော ဘ၀ပိုင်ရှင်” မှ

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

မာနကင်းမှ ငြိမ်းချမ်းရ



ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့အတွက် မာန်မာန ကင်းရှင်းခြင်း , သို့- ကိုယ့်ကိုယ်ကို အထင်ကြီး ဘဝင်မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့ အရည်အသွေးနဲ့ ပြည့်ဝရမယ် ။

မာန သိပ်မကြီးပါနဲ့။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို အထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလို ဟုတ်ချင်မှ လည်း ဟုတ်မှာ ။
ခု လောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက် သာချင် သာသွားမှာပဲ ။

ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့စိတ်နဲ့ မပြောသင့် မပြောထိုက်တာ , မလုပ်သင့် မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲ ပြန်ပြီး ဒုက္ခ ရောက်တတ်ပါတယ် ။

---------------------------

ဝိဋဋူဘဇတ်ကို ပြန်ကြည့်လိုက်ပေါ့ ။
ကျွန်မက မွေးတဲ့သား ဆိုပြီးတော့ ဝိဋဋူဘ ထိုင်သွားတဲ့နေရာ
နွားနို့ရည်တွေနဲ့ ဆေးလိုက်တော့ ဟိုက ရန်ငြိုး ပြန်ဖွဲ့ပြီး
မင်းတို့က နွားနို့ပဲ ဆေးတယ် , ငါက မင်းတို့ရဲ့ လည်ချောင်းသွေးနဲ့ ဆေးမယ် ဆိုပြီး သာကီဝင်တွေ တစ်ဆွေတစ်မျိုးလုံး အသတ်ခံရတယ် ။

ဒါဟာ မာန လွန်ကဲလို့ , ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလို့ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေပဲ ။

ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းတဲ့သူဟာ
သူများကို အလိုလိုနေရင်း အထင်သေးသွားတတ်တယ်။
မြင်သမျှလူကို လူလို့တောင် မထင်တော့ဘူး ။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့ လူအချင်းချင်း ပြောဆို ဆက်ဆံတဲ့ နေရာမှာ သူတဖက်သားကို နှိမ့်ချတဲ့စကား အထင်သေးတဲ့ စကား ပြောမိတတ်တယ် ။ ဆရာကြီးလေသံနဲ့ အထက်စီးကနေ လုံးကြီးတင် ပြောမိတတ်တယ် ။

------------------------

မာနကြီးတယ် ဆိုတဲ့စကားကို အထင်ကြီးတယ် လို့ သုံးနှုန်း ထားတာလေးက အင်မတန် စိတ်ဝင်စားဖို့ ကောင်းတယ် ။ တရားသဘောတွေ အများကြီး ပါတယ် ။

အထင်ကြီးတယ် ဆိုကတည်းကိုက အမြင်ကြီးတာမှ မဟုတ်ဘဲ ။
အမှန်တကယ် လက်တွေ့တွေ ကြီးနေတာမှ မဟုတ်ဘဲ ။ "အထင် " တွေပဲ ကြီးနေတာ ။

တကယ်တော့ လောကမှာ အထင်ကြီးတယ် ဆိုတာ
အထင်တွေပဲ ရှိတာ ။

ပစ္စည်းဥစ္စာအနေနဲ့
တလောကလုံး , တကမ္ဘာလုံး မှာ ရှိတဲ့ လူတွေကို သူတို့ဘာမှ မလုပ်ပဲ စားနိုင်အောင် ကျွေးနိုင် , ပေးနိုင် , စွန့်လှူနိုင်တဲ့ အနေအထားမျိုး ကိုယ့်မှာ ရှိပြီလား ။

သက်ရှိသတ္တဝါ မှန်သမျှကို အချိန်တိုင်း လိုသလောက် ပေးလှူနိုင်လောက်အောင် ကိုယ့်မှာ မရှိသေးပါဘူး ။ ဒါဆိုရင် ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဘာလို့ မာန ဖြစ်နေဦမှာလဲ ?

မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာ လို့ ရူးသွပ်စွာ ထင်နေတဲ့ စိတ်ကူးယဉ် အထင်မျှသာပါပဲ ။
မာနကြီးတာဟာ အထင်သက်သက် ကြီးနေတာပါပဲ ။

-------------------------------


ရုပ်ဆင်းဥပဓိ အနေနဲ့
တစ်လောကလုံးမှာ တစ်ကမ္ဘာလုံးမှာ ငါအလှဆုံး , ငါ အချောဆုံးလို့ ပြောနိုင်လောက်အောင် လှနေ , ချောနေပြီလား ?
နတ်သား , နတ်သမီးထက်ကို ချောနေပြီလား ?
မလှသေး , မချောသေးဘူးဆိုရင် ဘာလို့ မာနကြီးနေဦမှာလဲ ?

ရာထူးအာဏာအနေနဲ့လည်း
တစ်လောကလုံး , တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်အောင်
ကိုယ့်မှာ ရာထူးအာဏာ ရှိပြီလား ?

ပညာအနေနဲ့လည်း သိသင့်, သိထိုက်တဲ့ လောကီလောကုတ္တရာ အကြောင်းအရာ အားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူ ယှဉ်နိုင်လောက်အောင် ကိုယ့်မှာ သိနေ , တတ်နေပြီလား ?

အဲဒီလိုအားဖြင့် မာနကြီးလောက်စရာလို့ ကိုယ်ထင်နေတဲ့အရာတွေကို အမြင့်မားဆုံး အကြီးကျယ်ဆုံး စံချိန်တွေနဲ့ မှတ်ကျောက်တင် စစ်ဆေးကြည့်လိုက်ပါ ။

အစစ်ဆေးမခံနိုင်ဘူး ဆိုရင်
မာနကြီးမနေပါနဲ့ ။ အထင်ကြီးမနေပါနဲ့ ။

မာနကြီးတယ် ဆိုရင်
အထင်သက်သက်ကြီးတာ ဖြစ်မှာပါ ။
အထင်ဟာ အထင်ပါပဲ ။ အမြင် မဟုတ်ပါဘူး ။ အမှန် မဟုတ်ပါဘူး ။တကယ် လက်တွေ့ မဟုတ်ပါဘူး ။

ကိုယ့်ကိုယ်ကို အထင်မကြီးတော့ဘူး ဆိုရင်
သူတပါးကိုလည်း အထင်မသေးတော့တဲ့အတွက်
စိတ်နေစိတ်ထားရော , အပြောအဆို အပြုအမူပါ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး ပိုအဆင်ပြေလာတဲ့ အပြင် မပြစ်မှားသင့် , မပြစ်မှားထိုက်သူတွေကို မပြစ်မှားတော့တဲ့ အတွက် စိတ်အပူ , ဘဝအပူတွေ ကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ် ။

မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ် ညံ့မည်ဆို

" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ "
( ချစ်ခြင်းကို မခွဲပါနဲ့၊စာ-၂၉-၃၄)မှကောက်နုတ်ပူဇော်ပါ၏

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

【ဒါနဆိုတာ လုပ်မိအောင်လုပ်ပါ။】



❖ ဒါနဆိုတာ ပိုက်ဆံ ချမ်းသာမှ လုပ်လို့ရတယ်လို့လည်း
မတွက်လေနဲ့။ ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်။

❖ တစ်နေ့ကို ထမင်းတစ်လုပ်လျော့စားလို့
ပိန်တဲ့သူ မရှိပါဘူး။
တစ်ချို့ ဝိတ်တောင်ချနေတယ်။
အဲဒီ ဝိတ်ချတဲ့အထဲကလည်း လှူလို့ရတာပဲ။
အဲဒီတော့ ဒါနကောင်းမှုဆိုတာ
လုပ်တတ်ရင် ဖြစ်ပါတယ်။

❖ မြတ်စွာဘုရားက
ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့
ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်ကလေးဘာလေး
ဆေးကြောတာကအစ သွန်တဲ့အခါမှာ
" တိရိစ္ဆာန်လေးတွေ စားကြပါစေ " လို့ အာရုံပြုလိုက်ပါတဲ့။
အဲဒီဒါနရဲ့အကျိုးက ကိုယ့်ဆီရောက်တာပဲ။
အဂုင်္တ္တရနိကာယ်၊ ဝစ္ဆဂေါတ္တသုတ်မှာ ဟောထားတယ်။
မြတ်စွာဘုရားက ...
ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက်ထိအောင်
ဟောထားတာနော်။

❖ အဲဒီတော့ ဒါနဖြစ်ဖို့ဆိုတာ
ပိုက်ဆံချမ်းသာမှ ဖြစ်တာမဟုတ်ဘူး။
ပိုက်ဆံချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး။
အားလုံး လုပ်နိုင်ကြတယ်။
ကောင်းပြီ....
ဒါနဆိုတာ လုပ်မိအောင်လုပ်ပါ။
ကိုယ့်အတိုင်းအတာအရ ...
ဒါနဆိုတာ လုပ်ရမယ်။

(ပါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ။)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

အမျိုးသမီးများ ယောကျာ်းဘ၀ရချင်လျှင် မိန်းမဘဝကနေ ယောကျာ်းဘဝဖြစ်ချင်ရင်



(၁) မိန်းမဘဝကို စက်ဆုပ်ရမယ်။
(၂)ဥပုဒ်သီလစောင့်ထိန်းရမယ်။
(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်။
(၄)ယောကျာ်းဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်။
(၅)ကုသိုလ်ပြုတဲ့အခါတိုင်း ယောင်္ကျားအဖြစ်ကို ဆုတောင်းပြီး ကုသိုလ်ပြုရမယ်။
(၆)လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

ဒီနေရာမှာ ခြွင်းချက်အနေနဲ့ လင်ယောက်ျားမရှိသူများဟာ အခြား
အချက်များကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ယောကျာ်းဆုပန်နိုင်ပါတယ်။

မိန်းမများ မရနိုင်တဲ့ အခွင့်အရေး ( ၅) ချက်

(၁) မိန်းမသည် ဘုရားမဖြစ်နိုင်
(၂) စကြဝတေးမင်း မဖြစ်နိုင်
(၃) သိကြာမင်း မဖြစ်နိုင်
(၄)မာရ်နတ်မင်း မဖြစ်နိုင်
(၅)မဟာဗြဟ္မာမင်း မဖြစ်နိုင်။
အဂုင်္တ္တရ် ဧကကနိပါတ် ဒုတိယဝဂ် နဲ့ မဟာအဌကထာ ဂေါပကဝတ္ထုမှာ ဟောထားတယ်။
ဒါတွေအတိုင်းဆို မိန်းမများ ဘုရားဆုပန်လို့မရဘူးပေါ့။
ဒါပေမဲ့ယခုမျက်မှောက် မိန်းမဘဝမှာမရပေမဲ့ နောက်ဘဝမှာ ယောကျာ်းဖြစ်ရင်တော့ ဘုရားဆုပန်ဖို့ အခွင့်အရေးရနိုင်ပါတယ်။
ဒါကြောင့်အနာဂတ်ဘဝကိုမျှော်လင့်ပြီးဆုပန်မယ် ဆိုရင်တော့ ဆုပန်လို့ရပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်တောင် မိန်းမဘဝနဲ့ ဘုရားဆုပန်ခဲ့ပါသေးတယ်။ သောတတ္တကီကျမ်း နိဒါန်းမှာပါတယ်။
ဂေါတမဘုရားအလောင်းဟာ ရှေးရှေးဘဝက ကျူးလွန်ခဲ့ဖူးတဲ့ အပရာပရိယဝေဒနိယကံ (မျက်မှောက်ဘဝနှင့် အခြားမဲ့ဘဝမှ တစ်ပါးသောဘဝ၌ အကျိုးပေးသောကံ)ကြောင့် နတ်ပြည်ကနေစုတေပြီး ပေါရာဏဒီပင်္ကရာဘုရားနဲ့ အဖေတူ အမေကွဲ မင်းသမီး
ဖြစ်လာရတယ်။
ဒီနေရာမှာ ပေါရာဏဒီပင်္ကရာဘုရားဆိုတာ ဂေါတမဘုရားအလောင်း သုမေဓာရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာဘုရားရဲ့ အရင် ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဒီပင်္ကရာချင်းတူနေလို့ ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားကို ပေါရာဏဒီပင်္ကရာဘုရား၊ သုမေဓုရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာကိုတော့ပစ္ဆိမဒီပင်္ကရာ
ဘုရားလို့ဆိုတယ်။
ပေါရာဏဒီပင်္ကရာဘုရားလက်ထက်မှာ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး ပေါရာဏဒီပင်္ကရာဟောတဲ့ တရားကိုနာကြားပြီး ရဟန်းဝတ်တယ်။ မကြာမီ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကိုရရှိပြီး ဘုရားအဖြစ်ကို အားကျလို့ ဘုရားဆုပန်မယ်ဆိုပြီး သပိတ်ပိုက်ပြီး တစ်မြို့လုံးဆီအလှူခံတယ်။ အဲဒီရတဲ့ဆီတွေနဲ့ တစ်ညလုံး ဘုရားရှင်ကို ဆီမီးပူဇော်ပြီး ဘုရားဆုပန်တဲ့အခါ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေလို့ ပေါရာဏဒီပင်္ကရာ ဘုရားရှင်ဆီကနေ နိယတဗျာဒိတ် ရခဲ့တယ်။
ဒီနေရာမှာ ဘုရားလောင်းအင်္ဂါ (၈) ပါးက-
(၁) လူသားဖြစ်ခြင်း
(၂) ယောက်ျားဖြစ်ခြင်း
(၃) ထိုပစ္စုပ္ပန်အတ္တဘော၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်ခြင်း၏ အကြောင်းကောင်းမှု ရှိခြင်း
(၄)သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့ရခြင်း
(၅)သာသနာ့ဝန်ထမ်း ရသေ့ရဟန်းဖြစ်ရခြင်း
(၆) အဘိညာဉ် သမာပတ်ကျေးဇူးနှင့် ပြည့်စုံခြင်း
(၇)ဘုရားတို့အား ကိုယ့်အသက်ကို စွန့်ခြင်းဟုဆိုအပ်သော လွန်ကဲသော ကုသိုလ်ရှိခြင်း
(၈)ဘုရားအဖြစ်ကို ပြုတတ်သော အကြောင်းပါရမီတို့ကိုဖြည့်ခြင်း၌ လွန်ကဲသော အလိုဆန္ဒရှိခြင်း - တို့ ဖြစ်ပါတယ်။

ဒါကတော့ ပြည်ဆရာတော်ကြီးရဲ့ နိဿယကိုမှီပြီး မြန်မာပြန်ထားတာပါ။

ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ အဲဒီနေ့ကစပြီး ဆီအမြဲအလှူခံပြီး မီးပူဇော်တယ်။ တစ်ညနေမှာတော့ နန်းတော်ကိုဝင်ပြီး ဆီအလှူခံတဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားရဲ့ နှမတော်ဟာ ညနေဆိုတော့ ဆွမ်းအလှူခံတာမဟုတ်မှန်းသိတော့ အလုပ်အကျွေးမိန်းမတစ်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အကြောင်းစုံသိပြီး ရဟန်းတော်ကိုပင့်ပြီး ရွှေအဆင်းနဲ့တူတဲ့ မုန်ညင်းဆီလှူတယ်။
ပြီးတော့ ' အရှင်ဘုရား ဤ ကောင်းမှုကြောင့် ဘုရားစင်စစ်ဖြစ်၍ ဤမုန်းညင်းဆီအမည်နဲ့ သိဒ္ဓတ္တ ဆိုတဲ့ အမည်ကို ရပါလို၏။ ဒီအကြောင်းကို မောင်တော် ဘုရားကိုလည်း လျှောက်ထားပေးပါ ' လို့လျှောက်တယ်။ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းလည်း မင်းသမီးလျှောက်တဲ့အတိုင်းလျှောက်တဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားက
' ရဟန်း ငါ့ရဲ့ နှမတော်ဟာ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ မပြည့်စုံလို့ နိယတဗျာဒိတ် မခံနိုင်ဘူး 'လို့ မိန့်တော်မူတယ်။
နိယတဗျာဒိတ်မရနိုင်ဘူးလို့ ဆိုတော့ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ' သူလိုချင်တဲ့ ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလား ' လို့ ထပ်လျှောက်တယ်။ အဲဒီတော့ ပေါရာဏဒီပင်္ကရာဘုရားက အနာဂတံသဥာဏ်နဲ့ ကြည့်တယ်။ ဘုရားဖြစ်နိုင်တာကိုမြင်တယ်။ ဒါကြောင့် …
' ရဟန်း ဤကမ္ဘာမှ ၁၆ အသင်္ချေ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ သင်ရဟန်းဟာ ငါကဲ့သို့ ဒီပင်္ကရာအမည်နဲ့ ဘုရားဖြစ်လိမ့်မယ်။ အဲဒီအခါမှာ သင်က ငါရဲ့ နှမတော်ကို နိယတဗျာဒိတ်စကား ပေးနိုင်လိမ့်လို့ ' မျက်ကွယ်ဗျာဒိတ်စကား ပေးတော်မူတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရရင် မိန်းမများဟာ လက်ရှိမိန်းမဘဝနဲ့ ဘုရားဆုမပန်နိုင်သော်လည်း နောင်ဘဝယောကျာ်းဖြစ်ပါက အခွင့်အရေးရနိုင်ပါတယ်။

ဖော်ပြပါ အချက်များကို ထောက်ရှုပြီး မိန်းမများလည်း ဘုရားဆုကိုယောကျာ်းဘဝဖြစ်ခွင့်ရရှိပြီးဆုထူးပန်နိုင်ကြပါစေ။

ဓမ္မမိတ်ဆွေများ ဗဟုသုတရပါစေခြင်း အကျိုးငှာ ရည်ရွယ်၍ ဆရာတော်ရဝေနွယ် ( အင်းမ ) ၏ ဘဝတိုင်းဆုံတွေ့ချင်ပါသလားစာအုပ်မှကောက်နုတ်ဖော်ပြထားပါသည် ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

♻️ မသိရင် ခက်မယ် ♻️



သတိရှိနေလို့ရှိရင် စိတ်က Automatically react လုပ်နေတာတွေကို သိနေတယ်။ အလကားနေရင်း ပင်ပန်းတာကို သိလာတယ်။ ဥပမာ ဒကာမကြီးတစ်ယောက်။ သူက တရားအားထုတ်တာ ဝါသနာပါတယ်နော်။ သူ့ခင်ပွန်းလည်း ဝါသနာပါတယ်။ သူ့ခင်ပွန်းက မနက်စောစောအိပ်ရာထပြီးရင် အလုပ်သွားတာမဟုတ်ရင် စားသောက်ပြီးတရားထိုင်တော့တာ။ အကြာကြီး တရားထိုင်တယ်။ ဒကာမကြီးကတော့ အိမ်ရှင်မဆိုတော့ သူ့မှာ အလုပ်ပိတ်ရက်ဆိုတာ မရှိဘူး။ အိမ်ရှင်မတွေဘဝ တော်တော်သနားစရာ။ အားလပ်ရက် မရှိဘူး။ အဲဒီတော့ သူက အိမ်အောက်ထပ်မှာ ထမင်းဟင်းချက်နေတယ်။ ဟင်းရွက်ဟင်းသီးတွေ သင်ရလှီးရ၊ အာလူးလှီးရ၊ ကြက်သွန်လှီးရ အဲဒီတော့ သူ တစ်ခါတလေစဉ်းစားတယ်။ အင်း.. ယောက်ျားတွေကတော့ တော်တော်ဟုတ်နေတာပဲ။ သူတို့ကတော့ အေးအေးဆေးဆေး တရားထိုင်လို့။ ငါကတော့ ဒီမှာ ထမင်းဟင်းချက်ရပြုတ်ရ မပြီးနိုင် မစီးနိုင် တစ်မနက်ခင်းလုံးလုပ်ရတယ်။ စိတ်က react လုပ်နေတယ်။ စိတ်တိုနေတယ်။ သူ့ခင်ပွန်းဟာ သူ့ဟာသူ အေးအေးဆေးဆေးတရားထိုင်နေတာကို သူက အောက်ထပ်မှာထမင်းဟင်းချက်ရင်းနဲ့ စိတ်ဆိုးနေတာ။ သူတို့ကတော့ အေးဆေးတရားထိုင်လို့။ ငါကတော့ လုပ်နေရတယ်။ အားတယ်လို့ကို မရှိဘူး။ နေ့တိုင်းပဲ။ ဒါပဲ.. မိန်းမဖြစ်ရတဲ့ဘဝ တယ်ဆိုးသကိုး..။

သူ့စိတ်က react လုပ်တော့ တအားပင်ပန်းပြီး စိတ်ဆင်းရဲနေတာနော်။ သူ့ကို ခဏခဏပြောရတယ်။ အလုပ်လုပ်ရင်းနဲ့ တရားရှုမှတ်ပါ။ ထမင်းဟင်းချက်ရင်းနဲ့ တရားရှုမှတ်ပါ။ အာလူးလှီးရင်း၊ ကြက်သွန်လှီးရင်း အဲဒီလှီးနေတာလေးကို သိပြီးတော့လုပ်ပါ။ ပန်ကန်ဆေးရင်းနဲ့ သိပြီးဆေးပါ။ ဟိုတစ်နေ့က အဲဒီဒကာမကြီးက ပြောတယ်။ အဝတ်တွေက အများကြီးလျှော်ရတော့ စိတ်ညစ်လာရော။ စိတ်ဆိုးလာတယ်။ အဲဒါကို သိနေတယ်။ အော် ငါ့စိတ်က စိတ်ညစ်နေပြီ၊ စိတ်ဆိုးနေပြီ။ အဲဒီ စိတ်ညစ်တာ စိတ်ဆိုးတာကို သိပြီးတော့ ဒီလက်ရဲ့လှုပ်ရှားမှုတွေကို အာရုံပြုပြီး အဝတ်တွေကိုဖွတ်နေလျှော်နေတယ်၊ ထုနေတယ်၊ ရိုက်နေတယ်။ ဒါတွေ သိပြီးလုပ်သွားတော့ အချိန်တန်တော့ပြီးသွားရော။ စိတ်ကလည်း ရှင်းနေရော။ ဘာဖြစ်လို့တုန်း ဆိုတော့ react မလုပ်တော့လို့။

အဲဒီဒကာမကြီးပဲ အခု ဟိုတစ်နေ့ကတွေ့လို့ ပြောတယ်။ အခု တပည့်တော် အာလူးပဲလှီးလှီး၊ ကြက်သွန်ပဲလှီးလှီး ဘာပဲလုပ်နေလုပ်နေ အဲဒီလုပ်နေတာလေးကို သတိလေးနဲ့ကပ်ပြီး ဘာမှမစဉ်းစားပဲ လုပ်သွားတာတဲ့။ လုပ်နေကျဖြစ်သွားတော့ ဘာမှ စဉ်းစားစရာမလိုပါဘူး။ အာလူးလှီးတာ ဘယ်လောက်စဉ်းစားရတုန်း။ စဉ်းစားစရာ မလိုတဲ့အလုပ်နော်။ အဲဒီ စဉ်းစားစရာမလိုတဲ့အလုပ်ကို သတိလေးကပ်ပြီးလုပ်သွားတော့ အခု သူပြောတယ်။ တပည့်တော် တရားအားထုတ်တတ်လာပြီတဲ့။ အရင်လိုလည်း စိတ်မဆိုးတော့ဘူးတဲ့။ ဒီအချိန်တွေကို အလကားဖြစ်သွားတယ်လို့ မထင်တော့ဘူးတဲ့။ ဒီအလုပ်လုပ်ရင်းနဲ့ သတိလေးနဲ့ သိပြီးလုပ်လိုက်ရတော့ စိတ်ထဲမှာ reaction မရှိတော့ စိတ်ပင်ပန်းမှုမရှိဘူး။ အလုပ်လည်းပြီးတယ်။ တရားလည်း အားထုတ်။ ငါ အချိန်တွေဖြုန်းနေတယ်လို့ မယူဆတော့ဘူး။ ငါ့အချိန်တွေ အလကားဖြစ်သွားနေပြီလို့ မယူဆတော့ဘူး။ ငါ့ဘဝဟာလည်း အလကားဖြစ်သွားပြီလို့ မယူဆတော့ဘူး။ ဒီအလုပ်ကိုပဲ သတိလေးနဲ့ လုပ်လိုက်ရတဲ့အတွက်ကြောင့် အလုပ်လည်းပြီးပြီးတော့ စိတ်ထဲမှာ တစ်မျိုးကျေနပ်မှု ရလာတယ်။ ဘယ်လောက်ကောင်းထားလဲနော်။

💦Automatic Reaction သတိထားပါ💦

အဲဒီတော့ စိတ်က react လုပ်ရင် ပင်ပန်းတယ်။ လူတွေဟာ အချိန်ပြည့်လောက်နီးပါပဲ။ မလိုအပ်ပဲ အလကားနေရင်း react လုပ်နေတယ်။ သတင်းစာဖတ်တယ် react လုပ်တယ်။ ရေဒီယိုနားထောင်တယ်။ react လုပ်တယ်။ တယ်လီဗေးရှင်း ကြည့်လိုက်တယ်။ စိတ်ကလိုက် react လုပ်တယ်။ ဒေါသတွေ ဖြစ်တယ်နော်။ ပင်ပန်းတယ်၊ ဆင်းရဲတယ်။ react မလုပ်ပဲနေလိုက်ရင် အများကြီးသက်သာသွားမယ်နော်။ အဲဒီတော့ react လုပ်တာနဲ့ response နဲ့ မတူဘူး။ react က သူက automatic ဖြစ်နေတာနော်။ ကိုယ်က မသိဘူး။ တစ်ခုခု ဖြစ်လာတယ်။ တုန့်ပြန်မှုလိုတယ်ဆိုရင်တော့ response လုပ်ပေးရတယ်။ ဥပမာ- လူတစ်ယောက်က တစ်ခုခု မေးတယ်။ မေးတယ်ဆိုရင် ဒီမေးခွန်းကိုနားလည်ပြီးတော့ ထိုက်သင့်တဲ့အဖြေပြန်ပေးရတယ်။ အဲဒါကိစ္စ မရှိဘူး။ သိပြီးတော့ ထိုက်သင့်တဲ့အဖြေပြန်ပေးတာ ဒါ response နော်။ ပြီးတော့ physical response ရှိတယ်။ တစ်ခုခုနဲ့ ထိမိတယ်။ ခန္ဓာကိုယ်က အလိုလိုသိတယ်။ ချက်ချင်း ပြန်ရုပ်လိုက်တယ်။ automtic response နော်။ ဒါကတော့ ရှိဖို့လိုတာပေါ့။ response က ကိစ္စမရှိဘူး။

action ဆိုတာ ရှိသေးတယ်နော်။ action ဆိုတာ တစ်ခုခုကိုလုပ်သင့်လို့ စဉ်းစားဆုံးဖြတ်ပြီးတော့ အဲဒါကို ထလုပ်လိုက်တာ။ ကိစ္စမရှိဘူး။ ဒါပေမယ့် Automatic reaction လုပ်တာတော့ သတိထားပါ။ rutomatically react လုပ်တာမှာ များသောအားဖြင့် အကုသိုလ်ပဲ။ automatically ဆိုတော့ သူက သတိမပါဘူး။ သတိမပါရင် လောဘနဲ့ react လုပ်မယ်၊ ဒေါသနဲ့ react လုပ်မယ်။ မာနနဲ့ react လုပ်မယ်၊ ဣဿမစ္ဆာရိယနဲ့ react လုပ်မယ်။ Automatic React လုပ်နေတာတွေဟာ များသောအားဖြင့် အကုသိုလ်၊ သတိမပါဘူး။ မောဟ ဖြစ်နေတယ်။ သတိပါနေရင် Automatic React မလုပ်တော့ဘူး။ သတိပါနေတဲ့အတွက်ကြောင့် သိပြီးတော့ ဖြစ်သင့်တာဆိုရင် သူ action က လာတယ်။ response လာတယ်။ အဲဒီ ဖြစ်သင့်တဲ့ react ဟာ များသောအားဖြင့် ကုသိုလ်ပဲ။ ဒါကြောင့် Automatic React လုပ်နေတာတွေကို ပိုပြီးတော့သတိထားပါ။

💦Tension ကိုသိရင်းနဲ့ စိတ်ကိုပိုသိလာတယ်💦

tension နဲ့ စိတ်နဲ့ဟာ တော်တော်ကိုနီးတယ်။ အတူတူလောက်နီးပါးဖြစ်တယ်။ စိတ်ထဲမှာ တစ်ခုခုမကျေနပ်တာနဲ့ ချက်ချင်း ခန္ဓာကိုယ်က react လုပ်တယ်။ ဒါကြောင့် စိတ်ရဲ့တုန့်ပြန်မှုကို muscle ထဲမှာတိုင်းလို့ ရတယ်။ စိတ်ထဲမှာ tension ဖြစ်လာရင် muscle ထဲမှာ tenae ဖြစ်လာတယ်။ သွားတာ လာတာကအစ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်လာတယ်။ မျက်နှာအနေအထားလည်း တင်းတင်းကျပ်ကျပ်ကြီး။
အဲသလိုဖြစ်ပေါ်လာတဲ့ tension ကို သေချာ အရင်ဆုံးမြင်အောင်ကြည့်ပါ။ အေးအေးဆေးဆေးထိုင်ပြီးတော့ ငါ့ခန္ဓာကိုယ်ကြီးက တင်းတင်းကြီးဖြစ်နေတယ်လို့ သိနေရမယ်။ အဲသလို သွားရင်း လာရင်း ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ tension ကိုသိရင်းနဲ့ စိတ်ကို ပိုသိလာမယ်။

💦အစမှာရှုချင်စိတ်ကိုတန်းမကြည့်နဲ့💦

(အသက်ရှူတာမှာ ရှူချင်စိတ်ကို ကြည့်လို့ရမလားဘုရား)
အစမှာ သိဖို့တော်တော်ခက်တယ်။ ရှူချင်စိတ်ကို ဘယ်အခါမှာသိမလဲဆိုတော့ အသက်မရှူပဲအောင့်ထားရင် ပိုသိတယ်။ မချိမဆံ့ဖြစ်လာလို့ တအားကိုရှုချင်နေတော့တာ။ သာမာန်အခြေအနေမှာ ကိုယ့်ဟာကိုယ်ရှုသွားတာ ရှုချင်စိတ်ကို မသိလိုက်ဘူး။ အစမှာ ရှုချင်စိတ်ကိုတန်းမကြည့်နဲ့ ကြည့်လို့ရမှာမဟုတ်ဘူး။
(တပည့်တော်က အောင့်ထားပြီး ကြည့်ကြည့်တယ်ဘုရား၊ စိတ်ကိုသိချင်လို့ဘုရား)
ဟုတ်လား။ တမင်တကာ လုပ်ယူတာလား။ ကြာကြာ မလုပ်နိုင်ဘူးနော်။ ပင်ပန်းသွားမယ်။ အသက်ရှုချင်တာကို မရှုပဲနေပြီးအောင့်ထားတော့ ကြာတော့ပင်ပန်းလာရော။ တမင်တကာလုပ်ယူတော့ တာရှည်မလုပ်နိုင်ဘူး။ စိတ်ကိုသိချင်တာတော့ ကောင်းပါတယ်။ မရမက ဇွတ်ကြီးလုပ်ရင် tension က ဝင်လာလိမ့်မယ်။ ခန္ဓာကိုယ်ရော စိတ်ရော ပင်ပန်းလာမယ်။

💦တမင်တကာကြီးမလုပ်ပါနဲ့💦

တရားအားထုတ်တဲ့အခါမှာ သတိပေးချင်တာက ခန္ဓာကိုယ်ရော စိတ်ရော tense ဖြစ်အောင် ဘယ်တော့မှမလုပ်ပါနဲ့။ tension ဝင်လာလိမ့်မယ်။ ခန္ဓာကိုယ်လည်းရောဂါဖြစ်သလို စိတ်ကိုလည်း ရောဂါဖြစ်စေတယ်။ ခန္ဓာကိုယ်ကိုလည်း တင်းကျပ်နေအောင်ထားမယ်။ စိတ်လည်း တင်းကျပ်နေအောင်ထားမယ်ဆိုရင် ငုပ်နေတဲ့ရောဂါတောင် ပေါ်လာတယ်။ ဒါကြောင့် တချို့လူတွေ တရားအားထုတ်ခါစ ရောဂါပိုဆိုးတယ်လို့ပြောတာ ရှိတယ်နော်။ ကြားဖူးသလား။ ခန္ဓာကိုယ်ရောဂါတွေ ပေါ်လာတယ်၊ ငုပ်နေတဲ့စိတ်ရောဂါတွေ ပေါ်လာတယ်။ အဲဒါဘာဖြစ်လို့တုန်းဆိုတော့ စိတ်တင်းကျပ်သွားလို့နော်။ ဒါကြောင့် ဒကာ၊ ဒကာမတွေကိုပြောချင်တာ တရားအားထုတ်ခါစမှာ စိတ်ရော ခန္ဓာကိုယ်ကိုရော Relax ဖြစ်သွားစေမယ့်နည်းမျိုးနဲ့ စစေချင်တယ်။ tension များလာရင် ခန္ဓာကိုယ်က energy waste ဖြစ်တယ်။ tension နည်းသွားလို့ရှိရင် energy waste သိပ်မရှိဘူး။

🌾🌾🌾
စိတ်ကိုသိချင်လို့ရှိရင် အဲဒီတွေးနေတာကနေ စသိလိုက်ပါ။ သိဖို့ အင်မတန်လွယ်တယ်။ တွေးနေတာလည်း စိတ်ပဲနော်။ တစ်ခုခု စဉ်းစားနေတာ တွေးနေတာကို သိရင် ဒါလည်းစိတ်ကိုသိနေတာပဲ။ ဥပမာ- တံခါးပေါက်ကိုသွားချင်တယ်။ သွားပြီ.. တံခါးပေါက်ကိုဖွင့်ချင်တယ်ဆို ဖွင့်ချင်စိတ်ကို ကြည့်လို့ရတယ်နော်။ သူ့သဘာဝအတိုင်း naturally ဖြစ်သွားနေတာကို လိုက်သိနိုင်ရင် အင်မတန်ကောင်းတယ်။ တမင်တကာကြီးတော့ မလုပ်ပါနဲ့။ အထူးသဖြင့် အသက်အောင့်တာမျိုး မလုပ်ပါနဲ့။ သူ့နဂိုအတိုင်းပဲ ရှုပါစေ။ သူ့နဂိုအတိုင်းရှုတာကိုပဲ သိနိုင်သလောက်ပဲလိုက်သိပါ။ တရားထိုင်တုန်းမှာ စိတ်က tense ဖြစ်နေရင် တရားထိုင်ပြီးခါစမှာ စိတ်တိုသလို ဖြစ်လာတယ်။ ဒီလိုပဲ ဒကာကြီးတစ်ယောက်ပြောဖူးတယ်။ တပည့်တော်က တရားထိုင်ပြီးရင် စိတ်ပိုတိုတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရမှန်း မသိဘူးတဲ့။ အဲဒါနဲ့ သူတရားထိုင်ပုံမေးကြည့်တော့ သူက စိတ်ကိုချုပ်ထားတာ တင်းကျပ်အောင်လုပ်ထားတာ။ သူတရားထိုင်လိုက်တယ်ဆို ပင်ပန်းသွားတာ။ တရားထိုင်ပြီးရင် လူက fresh ဖြစ်လာရမှာ။ ပြောင်းပြန် ဖြစ်နေတယ်။ တရားထိုင်ပြီးရင် အင်မတန်ပင်ပန်းသွားပြီ။ ဘာမှ မလုပ်ချင်မကိုင်ချင်တော့ဘူး။ စိတ်က အရမ်းတိုတယ်။ လုံးဝလည်း သည်းမခံနိုင်ဘူး။ ယုတ်စွအဆုံး ကလေးတွေကစားနေတုန်း တစ်ခုခုလွတ်ကျတော့မယ် ကွဲတော့မယ်ဆိုရင် သူက အကြီးအကျယ်ဒေါသဖြစ်နေတာ။ ဘာဖြစ်လို့တုန်းကြည့်လိုက်တော့ သူတရားထိုင်ပုံက စိတ်ကိုရော ခန္ဓာကိုယ်ကိုရော အင်မတန်တင်းကျပ်နေလို့။❄❄

💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃

မသိရင် ခက်မယ် စာအုပ်မှကူးယူဖေါ်ပြပါသည်။


https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

♻️ မင်္ဂလာတရားတော် ♻️



💦 ပေးကမ်းခြင်း 💦

နောက်တစ်ပိုဒ်က “ဒါနဉ္စ ဓမ္မစရိယာ စ” တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။
ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာ ပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစ္စည်းက ကိုယ်မသုံးဘဲနေလည်း ရတယ်။ တစ်ခါတလေ သုံးလည်းမသုံးပါဘူး။ အဲဒါကို ပေးတာ ကောင်းသလား၊ မပေးဘဲထားတာ ကောင်းသလား။ ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစ္စည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်ခက်သားပဲနော်။ ပေးချင်ရက်သားနဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ်။ ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ… ဘယ်စိတ်က အဆင့်အတန်းမြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပတ်သက်တဲ့စာအုပ်တွေ အများကြီးဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းလည်း အများကြီးဖတ်ဖူးတယ်။ တစ်ချို့ပညာရှင်တွေက ဘယ်လိုပြောသလဲဆိုတော့ ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

💦ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်💦

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီး ရတယ်ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့မှမပေးဘူး။ သူများလည်း မပေးဘူး၊ သူလည်း မစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား။ မဆိုနိုင်ဘူးနော်။ ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးဖို့စွဲဖို့ ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှအကုန်လုံး ပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက် ပေးရမယ်။ ပေးသင့်တဲ့သူကို ပေးရမယ်။ ပေးတာလည်း ဥာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။ အဲဒီလို ကိုယ့်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်ကပေးလိုက်ရလို့ တစ်ဖက်သားမှာအဆင်ပြေသွားတာ၊ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားတာကို မြင်ရတာ တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတာတစ်ခုလည်း ပါတယ်နော်။

ယုတ်စွအဆုံးပြောမယ်ဆိုပါတော့ ဘုန်းကြီးတို့ကျောင်းမှာ ငှက်တွေ အများကြီးလာတယ်။ ဘေးအန္တရာယ် ကင်းနေတာကိုး။ ဘယ်သူမှ ပစ်တာခတ်တာမရှိတော့ ငှက်တွေ အများကြီးလာတယ်။ နွေရာသီကျရင် သူတို့အတွက် အင်တုံထဲမှာ ရေထည့်ထားပေးတယ်။ သူတို့ အဲဒီထဲမှာ ရေချိုးတယ်၊ ရေသောက်တယ်။ စားစရာတွေ ထားပေးထားတယ်။ ငှက်ကလေးတွေ လာစားတယ်။ သူတို့စားတာမြင်ရင် သိပ်ပျော်တာပဲ။ သူတို့ရေသောက်တာမြင်ရင်လည်း ပျော်တယ်။ သူတို့ ပျော်ပျော်ရွှင်ရွှင်ရေချိုးတာမြင်ရရင် သိပ်ပျော်တယ်။ ကျောင်းမှာ ကြောင် (၄) ကောင်၊ ခွေး (၃) ကောင်ရှိတယ်။ သေသေချာချာ ဘုန်းကြီးကိုယ်တိုင်နယ်ပြီးတော့ ကျွေးတယ်။ ကြောင်ကလေးဆို ဝါးပြီးတော့တောင်ကျွေးတာ။ သူတို့ မဝါးနိုင်သေးဘူး။ အသားလေး၊ ငါးလေးတွေ အရိုးလေးတွေထွင်ပြီး သူတို့မဝါးနိုင်မှာစိုးလို့ ဘုန်းကြီးကိုယ်တိုင် ဝါးပြီးတော့ကျွေးတယ်။ သူတို့စားတာမြင်ရရင် သိပ်ဝမ်းသာတယ်။

ဒါတင် မကသေးပါဘူး။ ဘုန်းကြီးတို့ကျောင်းမှာ တစ်ခါတလေ လာလှုကြတဲ့ဆွမ်းတွေက ပိုနေတာအများကြီး။ ကျောင်းကိုလာတဲ့လူတွေလည်းပဲ သူတို့ထိုက်သင့်သလောက် စားကြတာပေါ့။ ဒါတောင်မှ မကုန်နိုင်သေးဘူး။ မကုန်တဲ့အခါမှာ အခြားပေးသင့်ပေးထိုက်တဲ့လူတွေကို ပေးလိုက်တယ်။ ပို့လိုက်တယ်။ ကျွေးလိုက်တယ်။ သူတို့စားရတယ်ဆိုရင် ဝမ်းသာပါတယ်နော်။ ဘုန်းကြီးကိုလှူဒါန်းထားတဲ့ပစ္စည်းတွေက အများကြီးဖြစ်နေတယ်။ ဘုန်းကြီးကိုယ်တိုင် သုံးလို့မကုန်နိုင်ဘူး။ မကုန်နိုင်ရင် လိုတဲ့နေရာတွေမှာ သွားပြီးတော့လှူလိုက်တယ်။ ကျောင်းကိုကြွလာတဲ့သံဃာတော်တွေဆိုရင်လည်း ရောက်လာရင် တစ်ခုခုတော့လှူလိုက်တာပဲ။ မလှူဘဲနဲ့ပြန်သွားရတယ်လို့ မရှိဘူး။ အမြဲတမ်း လှူတာပါပဲ။ ကိုယ့်မှာရှိနေတာ၊ ပိုနေတာ၊ ကိုယ်လည်း ကုန်အောင်မသုံးနိုင်ဘူး။ ဒီပစ္စည်းတွေကိုလဲ ကိုယ့်ကျိုးအတွက်ရောင်းစားတာတို့ဘာတို့ ဘုန်းကြီးတစ်သက်လုံး တစ်ခါမှမလုပ်ဖူးဘူး။ ကိုယ့်မှာရှိတာကို သူများကို အသုံးလိုလို့ပေးလိုက်ရတာကိုပဲ ကျေနပ်မှုရတယ်။👌🏼👌🏼

💦သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန💦

ပေးနိုင်တဲ့စိတ်ဟာ တော်တော်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာစိတ်နဲ့ လူမွဲစိတ်။ ဒီနှစ်ခု စဉ်းစားကြည့်နော်။ ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်က မွဲနေတဲ့စိတ်၊ ဆင်းရဲတဲ့စိတ်၊ ချို့တဲ့တဲ့စိတ်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကိုပေးနိုင်တယ်၊ မျှနိုင်တယ်ဆိုရင် အဲဒီစိတ်က ချမ်းသာတဲ့စိတ်။
ဒီလိုပေးခြင်းဟာ ကိုယ့်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ၊ အကောင်းဆုံးအရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကိုစီစဉ်ပြီးမှ သွားလှူလိုက်တာပဲ။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်၊ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်းစားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသက်ကိုသတ်မဲ့အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲဒီလို အဓိပ္ပာယ်ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကိုခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကိုစိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ့်ကြောင့် သူတစ်ပါးစိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါနလို့တောင် သုံးထားတာ။ ပါဠိစာပေမှာရှိတယ်။ သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါနဖြစ်တယ်။ သူတစ်ပါးကို ဘေးရန်ကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ့်နယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။

ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့အဓိပ္ပာယ် ပါနေတယ်။ ဘေးရန်ကင်းခြင်း၊ ကြောင့်ကြမှုကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ။ အဲဒါ ပိုတောင်မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။ ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင်ဆုံးမလဲ၊ ဘယ်လောက်ထိအောင်သင်ပေးလဲဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကကားကကျော်တက်ချင်ရင် လမ်းပေးလိုက်ပါ။ အဲဒါလည်း ငါ သူ့ကိုဒါနတစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ။ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တက်ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

💦အသိအမှတ်ပြုတာလည်း ပေးခြင်းတစ်မျိုးပါပဲ💦
ဒါတင်မကသေးဘူး။ ဘုန်းကြီးကိုယ်တိုင် ခံစားရတာတစ်ခုရှိတယ်။ နိုင်ငံခြားတိုင်းပြည်တွေကို ခဏခဏသွားတယ်။ တချို့နိုင်ငံတွေမှာ(ဥပမာ သြစတေးလျနိုင်ငံဆိုပါတော့) ဗမာ ဒကာ၊ ဒကာမ တော်တော်နည်းတယ်။ ကျောင်းမှာလာကြတဲ့သူတွေထဲမှာ အဖြူတွေများတယ်။ သီရိလင်္ကာက ဒကာ၊ ဒကာမတွေ တော်တော်များတယ်။ မြန်မာတွေက (၄၊၅) ယောက်လောက်ပဲရှိတယ်။ များသောအားဖြင့် ဘုန်းကြီးက တစ်ပါးတည်းကျောင်းမှာနေတယ်။ မနက်အာရုဏ်ဆွမ်းကျရင် တစ်ယောက်ယောက်က လာကပ်တယ်။ နေ့ဆွမ်းကျရင်လည်း လာကပ်တယ်။ ကျန်တဲ့အချိန်မှာ ဘယ်သူမှမရှိဘူး။ ကပ္ပိယပဲရှိတယ်။ မနက်ဆိုလည်း ဘုန်းကြီးက အညောင်းပြေ လမ်းလျှောက်သွားတယ်။ လမ်းလျှောက်လို့ကောင်းတယ်။ သိပ်အဆင်ပြေတယ်။ လူလည်း သိပ်မရှုပ်ဘူး။ ကားလည်း သိပ်မရှုပ်ဘူး။ ဒီတိုကျိုလို မဟုတ်ဘူး။ လမ်းကြောကြီးက တော်တော်ရှင်းတယ်။

လမ်းလျှောက်သွားလို့ရှိရင် လမ်းမှာလူတွေတွေ့ရင် ဘုန်းကြီးက သူတို့မျက်နှာလေးတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ပြုံးပြလိုက်တယ်။ တချို့က ပြန်ပြုံးပြတယ်။ တချို့က မမြင်ချင်ဟန်ဆောင်ပြီးသွားတယ်။ အဲဒီတော့ ဘုန်းကြီးစိတ်ထဲမှာ ကိုယ်ကပြုံးလို့ သူကပြန်ပြုံးလို့ရှိရင် စိတ်ချမ်းသာသွားတာပဲ။ ငါ့ကို လူသားတစ်ယောက်အဖြစ်နဲ့ ခင်စရာကောင်းတဲ့လူအဖြစ်နဲ့ သူတို့ အသိအမှတ်ပြုလိုက်တာပဲ။ ကိုယ်ကပြုံးတာကို မမြင်ဟန်ဆောင်ပြီးလှည့်သွားရင် ငါ့ကို လူသားတစ်ယောက်အဖြစ်နဲ့ သူတို့ အသိအမှတ်မပြုပါလားနော်။ ခံစားဖူးလား။ အဲဒါမျိုးကြုံဖူးလား။ လူတိုင်း ကြုံဖူးမှာပါနော်။ ဒါပေမယ့် သူတို့ပြန်ပြုံးသည်ဖြစ်စေ၊ မပြုံးသည်ဖြစ်စေ ဘုန်းကြီးက လူတွေ့ရင် နည်းနည်းတော့ပြုံးပြလိုက်တာပဲ။ တစ်ခါ ကိုယ်ကပြုံးလို့ သူကပြုံးရင် နောက်တစ်ခါတွေ့ရင် Good Morning လို့ ပြောလိုက်တာပဲ။ အဲဒါဆို သူတို့ကပြန်နှုတ်ဆက်တယ် Good Morning လို့နော်။

🌾🌾🌾
တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ ဘုန်းကြီးကိုယ်တိုင်ရဖူးလို့ အဲ့ဒါကိုသိတာ။ တချို့လူတွေဆီက ရတယ်။ တချို့လူတွေဆီက မရဘူး။ ရလိုက်တဲ့အခါမှာ စိတ်ထဲမှာကျေနပ်ပြီးတော့ စိတ်အေးချမ်းမှုတစ်မျိုးရလိုက်သလိုပဲ။ ငါ့ကိုမယုံသင်္ကာဖြစ်တဲ့လူ မဟုတ်တော့ဘူး။ ငါ့ကိုခင်ချင်တဲ့လူတစ်ယောက် ဖြစ်သွားပြီ။ ငါနဲ့ မိတ်ဆွေဖြစ်သွားပြီ။ မိတ်ဆွေတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်ပြီဆိုတော့ မိတ်ဆွေတွေဖြစ်သွားပြီနော်။

🌾🌾🌾
တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။ ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။ ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်းတော်တော်များပြီ။ ကိုယ့်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာမဟုတ်ဘူး။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး။ စိတ်ထားမြင့်မြတ်ရင် မြင့်မြတ်တဲ့အသိဥာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့အသိဥာဏ်ကို မရနိုင်ဘူး။❄❄



♻️ မင်္ဂလာတရားတော် ♻️

💦ဆွေမျိုးတွေကို ထောက်ပံ့ခြင်း💦

နောက်တစ်ပိုဒ်က “ဥာတကာနဉ္စ သင်္ဂဟော”တဲ့။ ဆွေမျိုးတွေကို ထောက်ပံ့ခြင်း။
ဒါလည်း အရေးကြီးတာပါပဲ။ ကိုယ့်ဆွေမျိုးထဲမှာ ချို့တဲ့တဲ့လူတွေရှိတယ်။ ကိုယ်တတ်နိုင်သလောက် ထောက်ပံ့ပေးမယ်။ ဘုန်းကြီးဆို တပည့်တွေကိုပြောပြတယ်။ အနည်းဆုံးတော့ ကျောင်းမနေနိုင်တဲ့ကလေးတွေကို ကျောင်းထားပေးပါ။ အမျိုးထဲကဖြစ်ဖြစ် သူစိမ်းဖြစ်ဖြစ်။ များသောအားဖြင့်တော့ အမျိုးထဲက ကလေးတွေကို ထားပေးကြတာများပါတယ်။ သူစိမ်းထဲကလည်း တစ်ယောက်လောက်ဖြစ်ဖြစ်ပေါ့။ ပညာသင်ပေးပါ။ ထောက်ပံ့ပါနော်။ တစ်ခြားဟာပေးရတာထက် ပညာပေးရတာ ပိုပြီးတော့တန်ဖိုးရှိတာပေါ့။

🌾🌾🌾
အမျိုးထဲက နေမကောင်းဖြစ်မယ်။ ဆေးဝါးကုသပေးပါ။ အခြားလည်းပဲ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရင်လည်း ပေးပေါ့။ ဒါပေမယ့် ကျန်းမာရေးက သိပ်အရေးကြီးတယ်။ တခြားဟာမှာတော့ နည်းနည်းဆိုင်းထားလို့ ရသေးတယ်။ ကျန်းမာရေးက အချိန်ဆိုင်းလို့မရဘူး။ လိုအပ်တဲ့အခါမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အကူအညီအထောက်အပံ့ ပေးပါ။ တစိမ်းဖြစ်နေပါစေ၊ တကယ်ကျန်းမာရေးချို့တဲ့တယ်လို့ကြားရင် သွားမေးပါ။ တတ်နိုင်တဲ့အကူအညီပေးပါ။

💦သံသရာမှာ အမျိုးမတော်ဖူးတဲ့လူမရှိဘူး💦

🌾🌾🌾
ဆွေမျိုးအသိုင်းအဝိုင်းရဲ့ချစ်ခင်မှု၊ ယုယမှုကို များများရရင်လည်းပဲ အဲဒီလူရဲ့ဘဝဟာ ပိုပြီးတော့စိုပြေတယ်။ အခုခေတ် အမေရိကမှာဖြစ်နေပုံက အဘိုးအဘွားကိုသိတဲ့လူဟာ တော်တော်နည်းတယ်။ တစ်ခါတလေပဲ မြင်ဖူးတယ်။ တစ်သက်လုံးမှာ တစ်ခါလား နှစ်ခါလား မြင်ဖူးတယ်ဆိုတဲ့လူ ရှိတယ်။ ဦးကြီး၊ ဘကြီးဆိုတာလည်းပဲ မမြင်ဖူးတဲ့လူများတယ်။ တစ်နှစ်မှ တစ်ခါလားပဲမြင်ဖူးတယ်။ သိပ်မမြင်ဖူးတဲ့လူတွေ များတယ်။ ရှေးခေတ်တုန်းကဆိုတာက အမေ၊ အဖေ၊ အဘိုး၊ အဘွား၊ ဦးကြီး၊ ဘကြီး၊ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ တစ်ချို့ဆိုရင် ရွာတစ်ဝက်လောက်က အမျိုးဖြစ်နေတယ်။ တောရွာတွေမှာမေးကြည့်လိုက်ရင် တစ်ဝက်လောက်က အမျိုးပဲ။ အဲဒီလို ရွာတစ်ဝက်လောက်မှာအမျိုးဖြစ်နေတဲ့နေရာမှာ နေရတဲ့လူရဲ့စိတ်က ဘယ့်နယ့်နေမလဲ။ အင်မတန် လုံခြုံတယ်နော်။

🌾🌾🌾
အခုတော့ တဖြည်းဖြည်းနဲ့ လူတွေက တကွဲတပြားစီဖြစ်ကုန်တော့ မိသားစုအသိုင်းအဝိုင်းက တဖြည်းဖြည်း ကျဉ်းကျဉ်းသွားတယ်။ များသောအားဖြင့် အဖေတစ်ယောက် အမေတစ်ယောက် ကလေးကတစ်ယောက်။ ဆွေမျိုးဆိုတာ မရှိဘူးဖြစ်လာတယ်။ အဲဒါ မပြည့်စုံခြင်းတစ်မျိုးဖြစ်နေမယ်။ ဘာပဲပြောပြော သူစိမ်းနဲ့အမျိုးဆိုရင် အရေးအကြောင်းရှိရင် အမျိုးကပိုပြီးတော့ ကိုယ့်ကိုဂရုစိုက်ပါတယ်။ ပိုပြီးတော့ အားကိုးရတယ်။ အမှန်ပဲ။ လောကသဘာဝပဲ။ သို့သော်လည်းပဲ ဘုရားဟောတဲ့တရားတော်တစ်ပုဒ်ကို အခြေခံထားပြီး တွေးကြည့်နော်။ ဘဝသံသရာကြီးဟာ အင်မတန်ရှည်လွန်းလို့ သံသရာမှာအမျိုးမတော်ဖူးတဲ့လူ မရှိဘူးတဲ့။ အဲဒီလို အမျိုးတွေပဲလို့ သဘောထားလိုက်ပြီးတော့ ဥာတကာနဉ္စ သင်္ဂဟောဆိုတာကို လုပ်လိုက်ကြပါဦးနော်။ ဘာဖြစ်ဖြစ်ပေါ့။ ဆွေမျိုးလိုသဘောထားတဲ့ စိတ်ကလေးကိုမွေးပါ။

🌾🌾🌾
တချို့တစိမ်းတွေ ဆွေမျိုးထက်တောင် ပိုပြီးတော့ချစ်စရာကောင်းတယ်။ အဲဒါ အပိုပြောတာမဟုတ်ဘူး။ တကယ်လည်း ဘုန်းကြီးကိုယ်တွေ့ပါပဲ။ ဆွေမျိုးကမှ နည်းနည်းစိမ်းနေသေးတာ ရှိတယ်နော်။ သူစိမ်းဖြစ်ရဲ့သားနဲ့ အင်မတန်ရင်းနှီးတာ၊ အင်မတန်ပွင့်လင်းတာ၊ ကိုယ့်အကျိုးဆိုရင် တကယ့်စိတ်ပါလက်ပါ လှိုက်လှိုက်လှဲလှဲ ကူညီပေးတာ ဆောင်ရွက်ပေးတာ ဘုန်းကြီးကိုယ်တိုင်ကြုံခဲ့ရတာ အများကြီးရှိတယ်။ ဒါကြောင့် အဲဒီလူတွေကို ဘုန်းကြီးစိတ်ထဲမှာ မှတ်ထားတယ်။ တကယ့်ဆွေမျိုး အရင်းအချာတွေပဲ။ သူတို့နဲ့ ပတ်သက်လာရင်တော့ ငါလည်းပဲ ဘာမှ အကန့်အသတ်မရှိရဘူး။ အားလုံး Unconditional ဖြစ်ရမယ်။

🌾🌾🌾
ပြီးတော့ ကိုယ်က သဘောထားတတ်လို့ရှိရင် ကိုယ့်အနားမှာနေတဲ့လူတွေဟာ ကိုယ့်ဆွေမျိုးတွေလို ဖြစ်နေမှာပဲနော်။ သူ့အကျိုးကို ကိုယ်ကဆောင်ရွက်လိုက်၊ ကိုယ့်အကျိုးကို သူကပြန်ဆောင်ရွက်လိုက်။ နေရတာ လုံခြုံမှုပိုရှိတယ်။ အဓိပ္ပာယ်ကို ပွားပြီးတော့စဉ်းစားလိုက်ပါနော်။ ဆွေမျိုးမရှိတဲ့နေရာမှာ လာနေရရင် ဘယ့်နှယ့်လုပ်မလဲ။ ရှိတဲ့လူတွေကိုပဲ အမျိုးလို့သဘောထားမှ ဖြစ်တော့မှာပေါ့။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ပါ။ အဲဒါမျိုးကို သိပ်လုပ်စေချင်တာ။ အရေးအကြောင်းရှိရင် ဆက်သွယ်လို့ရအောင် သတင်းတွေပဲဖြစ်ဖြစ်ပေးရအောင် တစ်ယောက်ကိုတစ်ယောက် လိပ်စာတွေပေးကြတယ်။ အနည်းဆုံးတော့ ဘယ်နေရာမှာတရားပွဲရှိတယ်ဆိုပြီးတော့ တယ်လီဖုန်းဖြစ်ဖြစ် ဆက်သွယ်လို့ရရင် ဘယ်လောက်အကျိုးများသွားမလဲ။

🌾🌾🌾
တစ်ယောက်နဲ့တစ်ယောက် မသိဟန်ဆောင်ပြီးတော့ မနေပါနဲ့။ အခုတစ်ခါတွေ့တယ်၊ နှစ်ခါတွေ့တယ်နော်၊ နှုတ်ဆက်ပါ၊ မေးပါ၊ ပြောပါ၊ လိပ်စာပေးပါ၊ တယ်လီဖုန်းနံပါတ်ပေးပါ။ လူတစ်ယောက်က ပြောဖူးတယ်။ လူတစ်ယောက်ကို ပထမဦးဆုံးအကြိမ်တွေ့လို့ရှိရင် မျက်လုံးချင်းတည့်တည့်ကြည့်မိအောင် ကြိုးစားပါ။ အဲဒါကို အရင်ဆုံးရအောင်လုပ်ပါ။ ဒုတိယအကြိမ်တွေလို့ရှိရင်တော့ ပြုံးပြပါ။ တတိယအကြိမ်တွေ့ရင်တော့ စကားပြောပါ။

🌾🌾🌾
ဒီမှာရှိတဲ့ ဒကာ၊ ဒကာမတွေက မြန်မာပြည်ကနေ ဒီမှာလာနေကြတာနော်။ ကိုယ့်ဆွေမျိုးရင်းချာတွေက အဝေးကြီးမှာ။ အဲဒီတော့ အရေးရယ်အကြောင်းရယ်ရှိရင် ကိုယ့်အချင်းချင်းပဲ တစ်ယောက်ကိုတစ်ယောက် အားကိုးရမှာ။ အဲဒီလိုအားကိုးနိုင်လောက်တဲ့သူဖြစ်အောင် ကိုယ့်စိတ်ထားလေးတွေကို မြှင့်ပါ။ သူ့ကိစ္စ ငါနဲ့မဆိုင်ပါဘူးလို့ ဒီလိုသဘောမထားပါနဲ့။ ငါတတ်နိုင်တာအကူအညီပေးမယ်ဆိုတဲ့ စိတ်မျိုးကိုမွေးထားပါ။ အဲဒီလိုဆို အားလုံးအတွက် အဆင်ပြေမယ်၊ အကျိုးများမယ်နော်။ ပြီးတော့ အဲဒီလို အသိုင်းအဝိုင်းနဲ့နေရတဲ့လူဟာ စိတ်က ပိုကျန်းမာတယ်။ တစ်ကိုယ်တည်းနေတဲ့သူဟာ Lonely ဖြစ်တဲ့အတွက်ကြောင့် စိတ်ရောဂါပိုဖြစ်တယ်။ Depression ပိုဖြစ်တယ်။ အဖော်မဲ့ရင် Depression ဖြစ်တယ်။ အဖော်ရှိလို့ရှိရင် Depression သက်သာတယ်။ ဒါကြောင့် Depression သက်သာဖို့ရာ နည်းတစ်နည်းကဘာလဲဆိုရင် ချစ်တဲ့သူ၊ ခင်တဲ့သူနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေဖို့၊ တွေ့နေဖို့၊ ပြောနေဆိုနေဖို့ လိုတယ်။

💦အပြစ်ကင်းတဲ့အမှုကိစ္စတွေကိုပြုလုပ်ခြင်း💦

🌾🌾🌾
နောက်တစ်ပိုဒ်က “အနဝဇ္ဇာနိ ကမ္မာနိ။” ဒါလည်း အဓိပ္ပာယ် အင်မတန်ရိုး အင်မတန်ရှင်းပါတယ်။ Top perform honest action တဲ့။ ရိုးသားမှုရှိသော၊ မျှတမှုရှိသော အမှုကိုပြုလုပ်ခြင်း။ ကိုယ်ပြုလုပ်တဲ့ကိစ္စမှန်သမျှဟာ အကုသိုလ်မဖြစ်ဖို့ပါ။ “အနဝဇ္ဇ” ဆိုတာက အပြစ်ကင်းတာကိုပြောတာ။ အကုသိုလ်မဖြစ်တာကို ပြောတာနော်။ အကုသိုလ်မဖြစ်တဲ့ကိစ္စတွေ ကောင်းတဲ့အမှုကိစ္စတွေကို ပြုလိုက်ခြင်းဟာ အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း၊ ပြည့်စုံကြောင်း ဖြစ်ပါတယ်။ မရိုးသားတာတွေ မမျှတတာတွေလုပ်ပြီး ပစ္စည်းဥစ္စာ၊ ရာထူး၊ အာဏာတွေဘယ်လောက်ရရ အောင်မြင်တဲ့ဘဝကိုရတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်ပြီးမှ ရလာတဲ့ပစ္စည်းဥစ္စာ၊ ရာထူးအာဏာကို စားရသုံးရတာ အဆိပ်ကို စားရသုံးရသလိုပါပဲ။

💦မကောင်းမှုကို မပြုလုပ်ဘဲနေခြင်း💦

🌾🌾🌾
နောက်တစ်ပိုဒ်က “အာရတီ ဝိရတီ ပါပါ။” To abstain and distance far wrong things. "မကောင်းမှုကို မပြုလုပ်ဘဲနေခြင်း၊ ဝေးဝေးကနေ ရှောင်ကြဉ်ခြင်း။” အာရတီဆိုတာ ရှောင်ကြဉ်ခြင်း။ ဝိရတီဆိုတာက ပိုပြီးတော့ဝေးဝေးကနေ ရှောင်ကြဉ်ခြင်း၊ ပါပါဆိုတာကတော့ မကောင်းမှုကိုပြောတာ။ မကောင်းမှုကို ဝေးဝေးကနေ ရှောင်ပါတဲ့။ ပွတ်ကာသီကာလေးရှောင်တာမျိုး မလုပ်ကြနဲ့။ စောစောစီးစီးကတည်းက ကြိုတင်ပြီးတော့ အသေးအမွှားလေးဖြစ်ဖြစ် မလုပ်မိအောင်နေမယ်ဆိုပြီးတော့ ရှောင်ကြဉ်မှဖြစ်မယ်။

🌾🌾🌾
မကောင်းမှုအသေးအမွှားလေးတစ်ခုကို လုပ်မိသွားပြီဆိုရင်၊ ကိစ္စမရှိပါဘူးဆိုတဲ့ သဘောထားမျိုးထားရင်၊ ကြာရင်ဘာဖြစ်လဲဆိုတော့ ဒီထက်နည်းနည်းကြီးလည်း ကိစ္စမရှိပါဘူး။ ဒီထက်နည်းနည်းကြီးလည်း ဒါလည်း ကိစ္စမရှိပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း ဘယ်ဟာမှမကျန်တော့ဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်နော်။ တစ်ခါတလေတော့ ကိစ္စမရှိပါဘူးဆိုတဲ့သဘောထားနဲ့လုပ်ရင် မကြာခင် နှစ်ခါ နှစ်လေ ဖြစ်လာမယ်။ တချို့မူးယစ်ဆေးဝါးကို တစ်ခါလောက် စမ်းကြည့်မယ်ဆိုပြီးလုပ်တာကနေ နှစ်ခါ သုံးခါဖြစ်လာပြီးတော့ စွဲသွားတယ်။ တစ်ခါမှမလုပ်တဲ့သူက စွဲစရာအကြောင်း ဘာမှမရှိဘူး။ ဒါကြောင့် မကောင်းမှုဆိုရင် ငယ်တယ်ဆိုပြီးတော့ အမှတ်တမဲ့ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့တဲ့။💫💫

💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃

💧မင်္ဂလာတရားတော်💧
စာအုပ်မှ ကူးယူ

♻မင်္ဂလာတရားတော် ♻️
သတိကိုချွတ်ချော်စေတဲ့အရာမှန်သမျှအားလုံးကို မသုံးစွဲခြင်း

နောက်တစ်ပိုဒ်က “မဇ္ဇပါနာ စ သံယမော” သတိကိုချွတ်ချော်စေတဲ့ အရာမှန်သမျှအားလုံးကို မသုံးစွဲခြင်းဟာ အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း၊ ပြည့်စုံကြောင်း ဖြစ်ပါတယ်။ အဲဒါက တော်တော့်ကိုအရေးကြီးတဲ့ကိစ္စပဲ။ Not drinking any intoxication. Drinking တင်မကဘူး။ ရှူတာလည်းရှိတယ်။ ဆေးပြားတွေသောက်တာလည်း ရှိတယ်။ ဆေးထိုးတာတွေလည်း ရှိတယ်။ အတူတူပါပဲ။ သတိကိုချွတ်ချော်စေတဲ့ အရာမှန်သမျှအားလုံးပေါ့။ အရက်၊ မူးယစ်ဆေးဝါး၊ တစ်ခြားလည်း ကိုကင်းတို့ဘာတို့ ရှိပါတယ်။ တစ်ချို့ ကြားတောင်မှမကြားဖူးဘူး။ Cracked Cocaine ဆိုတာလည်း ရှိသေးတယ်။ Ecstasy ရှိတယ်လို့ ကြားဖူးတယ်။ အင်မတန်မြူးတာရွှင်တာကို Ecstasy လို့ခေါ်ပါတယ်။ အဲဒီဆေးကိုသောက်လိုက်ရင် လူက သိပ်မြူးတယ်။ အဲဒီလိုမြူးတာက အသိဥာဏ်မပါဘူး။ မှားနိုင်တယ်။ အဲဒီ Ecstasy ဆိုတဲ့ ဆေးပြားတွေသောက်ပြီးတော့ တချို့ဆို သေတောင်သေတယ်လို့ ကြားဖူးတယ်။

မူးယစ်ဆေးဝါး၊ အရက်စသည်ဖြင့် ဘာမှမသောက်တဲ့သူတွေတောင်မှ သတိလက်လွတ်ဖြစ်ပြီး ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှားတယ်ဆိုတာ အနည်းနဲ့အများတော့ဖြစ်နေကြတာ နေ့စဉ်နဲ့အမျှပဲ။ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့အမြဲတမ်းနေ၊ သတိနဲ့အမြဲတမ်းနေလို့ ထပ်ခါထပ်ခါ ဆုံးမတာ။ သတိပဌာန်တရားတစ်ပုဒ်လုံးက အချိန်ပြည့်သတိနဲ့နေဖို့ဆိုတာကို ဆုံးမထားတာနော်။ သတိကိုချွတ်ချော်စေတဲ့ အရက်ဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးဖြစ်ဖြစ် သုံးလိုက်ပြီဆိုရင် သတိပဌာန်တရားပွားဖို့ အဲဒီအချိန်မှာ မလွယ်တော့ဘူး။ အဲဒီတော့ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှာတွေ ဖြစ်တော့မယ်။ ဓားပြမှုတို့ဘာတို့ စသည်ဖြင့် ဒုစရိုက်မှုကြီးကြီးမားမားကို လွန်ကျူးတော့မယ်ဆိုရင် ရဲဆေးတင်တယ်တဲ့။ အမှန်တော့ ရဲဆေးမဟုတ်ပါဘူး။ မိုက်ဆေးတင်တာပါ။ သူတို့ သုတေသနလိုက်လုပ်ကြည့်တဲ့အခါမှာ အမှုကိုမလွန်ကျူးခင်မှာ အရက်သောက်တယ်၊ စိတ်ကိုကြွစေမယ့်ဆေးတစ်ခုခုကို သုံးတယ်တဲ့။

အဲဒီတော့ အဲဒီဆေး၊ အရက်ဟာ မကောင်းမှုကိုလုပ်ဖို့ရာ အားပေးတဲ့သဘောဖြစ်သွားတယ်နော်။ အသိဥာဏ် ထုံထိုင်းသွားတယ်။ အဲဒါကြောင့် သနားတတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာနဲ့တူတယ်။ သူ့ပစ္စည်းတစ်ခုခုလိုချင်လို့ရှိရင် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သူမသိတော့ဘူး။ ကိုယ်ချင်းစာစိတ် မရှိတော့ဘူး။ ဒီတော့ သတိလက်လွတ်ချွတ်ချော်မှုဖြစ်စေမဲ့ မူးယစ်ထုံထိုင်းဆေးတွေကို လုံးဝမသုံးသင့်ဘူး။ တချို့ကပြောတယ်။ မူးယစ်ဆေးတချို့ဟာ စိတ်ကို သိပ်ချမ်းသာစေတယ်တဲ့။ စိတ်ကိုငြိမ်စေတယ်တဲ့။ အဲဒီတော့ စိတ်ချမ်းသာချင်လို့၊ စိတ်ငြိမ်စေချင်လို့ မူးယစ်ဆေးနည်းနည်းသုံးတာပါတဲ့။ ရည်ရွယ်ချက် ကောင်းပါတယ်။ လုပ်နည်းမှားနေတာ။

စိတ်ချမ်းသာချင်တယ် စိတ်ငြိမ်ချင်တယ်ဆိုရင် ရိုးရိုးလေးနဲ့လုပ်လို့ရပါတယ်။ အသက်ရှူနေတာကို သတိကပ်ထားပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို အာရုံစိုက်ပါ။ တန်ဖိုးရှိတာ၊ အကျိုးရှိတာကို စိတ်ပါလက်ပါလုပ်နေပါ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

ဘာကိုတန်ဖိုးထားရမလဲ



ကိုယ့်ယုံကြည်ချက်ပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်
အကောင်းဆုံးကို ရွေးချယ်ပြီးတော့လုပ်မယ်။ အကယ်၍ ငါလုပ်တာဟာ လွဲသွားတယ်၊ မှားသွားတယ်ဆိုရင်လည်းပဲ အဲဒါကိုပါသတ္တိရှိရှိလက်ခံပြီးတော့ ဘယ်လိုပြုပြင်ရင်အကောင်းဆုံးဖြစ်မလဲဆိုတဲ့ နည်းလမ်းကိုရှာပြီးတော့ သတ္တိရှိရှိ ပြုပြင်သွားမယ်။🌛

ကိုယ့်ရဲ့(sense of dignity) ကိုယ့်ကိုယ်ကိုကိုယ်ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်လို့ ခံစားရတာ၊ ကိုယ့်ရဲ့(self esteem) ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိတဲ့လူတစ်ယောက် တန်ဖိုးထားထိုက်တဲ့လူတစ်ယောက်လို့၊ တန်ဖိုးထားစရာ လေးစားစရာကောင်းတဲ့လူတစ်ယောက်လို့ ခံစားရတာ အဲဒီလိုခံစားရတာဟာ သတ္တိရဲ့အခြေခံဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ်သိပ်အထင်မကြီးဘူး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူး၊ ပျော့တဲ့သူညံ့တဲ့သူလို့ ထင်ထားပြီဆိုရင် အဲဒီလူဟာ သတ္တိမရှိတဲ့လူဖြစ်ပြီ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူ၊ ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်မှုမရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားထိုက်တဲ့သူ၊ လေးစားထိုက်တဲ့သူ၊ ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက်လို့ မခံစားရတဲ့သူဟာ သူ့အစွမ်းအစတွေအကုန်လုံးကိုထုတ်ပြီးတော့ သူ့ရဲ့အကျိုးရော အများအကျိုးကိုရော ဆောင်ရွက်နိုင်တဲ့သူ ဖြစ်မလာနိုင်ဘူး။
ဒါကြောင့် လူတွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိအောင်၊ ကိုယ့်ကိုယ်ကိုယ်အထင်သေးအောင် တစ်နည်းနည်းနဲ့လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘဝကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီးတော့ လူ့အသိုင်းအဝိုင်းကြီးကို သူ့အနေနဲ့အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါ ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်။ ဒါကြောင့် လူ့လောကကြီးတစ်ခုလုံးကိုကောင်းအောင် တစ်နည်းနည်းနဲ့အထောက်အကူပေးချင်တယ်ဆိုရင် လူတွေမှာရှိတဲ့ ကောင်းတဲ့စိတ်ထားတွေ၊ ကောင်းတဲ့ပင်ကိုယ်အရည်အချင်းတွေကို သူတို့ဟာသူတို့ သိဖို့၊ သူတို့ဟာသူတို့ ဖော်ထုတ်ဖို့၊ အသုံးချဖို့၊ တတ်နိုင်တဲ့နည်းနဲ့ လမ်းဖွင့်ပေးရမယ်၊ ပြုစုပေးရမယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူ၊ သူ့အရည်အချင်းကိုသူ ယုံကြည်မှုရှိတဲ့သူ၊ သူ့အရည်အချင်းကိုသူ ပြည့်ပြည့်ဝဝ ထုတ်သုံးနိုင်တဲ့သူတွေဖြစ်လာအောင် ပြုစုပေးရမယ်။ သူ့ဥာဏ်ကိုသူထုတ်မသုံးဘဲနဲ့ တစ်ယောက်ယောက်ကခိုင်းတာကို မျက်စိမှိတ်ပြီးတော့လုပ်တဲ့သူမျိုးဖြစ်သွားအောင် သူ့ကိုပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်းဖျက်ဆီးရာရောက်သွားသလို လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။

ကိုယ့်ဘဝကို ကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့ ကောင်းတဲ့ဆန္ဒတွေနဲ့အညီ ပုံဖော်လို့ရမယ်ဆိုရင်၊ အဲဒီလူဟာ သတ္တိရှိတဲ့သူဖြစ်လာတယ်။ ကိုယ့်ဘဝကို ကိုယ်ကြိုက်သလိုပုံဖော်လို့မရဘဲနဲ့ အကြောင်းတစ်ခုခုကြောင့် ကိုယ်မလုပ်ချင်တာတွေကို ရေရှည်လုပ်နေရမယ်ဆိုရင် အဲဒီလိုလူဟာ သတ္တိရှိတဲ့သူဖြစ်မလာဘူး။ မိုက်တဲ့သူတော့ ဖြစ်နိုင်တယ်နော်။ သူများကို ကောင်းကောင်းဒုက္ခပေးနိုင်တာဟာ သတ္တိရှိတာနဲ့တခြားစီပဲဆိုတာကို နားလည်ဖို့လိုတယ်။ တချို့ ကိုယ့်စရိုက်နဲ့ ကိုယ့်ဆန္ဒနဲ့ တကယ်မကိုက်တဲ့အလုပ်တွေကိုလုပ်ပြီးတော့ အထိုက်အလျှောက်တော့ကြီးပွားနေတဲ့သူ၊ ချမ်းသာတဲ့သူတော့ ရှိတယ်။ ဒါပေမယ့် အဲဒီလိုလူတွေရဲ့အတွင်းစိတ်ကို သေသေချာချာအကဲခတ်ကြည့်၊ သူတို့ဟာ အတွင်းမှာတကယ်သတ္တိရှိတဲ့သူ မဟုတ်ဘူး။ ဒါကြောင့် အပေါ်ယံပစ္စည်းဥစ္စာတို့ ရာထူးတို့ကိုကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ ပြောလို့မရဘူး။ ပစ္စည်းဥစ္စာ ချမ်းသာချင်လည်းချမ်းသာနေမယ်၊ ရာထူးလည်း ရှိချင်ရှိနေမယ်။ ဒါပေမယ့် အတွင်းမှာတော့ သတ္တိနဲတဲ့သူဖြစ်နေနိုင်တယ်။

သူများကျေနပ်အောင်နေပေးရတာ လုပ်ပေးရတာ လုပ်ပြရတာ ကိုယ့်ရဲ့သတ္တိကို အခြေကနေတူးလိုက်သလိုဖြစ်တယ်။

တစ်ခါတလေ လူမှုရေးအရ လိုက်လျောရတာတွေတော့ နည်းနည်းပါးပါးရှိမှာပါနော်။ အမြဲတမ်း သူများကိုဆန့်ကျင်နေရမယ်လို့ မဆိုလိုပါဘူး။ ဆန့်ကျင်နေတာဟာ သတ္တိမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝမှာ အင်မတန်အရေးပါတဲ့ကိစ္စတွေမှာ ရေရှည်လုပ်ရမယ့်ကိစ္စတွေမှာ ကိုယ်ကြိုက်တာကိုရွေးချယ်ပြီးတော့မလုပ်ဘဲနဲ့ အများအကြိုက်ကိုလိုက်ပြီးတော့ နေရမယ်ဆိုရင် ကိုယ့်ရဲ့သတ္တိကို အရင်းအမြစ်ကနေ တူးပစ်လိုက်သလိုဖြစ်သွားတယ်။ အခုလို အများနောက်ကိုရောရောင်ပြီးတော့ လိုက်နေကြတဲ့ခေတ်မှာ သတ္တိရဲ့သိသာထင်ရှားတဲ့ အမှတ်သင်္ကေတလက္ခဏာဟာ ဘာလဲဆိုတော့ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ပေါ်မှာ ကိုယ့်ဟာကိုယ် ခိုင်ခိုင်မာမာရပ်တည်တာပဲ။ ခေါင်းမာမာနဲ့ တမင်တကာဆန့်ကျင်ဘက်လုပ်ချင်တဲ့ သဘောမျိုးကိုမဆိုလိုဘူး။ အလကားနေရင်း သူများကိုဆန့်ကျင်ဘက်လုပ်နေတာမျိုးကို မဆိုလိုဘူး။ အမှန်တော့ အကြောင်းမဲ့သူများကိုဆန့်ကျင်နေတာဟာ သတ္တိမဟုတ်ဘူး။ ကိုယ့်ကို သူများကတစ်ခုခုလုပ်ထားတာကို ကလဲ့စားချေတဲ့အနေနဲ့ တုန့်ပြန်တာဟာလည်း သတ္တိမဟုတ်ဘူး။
ကိုယ့်ခံယူချက်တွေကို ကိုယ်ယုံကြည်လို့ပဲ ခိုင်ခိုင်မာမာရပ်တည်တာပဲ။ "ဒီကိစ္စကို မှန်တယ်လို့ယုံကြည်တယ်၊ ဒါကို ဖြစ်အောင်ကြိုးစားမယ်။ ဒါကို အလျှော့မပေးနိုင်ဘူး" ဆိုတဲ့စိတ်ဓာတ်ဟာ သတ္တိပဲ။ ဘယ်သူ့ကိုမှ ဆန့်ကျင်ဘက်လုပ်နေတာမဟုတ်ဘူး။


တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရဖို့ ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုရထားတာကို မဆုံးရှုံးသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသားကာကွယ်တာ၊ ထိန်းသိမ်းတာဟာလည်း သတ္တိပါပဲ။ သူများအထင်ကြီးတာခံရဖို့၊ သူများကြိုက်ဖို့၊ ကိုယ့်ခံယူချက်နဲ့မကိုက်ညီတဲ့အလုပ်တွေကို လုပ်ပေးနေတာ၊ လုပ်ပြနေတာ၊ အခွင့်အရေးတစ်ခုခုရဖို့ ကိုယ့်ခံယူချက်နဲ့တကယ်မကိုက်ညီတဲ့အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာဟာ သတ္တိမရှိရာ ရောက်တယ်။
ကိုယ်က အရာရာတိုင်းကိုသိတဲ့သူမဟုတ်ဘူး။ ဒါကြောင့် တချို့ကိုယ့်အတွေးအခေါ် အယူအဆတွေဟာ အကုန်လုံးမှန်မယ်လို့လည်း ပြောလို့မရဘူး။ တချို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကလည်း အကုန်လုံးမှန်နေမယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်ဥာဏ်ရှိသလောက် ချင့်ချင့်ချိန်ချိန်စဉ်းစားပြီးတော့ တတ်နိုင်သလောက် အကောင်းဆုံးကိုရွေးချယ်ဆုံးဖြတ်ပြီးတော့ လုပ်သွားနိုင်မှသာ ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုယ့်ရဲ့သတ္တိက ဖွံ့ဖြိုးလာမှာပဲ။ အဲဒီလိုမှ မလုပ်ဘဲနဲ့၊ မှားမှာ ကြောက်လွန်းနေမယ်၊ ငါမှမသိသေးတာပဲဆိုပြီး ဆင်ခြေတွေပေးပြီးတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ့်ကိစ္စမှာ ကိုယ့်ဟာကိုယ်မဆုံးဖြတ်ဘဲနဲ့ သူများဆုံးဖြတ်ပေးတာကိုပဲ ခေါင်းငုံ့လက်ခံပြီးတော့ ကိုယ့်ဘဝကိုကိုယ်နေသွားမယ်ဆိုရင် တကယ်သတ္တိရှိတဲ့လူတစ်ယောက် ဖြစ်မလာနိုင်ဘူး။
ဒါကြောင့် ငါတတ်နိုင်သလောက်စဉ်းစားပြီးတော့ အကောင်းဆုံးကိုရွေးချယ်ပြီးတော့ လုပ်မယ်၊ အကယ်၍ ငါလုပ်တာဟာ လွဲသွားတယ်၊ မှားသွားတယ်ဆိုရင်လည်းပဲ အဲဒါကိုပါ သတ္တိရှိရှိလက်ခံပြီးတော့ ဘယ်လိုပြုပြင်ရင်အကောင်းဆုံးဖြစ်မလဲဆိုတဲ့ နည်းလမ်းကိုရှာပြီးတော့ သတ္တိရှိရှိပြုပြင်သွားမယ်။

အခုအချိန်ထိပြောခဲ့တာတွေအားလုံးကို သေချာပြန်ပြီး အကျဉ်းချုံးပြီး သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဘဝကိုကိုယ် ပီပီပြင်ပြင်နေသွားနိုင်ဖို့၊ ကိုယ့်ဘဝအဓိပ္ပါယ်ရှိဖို့၊ ကိုယ့်အရည်အချင်းတွေဖွံ့ဖြိုးဖို့၊ ကိုယ့်ကိုယ်ကိုချစ်နိုင်ဖို့၊ တန်ဖိုးထားနိုင်ဖို့၊ သူတစ်ပါးကိုလည်းပဲချစ်နိုင်ဖို့၊ တန်ဖိုးထားနိုင်ဖို့၊ ကိုယ့်အကျိုးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ဆိုတာနဲ့ အများအကျိုးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ဆိုတာမှာ အဆင့်တိုင်း အဆင့်တိုင်းမှာ သတ္တိလိုအပ်နေတယ်ဆိုတာကို တွေ့ရမယ်နော်။
ဘာကိုမှတန်ဖိုးမထားနိုင်တဲ့သူ၊ ကိုယ်တန်ဖိုးထားတာပေါ်မှာ ကိုယ်ယုံကြည်မှုမရှိတဲ့သူဟာ ကျန်တဲ့ ကောင်းတာတွေ သူ့ဘဝမှာ ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကိုယ့်ဘဝမှာ ကောင်းတာတွေများများဖြစ်လာနိုင်ဖို့ဆိုတာ မှန်ကန်တဲ့၊ ပြတ်သားတဲ့ခံယူချက်၊ ဦးတည်ချက်၊ တန်ဖိုးထားစရာတွေရှိပြီးတော့ အဲဒီကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိရပ်တည်နိုင်မှသာ အဲဒီကောင်းတာတွေဟာ ဖြစ်လာမယ်။ ဒါကြောင့် ပထမဦးဆုံး ရိုးရိုးသားသား ကိုယ့်ကိုယ်ကိုမေးပါ။
⚡⚡"ငါ ဘာကိုတန်ဖိုးထားသလဲ၊ အဲဒီ ငါတန်ဖိုးထားတာ ငါ့ဘဝမှာဖြစ်လာဖို့ ငါ သတ္တိရှိရှိရပ်တည်နိုင်ပြီလား။" မရပ်တည်နိုင်သေးဘူးဆိုရင် "ဘာဖြစ်လို့ မရပ်တည်နိုင်သေးတာလဲ။" အဲဒါကို ပြတ်ပြတ်သားသားမေးဖို့လိုတယ်။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)၏ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

လိုရာခရီးရောက်ဖို့ အလုပ်နှစ်မျိုး



ကျေးဇူးတော်ရှင် သာသနာပိုင် ဝါဆို ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို တရားလက်ဆောင်ပေးလိုပါတယ်။ အသစ်ထပ်မံပြီး ကျက်စရာမလိုပါဘူး။ ဆရာတော်၊ သံဃာတော်တွေ အမြဲရပြီးသား တချို့ လူပုဂ္ဂိုလ်တွေလည်း ရပြီးသား ဖြစ်ပါတယ်။

ဝါဆို ဆရာတော်ကြီးရဲ့ အဆိုအမိန့်က -
ဘုရားခိုင်းထားတာ နှစ်လုပ်ပဲ ရှိတယ်။ အဲဒီ နှစ်လုပ်ပဲ လုပ်ပါ။ သုံးလုပ်၊ လေးလုပ်၊ ငါးလုပ် လုပ်နေရင် ရှုပ်ကုန်လိမ့်မယ်။ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နှစ်မျိုးလုပ်ရပါ့မယ်´ တဲ့။

ဗုဒ္ဓဘာသာဝင်တွေမို့လို့ နိဗ္ဗာန် ရောက်ချင်တဲ့ဆန္ဒ ရှိတာပါ။ တကယ်တမ်းကျတော့ ဒီတရားတော်မြတ်ကြီးက ဗုဒ္ဓဘာသာဝင်တွေတင် မကဘူး၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြား ဘာသာဝင်များအတွက်လည်း တန်ဖိုးကြီးပါတယ်။

လိုရာခရီး ရောက်ဖို့လည်း နှစ်မျိုးပဲ လုပ်ရပါမယ်။
လူတိုင်း လူတိုင်း ခရီးသွားကြရပါတယ်။
လမ်းပကတိ လျှောက်တဲ့ခရီး ရှိသလို လုပ်ငန်းလုပ်တဲ့ ခရီးလည်း ရှိပါတယ်။ ရောင်းရေးဝယ်တာခရီးလည်း ရှိပါတယ်။ ပေါင်းရေးသင်းရေးခရီးလည်း ရှိပါတယ်။

ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။
ဘယ်သူပဲ ဖြစ်ဖြစ် လိုရာခရီးရောက်ဖို့ နှစ်မျိုးပဲ လုပ်ရပါမယ်။
နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း နှစ်မျိုးပဲ လုပ်ရပါမယ်။ ကျေးဇူးတော်ရှင် ဝါဆို ဆရာတော်ကြီးက အမိန့်ရှိပါတယ်။

အေး ... သာသနာပြုတာဝန်တွေ ဆောင်ရွက်နေတယ်။
ဟိုလုပ်၊ ဒီလုပ်နဲ့ စိတ်ရှုပ်စရာတွေ ကြုံနေရရင် ဒါကို အမြဲ နှလုံးသွင်းပါ။ တစ်နေ့တစ်ခါ ရွတ်ပါ။
လူတွေလည်း လိုရာခရီးကိုသွားဖို့ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး စသည်ဖြင့် အရေးအရာတွေကို ဆောင်ရွက်တဲ့အခါမှာ တစ်ခါတလေ စိတ်ပျက်လက်ပျက်၊ စိတ်အခန့်မသင့်တာတွေ ကြုံတွေ့ရလေ့ရှိမှာ ဖြစ်ပါတယ်။
အဲဒီအခါမှာ ဒီတရားလေးကို နှလုံးသွင်းလိုက်ပါ။ တအား ကျေးဇူးကြီးလွန်းလို့ ပြောတာပါ။

နှလုံးသွင်းရမယ့် တရားကတော့ နိဗ္ဗာန်ရောက်ချင်ရင် နှစ်မျိုးပဲ လုပ်စရာ ရှိပါတယ်။

အဲဒီ နှစ်မျိုးကတော့ .....
(၁) အခု ရဟန္တာ ဖြစ်အောင်လုပ်၊
(၂) ရဟန္တာ မဖြစ်သေးရင် ပါရမီဖြည့်ပါ။

ဗုဒ္ဓဘာသာဝင်တွေအတွက် ရဟန္တာ ဆိုတာလည်း သိတယ်။ ပါရမီ ဆိုတာလည်း သိပြီး ဖြစ်တယ်။
အခြား ဘာသာဝင်တွေအတွက် ရဟန္တာတို့၊ ပါရမီတို့ ဆိုတာ မသိရင်တောင်မှ လိုရာခရီးရောက်ချင်ရင် နှစ်မျိုးပဲ လုပ်ရမယ်ဆိုတာကို စိတ်ဝင်စားရင် စိတ်ဝင်စားပါမယ်။

လူမျိုးမရွေး၊ ဘာသာမရွေး ပြောရရင် လိုရာခရီးရောက်ချင်ရင် နှစ်မျိုးလုပ်ရပါ့မယ်။

အဲဒီ နှစ်မျိုးက -
(၁) ချက်ချင်း ရောက်အောင် သွားရင်သွား၊
(၂) ချက်ချင်း မရောက်ရင် ဖြေးဖြေးချင်းသွားပါ။

ပညာတတ် ဖြစ်ချင်ရင်လည်း နှစ်မျိုး လုပ်ရပါမယ်။
အဲဒီ နှစ်မျိုးက --

(၁) ခုချက်ချင်း ပညာတတ် ဖြစ်ရင် ဖြစ်၊
(၂) မဖြစ်ရင် ဖြေးဖြေးပဲ ပညာသင်ပါ။

လိုရာခရီးရောက်ဖို့က ချက်ချင်းရောက်အောင် သွားရင်သွားပါ။ ချက်ချင်း မသွားရင် ဖြေးဖြေးသွားပါ။ အဲဒီကျတော့ ဖြေးဖြေးသွားဆိုတဲ့ စကားလုံးက ပါရမီဖြည့်တာ မဟုတ်ဘူးလား။
ချက်ချင်းရောက်အောင် သွားရင်သွား၊ ချက်ချင်းသွားလို့ မရောက်သေးရင် အဲဒီ ဖြည်းဖြည်း ဖြည်းဖြည်း သွားနေတာပင်လျှင် ရောက်အောင်လုပ်နေတာ ဖြစ်ပါတယ်။

သူဌေးဖြစ်ချင်ရင် ချက်ချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်သေးရင် သူဌေးဖြစ်အောင် လုပ်နေရမယ်။ ပညာတတ် ချက်ချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်သေးရင် ပညာတတ်မယ့်အလုပ်မျိုး ဖြည်းဖြည်း ဖြည်းဖြည်း လုပ်ပေးရပါမယ်။

ပါရမီ ဆိုတာကတော့ အခြားဟာ မထင်ပါနဲ့။
ဟောဒီ စေတနာလေး၊ ဟောဒီ စေ့ဆော်မှုလေး၊ ဟောဒီ စိတ်ဓာတ်ကလေးက ဦးဆောင်ပြီး ကိုယ်အလိုရှိအပ်၊ တောင့်တအပ်တဲ့ ဟိုမှာ ဘက်ကမ်းကိုရောက်အောင် သွားနေတာပါ။
အဲဒါကို ပါရမီလို့ ခေါ်ပါတယ်။

ဆရာဝန်တစ်ယောက်အတွက် ဆရာဝန်ဖြစ်အောင် စာသင်နေတာ ပါရမီ ဖြစ်ပါတယ်။
အင်ဂျင်နီယာတစ်ယောက်အတွက် အင်ဂျင်နီယာဖြစ်အောင် စာသင်နေတာ ပါရမီ ဖြစ်ပါတယ်။
သူဌေးဖြစ်လိုတဲ့ လူတစ်ယောက်အတွက် သူဌေးဖြစ်အောင် စီးပွားရှာနေတာ ပါရမီ ဖြစ်ပါတယ်။ စိတ်စေတနာကောင်းလေးက ဦးဆောင်ပြီး တခြားစိတ်ဓာတ်ကောင်းလေးတွေရှိနေလို့ ပါရမီ ဖြစ်တယ်လို့ ပြောတာပါ။
ဒါက ပါရမီအဓိပ္ပါယ် နားလည်အောင် ရှင်းပြတာပါ။
ဒါပေမယ့် ဒါတွေကို ပါရမီလို့ မခေါ်နိုင်သေးပါ။
ပါရမီဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ပါရမီ၊ အရိယာအပေါင်း သူတော်ကောင်းတွေရဲ့ ပါရမီ၊ အဂ္ဂသာဝက, မဟာသာဝက, ပစ္စေကဗုဒ္ဓါ, ပကတိသာဝကတွေရဲ့ ပါရမီကျတော့ နိဗ္ဗာန်ရောက်အောင်သွားတာ ဖြစ်ပါတယ်။

လိုရာခရီးက နိဗ္ဗာန် ဖြစ်နေတာကိုး။ နိဗ္ဗာန် ရောက်အောင်သွားဖို့ နိဗ္ဗာန်ရောက်မယ့် အလုပ်တွေ လုပ်နေတာကိုက ပါရမီပါပဲ။
အဲဒီ သဘောတရားကို သဘောပေါက်ရင် ဆရာဝန်ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကလည်း ချက်ချင်း ဆရာဝန်ဖြစ်အောင် လုပ်ပါ။
ချက်ချင်း မလုပ်နိုင်ရင် ဖြည်းဖြည်းချင်း ဖြစ်အောင်လုပ်ပါ။
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရပါမယ်။
ကိုယ်ရောက်ချင်တဲ့အရပ်ကို ရောက်အောင် သွားရပါမယ်။
ဒီခရီးကို ရောက်ချင်ရင် ဒီခရီးကို သွားပါ။
ရောက်တာ မရောက်တာက သူ့အပိုင်း၊ သွားရမှာက ကိုယ့်အပိုင်းပါ။

မိဘများအနေနဲ့ သားသမီးများကို သူတို့တွေအပေါ်မှာ အားမလို အားမရ ဖြစ်လာတဲ့အခါ များများဆုံးမရန် မလိုပါ။ ဆူစရာလည်း မလိုပါ။
ဒီသဘောတရားလေးကို သဘောပေါက်အောင်ပြောရင် နားလည်ပါလိမ့်မယ်။

ကိုယ့်အလုပ် ကိုယ်လုပ်ရင်းနဲ့ သူတို့တစ်တွေ `ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာတယ်´ ဆိုတာ သိပါလိမ့်မယ်။
အဲဒီ ကိုယ့်အလုပ် ကိုယ်လုပ် ဆိုတာဟာ နိဗ္ဗာန်ရောက်မယ့် အလုပ်ဆိုရင် ပါရမီဖြည့်တယ် ခေါ်ပါတယ်။
အခြား စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုရင် နေ့စဉ် နေ့တိုင်း လုပ်နေတဲ့ အလုပ်တွေဟာ နိဗ္ဗာန်ရောက်အောင် ပါရမီဖြည့်သကဲ့သို့ ကိုယ်လိုချင်တဲ့ နေရာရောက်အောင် သွားနေတယ် ခေါ်ပါတယ်။
အခု သွားလို့ ရောက်ရင်ရောက်၊ မရောက်ရင် ကိုယ်နိုင်သလောက် လျှောက်ရင်းနဲ့ ရောက်သွားလိမ့်မယ်။

ပါရမီဆိုတာ မြင့်မြတ်တဲ့ သူတို့ရဲ့ အကျင့်၊ စိတ်ထားကို ပါရမီလို့ ခေါ်ပါတယ်။
ဘုန်းတော်ကြီး မြတ်စွာဘုရားကို အာရုံပြု ကြည့်လိုက်တော့ ဒီမှာဘက်ကမ်း အားလုံး သေရတာကနေ ဘယ်သူမှ မသေရတဲ့ ဟိုမှာဘက်ကမ်း နိဗ္ဗာန်ကို ကူးသွားတဲ့အတွက် ပါရမီပြည့်သွားတယ်လို့ ခေါ်ပါတယ်။

ကြီးကျယ်မြင့်မြတ်သော ကရုဏာ ရှိပေထသော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ အားကိုးရာသခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် အလုံးစုံသော ပါရမီ၊ ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်တော်မူတဲ့အတွက်ကြောင့် ပြည့်ခဲ့တဲ့အတွက်ကြောင့် ပြည့်ပြီး၍ ထူးမြတ် မွန်မြတ်လှစွာသော အရဟတ္တမဂ် သဗ္ဗညုတ ဉာဏ်တော်ကို ရောက်ခဲ့လေပြီ။

ဘုန်းတော်ကြီး မြတ်စွာဘုရား လိုရာခရီးရောက်သွားတယ်ဆိုတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း တဖြေးဖြေးချင်း လျှောက်ခဲ့ရပါတယ်။
လျှောက်ရလွန်းလို့ ဘုရားရှင် အဖြစ်တည်းဟူသော လိုရာခရီးရောက်ရတာပါ။
ပါရမီဖြည့်စဉ်ကာလ ရရှိလာတဲ့ အသိဉာဏ်တွေနဲ့ ဆိုင်ရာဆိုင်ရာ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ရပါတယ်။ ဒီ သဘောကို နားလည်စေချင်လို့ ကျေးဇူးတော်ရှင် သာသနာပိုင် ဆရာတော်ကြီးမိန့်တဲ့ သြဝါဒကို တရားလက်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ (လိုရာခရီးရောက်ဖို့ တရားတော်မှ)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

တိုက်ပွဲဝင် စကားလုံး



အရည်မရ အဖတ်မရ
ပစပ် (ပါးစပ်) သနတဲ့စကားလုံးတွေ ရှောင်ကြပါ။

တစ်ခါက ကမ္ဘာအေး မဟနရုံးမှာ
သာသနာတော်နဲ့ ဆန့်ကျင်တဲ့
ပြဇာတ်ခွေထုတ်သူတွေကို
ခေါ်ယူဆုံးမတော့
မင်းကွန်းဆရာတော်ကြီးလည်း ပါတယ်။
အဖွဲ့ဝင် ဆရာတော်တစ်ပါးက
စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့ ခပ်ရိုင်းရိုင်း
ပြောဆိုကြိမ်းမောင်းတဲ့အတွက်
မင်းကွန်းဆရာတော်က (ပါဠိဘာသာဖြင့်)
သံဃအဖွဲ့အစည်းဂုဏ်ကို ထိခိုက်စေမည့်
အမူအရာနဲ့ ဝေါဟာရများကို
မပြုလုပ် မပြောဆိုသင့်ကြောင်း
ဝင်ရောက်ဟန့်တားပါတယ်။

- အရှင်မြတ်တို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ
ဘယ်လောက်ပဲ မကျေနပ်တဲ့ ကိစ္စဖြစ်စေ
ရဟန်းပါးစပ်နဲ့ မတန်တဲ့ စကားလုံးများကိုတော့
ရှောင်တော်မူကြပါ ဘုရား။ ★

- တိုက်ပွဲဝင် စကားလုံးဆိုတာ
ဖရုသဝါစာတွေ မဟုတ်ပါဘူး၊
သစ္စဝါစာသာ ဖြစ်သင့်ပါတယ် ဘုရား။ ★

“ကာလဝါဒီ ဘူတဝါဒီ
အတ္ထဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ =
ချိန်ခါလည်းသင့်၊ ဟုတ်မှန်ကျိုးရှိ၊
အကြောင်းမိ၊ စည်းကမ်းညီ”
ဆိုသလိုပေါ့ ဘုရား။

ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း)
(ကောင်းကင်ခြိမ့်ခြိမ့် မြေသိမ့်သိမ့် စာအုပ်မှ)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

ကျေးဇူးပြု၍ မိနစ်နှစ်ဆယ် အချိန်ပေးပါ



တစ်ခါတုန်းက ဂေါတမလို့အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်၊ ဂေါတမမထေရ်ဟာ ပုဏ္ဏားမျိုးနွယ်စုကနေ မွေးဖွားလာသူပါ။
သမိုင်းကြောင်းအရဆိုရင် ရာဇဂြိုဟ်ပြည်မှာ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က တစ်နေ့တော့ သားလေး တစ်ယောက် မွေးဖွားပါတယ်။ ကလေးရဲ့အမည်ကို ''ဂေါတမ''လို့ အမည်ပေးလိုက်ကြပါတယ်။ ပုဏ္ဏားမျိုးရိုးမှာဖြစ်လို့ ပုဏ္ဏားတွေရဲ့ကျင့်စဉ်အတိုင်း ကျင့်ရပါတယ်။

ခုနစ်နှစ်အရွယ်ရောက်လာတော့ ပုဏ္ဏားတို့ လျှောက်လှမ်းတဲ့ကျင့်စဉ်အတိုင်း ရွှေငွေအလှူခံ လှည့်လည်ပါတယ်။ လှည့်လည်ရင်းနဲ့ အသပြာတစ်ထောင် ရလာပါတယ်။ ရလာတဲ့အသပြာတစ်ထောင်ကို တစ်နေရာမှာ အပ်နှံထားလိုက်ပါ တယ်။

ဒီလိုနဲ့ ပုဏ္ဏားကျင့်စဉ်လည်းကျင့်၊ ရွှေငွေလည်း လှည့်လည်အလှူခံရင်း တစ်ဆယ့်ခြောက်နှစ်သား ရောက်လာတော့ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကာမဂုဏ်စိတ်တွေက ရုပ်ကောနာမ်ကော တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ကာမဂုဏ်စိတ်တွေ နှိပ်စက်နေလို့ ပြည့်တန်ဆာမတစ်ယောက်ရဲ့အိမ်ကို သွားပါတယ်။ ရထားတဲ့ အသပြာတစ်ထောင်ကိုပေးပြီး တစ်ညတာ နေလိုက်ပါတယ်။ သူကျင့်နေတဲ့ အကျင့်မြတ်ဆိုတာလည်း ပျက်သွားပါတယ်။ ပြည့်တန်ဆာမကလည်း ဂေါတမပုဏ္ဏာလေးရဲ့ပုံစံကို ကြည့်ပြီး ''ကာမဂုဏ်မှာ အစိမ်းသက်သက်ပဲ''ဆိုတာ အတွေ့အကြုံအရ သိရလို့ သိပ်ပြီး စိတ်မပါတဲ့ပုံစံကို ပြပါတယ်။

ဂေါတမသတို့သားလည်း ပြည့်တန်ဆာမက ပြုံးပြုံးရွှင်ရွှင်မရှိတာနဲ့ တစ်ညအလွန်မှာပဲ ငြီးငွေ့တဲ့စိတ်တွေ ဖြစ် သွားပါတယ်။ ပြီးတော့ ''ငါ ကျင့်နေတဲ့အကျင့်မြတ်လည်း ပျက်ရသေး၊ ပိုက်ဆံလည်း ကုန်ရသေး၊ ငါမသင့်တာ လုပ်မိပြီ'' ဆိုပြီး စိတ်ဆင်းရဲသွားပါတယ်။ေ

ဂေါတမသတို့သားရဲ့စိတ်ဖြစ်နေပုံကို မြတ်စွာဘုရားရှင်က အဝေးက သိတော်မူပါတယ်။ အတိတ်ပါရမီတွေက လည်း ပြည့်စုံနေတာဖြစ်လို့ ဂေါတမသတို့သားရှိရာကို ကြွသွားပြီး ကိုယ်ထင်ပြပါတယ်။

ဂေါတမသတိုးသားက ဂေါတမဘုရားရှင်ကို ဖူးတွေ့လိုက်ရတော့ စိတ်ဆင်းရဲနေရာကနေ ကြည်လင်တဲ့စိတ်တွေ ပြန်ဖြစ်သွားပါတယ်။ ဒီတော့ မြတ်စွာဘုရားက ဂေါတမသတို့သားကို တရားဟောပြပေးပါတယ်။ တရားဟောကြားလိုက် တော့ သဒ္ဓါတရားတွေ ဖြစ်ပြီး ရှင်ပြုပေးဖို့ ခွင့်တောင်းပါတယ်။ အသက်မပြည့်သေးလို့ ရဟန်းတော့ ပြုလို့မရသေးပါဘူး။

ရှင်ပြုဖို့ ဆံချတဲ့အခါ ကမ္မဋ္ဌာန်းပွားများရင်း၊ ဆံချလို့ပြီးတာနဲ့ အရဟတ္တဖိုလ် ရသွားပါတော့တယ်။

(ဂေါတမထေရဝတ္ထု၊ ထေရအဋ္ဌကထာ ပထမတွဲ၊ စာမျက်နှာ ၃၂၄ )။

မထေရ်ရဲ့ နာမည်လေးက စာရေးသူတို့ မြတ်စွာဘုရားရဲ့နာမည်နဲ့ တူနေတာလေးရယ်၊ တရားရတာကလည်း တခြားနေရာမှာမဟုတ်ဘဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာလေးရယ်က စိတ်ဝင်စားစရာလေးပါ။ တိုက်တိုက်ဆိုင်ဆိုင် မြတ်စွာဘုရားနဲ့ နာမည်တူနေတာလေးကိုက စာရေးဖို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

သံဝေဂဖြစ်လိုက်တဲ့ အရွယ်လေးရယ်၊ ဖြစ်တဲ့နေရာရယ်၊ တရားရလိုက်တဲ့အရွယ်ရယ်က စိတ်ဝင်စားဖို့နဲ့ အားကျဖို့ သိပ်ကောင်းတာပါ။ ဆယ်ကျော်သက် ဆယ့်ခြောက်နှစ်ဆိုတော့ အတော့်ကို ငယ်ပါသေးတယ်။ လူ့ဘဝမှာ ပျော်လို့ပါးလို့ အကောင်းဆုံးအရွယ်လေးပါ။ လူငယ်အားလျှော်စွာ ပျော်လိုက်တာပါပဲ။ ဒါပေမဲ့ အပျော်ရဲ့အဆုံးသတ်က သူများနဲ့မတူပါဘူး။

မကောင်းတဲ့အိမ်ကို သွားမိပေမယ့်၊ အဲဒီအိမ်မှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာပါ။ ပြည့်တန်ဆာမအိမ်သွားတဲ့ သူတိုင်းတော့ တရားရကြတာ မဟုတ်ပါဘူး။ ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေတော့ ဝါသနာအားလျှော်စွာ သွားနေကြ တာပါပဲ။ ဒါပေမဲ့ တရားရသွားတယ်လို့တော့ မကြားမိသေးပါဘူး။ ရှိချင်တော့ ရှိနိုင်ပါတယ်။ တကယ်တော့ အတိတ် အတိတ်က ဖြည့်ကျင့်ခဲ့တဲ့ပါရမီတွေက အဓိကကျပါတယ်။ တရားရဖို့ ပါရမီပါလာတဲ့သူကတော့ ဘယ်နေရာမှာပဲဖြစ်နေ ဖြစ်နေ သူ့အတွက်တော့ အောင်မြေပါပဲ။ ဂေါတမသတို့သားလေးကတော့ ပြည့်တန်ဆာမအိမ်ဟာ သူ့အတွက် အောင်မြေ ဖြစ်သွားခဲ့ပါတယ်။

ဂေါတမမထေရ်လောင်းဟာ ဝိပဿီမြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ခဲ့ရပြီး ကြည်ညိုတဲ့ စိတ်အပြည့်နဲ့ ''အာမောဒ''ဆိုတဲ့ သစ်သီးလှူဒါန်းခဲ့ပါတယ်။ အဲဒီကုသိုလ်ကံကြောင့် သေလွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်က စုတေတော့ ကောင်းမြတ်တဲ့ ဘုံဘဝတွေမှာပဲဖြစ်ပြီး ကောင်းမြတ်တဲ့ပါရမီကုသိုလ်တွေကို ဘဝဆက်တိုင်း ဖြည့်ခဲ့ပါတယ်။ အဲဒီအတိတ်အတိတ်ပါရမီကုသိုလ်တွေကြောင့်ပဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရား ရသွား တာပါ။ ပါရမီမပါခဲ့ရင်တော့ သံဝေဂဖြစ်စရာလည်း အကြောင်းမရှိသလို တရားရစရာလည်း အကြောင်းမရှိပါဘူး။

ဒီတော့ ရောက်တဲ့ဘဝ၊ ရောက်တဲ့နေရာမှာ ပါရမီတွေတော့ ဖြည့်ကြရမှာပါ။ ပန်းတစ်ပွင့်ပဲလှူလှူ၊၊ ရေတစ်ခွက်ပဲ ကပ်ကပ်၊ တံမြက်စည်းတစ်ချက်ပဲလှဲလှဲ၊ ကော်ဖီတစ်ခွက်ပဲတိုက်တိုက်၊ လမ်းပျောက်နေတဲ့သူကို လက်ညှိုးတစ်ချောင်းပဲ ညွှန်ညွှန်၊ တွေ့တဲ့သူကို အပြုံးတချက်ပဲ ပြုံးပြုံး၊ အရာအားလုံးဟာ ပါရမီဖြည့်နေတာပါပဲ။

ရောက်နေတဲ့ဝန်းကျင်တစ်ခုမှာ ဝန်းကျင်ရဲ့ စိတ်ချမ်းသာစရာလေးတွေကို ပါရမီတစ်ခုအနေနဲ့ ဖြည့်နေကြရမှာပါ။

အမေရိကားမှာ ခရီးဝေးသွားပြီဆိုရင် လမ်းတစ်လျှောက်မှာ Rest Area ဆိုတာတွေ ရှိပါတယ်၊ အနားယူတဲ့နေရာလို့ ပြန်ရမယ်ထင်ပါတယ်။ တစ်ဧက တစ်ဧကခွဲလောက် ကျယ်ပါတယ်။ မြက်ခင်းတွေလည်း စိမ်းနေအောင် စိုက်ပေးထားပါ တယ်။ အဲဒီမှာ အမျိုးသမီးတွေအတွက် အိမ်သာ ခြောက်လုံး၊ အမျိုးသားတွေအတွက် အိမ်သာခြောက်လုံးဆိုပြီး စီစဉ်ပေး ထားပါတယ်။ အိမ်သာတွေကလည်းပဲ သန့်ရှင်းနေတာပါပဲ။ အိမ်သာတက်တဲ့သူတွေ သန့်စင်ခန်းကိစ္စပြီးတဲ့အခါ ခဏတဖြုတ်ထိုင်ရအောင် ပါလာတဲ့ စားစရာသောက်စရာတွေ ထိုင်စားလို့ရအောင်ဆိုပြီး ထိုင်ခုံစားပွဲတွေလည်း ပူးတွဲ လုပ်ပေးထားပါတယ်။

တစ်ခါတလေများ အိမ်သာလာတက်တဲ့လူတွေကို အဲဒီဒေသမှာ ရှိတဲ့လူတွေက ကွတ်ကီးမုန့်သုံးလေးမျိုးနဲ့ ကော်ဖီ တောင် တိုက်လိုက်ပါသေးတယ်။ အိမ်သာလာတက်တဲ့သူတွေကို ကော်ဖီနဲ့မုန့်တိုက်တယ်ဆိုတော့ ဗုဒ္ဓဘာသာ ရဟန်း တစ်ပါးအနေနဲ့ ဘယ်လိုသုံးသပ်ရမှန်းတောင် မသိတော့ပါဘူး။

သူတို့ဟာ ဗုဒ္ဓဘာသာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အပြုအမူတွေဟာ ဗုဒ္ဓဘာသာဆန်နေပါတယ်။ ပါရမီသဘောတွေကို မသိပေမယ့် သူတို့လုပ်တဲ့အလုပ်တွေက ပါရမီတွေဖြစ်နေတော့တာပါ။ ဒီလိုကုသိုလ်ကောင်းမှုတွေ ကြောင့်ပဲ အကျိုးပေးမှုတွေက ပေးချင်တိုင်းပေးနေသလား မပြောတတ်ပါဘူး။ သေလွန်တဲ့အခါမှာလည်း ကောင်းမြတ်တဲ့ ဘုံဘဝတွေကို ရောက်ကြရဦးမှာပါ။

ခရီးသွားတဲ့အခါ အိမ်သာတက်ချင်တဲ့ဒုက္ခဟာ ခရီးသွားသူတိုင်းမှာ ရှိပါတယ်။ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ဝန်းဝန်း ပတ်ဝန်းကျင် ပသာဒအလှတွေနဲ့ တက်လိုက်ရတော့ အိုဘားမားကို ကျေးဇူးမတင်ဘဲကို မနေနိုင်တော့ပါဘူး။ ဒါမျိုးလေးတွေ မြန်မာပြည်ခရီးလမ်းတစ်လျှောက်မှာ ထားပေးနိုင်ကြရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကို သူတို့အိမ်သာတွေ တက်တိုင်း တွေးမိပါတယ်။

ပါရမီတွေကတော့ ကိုယ်နိုင်သလောက်လေး ဖြည့်ကြရမှာပဲ၊ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ရဖို့အတွက် အထူးသဖြင့် ဝိပဿနာတရားကို အားထုတ်ကြရမှာပါ။ အလုပ်ကတော့ ဘယ်သူမှ မအားကြပါဘူး။ မအားတဲ့ကြားထဲက အနည်းဆုံး တစ်နေ့ကို မိနစ်နှစ်ဆယ်လောက်တော့ အချိန်ယူအားထုတ်ကြရမှာပါ။

မိနစ်နှစ်ဆယ်ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့အချိန်ကို ယူရမှာပါ။ မနက်အိပ်ရာထ အားထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောဆိုတော့ ဘာအာရုံမှ မတွေ့ရသေးတဲ့အတွက် စိတ်က ကြည်နေတာ များပါတယ်။ စိတ်ကြည်နေတော့ တရားမှတ်ရတာ ပိုလို့ကောင်းပါတယ်။

ဒီတော့ တရားကို ဘယ်အချိန်စမှတ်မလဲဆိုရင် တရားမှတ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က စမှတ်လိုက်ပါ။
ဥပမာ- မနက်ပိုင်း ကိုယ်လက်သန့်စင်ပြီး တရားမှတ်မယ်လို့ စိတ်ညွတ်လိုက်တာနဲ့ လှမ်းတဲ့ခြေလှမ်းကစပြီး မှတ်လိုက်ပါတော့။ မှတ်တော့မယ်ဆိုရင် စိတ်ကို ခြေထောက်ကိုပို့လိုက်ပါ။ မျက်လုံးကို လေးထောင့်ပဲကြည့်ပါ။ ခြေလှမ်း စလှမ်းတာနဲ့မှတ်ပါတော့။ ''ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်'' ''ကြွတယ်၊ ချတယ်'' ''ကြွတယ်၊ လှမ်းတယ်၊ ချတယ်'' စသည်ဖြင့် ကိုယ်နှစ်သက်ရာ စင်္ကြံမှတ်တစ်ခုခုနဲ့ စမှတ်သွားပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာပြီး ခြေထောက်ရွေ့သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေက ပညတ်တွေပါ။ ဝိပဿနာရှုဖို့ရာ မဟုတ်ပါဘူး။ ရွေ့ရွေ့ ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သတိထားမှတ်ရမှာပါ။

ဘုရားခန်းထဲရောက်လို့ တရားထိုင်ရမည့်နေရာရောက်လို့ တရားထိုင်ရတော့မယ်ဆိုရင် ရပ်နေတာလေးကိုပဲ ''ရပ်တယ် ရပ်တယ်''လို့ အချက်နှစ်ဆယ် သုံးဆယ်လောက် မှတ်လိုက်ပါဦး။ ''ရပ်တယ်၊ ရပ်တယ်''လို့ မှတ်တဲ့နေရာမှာ ခေါင်းကနေ ခြေဖျားအထိ တောင့်တင်းနေတဲ့သဘောကို သတိကပ်ရပါမယ်။ ထိုင်ရတော့မယ်ဆိုရင်လည်း ချက်ချင်း မထိုင်လိုက်ပါနဲ့ဦး။ ထိုင်ချင်တဲ့စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ထိုင်ချင်တဲ့စိတ်ကလေးက ထင်ရှားနေတတ်ပါတယ်။ အဲဒီထိုင်ချင်စိတ်ကလေးကို အာရုံပြုပြီး ''ထိုင်ချင်တယ်၊ ထိုင်ချင်တယ်'' ဆိုပြီး ထိုင်ချင်စိတ်ကလေးကို သတိကပ်ပြီး မှတ်ပါ။ ထိုင်ချင်တဲ့စိတ်မရှိဘဲ ထိုင်လို့မရပါဘူး။

ထိုင်ပြီဆိုမှ ထိုင်ချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ လေတွေက တွန်းချလိုက်တဲ့အတွက် အောက်ကို လေးလေးကျသွားတဲ့ သဘောလေးကိုပဲ သိနိုင်သမျှသိအောင် သတိကပ်ပြီး ''ထိုင်တယ်ထိုင်တယ်''လို့. ရှုမှတ်ရပါတယ်။ ထိုင်တယ်၊ ထိုင်တယ်လို့ ရှုမှတ်တဲ့ နေရာမှာလည်း ခေါင်း၊ ကိုယ်၊ ခြေ၊ လက် ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျ သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ရပါတယ်။ မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုပြီး မှတ်လို့ ကောင်းပါတယ်။
လက်ထောက်တော့ ''လက်ထောက်တယ်'' အားယူတော့ ''အားယူတယ်'' တင်ပါးနဲ့ကြမ်းပြင်နဲ့ထိတော့ ''ထိတယ်'' ဆိုပြီး မှတ်ရပါတယ်။

ဦးချရတော့မယ်ဆိုရင်လည်း ချက်ချင်း မချပါနဲ့ဦး၊ ဦးချချင်စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ဦးချချင် စိတ်ကလေးကို အာရုံပြုပြီး ''ဦးချချင်တယ်၊ ဦးချချင်တယ်''လို့ မှတ်ရပါတယ်။ ပြီးမှ ဦးချချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေက တွန်းချလိုက်လို့ အောက်ကိုလေးလေးကျသွားတာ၊ ညွတ်ညွတ်ကျသွားတာကိုပဲ ''ဦးချတယ်၊ ဦးချတယ်''လို့ မှတ်ရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျသွားတဲ့သဘောလေးကို သိရတာ ပရမတ်ပါပဲ။

နဖူးနဲ့ကြမ်းပြင်နဲ့ ထိတော့ ''ထိတယ်''၊ ဘုရားအာရုံပြုပြီးလို့ ထူချင်တော့ ''ထူချင်တယ်''။ ထူတော့ ''ထူတယ်''လို့ မှတ်ရပါတယ်။

''ထူတယ်၊ ထူတယ်''လို့ မှတ်တဲ့နေရာမှာ ထူချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့တက်သွားတာကိုပဲ သိနိုင်သမျှ သိအောင် စူးစိုက်မှတ်ရပါတယ်။ လက်ကလေးနဲ့ နဖူးနဲ့ထိတော့ ထိတယ်။ လက်ပြန်ချတော့ ''ချတယ် ချတယ်'' တင်ပလ္လင်ခွေဖို့ရာ ခြေထောက်ကွေးတော့ ''ကွေးတယ် ကွေးတယ်''။ ထိုင်ဖို့လက်ကလေး ကို ရင်ခွင်ထဲယူတော့ ''ယူတယ် ယူတယ်'' လက်ချင်းထပ်တော့ ''ထပ်တယ် ထပ်တယ်''၊ လက်ချင်းထိတော့ ''ထိတယ်၊ ထိတယ်'' စသည်ဖြင့် မှတ်ရပါတယ်။

ကိုယ်ထိုင်ချင်တဲ့ပုံစံအတိုင်း ရပြီဆိုရင်တော့ ကိုယ်အားထုတ်နေကျ ကမ္မဋ္ဌာန်းအတိုင်း ဝင်လေထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ် စမှတ်ရုံပါပဲ။

အချိန်စေ့လို့ ထရတော့မယ်ဆိုရင်လည်း ချက်ချင်း မထပါနဲ့ဦး၊ ထချင်တဲ့စိတ်ကလေးကို အရင်မှတ်လိုက်ပါဦး။ ''ထချင်တယ်၊ ထချင်တယ်'' ပြီးမှ ထချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့ တက်သွားတဲ့ သဘောလေးကိုပဲ ''ထတယ် ထတယ်'' လို့ စူးစိုက်မှတ်ရပါတယ်။ မတ်တပ်ရပ်တော့ ''ရပ်တယ် ရပ်တယ်'' မှတ်ရပါတယ်။ အဲဒီကျမှ တရားဖြုတ်ချင်လည်း ဖြုတ်ပါ။ ဒါမှမဟုတ် မိမိစလာခဲ့တဲ့နေရာအထိ ''ဘယ်လှမ်းတယ်၊ ညာလှမ်း တယ်'' စသည်ဖြင့် မှတ်သွားပြီး နေရာရောက်မှ တရားဖြုတ်ရုံပါပဲ။

ဒီနေရာမှာ ထိုင်တာနဲ့ထတာလေးကို အထူးသတိထားမှတ်ရပါတယ်။ တိတိကျကျ ခွဲရင်တော့ ထိုင်ချင်တာရယ်၊ ထိုင်တာရယ်၊ ထချင်တာရယ်၊ ထတာရယ်ပါ။ ထိုင်ချင်တယ်၊ ထိုင်တယ်၊ ထချင်တယ်၊ ထတယ်၊ ဒီလေးချက်ကို မဖြစ်မနေ မှတ်ရပါတယ်။ ဒီလေးချက်ကို သေချာ သတိကပ်မှတ်ရင် ဥာဏ်စဉ်သဘောလေးတွေ သိရတတ်တာ များပါတယ်။

ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်ပါ။ ဒါဆို နာမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သိသွားပါတယ်။ နာမ် ရုပ်ကို ပိုင်းခြားသိတာဟာ နာမရူပပရိစ္ဆေဒဥာဏ်ပါ။

''ထိုင်ချင်တဲ့စိတ်က ရှေ့က ပေါ်ပေါ်ပေးနေလို့ မှတ်သိစိတ်က နောက်ကလိုက်လိုက် မှတ်နေရတယ်။ ထိုင်ချင်တဲ့ စိတ်က အကြောင်း၊ တရားမှတ်သိစိတ်က အကျိုးတရား''ဆိုပြီး အကြောင်းနဲ့အကျိုးကိုလည်း ခွဲခြားသိသွားပါတယ်။ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာဟာ ပစ္စယပရိဂ္ဂဟဥာဏ်ပါ။

ချင်စိတ်ကလေးကို သတိထားမှတ်လိုက်တဲ့ယောဂီဟာ ဥာဏ်စဉ်နှစ်ခုတော့ ရသွားကြတာ များပါတယ်။ ဒါကြောင့် ထိုင်တာ ထတာ မှတ်တဲ့နေရာမှာ ချင်စိတ်ကလေးပါ တွဲမှတ်တတ်တာလေးကို အထူးလေ့ကျင့်ထားရပါမယ်။ ထိုင်တယ်၊ ထတယ်မှတ်တဲ့နေရာမှာလည်း မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုကောင်းပါတယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးကတော့ ခါးနာနေတဲ့ လူမမာလို မှတ်ရမယ်လို့ မိန့်ထားပါတယ်။ ခါးနာနေတော့ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်ခါးလေးကို ပိုနာသွားမှာစိုးလို့ ဖြည်းဖြည်းပဲ လုပ်လေ့ရှိပါတယ်။

ထိုင်တယ်၊ ထိုင်တယ်လို့ မှတ်တဲ့နေရာမှာ သေချာသတိထားမှတ်ရင် လေးလေးကျသွားတာလေးကို တွေ့ရပါ တယ်။ လေးလေးကျသွားတာလေးကို တွေ့ရတာဟာ ပထဝီဓာတ်နဲ့ အာပေါဓာတ်ကို တွေ့လိုက်ရတာပါပဲ၊ ပထဝီဓာတ်က အမာဓာတ်၊ မြေဓာတ်၊ အလေးဓာတ်။ အာပေါဓာတ်က ရေဓာတ်၊ အလေးဓာတ်၊ ဓာတ်ကြီးနှစ်ပါးကို တွေ့လိုက်ရတာပါပဲ။
''ပနှင့်အာမှာ ဓာတ်နှစ်ဖြာ၊ လေးတာ ထင်ရှားသည်'' ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်လည်း ရပါတယ်။ ပ,က ပထဝီဓာတ်၊ အာ,က အာပေါဓာတ်ပါ။

ဒီလိုပါပဲ ထတယ်၊ ထတယ်လို့ မှတ်တဲ့နေရာမှာလည်း သေချာသတိထားမှတ်လိုက်ရင်၊ ပေါ့ပေါ့တက်သွားတာ လေးကို တွေ့လိုက်ရပါတယ်။ ပေါ့ပေါ့တက်သွားတာလေးကို တွေ့လိုက်ရတာဟာ တေဇောဓာတ်နဲ့ ဝါယောဓာတ်ကို တွေ့လိုက်ရတာပါ။
တေဇောဆိုတာ အခိုးဓာတ်၊ အငွေ့ဓာတ်၊ အပေါ့ဓာတ်၊ ဝါယောဆိုတာ လေဓာတ်၊ အပေါ့ဓာတ်၊ ဓာတ်ကြီးနှစ် ပါးကို တွေ့လိုက်ရတာပါပဲ။
''တေနှင့် ဝါမှာ ဓာတ်နှစ်ဖြာ၊ ပေါ့တာထင်ရှားသည်''ဆိုတဲ့ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါ။ တေ,က တေဇောဓာတ်ပါ၊ ဝါ,က ဝါယောဓာတ်ပါ။

အရပ်ထဲမှာ ပြောပြောနေကြတဲ့ ဓာတ်ကြီးလေးပါး၊ စာထဲမှာ တွေ့တွေ့နေရတဲ့ ဓာတ်ကြီးလေးပါးကို ဝိပဿနာတရား ရှုမှတ်ပွားများလိုက်တဲ့အခါ ကိုယ်တိုင်လက်တွေ့ တွေ့လိုက်ရတာပါပဲ။

တရားမှတ်လို့ ရုပ် နာမ်ကွဲသွားတယ်၊ အကြောင်း အကျိုးသိသွားတယ်၊ ဓာတ်ကြီးလေးပါးကို သိလိုက်ရတယ် ဆိုရင် တရားအားထုတ်လိုက်ရတာ ကိုယ့်ကိုယ်ကို ကျေနပ်သွားတော့တာပါပဲ။

ဒါကြောင့် တရားမှတ်တဲ့နေရာမှာ ထိုင်ခါမှ စမှတ်တာထက် တရားထိုင်ဖို့ ခြေလှမ်းစလှမ်းတဲ့အချိန်က စမှတ်တာ တော့ အကောင်းဆုံးပါပဲ။ ဒါဆို တရားမှတ်ချက်ရေလည်း ပိုများသွားပါတယ်။ စင်္ကြံမှတ်ချက်တွေကော၊ ချင်စိတ်မှတ်ချက် တွေကော တွက်လိုက်ရင် ပုံမှန်ထက် ပိုများနေပါတယ်။ တင်ပလ္လင်ခွေထိုင်ခါမှ၊ ကြုံ့ကြုံ့ကလေး ထိုင်ခါမှစမှတ်ရင် တရားမှတ်ချက်ရေ နည်းနေပါလိမ့်မယ်။

တစ်နေ့မိနစ်နှစ်ဆယ်ဆိုတာ ဘယ်လောက်မှ မများပါဘူး။ ဒါပေမယ့် ရရှိလိုက်တဲ့ကျေနပ်မှုကတော့ ဘာနဲ့မှ ယှဉ်လို့မရပါဘူး။ အစမှာသာ ခက်ချင်ခက်နေမှာပါ။ အလေ့အကျင့်ရသွားလို့ စွဲသွားပြီဆိုရင်တော့ ပုံမှန်အလုပ်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ဘဝမှာ ကိုယ့်ဇနီးအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်ခင်ပွန်းအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်သားသမီး၊ ကိုယ့်မိသားစုအတွက်လည်း ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကိုယ့်အတွက် မိနစ်နှစ်ဆယ်လောက်လေးတော့ အချိန်ပေးသင့်ပါတယ်။ သေဖို့ကလည်း တစ်နှစ်နဲ့တစ်နှစ်၊ တစ်လနဲ့တစ်လ၊ တစ်ရက်နဲ့တစ်ရက် တဖြည်းဖြည်း နီးနီိးလာပါပြီ။

ဘာပဲဖြစ်ဖြစ်လေ.... ကျေးဇူးပြုပြီး မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးလိုက်ပါ။ အဲဒီ မိနစ်နှစ်ဆယ်ဟာ သံသရာအတွက် ပါရမီကောင်းတွေဖြစ်သွားမှာတော့ အမှန်ပါပဲလေ......။

သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ဣနြေ္ဒထက်ကြောင်း(၉)ပါး ။ News Watch ဂျာနယ် ၃၀-၁၂-၂ဝ၁၄ ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

ဘဝမှာ မိတ်ဆွေဘယ်နှစ်ယောက်လိုသလဲ”



တစ်ခါတုန်းကဒမိဠဒေါဝါရိကဆိုတဲ့ဒကာတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူ့ရဲ့နေစဉ်အလုပ်က မနက်စောစော ထပြီး ငါးသွားသွားဖမ်းတဲ့တံငါသည်အလုပ်ပါ။ ရလာတဲ့ငါးတွေကို ရောင်းလည်းရောင်း အိမ်အတွက်လည်း ဟင်းစား အဖြစ် ချက်ပြုတ်စားသောက်ပါတယ်။ နှစ်ပေါင်း (၅၀) လုံးလုံး ငါးဖမ်းတဲ့အလုပ်ကိုပဲ လုပ်ခဲ့ပါတယ်။

အသက်အရွယ်ရလာတော့ ငါးမဖမ်းနိုင်တော့ဘဲ အိပ်ရာကုတင်ပေါ်မှာပဲ လှဲနေရပါတယ်။ နောက်ပိုင်းမှာတော့ ထတောင်မထနိုင်တော့ပါဘူး။ ဒါပေမယ့် ဒမိဠဒေါဝါရိကကို မေတ္တာထားတဲ့ရဟန်းတစ်ပါးရှိပါတယ်။ မထေရ်နာမည်က စူဠပိဏ္ဍပါတိကဿမထေရ်ပါ။

စူဠပိဏ္ဍပါတိကဿမထေရ်က “ဒီဒကာကြီး ငါ့မျက်စိရှေ့မှာတော့ မပျက်စီးသင့်ဘူး”ဆိုပြီး ဒမိဠဒကာကြီးရဲ့ အိမ်ရှေ့ကိုသွားရပ်ပါတယ်။ ဒီတော့ ဇနီးလုပ်သူက “ချစ်လင် စူဠပိဏ္ဍပါတိကဿမထေရ်ကြွလာတယ်” လို့သွား ပြောပါတယ်။ ဒမိဠက “ငါအနှစ်ငါးဆယ်လုံးလုံး မထေရ်ဆီကိုတစ်ခါမှ မသွားခဲ့ဖူးဘူး၊ ငါ့ကျေးဇူးဘာရှိလို့ မထေရ်က ငါ့ဆီလာတာလဲ၊ ကန်တော့ဆွမ်းလို့သာပြောလိုက်ပါကွာ”လို့ ဇနီးကိုပြန်ပြောခိုင်းလိုက်ပါတယ်။

ဒမိဠက ကန်တော့ဆွမ်းလို့ဆိုပေမယ့်လည်း စူဠပိဏ္ဍပါတိကဿမထေရ်ကတော့ မူလရည်ရွယ်ချက်ကို အပျက်မခံဘဲ “ဒကာမ… ဒကာရဲ့ခန္ဓာကိုယ်နေရတဲ့အနေအထားက ဘယ်လိုရှိလဲ”လို့ စမေးလိုက်ပါတယ်။ ဇနီး လုပ်သူက “အရှင်ဘုရား ခန္ဓာကိုယ်အတော်အားနည်းနေတယ်”လို့ပြန်လျှောက်ပြပါတယ်။ ဒီတော့ စူဠပိဏ္ဍပါတိကဿမထေရ်လည်း ဒမိဠအပေါ်မေတ္တာထားတဲ့စိတ်ကိုရင်ထဲထားပြီး အိမ်ထဲကိုဝင်လိုက်ပါတယ်။ ပြီးတော့ ဒမိဠအနား ကိုသွားပြီး “ငါးပါးသီလယူနိုင်မလား”လို့ စမေးလိုက်ပါတယ်။ ဒမိဠကလည်း “ယူပါမယ်” ဆိုတဲ့အကြောင်းပြန်လျှောက် ပါတယ်။

မထေရ်က ငါးပါးသီလကို စပေးပါတယ်။ သရဏဂုံသုံးပါးအထိတော့ အသံယဲ့ယဲ့နဲ့ ဆိုနိုင်ပါသေးတယ်။ ဒါပေမယ့် ပါဏာတိပါတာ စဆိုတဲ့အခါမှာတော့ လျှာကအောက်ကို တွဲကျသွားပါတယ်။ ဆက်မဆိုနိုင်တော့ပါဘူး။ နောက် ဒမိဠလည်း အသက်ပါတစ်ခါတည်း ထွက်သွားပါတော့တယ်။

သေလွန်တော့ စတုမဟာရာဇ်နတ်ပြည်မှာ သွားဖြစ်ရပါတယ်။ နတ်သားတဖြစ်လဲ ဒမိဠလည်း “ငါ ဘာ့ကြောင့် များ နတ်ပြည်မှာဖြစ်ရလဲ”လို့ဆင်ခြင်ကြည့်လိုက်တော့ မထေရ်မြတ်ရဲ့ကျေးဇူးကြောင့်ဆိုတာ သိလိုက်ရပါတယ်။ ဒါနဲ့ မထေရ်ရှိရာကို ချက်ချင်းပဲသွားပါတယ်။ မထေရ်ဆီရောက်တော့ “အရှင်ဘုရား… ဒမိဠဒေါဝါရိကပါဘုရား။ အခု စတု မဟာရာဇ်နတ်ပြည်မှာ ဖြစ်ရပါတယ်ဘုရား။ တကယ်လို့သာ အရှင်ဘုရားက ငါးပါးသီလကို ဆုံးအောင်သာပေးခဲ့ရင် တပည့်တော် တာဝတိံသာနတ်ပြည်မှာ ဖြစ်ရမှာပါဘုရား”လို့ လျှောက်ပါသတဲ့။ “အော်… နတ်သားရယ် သင်က ငါးပါး သီလဆုံးအောင်မှ မယူနိုင်တော့တာဘဲ”လို့ ပြန်မိန့်လိုက်ပါတယ်။
နတ်သားတဖြစ်လဲ ဒမိဠဒေါဝါရိကလည်း မထေရ်ကို ရိုရိုသေသေရှိခိုးပြီး စတုမဟာရာဇ်နတ်ပြည်ကို ပြန်သွား ပါတော့တယ်။
(အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ဒု-တွဲ စာမျက်နှာ-၁၀၇)

မထေရ်မြတ်ရဲ့လျှပ်တစ်ပြက်အပြုအမူက ဒမိဠဒကာအတွက် လျှပ်တစ်ပြက်အကျိုးရှိသွားခဲ့ပါတယ်။ တစ်သက် လုံး အကုသိုလ်လုပ်ခဲ့တဲ့လူတစ်ယောက် အသက်ထွက်ခါနီးမှာ ဝိပဿနာတရားဟောပြလို့မဖြစ်နိုင်တော့သလို ဒါန ကောင်းမှုတစ်ခုပြုဖို့ တိုက်တွန်းလို့လည်း ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အနေအထားပါ။ ဒါကြောင့် အသက်ထွက်ခါနီး လူတစ်ယောက်ခံယူနိုင်တဲ့ကျင့်စဉ်လေးကိုပဲ ပေးလိုက်တာပါ။ ဒါတောင် ငါးပါးသီလကို ဆုံးတဲ့အထိယူမသွားနိုင်တော့ ပါဘူး။ စူဠပိဏ္ဍပါတိကဿမထေရ်ရောက်မလာဘဲ ဒီအတိုင်းအသက်ထွက်သွားခဲ့ရင်တော့ နောက်ဘဝအတွက်က မတွေးဝံ့စရာပါဘဲ။

ဘုရင့်ဆီမှာ အနှစ်(၅၀)လုံးလုံး ရာဇဝတ်သားတွေကိုသတ်သတ်ပေးခဲ့ရတဲ့ တမ္ဗဒါဌိက အာဏာပါးကွက်သား ဒကာကြီးကျတော့ အရှင်သာရိပုတြာက ဃနာနို့ဆွမ်းလှူနိုင်အောင် စီစဉ်ပေးရုံတင်မကဘဲ တရားကို သင်္ခါရုပေက္ခ ဉာဏ်အထိရောက်အောင်လည်း အေးအေးဆေးဆေး သေချာဟောပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သေလွန်တဲ့အခါ တုသိတာနတ်ပြည်မှာဖြစ်ရပါတယ်။

တစ်ယောက်က ငါးတွေကိုတစ်သက်လုံးသတ်ခဲ့တယ်၊ တစ်ယောက်က ဘုရင့်အတွက်ရာဇဝတ်သားတွေကို တစ်သက်လုံးသတ်ပေးခဲ့ရတယ်။ ကူညီဖေးမပေးမယ့် မိတ်ကောင်းဆွေကောင်းရဟန်းနှစ်ပါးကတော့ ဟောတဲ့တရား မတူပေမယ့် နောက်ဆုံးအချိန်မှာ အကောင်းဆုံးကူညီပေးသွားခဲ့ပါတယ်။

ပါရမီပါခဲ့တဲ့သူတချို့ဆိုရင်တော့ တရားနာရင်း သောတာပန် သကဒါဂါမ်စသည်တွေ ဖြစ်သွားခဲ့ပါတယ်။ အထက်ကနှစ်ယောက်ကတော့ တရားထူးရလောက်အောင် ပါရမီတွေတော့ပါခဲ့ဟန်မတူပါဘူး။ ဒါပေမယ့် ဒုဂ္ဂတိဘဝ ကို မကျရောက်တော့ဘဲ သူတို့အတွက်တော့ ကံကောင်းစရာမိတ်ဆွေကောင်းတွေ့လိုက်ခြင်းပါပဲ။ သံသရာကူး မြောက်ဖို့အတွက် ဘဝမှာမိတ်ဆွေကောင်းတွေလည်း မဖြစ်မနေလိုအပ်ပါတယ်။

တစ်ခုတော့ရှိပါတယ်၊ နိဗ္ဗာန်ရဖို့အတွက် ဝိပဿနာရှုနည်းတွေ ဖြစ်ခိုက်ရုပ်နာမ်ရှုပုံတွေ စိတ်ကိုရှုပုံတွေ ပညတ်ပရမတ်ခွဲပုံတွေ ဂုဏ်တော်မေတ္တာပွားပုံတွေ သီလဆောက်တည်ပုံ ဒါနပြုပုံတွေ ပြောပြပေးမယ့်လောကုတ္တရာ မိတ်ဆွေတော့ရှိပါရဲ့ လောကီလူမှုနယ်ပယ်မှာ ဘဝဖြတ်သန်းမှုကိုကူညီမယ့် မိတ်ဆွေကောင်းမရှိပြန်ရင်လည်း ဘဝကို ပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရမှာပါ။ ဘဝကိုပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရရင် ဘဝကပျော်နိုင်မှာမဟုတ်ပါဘူး။ အလုပ်အကိုင်အဆင်မပြေရင် တရားကိုလည်းကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လောကထဲမှာနေတဲ့ အတွက် လောကီမိတ်ဆွေတွေလည်း သဘာဝတစ်ခုအနေနဲ့ လိုအပ်နေပြန်ပါတယ်။

တချို့များ မိတ်ဆွေကောင်းနဲ့တွေ့ပြီး အလုပ်လုပ်ဖို့ ငွေအရင်းအနှီးထုတ်ပေးရုံမက လုပ်ငန်းသဘာဝလည်း သွန်သင်ပေးလို့ ကြီးပွားချမ်းသာသွားတဲ့လူတွေ အများကြီးရှိပါတယ်။ တကယ့်လောကီမိတ်ဆွေကောင်းနဲ့တွေ့လိုက် ရင် တစ်သက်လုံးချမ်းသာသွားတော့တာပါ။

ဒါပေမယ့် လောကီမိတ်ဆွေကောင်းတွေ့လို့ ဘဝမှာချမ်းသာပါရဲ့ သံသရာကူးမြောက်ဖို့ လောကုတ္တရာ မိတ်ဆွေကောင်းမရှိပြန်ရင်လည်း သံသရာက အရှည်ကြီးရှည်နေရပါဦးမယ်။ ဒီကြားထဲ အဆင်မပြေမှုလောကဓံဆိုး တွေလည်း ကြုံလာနိုင်ပါတယ်။

ဒါဆို လူ (၄) မျိုးထွက်လာပါလိမ့်မယ်။
၁။ လောကုတ္တရာမိတ်ဆွေရှိတယ် လောကီမိတ်ဆွေမရှိဘူး။
၂။ လောကီမိတ်ဆွေရှိတယ် လောကုတ္တရာမိတ်ဆွေမရှိဘူး။
၃။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောမရှိဘူး။
၎။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောရှိတယ်။
လူ(၄)မျိုးထဲမှာ ကိုယ်ကဘယ်ထဲမှာပါနေတာလည်းဆိုတာ ပြန်သုံးသပ်ရမှာပါ။

ဒီတော့ ဘဝမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေလိုအပ်နေတော့တာပါ။

တစ်ခုတော့ရှိပါတယ်၊ ဘဝကိုလောကီနယ်ပယ်မှာ လက်တွေ့ဖြတ်သန်းနေရတာဆိုတော့ လောကီမိတ်ဆွေ ကိုအရင်ရှာတတ်ကြတာ သဘာဝတစ်ခုပါပဲ။ လောလောဆယ် စားဝတ်နေရေးကို ဖြေရှင်းနေရတာဆိုတော့ လောကုတ္တရာကိစ္စကို ခဏမေ့ထားရတဲ့သဘောပါ။ ဒီတော့ လက်တွေ့ဖြတ်သန်းနေရတဲ့ လောကီနယ်ပယ်ထဲက လောကီ မိတ်ဆွေတွေကို အရင်ရှာရတော့တာပါ။

ဒီနေရာမှာ မြတ်စွာဘုရားက မိတ်ဆွေဖွဲ့ထိုက်သူရဲ့ အင်္ဂါ (၇) ပါးကို အင်္ဂုတ္တိုရ်မှာ ဟောပြထားပါတယ်။
၁။ ဒုဒ္ဒဒံ ဒဒါတိ = ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတတ်ခြင်း။
၂။ ဒုက္ကရံ ကရောတိ = ပြုပေးနိုင်ခဲလှတဲ့အမှုကို ပြုပေးတတ်ခြင်း။
၃။ ဒုက္ခမံ ခမတိ = သည်းခံနိုင်ခဲလှတဲ့အရာများကို သည်းခံပေးတတ်ခြင်း။
၎။ ဂုယှ ဿ အာဝိကရောတိ= သူ့ရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုပြောပြတတ်ခြင်း။
၅။ ဂုယှ ဿ ပရိဂူဟတိ= ကိုယ့်ရဲ့လျှိုဝှက်ချက်ကို လျှိုဝှက်ပေးထားတတ်ခြင်း။
၆။ အာပဒေသု နဇဟတိ = ဘေးရန်ရှိလာတဲ့အခါ စွန့်မထားတတ်ခြင်း။
၇။ ခီဏေန နာတိမညတိ = ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ အထင်မသေး တတ်ခြင်း။
မြတ်စွာဘုရားရှင်က ဒီအင်္ဂါ (၇)ပါးနဲ့ညီတဲ့သူကို မိတ်ဆွေဖွဲ့ထိုက်ပါတယ်လို့ ဟောပြထားပါတယ်။

ဘဝခရီးအတွက် မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် အထက်ကအင်္ဂါ (၇) ချက်နဲ့ချိန်ဆပြီးဖွဲ့ရမှာပါ။

တကယ့်မိတ်ဆွေကောင်းဟာ ညီအစ်ကိုမောင်နှမသွေးရင်းကတောင် ပေးနိုင်ခဲတဲ့ပစ္စည်းကိုပေးတတ်သလို တခြားသူတွေ တွေးတောင်မတွေးရဲတဲ့အလုပ်ကိစ္စတွေကိုလည်း ပြုလုပ်ပေးတတ်ပါတယ်။ ကိုယ်ကဘာတွေပဲ သူ့အပေါ်ပြောလိုက်ပြောလိုက် ဘာတွေပဲပြုလိုက်ပြုလိုက် ပြုံးပြုံးပြုံးပြုံးနဲ့ သည်းခံနေတတ်ပါတယ်။ သူ့ရဲ့လျှို့ဝှက် ချက်ကို ကိုယ့်ကိုပြောပြတတ်သလို ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်း ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ပေးထားတတ်ပါ တယ်။ ဘေးရန်ကြုံလာတဲ့အခါ စွန့်ခွါမသွားတတ်သလို ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ တွေမှာလည်း ကိုယ့်ကိုအထင်မသေးတတ်ပါဘူး။

အဲဒီလိုမိတ်ဆွေမျိုးနဲ့မိတ်ဆွေဖြစ်ခွင့်ရတဲ့အခါ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ကွာဝေးမသွားသင့်ပါ ဘူး။ သူဟာကိုယ့်အနားမှာ အမြဲရှိနေရမှာဖြစ်သလို ကိုယ်ဟာလည်းသူ့အနားမှာအမြဲရှိနေရမှာပါ။

တော်တော်များများက ပိုက်ဆံရှိတုန်း ချမ်းသာတုန်း အောင်မြင်တုန်းသာ ခင်ချင်ကြတာပါ။ ဆင်းရဲသွားတဲ့အခါ ကျရှုံးသွားတဲ့အခါ လမ်းတွေ့ရင်တောင် ခေါ်ဖို့နေနေသာသာ ရှောင်တောင်သွားတော့တာပါ။ ဒါက တကယ့် လက်တွေ့တွေပါပဲ။ တကယ့်မိတ်ဆွေအစစ်ကတော့ ကိုယ်ဘယ်ဘဝ ဘယ်အခြေအနေပဲရောက်နေရောက်နေ ကိုယ့်အနားက ခွါမသွားပါဘူး။ တခါတလေကျတော့လည်း ကိုယ်တကယ်ဒုက္ခရောက်တော့မှပဲ မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်ကို ခွဲသိရတော့တာပါ။

တစ်ခုတော့ရှိပါတယ်၊ ကိုယ့်ရဲ့မိတ်ဆွေက အင်္ဂါ(၇)ချက်နဲ့ညီညီ ပြုံးပြုံပြုံးပြုံးနဲ့ ကိုယ့်ကိုအမြဲဆက်ဆံပေမယ့် ကိုယ်ကတော့ပြုံးတစ်လှည့်မဲ့တစ်လှည့် ခေါ်တစ်လှည့်မခေါ်တစ်လှည့်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကိုယ်ကိုယ်တိုင် ကလည်း မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ညီအောင် ပြန်လည်ပြုမူဆက်ဆံနိုင်ရပါမယ်။ သူကလည်းကိုယ့်ကို မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့ဆက်ဆံတယ်၊ ကိုယ်ကလည်းသူ့ကို မိတ်ဆွေအင်္ဂါ (၇)ချက်နဲ့ဆက်ဆံနေမယ်ဆိုရင် ဘဝဖြတ်သန်းမှုက ပျော်စရာကြီးပါ။ ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် အရင်တည်ဆောက်ယူရင် ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ပြီးသားဖြစ်သလို မိတ်ဆွေကောင်းတွေလည်း ကိုယ့်ဆီကိုရောက်ရောက်လာတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက မိတ်ဆွေကောင်းအင်္ဂါရှိတဲ့သူကိုပဲ မိတ်ဆွေဖြစ်ချင်ကြလို့ပါ။ ဒီဘဝချစ်ချစ်ခင်ခင်ဆက်ဆံသွားရင် သံသရာအဆက်ဆက်နိဗ္ဗာန်ရတဲ့အထိ ပါရမီဖြည့်ဖက်မိတ်ဆွေတွေအဖြစ် ရေစက်ဆုံသွားပါလိမ့်မယ်။ ဥပမာ-မြတ်စွာ ဘုရားနဲ့အရှင်အာနန္ဒာ၊ အရှင်သာရိပုတြာနဲ့အရှင်မဟာမောဂ္ဂလာန်၊ မြတ်စွာဘုရားနဲ့ယသောဓရာ၊ အရှင်မဟာ ကဿပနဲ့ဘဒ္ဒါကာပိလာနီတို့လိုပုံစံမျိုးအထိ ပြောင်းလဲသွားနိုင်ပါတယ်။

မိတ်ဆွေကောင်းရှာတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုက အရင်ကမတွေ့ဖူး မမြင်ဖူးပေမယ့် အတိတ် ဘဝတွေက ချစ်ခင်ခဲ့တဲ့စိတ်တွေကြောင့်လည်း မြင်လိုက်တာနဲ့ အကျွမ်းတဝင်ချစ်ခင်တဲ့စိတ်ဖြစ်သွားတတ်တယ်လို့ မြတ်စွာဘုရားရှင်က သာကေတဇာတ်မှာဟောပြထားပါတယ်။ ဒါတွေကတော့ တွေ့ဖူးကြမှာပါ။ မြင်လိုက်တာနဲ့ ချစ်ခင်စိတ်ဖြစ်ပြီး တစ်သက်လုံးမိတ်ဆွေကောင်းတွေဖြစ်သွားကြတာပါ။ ဒါတွေကိုထောက်ပြီး ဘဝအဆက်ဆက်က ချစ်ခင်ခဲ့တဲ့မေတ္တာဓာတ်တွေကြောင့်လည်း သံသရာကမိတ်ဆွေကောင်းတွေကို ဒီဘဝမှာပြန်တွေ့ရတတ်ပါတယ်။ ဒီလိုသံသရာကချစ်ခဲ့ရသူတွေဆိုရင်တော့ နောင်ဘဝအဆက်ဆက်လည်းပြန်တွေ့ကြရဦးမှာပါ။ ဘဝတွေပြန်လည် ဆုံတွေ့ကြရင်းနဲ့ ပါရမီတွေအတူတူဖြည့်ဖြစ်ကြတော့မှာပါ။

ဒါဆိုဘဝမှာ သံသရာကူးမြောက်ဖို့အတွက် ဖေးမလမ်းညွှန်ပေးမယ့်မိတ်ဆွေကော၊ လောကီလူမှုနယ်ပယ်မှာ လွယ်လွယ်ကူကူချမ်းချမ်းသာသာဖြတ်သန်းဖို့အတွက် ကူညီပံ့ပိုးမယ့်မိတ်ဆွေကော မိတ်ဆွေနှစ်ယောက်လိုအပ်နေပါ တယ်။ အဆင့်မြင့်မြင့်ပြောရရင်တော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော လိုအပ်ပါတယ်။ ဘဝဖြတ် သန်းမှုမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော ဟန်ချက်ညီညီတွဲပါလာနိုင်ပါမှ ဘဝကအဆင်ပြေပြေ ဖြစ်မှာပါ။ တစ်ဖက်ဖက်ကအားနည်းနေရင် ဟန်ချက်ပျက်နေရင် ဘဝမှာဣနြေ္ဒမရဖြစ်တတ်ပါတယ်။ ဒီတော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေရှာရတော့မှာပါ။

လောကီမိတ်ဆွေကောင်းကိုရပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လောကုတ္တရာမိတ်ဆွေကောင်းကို ရပြီးဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လက်တွေ့မျက်မြင်လောကမှာတွေ့တွေ့နေရတာဆိုတော့ မိတ်ဆွေတွေထဲ ကပဲ မိတ်ဆွေနှစ်ယောက်ကိုရှာရတော့မှာပါ။

တချို့အမျိုးသမီးတွေဆို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သေချင်လောက်အောင် သောကအပူမီးတောက် လောင်နေတဲ့အချိန်မှာ လောကုတ္တရာမိတ်ဆွေကောင်းကိုတွေ့လိုက်ရလို့ တရားအလုပ်ကိုလုပ်ရင်း အေးငြိမ်းလှတဲ့ ဘဝပိုင်ရှင်ဖြစ်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးပါ။ ဒါတင်မကပါဘူး သံသရာအတွက်ပါ အများကြီးအထောက် အကူဖြစ်သွားတော့တာပါ။ နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုရောဂါမျိုးကို စိတ်ရောဂါအထူးကုဆရာဝန်ဆီမှာ ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး နှစ်နဲ့ချီကုရတော့တာပါ။ အပူတွေထဲက အခံရခက်တဲ့အပူတစ်ခုပါပဲ။ ဒီတော့ လောကုတ္တရာ မိတ်ဆွေလည်း မဖြစ်မနေလိုအပ်တာပါ။

“သူကတော့ မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့မညီဘူး၊ ဒါကြောင့်မဆက်ဆံဘူး”ဆိုပြီး အဲဒီလိုလည်း ပစ်ပယ်ပစ်ရမှာ မဟုတ်ပါဘူး။ ကိုယ်သတ်မှတ်တဲ့ အင်္ဂါ (၇) ချက်နဲ့မညီပေမယ့်လည်း အဆင့်တစ်ခုအနေနဲ့ထားပြီး ကိုယ်ကသူ့ကို မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ နေထိုင်ပြုမူဆက်ဆံပြရမှာပါ။ အကျိုးရလာဒ်ကတော့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွားတော့ တာပါပဲ။

တချို့ဆိုတစ်ယောက်တည်းကပဲ လောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော နှစ်ဖက်ရဖြစ်နေတာပါ။ ဆိုလိုတာက တစ်ယောက်တည်းကပဲ အစားလည်းကျွေး တရားလည်းပေးတဲ့မိတ်ဆွေမျိုးပါ။ အဲဒီလိုမိတ်ဆွေမျိုးရရင် တော့ အတိုင်းထက်အလွန် ကံကောင်းတယ်လို့ပြောရတော့မှာပါ။

ဘာပဲပြောပြောလေ ဘဝမှာလောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော မိတ်ဆွေနှစ်ယောက် လိုအပ်သလို မိတ်ဆွေအင်္ဂါ(၇)ချက်ကိုလည်း နှလုံးသားနဲ့ တစ်သက်လုံး ကျက်ထားလိုက်ဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
News Watch စောင့်ကြည့်သတင်းဂျာနယ်၁၄၊ ဇူလိုင်လ၊ ၂၀၁၅ ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

ကံကို ပြင်လိုက်ပါ



သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာ ရှိခဲ့ဖူးပါတယ်၊ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေ,နေရပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘအမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်၊ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတယ်၊ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ၀သဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပြပါတယ်၊ ရာထူးတိုးချင်တာလည်း ပါမှာပါ၊ နံနက် စောစောရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်၊ ၀သဘကို သတ်ဖို့ ခေါ်သွားပြီဆိုတာ သိထားတဲ့ စစ်သူကြီးရဲ့မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်၊ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့ အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ ``၀သဘ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီး သတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့´´ ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်၊ ၀သဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်၊ ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှု ထားကြပါတယ်။

ဒီလိုနဲ့နေရင်း တစ်နေ့မှာပညာရှိ လူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကိုကြည့်ပြီး ``သင် မင်းဖြစ်လိမ့်မယ်´´ လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ ယောက်ျားတွေ စုရုံးပါတယ်၊ အတော်အတန်စုမိတော့ ``မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည်´´ ဆိုတဲ့ ရှေးထုံးကိုနှလုံးမူပြီး၊ မြို့စွန်ရွာစွန်က စပြီး သိမ်းပါတယ်၊ လိုရင်း ပြောရရင်တော့ နောက်ဆုံး ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်၊ ဟူးရားပညာရှိတွေက တွက်ချက်ပြီး ``(၁၂)နှစ် မင်းပြုရမယ်´´ လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့ကိုမှမပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်၊ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီ ကပ်ပြီး ``အရှင်ဘုရားတို့ မင်းသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်ကောင်းမှု မရရှိဘူးလားဘုရား´´ လို့ လျှောက်ပါတယ်။

ဒီတော့ သံဃာတွေက ---
``၀သဘမင်းမြတ် ... ရေစစ်လှူပါ၊ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကျောင်းဟောင်းစေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလကို နေ့စဉ် စောင့်ထိန်းပါ၊ ရှစ်ရက်ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ၊ ဒါဆို မင်းသက်ရှည်လိမ့်မယ်´´ လို့ မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်၊ စာထဲမှာတော့ ၀သဘမင်း ပြုခဲ့တဲ့ကောင်းမှုတွေအများကြီး ပြထားပါတယ်၊ စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး၊ လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရပါတယ်။

ဒီဝတ္တုမှာ အဓိကပြောချင်တာက ၀သဘမင်းဟာ အတိတ်ကံအရ (၁၂)နှစ်ပဲ နန်းစံရမှာပါ၊ ဒါပေမဲ့ အတတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄)နှစ်တောင် နန်းစံခဲ့ရပါတယ်၊ အပိုကြေးအနေနဲ့ (၃၂)နှစ် ပိုနန်းစံခဲ့ရပါတယ်။

ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ်(၆)မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ၊ သူ့အနေနဲ့တော့ နန်းသက်ရှည်ကြောင်း ကုသိုလ်တွေပါ၊ သူ့အနေနဲ့တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့၊ ဒီကုသိုလ် (၆)မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး၊ ဗဟုသုတ အဖြစ်ပေါ့။

ရေစစ်, ဆေး ကျောင်း အဟောင်းပြုပြင်၊
ပဉ္စင်အဋ္ဌ သီလဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှုခြောက်အင်၊
အခွင့်စိုက် ပြုလိုက်ထာဝစဉ်။

ဝသဘမင်းကတော့ သူနဲ့အသုံးတည့်မယ့် သက်ရှည်ကြောင်း ကုသိုလ်တွေကိုရွေးပြုပြီး ပြုပြင်သွားတာပါ။

အခု စာဖတ်သူတွေကတော့ တခြားဘ၀ လိုအပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြမှာပါ။

လူမှုရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ စီးပွားရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ပညာရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ရာထူးဌာနန္တရနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ နိုင်ငံခြားခရီးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ကြိုက်သလောက်ဆိုးပါစေ၊ နောက်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေစမ်းပါစေ၊ ၀သဘမင်းဝတ္တုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင်ယူလို့ ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

ဒီတော့ ဘယ်လိုပြုပြင်ယူမလဲ ...?
အဲဒီအမြင့်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ကုသိုလ်(၅)မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်၊ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ်(၅)မျိုးနဲ့ နေ့စဉ် ပြုပြင်လိုက်စမ်းပါ၊ ဆိုးနေတဲ့ကံ ``နင်နေ ငါသွား´´ ဖြစ်သွားပါလိမ့်မယ်။

ကုသိုလ်(၅)မျိုးက ဒါနရယ်, သီလရယ်, ဂုဏ်တော်ရယ်, မေတ္တာရယ်, ၀ိပဿနာရယ်ပါ။
အဲဒီကုသိုလ် (၅)မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

ကုသိုလ်(၅)မျိုးထဲက ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေ ဆောက်လှူမှ ဒါနမဟုတ်ပါဘူး၊ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ နောက် ကိုယ်ထမင်းချက်မယ့်ဆန်ထဲက လက်တစ်ဆုပ်စာလောက်နှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး၊ နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက်ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ ဒါန ဖြစ်နေတာပါ။

ဒုတိယက သီလပါ။
သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေး စောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ပဲ တော်တော်လုံလောက်သွားပါပြီ၊ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

တတိယက ဂုဏ်တော်ပါ။
ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ

အရဟံ - ပူဇော်အထူးကို ခံယူတော်မူသော မြတ်စွာဘုရား၊
အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်၍ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။

စတုတ္တက မေတ္တာပါ
မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီးသန့်အကျယ်ကို ရှိပါတယ်၊ စာရေးသူရဲ့ `မေတ္တာအတွေးများ စာအုပ်´ မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ၊ ပြီးရင် နတ်ကောင်း နတ်မြတ်တွေကို ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစပြီး လမ်း၊ မြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်း နတ်မြတ်တွေကို အဆင့်ဆင့် ပွားပါ၊ ``ငါ၏အိမ်ကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အားလုံး ကိုယ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ´´စသည်ဖြင့်ပေါ့။

ပဉ္စမက ၀ိပဿနာပါ
ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်း မှတ်လို့ရပါတယ်။
ကဲ ... စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ် (၅)မျိုး စမ်းကြည့်ရအောင်ပါ။

မနက်အိပ်ရာကထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစုကိစ္စကို ဘာမှ မလုပ်ပါနဲ့ဦး၊ ဘုရားခန်းကို အရင်သွားပါ၊ ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ၊ ကပ်ပြီးရင် ငါးပါးသီလ ခံယူလိုက်ပါ၊ အဲဒီနှစ်မျိုးပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်ပွားပါ၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ်ပွားပါ၊ ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက်မယ် ထင်ပါတယ်။

ဘ၀တစ်နေ့တာရဲ့အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ၊ မနက်အိပ်ရာထမှပဲ ကုသိုလ်ငါးမျိုးက ရနေပါပြီ။

အဲဒီလို ကုသိုလ်(၅)မျိုးပြုပြီးမှ မိသားစုရဲ့ ဝေယျာဝိစ္စတွေကို ပြုပါ။
အဲလိုနဲ့ မနက်စာ စားပြီးသွားတဲ့အခါ ဆန်လက်တစ်ဆုပ်ယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေအတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ``ဒီနေ့မနက်ပြုတဲ့ ကုသိုလ်(၅)မျိုးကို နတ်ကောင်းနတ်မြတ်အားလုံးကိုလည်း အမျှဝေပေးပါတယ် အမျှ အမျှ အမျှ ယူတော်မူကြပါ၊ သာဓု သာဓု သာဓု´´ဆိုပြီး နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှဝေပေးလိုက်ပါဦး။

တတ်နိုင်တယ်၊ အချိန်ရတယ်ဆိုရင် ညပိုင်း ကိုရီးယား ဇာတ်လမ်းမလာခင်၊ ဒါမှမဟုတ် ကိုရီးယား ဇာတ်ကားပြီးသွားတဲ့အခါ ကုသိုလ်(၅)မျိုးကို ထပ်လုပ်လိုက်ပါဦး။
ဒီအတိုင်းသာ နေ့စဉ်ပြုသွားပါ၊ ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမဲ့ ဒီနေ့လုပ် မနက်ဖြန်ဖြစ်ဆိုတဲ့ ပုံစံမျိုးတော့ ဘယ်ဖြစ်မှာလဲ၊ တစ်လတန်သည်၊ နှစ်လတန်သည်၊ တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်၊ အကုသိုလ်ဆိုတဲ့ ရန်သူက အင်အားကြီးနေတော့ ချက်ချင်းတော့ မနိုင်သော်လည်း ကုသိုလ်အင်အား တောင့်တင်းလာရင် ရန်သူကံဆိုးကလည်း ပြန်တောင် တိုက်နေမှာ မဟုတ်တော့ပါဘူး၊ ကုသိုလ်အင်အားကိုကြည့်ပြီး လန့်ပြေးတော့မှာပါ။
ဒါတွေက ကံဆိုးနေတဲ့သူအတွက် ပြောတာပါ။

ကံကောင်းနေတဲ့ သူတွေအတွက်လည်း အမြဲတမ်းကံကောင်းနေအောင် ကုသိုလ်(၅)မျိုးကို နေ့စဉ် ပြုနေသင့်ပါတယ်။
ဒီဘ၀ကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

ကုသိုလ်(၅)မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့်မဟုတ်ဘဲ နေ့စဉ် ၀တ်တစ်ခုအနေနဲ့ ပြုနေမယ်၊ အဲဒီလိုပြုနေစဉ်အတွင်းမှာပဲ ဘ၀အခက်အခဲတစ်ခုနဲ့ ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုနေတဲ့ ကုသိုလ်(၅)မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလိုလည်း ရပါတယ်၊ ``ကျွန်ုပ်သည် ကုသိုလ်(၅)မျိုးကို နေ့စဉ်ပြုပြီး နတ်ကောင်းနတ်မြတ်တို့ကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲ ပြေပျောက်ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့ကလည်း ကူညီ မ,စတော်မူပါ စသည်ဖြင့်ပေါ့။

ကုသိုလ်(၅)မျိုးထဲမှာ ၀ိပဿနာ လည်း ပါနေတာဆိုတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ တရားထူး တရားမြတ်တွေရသွားပြီး သံသရာဝဋ်ကတောင် ကျွတ်သွားဦးမှာပါ။
ကုသိုလ် (၅)မျိုးကို ဘယ်အဆင့်အထိပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့တစ်နေ့တာ ကုသိုလ်(၅)မျိုးကို မပြုဖြစ်လိုက်ရင် အိပ်လို့မပျော်တဲ့အဆင့်အထိ ပြုရပါမယ်။

ကဲ ... စာဖတ်သူ ကံနဲ့ပတ်သက်လို့ ``သေချင်လောက်အောင် ဆိုးနေပါစေ´´ ကုသိုလ် (၅)မျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ၊ မကြာခင် ကံကောင်း လာပါလိမ့်မယ်။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
( မဟာဝင်ဝတ္တ )ုကျီးသဲလေးထပ်ဆရာတော်။


https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

သူငယ်ချင်းဆိုတာ



သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလိုဖွင့်ပြထားပါတယ်။

သုခဒုက္ခံ သဟ အာယန္တိ ဥပဂစ္ဆန္တီတိ သဟာယကော၊ အဓိပ္ပါယ်တော့ ချမ်းသာဆင်းရဲကို အတူတကွ ခံစားတတ်သောကြောင့် သူငယ်ချင်းပါတဲ့။ သူငယ်ချင်းရဲ့ ပါဠိက သဟာယကပါ။

မကြာသေးခင်က မိမိတို့ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန်နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က တရားဝင်ဖို့၊ တစ်ယောက်ကတော့ အဖော် အာမခံအဖြစ် လိုက်လာတာပါ။ အဖော် အာမခံအဖြစ်လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်နဲ့ ဆက်စပ်နေသလို၊ တရားရိပ်သာဝင်မယ့် ဆရာဝန်ကလည်း ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆက်စပ်နေပြန်ပါတယ်။ ဒီတော့ မိမိကလည်း ထိုက်သင့်သလောက် ကူညီရုံပေါ့။ ကူညီတယ်ဆိုပေမယ့်လည်း ထူးပြီး မကူညီမိပါဘူး။ နှုတ်အားဖြင့် ပြောပြရုံပါ။

မိမိ စိတ်ဝင်စားတာက အဖော်အဖြစ်လိုက်လာတဲ့ သူငယ်ချင်းဆရာဝန်ကိုပါ။ အဲဒီဆရာဝန်က ရောက်တဲ့နေ့မှာ သူ့သူငယ်ချင်းဆရာဝန်အတွက် ကိုယ်တိုင် အိပ်ရာခင်းပေး၊ ကိုယ်တိုင်ခြင်ထောင်ထောင်ပေး၊ ပါလာတဲ့ပစ္စည်းတွေကို သင့်တော်သလို ထားပေးရင်း သူ့သူငယ်ချင်းကို အားပေးစကားတွေ တွင်တွင်ပြောနေပြန်ပါတယ်။ ပြန်ခါနီးတော့ မိမိကိုလည်း သူ့သူငယ်ချင်းက တစ်ခါမှ တရားမ၀င်ဘူးသေးလို့ ဂရုစိုက်ဖို့မှာနေပြန်ပါတယ်။ တရားဝင်နေတဲ့ တခြားရက်တွေမှာလည်း မကြာခဏလာပြီး လိုအပ်တာတွေ လုပ်ပေးလေ့ရှိပါတယ်။ သူ့ရည်းစားတောင် ဒီလောက်ဂရုစိုက်ပါ့မလားလို့ ကြံကြံဖန်ဖန် တွေးလိုက်မိပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ ကံသုံးပါးအမူအရာလေးတွေဟာ မြင်နေရသူ မိမိအတွက်တော့ သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြနေသလို ခံစားရပါတယ်။ စိတ်ထဲမှာလည်း အဖော်အဖြစ် လိုက်ပို့တဲ့ ဆရာဝန်ကို တော်တော်လေး ကြည်ညိုသွားမိပါတယ်။ ဟုတ်တယ်လေ၊ တရားအားမထုတ်ဘူးသေးတဲ့ သူငယ်ချင်းကို ရိပ်သာရောက်အောင် ပို့ပေးနိုင်တာဟာ နည်းတဲ့သံယောဇဉ်၊ နည်းတဲ့အသိဉာဏ်မှ မဟုတ်တာ။ သူငယ်ချင်းဆိုတာ ဒါမျိုးမှ၊ တခြားပစ္စည်းနဲ့ ချီးမြှောက်တာထက် ဓမ္မနဲ့ချီးမြှောက်တာဟာ အကောင်းဆုံး ချီးမြှောက်မှုပါ။ အဲဒီဆရာဝန် သူငယ်ချင်းနှစ်ယောက်ရဲ့ ကံသုံးပါး အမူအရာလေးတွေကြည့်ပြီး ကြည်ညိုဖြစ်ရင်း အခု ပြောပြမယ့် ၀တ္တုလေးက အတွေးထဲပေါ်လာတာပါ။

ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ နှိုင်းယှဉ်ရအောင် ပုံသဏ္ဌန်ချင်းလည်း မတူပါဘူး။ ဒါပေမဲ့ ဖြစ်စဉ်နှစ်ခုလုံးက သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြနေလို့ပါ။

ကဿပဘုရားရှင် လက်ထက်တော်က ဃဋိကာရလို့ အမည်ရတဲ့ အိုးထိန်းသည် တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဃဋိကာရရဲ့ အချစ်ဆုံးသူငယ်ချင်းက ဇောတိပါလပါ။ ဃဋိကာရက ဇာတ်နိမ့်အမျိုး၊ ဇောတိပါလက ဇာတ်မြင့်အမျိုး။ ဒါပေမဲ့ သူတို့နှစ်ယောက် အတော်ချစ်ကြတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ ဃဋိကာရက ဇောတိပါလကို ကဿပဘုရားရှင်ကို သွားဖူးဖို့ ခေါ်ပါတယ်။ ဒီတော့ ဇောတိပါလက ဘယ်လိုပြန်ပြောသလဲဆိုတော့ ``ဦးပြည်းရဟန်းကို ဖူးလို့ ဘာအကျိုးရှိမှာလဲလို့ ´´ ပြန်ပြောပါတယ်။ ဇောတိပါလရဲ့ စကားသံထဲမှာ ဇာတ်မြင့်ဆိုတဲ့ မာနသံက အထင်းသားပေါ်နေပါတယ်။ ဃဋိကာရက သုံးကြိမ်သုံးခါ ခေါ်ပါတယ်။ ဇောတိပါလကလည်း သုံးကြိမ်သုံးခါ ငြင်းပါတယ်။

ဇောတိပါလရဲ့ငြင်းသံအဆုံးမှာ ဃဋိကာရက ရေချိုးဖို့ မြစ်ဆိပ်ကို ခေါ်ပြန်ပါတယ်။ ဒီအခါမှာတော့ ဇောတိပါလက မငြင်းပါဘူး။ ဃဋိကာရနောက်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ခဲ့ပါတယ်။

တကယ်တော့ ဃဋိကာရက ဇောတိပါလကို ပရိယာယ်နဲ့ခေါ်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာဘုရားကျောင်းတော်နဲ့ နီးလို့ပါ။ ဃဋိကာရက မြစ်ဆိပ်ရောက်တော့ ဘုရားရှင်ဆီ သွားဖူးဖို့ ထပ်ခေါ်ပြန်ပါတယ်။ ဒါပေမဲ့ ဇောတိပါလက ငြင်းမြဲပါပဲ။ ဒီတော့ ဃဋိကာရက ဇောတိပါလရဲ့ ခါးပုံစကိုကိုင်ပြီး တောင်းတောင်းပန်ပန်နဲ့ ခေါ်ပြန်ပါတယ်။ ဇောတိပါလကတော့ ရှေးနည်းအတိုင်း ငြင်းမြဲပါပဲ။

နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲဆိုတော့ ဇောတိပါလရဲ့ ဆံပင်ကို ကိုင်ခဲ့ပြီး မြတ်စွာဘုရားဆီလိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့ ဇောတိပါလလည်း တော်တော်လေး တုန်လှုပ်သွားပါတယ်။ ဇောတိပါလက ဇာတ်မြင့်၊ ဃဋိကာရက ဇာတ်နိမ့်၊ ဇာတ်နိမ့်သူက ဇာတ်မြင့်သူရဲ့ ဆံပင်ကိုကိုင်ခဲ့ရင် သူတို့ခေတ်ဥပဒေအရ သေဒဏ်ပါ။ ဒီတော့ ဇောတိပါလက ဘယ်လိုစဉ်းစားသလဲဆိုတော့ ``သူငယ်ချင်း ဃဋိကာရဟာ သေဒဏ်ကိုမမှုဘဲ ငါ့ရဲ့ဆံပင်ကိုကိုင်ပြီး သူ့ဆရာ ဘုရားရှင်ဆီလိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီအပြုအမူဟာ ငါ့အပေါ် အတော်ချစ်လို့ဖြစ်မယ်။ ပြီးတော့ တစ်စုံတစ်ခုသောအကျိုးကို လိုလားလို့ ဖြစ်မယ်ထင်တယ်။ ဘာပဲပြောပြော သူ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ လိုက်သွားမှပဲ ´´ လို့ စဉ်းစားပါသတဲ့။ ပြီးတော့ ``သူငယ်ချင်း ဃဋိကာရ ... ဆံပင်ကိုင်တဲ့အထိတောင် သင့်ဆရာကို ဖူးမြင်စေလိုသလား´´ လို့ ပြန်မေးလိုက်ပါတယ်။ ဃဋိကာရကလည်း ``ဟုတ်ပါတယ် သူငယ်ချင်းရယ် ´´လို့ ပြောပြီး ဇောတိပါလကို ဘုရားရှင်ဆီ ပို့ပေးဖို့ စီစဉ်ပါတယ်။

ဒီနေရာမှာပြောချင်တာက ဇောတိပါလရဲ့ အတွေးပါ။ သူငယ်ချင်းဆိုတဲ့ အသိကိုမေ့ပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် ဥပဒေဆီကိုသာ တွေးလိုက်ရင် ပွဲက တစ်မျိုးတစ်မည်ပြောင်းပြီး အကျည်းတန်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ တကယ့်သူငယ်ချင်းတွေ ဖြစ်နေတာကြောင့် ပွဲကအကျည်းတန်မသွားဘဲ အလှပဆုံးပွဲလေးတစ်ပွဲ ဖြစ်သွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇောတိပါလက မြတ်စွာဘုရားဆီ ရောက်သွားခဲ့လို့ပါ။

ပြီးတော့ ပိုပြီးတော့ အံ့သြဖို့ကောင်းတာက ဇာတ်ပေါင်းခန်းကြည့်လိုက်တော့ မြတ်စွာဘုရားဆီ သွားဖို့ အကြောက်အကန်ငြင်းနေခဲ့တဲ့ ဇောတိပါလဟာ တခြားသူဟုတ်ရိုးလား၊ မိမိတို့ရဲ့ ဂေါတမဘုရားအလောင်း ဖြစ်နေလို့ပါပဲ။

ဘာပဲပြောပြော ကိုယ်ချစ်တဲ့ သူငယ်ချင်း တစ်ယောက်ယောက် ဂမ္ဘီရယောင်ယောင်၊ ဓာတ်ယောင်ယောင်၊ နတ်ယောင်ယောင်၊ တောလိုလို၊ တောင်လိုလို ဆရာဆီရောက်ပြီး ဘာသာရေးလမ်းကြောင်း ချော်နေလို့ တည့်မတ်ပေးရတဲ့အရေး အင်တင်တင် လုပ်နေခဲ့ရင်တော့ ဃဋိကာရထုံး နှလုံးမူပြီး နားရင်းအုပ်သင့်ရင် အုပ်ပစ်လိုက်ဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
မဇ္ဈိမပဏ္ဏာသပါဠိတော် - ဃဋိကာရသုတ်
အင်တာဗျူးဂျာနယ် ၂၅-၁၂-၂၀၀၂


https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။