Sunday, January 29, 2017

တရားထိုင်တာ ညောင်းရင် ပြင်လို့ ရလား"



ဝိပဿနာတရားအားထုတ်တဲ့အခါ ဓမ္မမိတ်ဆွေများ အနေဖြင် ခုလို ထိုင်ပြီးအားထုတ်လာခဲ့ကြတော့ ဣရိယာပုတ်ဆိုတာ ကြာလာရင် ညောင်းတတ်တယ် ဆိုတာ သဘာဝပါ။ထိုနည်းတူစွာ "ရပ်တဲ့၊ သွားတဲ့၊ လျောင်းတဲ့" ဣရိယာပုတ်တွေမှာလည်းဘဲ ကြာလာရင် ဒီအတိုင်းပဲ ညောင်းတတ်ပါတယ်။ခန္ဓာရှိလို့ ဖြစ်ရတဲ့ သဘောပါ။မဖြစ်တဲ့သူ မရှိပါဘူး။
အဲဒီလို တရားစတင်အားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေများဟာ မိမိထိုင်နေတဲ့ ဣရိယာပုတ်ကို ပြောင်းလို့ ရွှေ့ လို့ ရပါ့မလား၊ အဲဒီလို ပြောင်းရွှေ့ ရင် အပြစ်ဖြစ်နိုင်မလားဆိုတာ သိချင်ကြမှာပါ ။ ဒါကြောင့် ဖတ်ရှုသိထားသမျှတွေ ထဲက ဆရာတော် ဒေါက်အရှင်နန္ဒမာလာ ဘိဝိသ ရဲ့  " ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့"တရားတော်မှ ကောက်နှုတ်ချက် တစ်ချို့ ကို ရေးသားဖေါ်ပြကုသိုလ်ပြုပါသည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က "နကုလပိတာ" ဆိုတဲ့ဒကာကြီးတစ်ယောက် ရှိပါတယ်.. တဲ့။အဲဒီ ဒကာက မြတ်စွာဘုရား နဲ့ အလွန်ရင်းနှီးတယ်.. ဆိုပါတယ်။ ဘဝတွေ တုန်းကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘဝ တွေကများတော့ ဘုရားကို သူ့သားလို့ သူက ယူဆထားပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်မှာ သံယောဇဉ် ဖြစ်ပါတယ်။
သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့ ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ "အနာဂါမ်"အဆင့်လောက် ရောက်နေပါပြီ။ အသက်အရွယ် ကြီးလာလို့ ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ပါဘူး။ တစ်နေ့တော့ ရောဂါဝေဒနာ သက်သာလို့ ကြိုးစားပြီးတော့ မြတ်စွာဘုရားသတင်းသုံးရာကျောင်းကိုရောက်လာပါတယ်။ရောက်လာတဲ့အခါ..နကုလပိတာ ဒကာကြီးက “အရှင်ဘုရား .. တပည့်တော် အသက်အရွယ်ကလည်း ကြီးပြီ၊ အရှင်ဘုရားဆီကိုလည်း မလာနိုင်တော့ပါဘူး။ ခန္ဓာကလည်း အမြဲတမ်း နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေဖြစ်နေပါတယ်။"
"အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံးမသြဝါဒလေး ပေးပါဦး ” လို့လျှောက်ပါတယ်။
အဲဒီအခါ မြတ်စွာဘုရားက “ အေး .. ဟုတ်တာပေါ့၊ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ”။
ဘယ်လောက်ကျန်းမာတဲ့လူ ဖြစ်ပါစေ၊ ဣရိယာပုတ် မပြောင်းဘဲနဲ့ .. ထိုင်တာကြာရင် ညောင်းလာတာပဲ၊ အိပ်တာ ကြာလာရင် ညောင်းလာတာပဲ၊ လမ်းလျှောက်တာ ကြာလညရင် လည်း ညောင်းလာတာပဲ။ တစ်ခုနဲ့တစ်ခု အပြောင်းအလဲလေး လုပ်တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ ထင်နေရတာပါ။ ဣရိယာပုတ် တစ်ခုတည်းကို အကြာကြီးထိုင်လိုက်တာနဲ့ တပြိုင်နက် သူရဲ့ သဘာဝက ပေါ်လာပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “အေး. ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပါ။ မဆန်းပါဘူး။
"အဏ္ဍဘူတော" ခန္ဓာကိုယ်ကြီးဆိုတာ ကြက်ဥ၊ ငှက်ဥလိုပါပဲ တဲ့။ ပရိယောနဒ္ဓေါ
-အင်မတန်ပါးလွှာတဲ့ အရေလေးနဲ့ ဖုံးအုပ်ထားတာ” တဲ့။
အဲဒီတော့ ..လိုက်နာကျင့်သုံးရမယ့် သြဝါဒလေးတစ်ခု မြတ်စွာဘုရားက ဟောပါတယ်၊
"ခန္ဓာကိုယ်ကြီး နာချင် နာပါစေ၊ စိတ်မနာ ပါစေနဲ့"လို့ ပြောပါတယ်။ ခန္ဓာကိုယ်ကြီး နာတာ ကတော့ သဘာဝအတိုင်းပါပဲ၊ မနာအောင်လုပ်လို့ မရပါ။ စိတ်ကိုတော့ ဖြင့် မနာအောင် လုပ်လို့ ရပါတယ်။သဘာဝစိတ်ကလေး ဖြူစင်နေတဲ့အချိန်မှာ စိတ်ကြည်လင်အေးမြနေပါတယ်။ ဆိုပါစို့ ...
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ဆိုတဲ့ ဒီ ကောင်းမြတ်တဲ့ အနေအထားလေးတွေ ဖြစ်နေလို့  ရှိရင် သူက စိတ်မှာရောဂါကင်းနေပါတယ်။ ကျန်းမာတယ်လို့ ပြောရပါမယ်။ အေး...လောဘ ဖြစ်လာပြီ၊ ဒေါသဖြစ်လာပြီ၊ မောဟတွေ ဖြစ်လာပြီ၊ မာန်မာနတွေ ဖြစ်လာပြီဆိုရင်စိတ်ဟာထိခိုက်လာတာပါပဲ။ နာမကျန်း ရောဂါဖြစ်လာဖြစ်လာတယ်လို့ ဆိုလိုရမှာပါ။ ရုပ်နဲ့ဆိုင်ရာ ရောဂါ(အို၊ နာ)ဝေဒနာ ပျောက်အောင် မကုနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာက ပျောက်အောင်ကုသနိုင်ပါတယ်အသိဉာဏ်တွေ ရှိပြီးတော့ စိတ်ထဲမှာ လောဘ၊ ဒေါသ၊မောဟတွေ ဘယ်တော့မှ မပေါ်အောင်ဆိုတဲ့ နည်းစနစ်( ဗုဒ္ဓလမ်းညွှန်မှု ) တွေနဲ့ ကုသလိုက်ပါက အမြစ်ပြတ် ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
အဲဒီကိုယ်ဆင်းရဲမှု ညောင်းတဲ့ အာရုံကို တွေ့ပြီး မရှုတတ်သေးတဲ့ သူတွေအတွက် သဘောမကျတဲ့ စိတ်ဆင်းရဲမှု၊ ဒေါသဖြစ်လာတတ်ကြပါတယ်။ ဒေါသ အကုသိုလ်စိတ်တွေ ဖြစ်နေလို့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် မပြောနဲ့ ဝိပဿနာဥာဏ်ပင် မရနိုင်ပါဘူး။ မိမိရဲ့ ဆရာသမား တွေ က မရွှေ့ ရဘူး၊ မပြင်ရဘူး၊ မလှုပ်ရဘူး ဆိုတဲ့ စတဲ့ စကားတွေကြောင့်" ညောင်းလို့လည်း စိတ်ညစ်၊ လှုပ်ရင်ပြောင်းရင် ဆူမှာကိုလည်း ကြောက်ရတဲ့ စိတ် နဲ့ မလှုပ်ဘဲ၊ မရွှေ့ ဘဲ နာလွန်းလို့ ပေတေ အောင့်အီး ကြိတ်မှိန် သည်းခံနေတဲ့အခါ အခံရခက်ပြီး ကိုယ်ရော စိတ်ပါ ဆင်းရဲနေတတ်ကြပါတယ်။ အဲဒီလို ပေတေအောင့်အီးနေလို့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရင် ဘာဥာဏ်ဘာအသိမှ မရနိုင်၊ မဖြစ်နိုင်တာကြောင့် တရားအားထုတ်ရာမှာ အပြစ်ဖြစ်တယ်လို့ ပြောရမှာပါဘဲ။
နာကျင်လွန်းလို့ မခံသာရင် "အသိဥာဏ်"နဲ့သတိကပ်ပြီး ပြောင်းရရွှေ့ ရပါတယ်။
အဲဒီလို ပြောင်းပြင် ရွှေ့ပေးလိုက်တဲ့အတွက်ကြောင့် ....
ဒုက္ခဝေဒနာ ပြင်းထန်စွာ မဖြစ်ခြင်း။
တည်ကြည်မှု သမာဓိရခြင်း။
အားထုတ်ဆဲ ကမ္မဋ္ဌာန်းတရား တိုးပွားခြင်း.. စတဲ့.....
တရားထူးရခြင်းဆိုတဲ့ အကျိုးလေးမျိုး ရနိုင်ပါတယ်။
နာကျင်ကိုက်ခဲလို့ စိတ်ဆင်းရဲ ဖြစ်နေတာကို သတိကပ်ပြီး မပြောင်းပြင်၊မရွှေ့ပေးဘဲ နေရင်...
ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်ခြင်း။
တည်ကြည်မှု သမာဓိ မရခြင်း။
အားထုတ်ဆဲ ကမ္မဋ္ဌာန်းတရား ပျက်ခြင်း။ တရားထူးမရခြင်းဆိုတဲ့....
အပြစ်လေးမျိုး ဖြစ်ပါတယ်။

ဒီလိုဆိုတော့ ညောင်းတာနဲ့ ပြောင်းလိုက်၊ ပြင်လိုက် လိုက်ရမှာလာလို့ တော့ မေးစရာဖြစ်လာပါတယ်။
ညောင်းတာကို လိုချင်တဲ့ လောဘနဲ့သာ ပြောင်းရွှေ့မယ်ဆိုရင်...
သတိ၊ အသိဥာဏ်မပါတဲ့အတွက် အဲဒီလို ပြောင်းရွှေတာကိုလည်း "မကောင်းဘူး"လို့ ပြောရမှာ ဖြစ်ပါတယ်။
အထိုင်ကြာလို့၊ အမူအရာ တစ်မျိုးတည်း နေတာကြာလို့ နာကျင်ကိုက်ခဲ ညောင်းလွန်းတဲ့အခါ သတိ၊အသိနဲ့ မရှုပွားဘဲ၊ "နာကျင်ကိုက်ခဲမှုကို ကုန်စေလိုလို့၊ ဒီနာကျင်တာကို ကျော်လွှားစေလို လို့" ဆိုပြီး အတင်းအဓမ္မ ကျိတ်မှိတ်ပေတေအောင့်အီးပြီး ငြိမ်မခံသင့်ပါဘူး။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ တိုးလို့ အပြစ်ပိုကြီးစေပါတယ်။
တချို့က အဲဒီလို ကြိတ်မှိတ်ပေတေပြီး နေတဲ့အခါ နာကျင်ကိုက်ခဲတာတွေ ကျော်သွား၊ လွန်သွား၊ ကုန်သွားတယ်လို့ ပြောကြတယ်။ တကယ်တမ်းကျတော့ နာကျင်ကိုက်ခဲလွန်းလို့ ထုံပြီး သွားတဲ့ သဘောပါ။ ထုံပျောက်ပြီး ပျောက်နေတာကို အဟုတ်မှတ်နေပြီးတော့ နေနေတတ်ကြတယ်။ တချို့ကျတော့လည်း ပေါ်လာတဲ့ အာရုံတစ်ခုခု နောက်ကို မှိန်းပြီး လိုက်နေတဲ့ "မောဟ၊ လောဘ၊ ကိလေသာတွေ"နဲ့ မှိန်းထိုင် ထိုင်နေတတ်ကြပါတယ်။
မပြောင်းမရွှေ့ဘဲ ကြာကြာထိုင်နိုင်တယ်၊ ရပ်နိုင်တယ်ဆိုတာက....
တရားရတဲ့၊ အသိဥာဏ်တွေ တိုးပွားတဲ့ ဝိပဿမာအလုပ်မှာ အဓိက မကျပါဘူး။ ဣရိယာပုတ် အမှုအရာ အနေနဲ့..
ပြောင်းပဲပြောင်းပြောင်း၊ မပြောင်းဘဲနေနေ၊ အသိဥာဏ်တိုးဖို့ ပြောင်းဆဲ ပြင်ဆဲမှာလည်း "သတိ ဝီရိယ၊ အသိဥာဏ်"နဲ့ ထင်ရှားတဲ့" ရုပ်ဓာတ်၊ နာမ်ဓာတ်"တွေကို ကြည့်နေရပါမယ်။ ငြိမ်နေတဲ့ အခါမှာလည်း အထင်အရှား ဖြစ်ပေါ်နေတဲ့...
ကိုယ်နဲ့စပ်တဲ့ ရုပ်သဘော ဖောက်ပြန်မှု၊
စိတ်နဲ့ စပ်တဲ့ ရုပ်သဘော ဖောက်ပြန်မှု၊
စိတ်နဲ့ စပ်တဲ့ သိမှု၊ ညွှတ်မှု၊
စဉ်းစားတွေးခေါ်မှုသဘောတွေကို သိအောင် ကြည့်နေရမယ်။
အဲဒီလို ကြည့်နေနိုင်လို့ ထင်ရှားတဲ့ ပေါ်နေတဲ့ ဖြစ်တိုင်းဖြစ်တိုင်း အာရုံကိုသတိ၊ အသိနဲ့ ကြည့်နေရင် အပြစ် မဖြစ်ပါဘူး။

ဝိပဿနာ အလုပ်မှာ ဖြစ်တိုင်းဖြစ်တိုင်း အာရုံကို မကြည့်နိုင်ရင်သာ အပြစ်ဖြစ်ပါတယ် လို့ တင်ပြရင်း ဓမ္မဒါန ပြုလိုက်ပါတယ်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment