Tuesday, January 31, 2017

တရားအားထုတ်တဲ့သူနဲ့အားမထုတ်တဲ့သူဘာကွာခြားပါသလဲ ?



မေး - တရားအားထုတ်တဲ့သူနဲ့ အားမထုတ်တဲ့သူ ဘာကွာခြားပါသလဲ။

ဖြေ - ၀ိပဿနာတရား အားထုတ်မှုနဲ့ ဆိုင်တယ်လို့ နှလုံးသွင်းပြီး ဖြေပါမယ်။

အသိဉာဏ်တိုးတက်အောင် ၀ိပဿနာ အားထုတ် သူတွေဟာ အသိဉာဏ် တိုးတက်တာနဲ့အမျှ ကိလေသာ အပူအားတွေ လျော့လာတယ်။

စိတ်ဆင်းရဲဒုက္ခတွေ လျော့ လာတယ်။ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာမှုတွေ တိုးလာတယ်ပေါ့။ ထမင်းစားတဲ့အခါ လက်ဆေးပြီး စားတာနဲ့ လက်မဆေးဘဲ စားတာ ဘာကွာသလဲလို့ မေးရင် စားတဲ့ ထမင်း၊ စားတဲ့ ဟင်း၊ စားတဲ့ ပန်းကန်၊ စားလို့ ကုန်တာချင်းအတူတူပါပဲ။
စားတာသောက်တာက မကွာဘူး။ လက်မဆေးတော့ မစင်မကြယ်၊ မသန့်မရှင်းနဲ့ ပါလာတဲ့ အညစ်အကြေးတွေကြောင့် ၀မ်းဖောဝမ်းရောင်၊ ၀မ်းလျှော၊ ၀မ်းပျက်၊ တခြား ရောဂါတွေပါ ရလာတယ်။ စားသမျှအစာ အားမဖြစ်ဘဲ အနာရောဂါ ဖြစ်ကုန်တာပေါ့။

လက်ဆေးပြီးစားတဲ့သူက စင်ကြယ်သန့်ရှင်းတဲ့ အတွက် ရောဂါကင်းပြီး ဒုက္ခမရောက်ဘူး။ စားသမျှ အစာ အားဖြစ်တာပေါ့။ အဲဒီလိုပဲ စီးပွားရေး၊ ကြီးပွားရေး၊ လှုမှုရေး ပညာရေး၊ တိုင်းပြည်အရေးစတဲ့ လုပ်ငန်းကိုင်ငန်း လုပ်ကြတာချင်း ဟာ တရားအားထုတ်တဲ့သူ ဖြစ်ဖြစ်၊ အားမထုတ်တဲ့သူဖြစ်ဖြစ် အတူတူ လုပ်ကြ၊ ကိုင်ကြတာပါပဲ။

ဒါပေမယ့် အသိဉာဏ်နည်း၊ ကိလေသာအပူတွေ များနေတဲ့ တရားအားမထုတ်တဲ့သူတွေဟာ အရာရာမှာ စိတ်ပင်ပမ်း၊ ကိုယ်ပင်ပမ်း ဆင်းရဲတာတွေနဲ့ ကြုံကြရမယ်။

လောကဓံနဲ့ ကြုံရင်လည်း အသိဉာဏ်နည်းတဲ့အတွက်ကြောင့် ပိုပြီး စိတ်ညစ်၊ ပိုပြီး ဒုက္ခရောက်တတ်တယ်။ ၀ိပဿနာဉာဏ်၊ အသိဉာဏ် ရှိသူဟာ စိတ်ပူပန်မှုတွေ လျော့နည်းပြီး ဘယ်လို လောကဓံနဲ့ ကြုံကြုံ ရင်ဆိုင်နိုင်တယ်။
ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်တတ်တယ်။ အသိဉာဏ် ကြောင့် စိတ်ပင်ပမ်း၊ ကိုယ်ပင်ပမ်း မဖြစ်ဘူး။ ကောင်းကျိုး ချမ်းသာပဲ အရ များတယ်။ အဲဒီလို ကွာပါတယ်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment