Monday, January 30, 2017

【“နေထွက်လာတာ ၊၀င်ဖို့ပါ၊ အဲဒါလူ့ဘ၀”】



❖ နေလုံးကြီးထွက်လာတာကြည့်လိုက်ပါ။
ထွက်လာတဲ့နေလုံးကြီး တရွေ့ရွေ့နဲ့သွားနေတာ
ဘာအတွက်သွားနေတာလဲဆိုရင် ချုပ်ပျောက်ဖို့၊
ကွယ်ဝင်ဖို့အတွက်ကိုပဲ သွားနေတာ။
ထွက်လာတဲ့နေလုံးကြီး ရွေ့လျားသွားနေတာဟာ
ကွယ်ပျောက်မယ့်ဘက်ကို ရွေ့လျားပြီး
သွားလာနေသလို မွေးဖွားလာတဲ့ သတ္တ၀ါတိုင်း၊
သတ္တ၀ါတိုင်းဟာလည်း သေခြင်းတရားဆီကိုပဲ
ဦးတည်ပြီးတော့ သွားနေကြရတာပဲ။

❖ လူသားတိုင်း၊ လူသားတိုင်းဟာ သေမယ့်နေ့၊
သေမယ့်အချိန်ကို စောင့်ပြီးတော့ နေကြရတာပါပဲ။
သေမယ့်နေ့၊ သေမယ့်အချိန်ကို စောင့်ရင်းနဲ့
ရုန်းကန်လှုပ်ရှားနေကြရတာပါပဲ။

❖ သေမယ့်နေ့ကို ထမင်းစားရင်းစောင့်နေရတယ်
ဆိုတဲ့ စကားထက် သေမယ့်နေ့ကို ဆင်းရဲဒုက္ခမျိုးစုံ
ခံစားရင်း စောင့်နေရတယ်ဆိုတဲ့ စကားက
လူသားတွေအတွက်ပိုပြီး မှန်ပါတယ်။
နေထွက်လာတာ ၀င်ဖို့ပဲမဟုတ်လား။
မွေးဖွားလာတာ သေဆုံးဖို့ပဲမဟုတ်လား။
နေထွက်ခြင်းဟာ နေ၀င်ခြင်းမှာ အဆုံးသတ်သလို၊
မွေးဖွားခြင်းဟာလည်း သေဆုံးခြင်းမှာ
နိဂုံးချုပ်ရတာပဲ မဟုတ်လား။

【“မသေခင် လုပ်ရမယ့်အလုပ်က နှစ်ခုပါ။”】
══════
❖ (၁)။ကတ္တဗ္ဗံ ကုသလံ။
ကုသိုလ်ကောင်းမှုပြုရမယ်။
❖ (၂)။ စရိတဗ္ဗံ ဗြဟ္မစရိယံ။
မြတ်သောအကျင့် ကျင့်ရမည်။

❖ “ကုသိုလ်ကောင်းမှုပြုရမယ်”ဆိုတာက
ဒါနကောင်းမှု၊ သီလကောင်းမှု၊ သမထကောင်းမှုလို့
ခေါ်တဲ့ ကုသိုလ်ကောင်းမှုသုံးမျိုးကို ပြုလုပ်ရမယ်လို့
ဆိုလိုပါတယ်။

❖ “မြတ်သောအကျင့် ကျင့်ရမယ်”ဆိုတာက သံသရာဝဋ်
ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်သွားစေနိုင်တဲ့
ဝိပဿနာ အကျင့်ကို ကျင့်ကြံအားထုတ်ရမယ်
လို့ ဆိုလိုပါတယ်။

❖ အနှစ်ချုပ်ကတော့ ဒါနအလုပ်၊ သီလအလုပ်၊
သမထအလုပ်၊ ၀ိပဿနာအလုပ်၊
အလုပ်လေးမျိုးကို မဖြစ်မနေ လုပ်ကြရပါမယ်။

❖ လုပ်တဲ့နေရာမှာလည်း အေးအေးဆေးဆေး ၊
ဖြည်းဖြည်းနှေးနှေး လုပ်ကြရမှာမဟုတ်ပါဘူး။
ခေါင်းမီးလောင်နေတဲ့ပုဂ္ဂိုလ်ကို နမူနာထားပြီးတော့
မြန်မြန်ထက်ထက်၊ သွက်သွက်လက်လက်
လုပ်ကြရပါမယ်။

❖ ခေါင်းမှာမီးလောင်နေတဲ့ပုဂ္ဂိုလ်၊ တစ်နေရာကနေ
မီးစလေးတစ်ခုနဲ့ ပစ်လိုက်လို့ ခေါင်းမှာ မီးလောင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီမီးကို ဘယ်သူပစ်လိုက်တာလဲ။
ဘယ်အရပ်မျက်နှာက လာတာလဲ ၊
မီးကရော ဘာမီးလဲ၊ ရှားမီးလား၊
ဖယောင်းတိုင်မီးလား၊ ရေနံဆီမီးလား
စသည်အားဖြင့် မီးလာတဲ့ အရပ်ကိုလည်း
ကြည့်နေစရာ၊ ရှာနေစရာ မလိုဘူး။
ဘာမီးလဲ ဆိုတာကိုလည်း စူးစမ်းနေစရာမလိုဘူး။
ခေါင်းမှာလောင်နေတဲ့မီးကို
ငြိမ်းအောင် ငြှိမ်းဖို့ပဲလိုတယ်။
မီးငြှိမ်းတဲ့အလုပ်ဟာ မီးလောင်ခံနေရသူ
တစ်ယောက်အတွက်အရေးကြီးဆုံးအလုပ်ပဲ။

❖ အဲဒီလောင်နေတဲ့မီး ငြိမ်းအောင် ငြှိမ်းတဲ့နေရာမှာလည်း
အေးအေးဆေးဆေး၊ ဖြည်းဖြည်းနှေးနှေး၊
ခပ်ထိုင်းထိုင်းကလေးငြှိမ်းနေလို့ မဖြစ်ဘူး။
လျင်လျင်မြန်မြန်၊ သွက်သွက်လက်လက်၊
ခပ်သုတ်သုတ်ကလေး ငြှိမ်းနိုင်မှဖြစ်မယ်။

❖ အမြန်ဆုံး၊ အသွက်ဆုံး ငြှိမ်းနိုင်မှဆင်းရဲဒုက္ခက
လွတ်မြောက်နိုင်တယ်။ ခေါင်းမီးကနေတစ်ဆင့်
တစ်ကိုယ်လုံးမီးလောင်တဲ့ဘေး၊ သေရမယ့်ဘေးက
လွတ်မြောက်နိုင်တယ်။
အဲဒီလိုပါပဲ၊ ဒါန၊ သီလ၊ သမထနဲ့တကွ ၀ိပဿနာ
အလုပ်ကို အားထုတ်တဲ့နေရာမှာလည်း
အေးအေးဆေးဆေးအားထုတ်နေရမှာ မဟုတ်ဘူး။
ဖြည်းဖြည်းနှေးနှေး အားထုတ်နေရမှာမဟုတ်ဘူး။
လျင်လျင်မြန်မြန်အားထုတ်ရမှာ။
သွက်သွက်လက်လက် အားထုတ်ရမှာ။
ခပ်သုတ်သုတ် အားထုတ်ရမှာ။ ………

【ဆရာတော်အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ】

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment