Tuesday, January 31, 2017

အပေါ့စွန့်ခြင်း အနုပညာ


တစ်ခါတုန်းက လက္ခဏာဗေဒင်ကျွမ်းကျင်တဲ့ လက္ခဏာဆရာတစ်ယောက် ရှိပါတယ်။ အထူးသဖြင့် လက္ခဏာရော ခြေခဏာရော ကျွမ်းကျင်တဲ့သူပါ။ ခြေရာတစ်ခုကို ကြည့်ရုံနဲ့လည်း ခြေရာရှင်ရဲ့ကံကြမ္မာ ကောင်းကျိုးဆိုးပြစ်ကို ပြောဟောနိုင်ပါတယ်။

တစ်နေ့တော့ ခရီးသွားရင်း လမ်းမှာခြေရာတစ်ခုကို တွေ့ရပါတယ်။ ခြေရာကို စစ်ဆေးလိုက်တော့ ခြေရာမှာ ရှင်ဘုရင်ဖြစ်မယ့်လက္ခဏာပါနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဒါကြောင့် လက္ခဏာဆရာက ``အင်း သူ့ကို ရှင်ဘုရင်ဖြစ်မယ့်အကြောင်း သွားဟောပြောလိုက်ရရင်တော့ ဘုရင်ဖြစ်တဲ့အခါ ငါ့ကိုကောင်းကောင်း ချီးမြှောက်မှာပဲ´´ ဆိုတဲ့ အတွေးကိုတွေးရင်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ခြေရာနောက်ကို တကောက်ကောက် လိုက်ခဲ့ပါတယ်။ လိုက်ရင်းလိုက်ရင်းနဲ့ လမ်းဘေးတစ်နေရာရောက်တော့ ခြေရာရှင်က ကျင်ငယ်ကိုမတ်တတ်ရပ် လက်ကြားညှပ်ပြီး ပေါက်နေပါသတဲ့။

ဒီတော့ လက္ခဏာဆရာက သက်ပြင်းချရင်း ခေါင်းခါရင်းနဲ့ အပေါ့စွန့်တာပြီးတဲ့အထိ စောင့်နေပါတယ်။ ပြီးပြီဆိုမှ ``မိတ်ဆွေက ဘာအလုပ်များလုပ်လဲ´´ လို့ မေးလိုက်ပါတယ်။ ခြေရာရှင်က ``ဇာတ်ထဲမှာ လိုက်ပါတယ်´´ လို့ ပြန်ဖြေပါတယ်။ လက္ခဏာဆရာကဆက်ပြီး ``ဇာတ်ထဲမှာ ဘာလုပ်လဲ´´ လို့မေးတော့ ``ရှင်ဘုရင် လုပ်ပါတယ်´´ လို့ ပြန်ဖြေလိုက်ပါသတဲ့။

လက္ခဏာဆရာက သက်ပြင်းတွေထပ်ချရင်း ``မင့်မှာ ရှင်ဘုရင်ဖြစ်မယ့် လက္ခဏာတော့ပါပါရဲ့၊ ဒါပေမဲ့ ကျင်ငယ်စွန့်ပုံနည်းမဟုတ်တာကြောင့် ရွှေထီးမပြောနဲ့၊ ထီးစုတ်တောင် ဆောင်းရမှာမဟုတ်ဘူး´´ လို့ ပြောလိုက်ပါသတဲ့။
(သင်္ဂဇာစကားပုံပေါင်းချုပ်)

သင်္ဂဇာဆရာတော်ဘုရားကြီးက ဒီပုံပြင်လေးကို ကိုယ်တိုင်ပဲ ဖန်တီးပြီး ပြောခဲ့လေသလား။ ဒါမှမဟုတ် အစဉ်အဆက်ဆက်ကရှိခဲ့တဲ့ မြန်မာ့ရိုးရာပုံပြင်တစ်ပုဒ်ကိုပဲ လက်ဆင့်ကမ်း ပြောခဲ့လေသလား မသိပါဘူး။ မြန်မာ့ယဉ်ကျေးမှုကော၊ နေထိုင်မှုပုံစံရော၊ ကံကြမ္မာကောင်းကျိုးဆိုးပြစ်တွေကော၊ ဆင်ခြင်တွေးဆစရာတွေရော ရောပြွမ်းနေတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ တကယ့်ရှင်ဘုရင်အစစ်ဆိုရင်တော့ ရာဇဣနြေ္ဒအပျက်ခံပြီး မတ်တတ်ရပ် လက်ကြားညှပ်ပေါက်မယ်တော့ မထင်ပါဘူး။ ခုတော့ သူတို့ဗေဒင်ဆရာတွေရဲ့ အမြင်မှာ ယတြာကျေနေတယ်လိုပဲ တွက်ဆတော့မှာပါ။

ပုံပြင်တော့ ပုံပြင်ပါပဲ။ ဒါပေမဲ့ လက်တွေ့ဘဝနဲ့ နီးစပ်လွန်းပြီး ခေတ်အဆက်ဆက် ရှင်သန်နေမယ့် ပုံပြင်လေးတစ်ပုဒ်ပါ။ အတိတ်ကံ အကျိုးပေးဖို့ ဘယ်လိုပဲပါခဲ့ပါခဲ့ ပစ္စုပ္ပန်ဘဝမှာ နေထိုင်မှုပုံစံမကျရင် အတိတ်ကံလည်း အကျိုးပေးခွင့် မသာဘူးဆိုတဲ့သဘောပါ။ ဒါကိုထောက်ပြီး လူတစ်ယောက် ပစ္စုပ္ပန်ဘဝ နေထိုင်မှုပုံစံကလည်း သိပ်ပြီးအရေးကြီး နေပါတယ်။ အပေါ့စွန့်ပုံ, ပုံစံမကျတာကြောင့် ရှင်ဘုရင်နဲ့လွဲရတာတော့ မတန်လှပါဘူး။

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူ့ရဲ့အပြောအဆို အပြူအမူတွေကိုကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့အနေအထားမှာ ရှိနေပါတယ်။ စိတ်ထဲမှာဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်းမထားဘဲ အပြင်လက်တွေ့မှာ ပြောချလိုက်မယ် ပြုမူချလိုက်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာရှိနေတာကို ဖွင့်ပြောလိုက်သလို ဖြစ်ရုံမကဘဲ ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုပါ ဖန်တီးလိုက်သလို ဖြစ်သွားပါတယ်။

တစ်ခါတစ်လေများ ကိုယ့်ရဲ့မဆင်မခြင်ပြောဆိုမူကြောင့် ဘဝအတွက် ကြီးမားတဲ့အခွင့်အရေးကြီးတွေ လွဲသွားရတာတွေလည်း အများကြီးရှိတတ်ပါတယ်။ ဒါကြောင့် အပြောအဆို အပြုအမူပိုင်းကို အထူးသတိထားရပါမယ်။ စိတ်ထဲမှာ မြုံထားဖို့မဟုတ်ပါဘူး။ စိတ်ထဲမှာမြုံထားရင် စိတ်က ပိုပင်ပန်းပါတယ်။

ပုထုဇဉ်ပီပီ စိတ်ထဲမှာဖြစ်တာတော့ ဖြစ်လိုက်တာပါပဲ၊ စိတ်ထဲမှာ ဖြစ်တာကို စိတ်ထဲမှာပဲ ရှင်းပစ်နိုင်ရပါမယ်။ ရှင်းပစ်နည်းတွေလည်း အများကြီးရှိနေတာပါ။ အချိန်ကာလလေးတစ်ခု စောင့်လိုက်တာတို့ ဆင်ခြင်တတ်သလို ဆင်ခြင်လိုက်တာတို့၊ ရှုမှတ်ပစ်လိုက်တာတို့ စသည်ဖြင့် အများကြီးပါ။

စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်းပြောချလိုက်ရင် ခံရတဲ့သူက တစ်သက်လုံး မမေ့တော့ပါဘူး။ တစ်သက်တာ စိတ်ဒဏ်ရာရသွားတော့တာပါ။ မှားမှန်းသိလို့ ပြန်တောင်းပန်ပေမယ့်လည်း ပြန်ပြီးယုံကြည်မှုတည်ဆောက်လို့ မရတော့ပါဘူး။ ကြိုးတစ်ချောင်းပြတ်သွားလို့ ပြန်ဆက်တဲ့အခါ ဆက်ရာဆက်ထုံးကလေးတော့ ကျန်နေခဲ့သလိုပါပဲ။ ကိုယ်ရဲ့အပြောအဆို အပြုအမူကို အထူးသတိထားနေကာမှ တော်ကာကျတာပါ။

ကိုရင်စာသင်သားဘဝက ရန်ကုန် ဝိသုဒ္ဓါရုံမှာ ဥပုသ်နေ့ညရောက်ပြီဆိုရင် ပဓာနနာယကဆရာတော်ဖြစ်တဲ့ ဆရာတော်ဦးကောဏ္ဍညက သြဝါဒပေးလေ့ရှိပါတယ်။ သြဝါဒပေးတဲ့အခါ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင်စည်းမျဉ်းစာအုပ်ကို အပိုဒ်လိုက် အပတ်စဉ်ဖတ်ပြသွားတာပါ။ အမြဲကြားနေရတာရယ်၊ ဥပုသ်နေ့ နားရမှာမနားရတာရယ်ကြောင့် သိပ်ငြီးငွေ့တာပါပဲ။ ၉ နှစ်လောက်နေခဲ့တာဆိုတော့ သြဝါဒစည်းမျဉ်းတွေကို အလွတ်နီးပါးလောက်ကို ရနေတာပါ။

သိပ်ငြီးငွေ့ခဲ့တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ရွှေကျင်စည်းမျဉ်းတွေကို အခုနေ ပြန်အာရုံပြုကြည့်လိုက်တော့ လက်တွေ့ဘဝထဲမှာ ကျင့်သုံးစရာတွေ ဖြစ်နေပါတယ်။

ဥပမာ- များ ၈ များကို ပယ်ရမယ်ဆိုတဲ့ စည်းမျဉ်းသြဝါဒပါ။
၁။ စကားများ
၂။ အရယ်များ
၃။ အအိပ်များ
၎။ အစားများ
၅။ နဝကမ္မများ
၆။ ပစ္စည်းများ
၇။ ရှင်ငယ်လူငယ်တို့နှင့်ရောနှောများ
၈။ အလည်အပတ်များ ဆိုတဲ့ များ ၈ များကို ပယ်ရမယ်တဲ့။

အဲဒီ များ ၈ များထဲက ဆိုစကားများတာလည်း မကောင်းသလို အစားများတာလည်း မကောင်းပါဘူး။ စကားများတော့ အမှားတွေပါတတ်သလို အစားများတော့လည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ ဒါတွေဟာ လက်တွေ့ဘဝထဲမှာ အပြောအဆို အပြုအမူပိုင်းနဲ့ပတ်သက်လို့ တကယ့်အသုံးချစရာတွေပါ။ ပြန်တွေးတိုင်း လွမ်းစရာတွေချည်းပါပဲ။

ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒတွေထဲမှာ ကျယ် ၅ ပါးကို ပယ်ဖို့၊ ကြမ်း ၉ ပါးကိုပယ်ဖို့ စသည်တွေလည်း ရှိပါသေးတယ်။ စကားပြောကျယ်၊ အရယ်ကျယ်၊ အခေါ်ကျယ် စသည်တွေနဲ့ စိတ်ကြမ်း၊ နှုတ်ကြမ်း၊ ကိုယ်ကြမ်း၊ အစားကြမ်း၊ အအိပ်ကြမ်း၊ အရယ်ကြမ်း စသည်တွေပါ။ တကယ့်လက်တွေ့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ ကျင့်သုံးလို့ရတဲ့ ကျင့်စဉ်တွေပါ။ စကားပြောကျယ်၊ အခေါ်ကျယ်တွေကလည်း သိက္ခာရှိတဲ့ လူတစ်ယောက်အတွက် နှုတ်ဣနြေ္ဒပျက်စေပါတယ်။ ကြားရတဲ့သူအတွက်လည်း နားပင်ပန်းလှပါတယ်။ အဝေးရောက်နေလို့ တစ်ဖက်လူကြားအောင် လှမ်းခေါ်ရတာမျိုးကျတော့တစ်မျိုးပါ။ စိတ်ကြမ်း နှုတ်ကြမ်းကိုလည်း ဘယ်သူကမှ မကြိုက်ပါဘူး၊ မိတ်ဆွေအဖြစ်လည်း ဘယ်သူမှ မခင်ချင်ကြပါဘူး။ စိတ်ပူလောင်လို့ပါ။ တစ်ယောက်တည်းတင် လောင်တာ မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံး လောင်တာပါ။ ရဟန်းတစ်ပါးအတွက် လူတစ်ယောက်အတွက် အပြောအဆိုအပြုအမူနဲ့ပတ်သက်လို့ ထောင့်စေ့အောင် သြဝါဒလမ်းညွှန်ပေးထားတာပါ။

ဆရာတော်ဦးကောဏ္ဍညက ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြဝါဒတွေတင် မကပါဘူး၊ ဆရာတော်အနေနဲ့လည်း သီးခြားသြဝါဒ ပေးတတ်ပါသေးတယ်။ ဥပမာ- ``မင်းတို့တွေ ဖောဋ္ဌ်မရ ဓမ္မဆုံးမဖြစ်စေနဲ့´´ (ဖွတ်မရ ဓားမဆုံးမဖြစ်စေနဲ့) ဒီစကားကိုတော့ ထပ်ခါထပ်ခါ မိန့်လေ့ရှိပါတယ်။ တကယ့် ဖွတ်ကောင်လည်းမရ ထင်းခုတ်တဲ့ ဓားမလည်းမရလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဖောဋ္ဌ်ဆိုတာ ဖောဋ္ဌဗ္ဗာရုံကို ပြောတာပါ။ ဖောဋ္ဌ်ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်အတွေ့အထိလည်း မရ ဓမ္မဆိုတဲ့ တရားဓမ္မလည်းဆုံးလို့ ဆိုလိုတာပါ။ လူငယ်စကားနဲ့ ရှင်းအောင်ပြောရရင်တော့ မိန်းမလည်းမရ တရားဓမ္မလည်းမရ မဖြစ်စေနဲ့လို့ ပြောလိုရင်းပါ။

ကြားရဖန်များတော့ ကိုရင်အချင်းချင်း ``ကိုရင် ဖွတ်နဲ့ဓားမတစ်ခုခုတော့ ရမှဖြစ်မယ်နော်´´ လို့ပြောရင် တစ်ခြားတစ်ပါးက ``တပည့်တော်ကတော့ ဖွတ်ပဲ ယူတော့မယ်´´ လို့ ပြန်နောက်တတ်ပါတယ်။

ငယ်ငယ်က အပြောင်အပျက်စကားတွေက ကြီးလာတော့ တွေးဆစရာတွေ ဖြစ်လာခဲ့ပါတယ်။ နှစ်ခုလုံးရှုံးနေရင် ရဟန်းဝတ်ရတာ မတန်ဘူး ဆိုတဲ့သဘောကို ပြနေပါတယ်။

တစ်ခုကို စွန့်လွှတ်ထားပြီး တစ်ခုကို မရဘူးဆိုရင်လည်း အဓိပ္ပါယ်မရှိပါဘူး။ ဒါကြောင့် တချို့ရဟန်းတော်တွေ လူထွက်သွားကြတာလား မသိပါဘူး။ တကယ်တော့ ရဟန်းတစ်ပါး လူထွက်သွားရင် နှစ်ခါသုံးခါမက ရှုံးရတဲ့ ဘဝပါ။ ကိုယ်တိုင် အနာဂတ်လမ်းကြောင်းကို မရွေးချယ်နိုင်သေးတဲ့ ကိုရင်လေးအရွယ်မှာပဲ လေးတန်အောင်လို့ ငါးတန်းဆက်မတက်ဘဲ ဘုန်းကြီးစာကိုပဲ ဆက်သင်ခဲ့ရတဲ့အတွက် လောကီပညာကို ကလေးဘဝမှာပဲ စွန့်လွှတ်ခဲ့ရပါတယ်။ ဓမ္မာစရိယတွေအောင်လို့ စာချဘုန်းကြီးတွေဖြစ်လို့ မပျော်လို့ လူထွက်တဲ့အခါ လောကီဘွဲ့မရတဲ့အတွက် အပြင်မှာ အလုပ်ကောင်းကောင်း မရနိုင်တဲ့အတွက် ဘဝကိုပင်ပင်ပန်းပန်း ဖြတ်သန်းရပါတယ်။ ဓမ္မာစရိယဘွဲ့ကို အပြင်မှာ ရေးတတ်ဖတ်တတ်အဆင့်ပဲ ထားတာပါ။

လူထွက်တဲ့အခါ ဘာပိုက်ဆံမှ မရှိတဲ့အတွက် ရင်းနှီးစားသောက်ဖို့လည်း ခက်ခဲရပြန်ပါတယ်။ ဒါတင်မကပါဘူး ``လူထွက်ရပါ့မလား´´ ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရှုတ်ချမှုကို ခံရပြန်ပါသေးတယ်။ လူထွက်သွားရင် အရှုံးအဆင့်ဆင့်ရှုံးပြီး ဘဝအာမခံချက် မရှိတဲ့သဘောပါ။

``လူထွက်သောရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအသင်း´´ ဆိုပြီး ဘယ်သူကမှလဲ တည်ထောင်ပေးမထားပါဘူး။ အစကတည်းက သဘာဝအရှုံးအဆင့်ဆင့်ကို စတေးပြီး ဘုန်းကြီးဝတ်ခဲ့ကြရတာပါ။

လူသားတစ်ယောက်ဟာ လောကပြစ်၊ ဓမ္မပြစ်မလုပ်ဘူးဆိုရင် လူ့အဆင့်အတန်းတစ်ခုအနေနဲ့ ဘယ်ဘဝမှာပဲ ရှိနေရှိနေ လူ့ဝန်းကျင် လူ့အသိုင်းအဝိုင်းက တန်ဖိုးထားရမှာပါပဲ။

ငယ်ငယ်က စာသင်သားဘဝကို ပြန်သတိရသွားလို့ပါ။

နွားကျောင်းသားတစ်ယောက် အပေါ့စွန့်တာ မတ်တတ်ရပ်စွန့်လို့ ပြဿနာမရှိပေမယ့် လူလေးစားခံရသူတစ်ယောက်ကျတော့ အဆင်မပြေလှပါဘူး။ ဒါကလည်း မြန်မာပြည်အတွေးနဲ့ပါ။ နိုင်ငံခြားမှာရှိတဲ့ အိမ်သာ အားလုံးနီးပါးကတော့ ထိုင်စွန့်ဖို့ကော မတ်တတ်စွန့်ဖို့ကော နှစ်မျိုးလုံး စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ အားလုံးလုံလုံခြုံခြုံဆိုတော့ ဣနြေ္ဒရပါတယ်။

သီဟိုဠ်ကျွန်းမှာ ဝဋဂါမဏိမင်းစစ်ရှုံးတော့ မိဖုရားတွေနဲ့အတူ တောထဲကိုပြေးရပါတယ်။ စစ်ပြေးတဲ့အထဲမှာ မိဖုရားသောမဒေဝီလည်း ပါပါတယ်။ မိဖုရားသောမဒေဝီက ထိန်ပွင့်နဲ့တူတဲ့အပွင့်ရှိတဲ့ ချုံပုတ်ထဲ ပုန်းနေတုန်း ခပ်လှမ်းလှမ်းမှာ ကိုရင်လေးတစ်ပါးကို လှမ်းတွေ့လိုက်ရတယ်။ တောထဲမှာ ကိုရင်တစ်ပါးတွေ့လိုက်ရတော့ တအံတသြနဲ့ သတိထားကြည့်နေလိုက်ပါတယ်။ ကိုရင်လေးက ဆောင့်ကြောင့်လေးထိုင် သင်္ကန်းကိုလုံအောင်ဖုံး လက်ကလေးပါကာပြီး ကျင်ငယ်စွန့်တာကို တွေ့လိုက်ရပါတယ်။ မိဖုရားသောမဒေဝီက ကိုရင်လေးကျင်ငယ်စွန့်ပုံလေးကို ကြည်ညိုသဘောကျသွားပါတယ်။ ဒါကြောင့် ကိုရင်လေးကျင်ငယ်စွန့်တဲ့နေရာမှာပဲ ကျောင်းဆောက်လှူပါတယ်။ ကျောင်းကိုလည်း သောမဝိဟာရ လို့ နာမည်ပေးလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းလေးပါးဒကာမအဖြစ်လည်း ခံယူလိုက်ပါတယ်။

ကျင်ငယ်စွန့်ပုံသဘောကျလို့ ကျောင်းဆောက်လှူရုံတင်မကဘဲ ပစ္စည်းလေးပါးဒကာမအဖြစ်ပါ ခံယူလိုက်တော့ အပေါ့စွန့်တာလေးကလည်း လူတစ်ယောက်ရဲ့ ကံကြမ္မာအပြောင်းအလဲကို အများကြီးပြောင်းလဲပစ်လိုက်တာပါ။

တကယ်လို့များ ကိုရင်လေးက တောထဲ ဘယ်သူမှမရှိပါဘူးလေ ဆိုပြီး မတ်တတ်ရပ် စွန့်လိုက်မယ်ဆိုရင်တော့ သောမဝိဟာရကျောင်းကြီး ဖြစ်ချင်မှဖြစ်လာမှာပါ။ ကိုယ့်ရဲ့ အပြောအဆို အပြုအမူလေးတွေက ကိုယ့်ရဲ့အဆင့်အတန်းကို ဖော်ပြနေသလို ကိုယ့်ရဲ့ကံကြမ္မာကောင်းကျိုးဆိုးပြစ်ကိုလည်း ဖန်တီးနေတယ်ဆိုတာ အပေါ့စွန့်ပုံ ဝတ္တုလေးနှစ်ပုဒ်က သက်သေသာဓကပြနေပါတယ်။ အပေါ့စွန့်တာလေးတောင် ဒီလောက်ကောင်းကျိုးဆိုးပြစ်ဖြစ်နေရင် တခြားအမူအရာတွေဆို အထူးပြောစရာမလိုတော့ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းက ဆရာ ဒဂုန်တာရာကို ပြောပါတယ်။ ``အနုပညာဆိုတာ ရှိတာပဲ၊ လင်မယား ဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ၊ အနုပညာမြောက်မှ တော်လှန်ရေးလည်း တကယ့်တော်လှန်ရေးအစစ်ပဲ´´

ဗိုလ်ချုပ်စကားကို သိပ်သဘောကျလို့ အမြဲမှတ်မိနေပါတယ်။ ဒါဆိုရင် အပေါ့စွန့်တာလည်း အနုပညာပါမှ အဆင်ပြေမယ့် သဘောရှိပါတယ်။ အနုပညာမဲ့ရင် အဆင်မပြေပါဘူး။

စားရေးသူ ရိပ်သာတရားစခန်းမှာ ယောဂီတွေအတွက် ကော်ဖီစင်တာ ၂ ခု လုပ်ပေးထားပါတယ်။ ကော်ဖီ ၁၂ မျိုး၊ ၁၃ မျိုးလောက်အပြင် အိုဗာတင်း၊ မိုင်လို၊ ကွေကာအုပ်၊ လက်ဖက်ရည် စသည်တွေပါ စုံနိုင်သမျှစုံအောင် ထားပေးထားပြီး နေ့လယ် ၁၂ နာရီမထိုးမချင်း ကြိုက်သလောက် သောက်လို့ပြောထားပါတယ်။

ဒီလိုပါပဲ၊ မြက်ခင်းစိမ်းစိမ်းပေါ်မှာ မုပ္ပလင်က သဘာဝကျောက်သား ပွဲကျောက်ထိုင်ခုံတွေကို ယောဂီတွေထိုင်ဖို့ ချပေးထားပါတယ်။ မြို့ထဲမှာ စိတ်ပန်းရုပ်ပန်းနဲ့ အပူတွေကြားထဲမှာ တဒင်္ဂလေးစိတ်ချမ်းသာမှုရသွားစေချင်တဲ့ သဘောပါ။ ဒါလည်း ဗိုလ်ချုပ်စကားအရဆို အနုပညာတစ်ခုလို့ပဲ ခံယူထားပါတယ်။ ယောဂီတွေ တရားအားထုတ်တဲ့အခါ သဘာဝပတ်ဝန်းကျင် အနုပညာတွေကလည်း အစိတ်ပိုင်းတစ်ခုအနေနဲ့ အထောက်အကူ ပြုနေမှာပါ။

ဘာပဲပြောပြော ကိုယ့်ရဲ့ အပြောအဆို အပြုအမူလေးတွေမှာ အနုပညာလေးတွေပါနေရင် ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေသလို ကိုယ့်ရဲ့ ကံကြမ္မာ ကောင်းကျိုး ဆိုးပြစ်ကိုလည်း ဖန်တီးပေးနေတယ်ဆိုတာလေးကိုတော့ တွေးရင်းတွေးရင်း တွေးနေဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
(news watch weekly ဂျာနယ် ၂၃.၆.၂၀၁၅)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment