Sunday, January 29, 2017

စိတ်ညစ်ရမယ့်စကားများ မပြောပါနဲ့လား



တစ်ခါတုန်းက ဘုရားလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး တက္ကသိုလ်ပြည်မှာ ပါမောက္ခအဖြစ်နဲ့ ဗေဒင်ပညာတွေကို သင်ကြားပို့ချပေးနေပါတယ်။

ပညာသင်ယူနေကြတဲ့ တပည့်တွေထဲမှာ ဘုရင့်သား မင်းသားတွေရော၊ ပုဏ္ဏားတွေရဲ့သား ပုဏ္ဏားလုလင်ငယ်တွေရော၊ သူဌေးသားတွေရော နယ်ပယ်စုံပါပါတယ်။ အဲဒီအထဲက ပုဏ္ဏားလုလင်ငယ်တစ်ယောက်က ဗေဒင်ပညာရပ်တွေကို ယုံမှားကင်းအောင် ပြည့်ပြည့်စုံစုံတတ်သွားလို့ ဆရာငယ်တစ်ယောက် ဖြစ်သွားပါတယ်။

နောင် အရွယ်ရောက်တဲ့အခါမှာ ပုဏ္ဏားလုလင်က အိမ်ထောင်ပြုပါတယ်။ အိမ်ထောင်ပြုတော့ အိမ်ထောင်ရေးကိစ္စကြောင့် စိတ်တွေက ညစ်လာပါတယ်။ စိတ်ညစ်လာတော့ မူလမြတ်မြတ်နိုးနိုးသင်ကြားခဲ့တဲ့ ဗေဒင်ပညာရပ်တွေကို ပြန်မလေ့ကျက်နိုင်တော့ပါဘူး။

တစ်နေ့တော့ ပုဏ္ဏားလုလင်က ကိစ္စတစ်ခုနဲ့ ဆရာဖြစ်သူ ဘုရားလောင်းဆီရောက်သွားတော့ ဘုရားလောင်းက `ငါ့တပည့် သင်ထားတဲ့ ဗေဒင် ပညာရပ်တွေရော ပြန်လေ့ကျက်ဖြစ်ရဲ့လား´ လို့ မေးပါတယ်။

ဒီတော့ ပုဏ္ဏားလုလင်က `ကျွန်တော် အိမ်ထောင်ပြုလိုက်တော့ အိမ်ထောင်မှုကိစ္စတွေကြောင့် စိတ်ညစ်နေရပါတယ်။ စိတ်ညစ်တော့ ဗေဒင်တွေကို ပြန်မလေ့ကျက်နိုင်တော့ပါဘူး´ လို့ ပြန်ပြောလိုက်ပါတယ်။

စိတ်ညစ်တဲ့ပုံပေါက်နေတဲ့ တပည့်ပုဏ္ဏားလုလင်ကို ဆရာဖြစ်သူ ဘုရားလောင်းက ---
`ငါ့တပည့် ... ရေဟာ နောက်ကျုနေရင် ရေထဲက ကျောက်ခဲတွေ၊ သဲတွေ၊ ငါးတွေ၊ လိပ်တွေကို မမြင်နိုင်သလို ဒီအတိုင်းပဲစိတ်ညစ်နေရင် မိမိကိုယ်ကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ပါ မလုပ်နိုင်တော့ဘူး

ရေကြည်နေရင် ရေထဲက ကျောက်ခဲတွေ၊ သဲတွေ၊ ငါးတွေ၊ လိပ်တွေကို မြင်ရသလို စိတ်ကြည်နေရင်၊ စိတ်ပျော်နေရင် ကိုယ်ကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ပါ ကောင်းကောင်းဆောင်ရွက်နိုင်တယ်´ လို့ ပြန်ပြောပြလိုက်ပါတယ်။

ပုဏ္ဏားလုလင်လည်း ဆရာသမားဆီက သြဝါဒ အဖြေစကားကြားလိုက်ရတော့ ကျေနပ်တဲ့အမူအရာနဲ့ပဲ ပြန်သွားပါတော့တယ်။

(အနဘိရတိဇာတ်၊ အသဒိသဝဂ်)

ဘုရားလောင်းရဲ့ `စိတ်ညစ်နေရင် ကိုယ်ကျိုးအတွက်ရော၊ အများအကျိုးအတွက်ပါ ဆောင်ရွက်လို့မရဘူး´ ဆိုတဲ့ စကားလေးကို ကြိုက်လွန်းမက ကြိုက်လွန်းလို့ပါ။ ဇာတ်တော်ထဲမှာတော့ ဘုရားလောင်းက သူ့တပည့် ပုဏ္ဏားကို ဒီစကားလေး ပြောလိုက်တယ်ဆိုတာပဲပါပါတယ်။ ဘုရားလောင်းစကားကြားပြီး တပည့်ပုဏ္ဏားလည်း စိတ်ညစ်တာတွေပျောက်၊ ကိုယ်ကျိုးအတွက်ရော အများအကျိုးအတွက်ပါ ဆက်လက်ဆောင်ရွက်သွားတယ်လို့တော့ စာထဲမှာ ဆက်ပြမထားပါဘူး။ မှန်းဆကြည့်ရတာကတော့ တပည့်ကလည်း ခပ်ထက်ထက်ဆိုတော့ ဆရာဖြစ်သူက အကျဉ်းဟောလိုက်တာနဲ့ အကျယ်တွေးဆသဘောပေါက်ပြီး အကောင်းဘက်ကို ရောက်သွားဖို့ပဲ များပါတယ်။ ဘုရားလောင်းရဲ့ စကားလေးက နှစ်ပေါင်း ထောင်သောင်းမက ကြာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အထိ အသစ် အသစ် ဖြစ်နေဆဲပါ။

အဲဒီမှာ တစ်ခုသတိထားစရာက စိတ်ညစ်နေရင် ကိုယ့်အတွက်တင်မကဘဲ သူတစ်ပါးအကျိုးအတွက်ပါ ဆောင်ရွက်လို့မရတာပါ။ ဒီတော့ စိတ်ညစ်တာဟာ ကိုယ့်အတွက်သာမကဘဲ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ ကောင်းကျိုးမပြုနိုင်တာပါ။ စိတ်ညစ်တာဟာ ဘာမှကို မကောင်းတာပါ။

ဥပမာ- တစ်ယောက်ယောက် စိတ်ညစ်နေတုန်း အကူအညီများ သူ့ဆီကသွားတောင်းရင် မရဖို့က များပါတယ်။ ဒီလိုပါပဲ ကိုယ်စိတ်ညစ်နေတုန်း တစ်ယောက်ယောက်က အကူအညီလာတောင်းရင်လည်း မပေးချင်ပါဘူး။ သူစိမ်းမှတင် မဟုတ်ပါဘူး။ မိသားစုထဲကတစ်ယောက်ယောက် စိတ်ညစ်နေတုန်း မိသားစုအချင်းချင်းခိုင်းရင်တောင် အဆင်မပြေလှပါဘူး။ စိတ်ညစ်တာဟာ လူ့အဖွဲ့အစည်းကို အဲဒီလောက်ထိ ဒုက္ခပေးတာပါ။

စိတ်ညစ်တယ်ဆိုတာ အဘိဓမ္မာသဘောတရားအရ ကောက်ရင် ဒေါမနဿပါ။ ဒေါမနဿဆိုတာ အကုသိုလ်ပါ။ ဒေါမနဿကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးက `စိတ်ထဲ၌ နှလုံးမသာယာမှု၊ မခံသာမှုမှန်သမျှသည် ဒေါမနဿ- စိတ်ဆင်းရဲခြင်းမည်၏´ လို့ မြန်မာပြန်ပြပေးပါတယ်။ စိတ်ဆင်းရဲတယ်၊ စိတ်ညစ်တယ်ဆိုတာ ဒေါမနဿ အကုသိုလ်ဖြစ်နေတာပါပဲ။ နေရင်းထိုင်ရင်း တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် အကုသိုလ်ဖြစ်နေမှန်းမသိ ဖြစ်နေတာပါ။ စိတ်လည်းညစ်ရသေး အကုသိုလ်လည်းဖြစ်ရသေးဆိုရင် ဈေးတွက်နဲ့တွက်ရင် မတန်ပါဘူး။

တကယ်လို့ `ငါစိတ်ညစ်တယ် ... ငါစိတ်ညစ်တယ်´ လို့ပြောနေတာဟာ `ငါအကုသိုလ်ဖြစ်နေတယ်´ လို့ ပြောနေတာနဲ့ အတူတူပါပဲ။ ဒီလိုပါပဲ တစ်ယောက်ယောက်က `ငါစိတ်ညစ်တယ်၊ ငါစိတ်ညစ်တယ်´ လို့ အော်နေတာဟာလည်း `ငါ အကုသိုလ်ဖြစ်နေတယ်´ လို့ ပတ်ဝန်းကျင်ကို တရားဝင် ကြေညာလိုက်တာပါ။ တွေးကြည့်တော့လည်း ရှက်စရာကြီးပါ။

စိတ်ညစ်စရာစကားကို ပြောတဲ့သူရှိရင် နားထောင်ပေးရတဲ့သူလည်း ရှိတော့တာပါ။ စိတ်ညစ်စရာစကားဆိုတာ အကုသိုလ်စကား၊ အပူစကားပါ။ အကုသိုလ်စကား၊ အပူစကားကို နားထောင်ပေးရတဲ့သူမှာလည်း မသက်သာလှပါဘူး။ တကယ်တော့ ဘယ်သူမှ စိတ်ညစ်စရာစကား အပူစကားကို နားမထောင်ချင်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ စိတ်ညစ်စရာ အပူကိုယ်စီ ရှိကြပါတယ်။ ထုတ်မပြောလို့သာပါ။ စိတ်ညစ်စရာရှိနေတုန်းမှာ စိတ်ညစ်စရာစကားကို ထပ်ကြားတဲ့အချိန်မှာ စိတ်ညစ်စရာ နှစ်ခါဆင့်သွားတဲ့သဘောပါ။ အပူနှစ်ခါလောင်သွားတာပါ။ နားထောင်ပေးရတဲ့သူမှာလည်း အလွန်ဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ကောင်းပါတယ်။ စိတ်ညစ်စရာစကားတွေကို အမြဲနားထောင်ပေးနေရရင် ရေရှည်မသက်သာလှပါဘူး။

ဥပမာ- ညကလည်း ကောင်းကောင်းမအိပ်လိုက်ရဘူး။ ကောင်းကောင်း မအိပ်လိုက်ရတဲ့အတွက် ခေါင်းကလည်း ကိုက်နေမယ်။ မနက်ကျ စိတ်ညစ်စရာစကားလည်း ကြားလိုက်ရမယ်ဆိုရင်တော့ အဲဒီလူသားအတွက် ဒီနေ့တစ်နေ့တာ ကံအဆိုးဆုံး လူသားတစ်ယောက် ဖြစ်သွားတော့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အထူးသဖြင့် မနက်စောစောဟာ ကျက်သရေမင်္ဂလာရှိတဲ့ အချိန်လေးပါ။ ကျက်သရေမင်္ဂလာရှိနေတုန်း ဘဝတစ်နေ့တာရဲ့အစမှာ စိတ်ညစ်စရာစကား ကြားလိုက်ရရင် တစ်နေ့တာအလုပ်တွေကို လုပ်ဖို့အတွက် အားအင်တွေကို ရိုက်ချိုးခံလိုက်ရသလိုပါပဲ။

စိတ်ညစ်စရာစကားဟာ ပြောပါများရင် အကျင့်တစ်ခုလို ဖြစ်သွားတတ်ပါတယ်။ အလေ့အကျင့်တစ်ခုဖြစ်သွားရင် ပြန်ပယ်ဖို့ တော်တော်ခက်သွားပါတယ်။ ဒီတော့ စိတ်ညစ်စရာစကားပြောနေတုန်း သိလိုက်တာနဲ့ ချက်ချင်း ရပ်ပစ်လိုက်ဖို့ပါ။ တုံးတိကြီးရပ်လိုက်ဖို့ ခက်တယ်ဆိုရင်လည်း တခြားစကား လမ်းကြောင်း ပြောင်းပစ်လိုက်ဖို့ပါ။ တချို့များ စိတ်ညစ်စရာစကားတွေကို တစ်နာရီကျော် နှစ်နာရီလောက် မနားတမ်းတရစပ် ပြောနေတော့တာပါ။ နားထောင်ပေးရတဲ့သူမှာလည်း `အင်း- အင်း- အင်း´ နဲ့ အပူပိုက်ကွန်နဲ့ အုပ်ထားသလို စိတ်ပူလောင်မှုဒဏ်ကို ခံစားရတော့တာပါ။ ကိုယ်ပြောချင်တာကိုပဲ မနားတမ်းပြောနေပြီး နားထောင်ပေးရတဲ့သူကိုတော့ စကားပြန်ပြောခွင့် လုံးဝကို မပေးတော့တာပါ။ စကားဆိုတာကလည်း သူ (၅၀) ကိုယ် (၅၀) ပြောမှ အရသာရှိတာပါ။ ကိုယ်ကချည်း တစ်ဖက်သတ်ပြောနေရင် ဘယ်သူမှ နားမထောင်ချင်ပါဘူး။

နားထောင်ပေးရတဲ့သူမှာသာ `အင်း´ တစ်လုံးကလွဲလို့ ဘာစကားမှ ပြန်ပြောခွင့်ပြုထားတာ မဟုတ်ပါဘူး။ သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို `အင်းပေါ့၊ ဟုတ်တာပေါ့´ နဲ့ နားထောင်မှုပါရမီကို စိတ်မသက်မသာနဲ့ ဖြည့်နေရတော့တာပါ။

ဒီနေရာမှာ စိတ်ညစ်စရာစကားကို ပြောတဲ့နေရာမှာ လူနှစ်မျိုးထွက်လာပါတယ်။ စိတ်ညစ်တဲ့အခါ စိတ်ညစ်စရာတွေ ပြေပျောက်သွားဖို့ အဖြေသိဖို့ ပြောတဲ့လူရယ်။ စိတ်ညစ်စရာစကားကို ဝါသနာအလေ့အကျင့်အရ နားထောင်ပေးရတဲ့သူကို ပြန်ပြောခွင့်မပေးတော့ဘဲ ကိုယ်ကချည်းပဲ မနားတမ်းတရစပ် ပြောနေတဲ့သူရယ်ပါ။

လူနှစ်မျိုးထဲက တစ်မျိုးမျိုးထဲမှာတော့ ပါနေမှာ အသေအချာပါ။ ကိုယ်က ဘယ်အမျိုးအစားထဲမှာ ပါနေမယ်ဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ပထမအမျိုးအစားအတွက်ကတော့ ပြဿနာ မရှိပါဘူး။ ဒုတိယအမျိုးအစားအတွက်သာ ပြဿနာရှိနေတာပါ။

ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့ စိတ်ညစ်စရာတော့ အခါအားလျော်စွာ ရှိနေကြမှာပါ။ စိတ်ညစ်စရာက အနာဂါမ်ရောက်မှပဲ ပယ်လို့ရတာပါ။ ဒီတော့ အနာဂါမ် မဖြစ်သရွေ့ စိတ်ညစ်စရာကတော့ ကြုံနေရမှာပါ။

စိတ်ညစ်လာတဲ့အခါ ဘယ်လိုဖောက်ထွက်ရမလဲ အဖြေရှာတာကတော့ သဘာဝကျတဲ့ မှန်ကန်တဲ့လမ်းစဉ် တစ်ခုပါ။ အနဘိရတိဇာတ်မှာ ပုဏ္ဏားလုလင်က ဆရာဘုရားလောင်းဆီသွားပြီး အဖြေရှာပါတယ်။

ဒီလိုပါပဲ သိကြားမင်း သေရတော့မယ်ဆိုတာ ခုနှစ်ရက်အလိုမှာ သိရတဲ့အခါ စိတ်တွေဆင်းရဲလွန်းလို့ သိကြားမင်းစည်းစိမ်ကို စွန့်လွှတ်ရမှာ ကြောက်လို့ မြတ်စွာဘုရားဆီ သွားလျှောက်ပြ၊ မြတ်စွာဘုရားက ပြန်တရားဟောပြ၊ တရားနာပြီး သောတာပန်ဖြစ်၊ သောတာပန်တည်ပြီး သိကြားမင်းသေ၊ ပြီးတော့ သူဖြစ်ချင်တဲ့ သိကြားမင်းအသစ်ပြန်ဖြစ်၊ ကျန်တဲ့ နတ်ဗြဟ္မာတွေလည်း တရားနာခွင့်ရ အားလုံးအားလုံး အကျိုးရှိသွားတော့တာပါ။ သိကြားမင်း စိတ်ညစ်တာ ကျန်တဲ့ နတ်ဗြဟ္မာတွေပါ တရားထူးရသွားကြကုန်တာက သိကြားမင်းရဲ့ အဖြေရှာမှု၊ စကားပြောတတ်မှု လမ်းကြောင်းမှန်ကန်သွားလို့ပါပဲ။

စိတ်ညစ်လာတဲ့အခါ အဖြေစကားကြားရဖို့ သိကြားမင်းလိုပဲ စိတ်ညစ်တာတွေက ရုန်းထွက်နိုင်ဖို့ သူငယ်ချင်း မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် ပြောပြတာကတော့ သဘာဝကျတဲ့ အပြုအမူတစ်ခုပါ။ အဲဒီသူအတွက်တော့ နားထောင်ပေးရတဲ့သူကလည်း ဝန်မလေးသလို စိတ်လည်း မညစ်ပါဘူး။

ဒုတိယလူ အမျိုးအစားကျတော့ စိတ်ညစ်စရာစကားကို ပြောတဲ့လူရော နားထောင်ပေးရတဲ့လူပါ နှစ်ဦးစလုံးအတွက် အကျိုးကိုမရှိတာပါ။ ပြောနေတဲ့လူကလည်း စိတ်ညစ်စရာစကားကို ပြောနေတာဖြစ်တဲ့အတွက် အကုသိုလ်တွေ ထပ်ဆင့်ပွားနေတော့တာပါ။ နားထောင်ပေးရတဲ့လူကလည်း ကြာလာတဲ့အခါကျတော့ အကြိမ်ရေများလာတဲ့အခါကျတော့ ပုထုဇဉ်အားလျော်စွာ နှလုံးမသွင်းတတ်ရင် ငြီးငွေ့မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတော့မှာပါ။ ဒီလိုဖြစ်လာရင် ပြောသူရော နားထောင်ပေးရတဲ့သူပါ နှစ်ဖက်စလုံး အကုသိုလ် ဖြစ်ရတော့တာပါ။

ဒီတော့ကိုယ်ကဒုတိယအမျိုးအစားထဲမှာပါနေမယ်ဆိုရင်လည်း ပထမအမျိုးအစားထဲမှာပါအောင် ပြန်ကြိုးစားယူရပါမယ်။ သိပ်ပြီးခက်မယ်တော့ မထင်ပါဘူး။

အဲဒီမှာ အထူးသတိထားရမှာက ဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်များရင် နောက်ဘဝအထိ ပါတတ်တယ်ဆိုတော့ ဒီဘဝ စိတ်ညစ်စရာစကားတွေ တွင်တွင်ပြောတတ်ရင် နောင်ဘဝတွေမှာလည်း စိတ်ညစ်စရာစကားတွေ ပြောပြောနေပါလိမ့်မယ်။ အဲဒါမျိုးဖြစ်သွားရင် ပိုလို့တောင် ရှုံးပါသေးတယ်။

တခြားဆိုးကျိုးတွေလည်း အများကြီးပါ။ စိတ်ညစ်စရာစကားတွေကို မရပ်တမ်းပြောနေတဲ့သူကို ဘယ်သူမှ အချိန်ကုန်ခံ နားမထောင်ချင်ပါဘူး။ အားလုံးက အလုပ်ကိုယ်စီနဲ့ပါ။ အလုပ်ပျက်ခံ၊ အချိန်ကုန်ခံပြီး နားထောင်ပေးဖို့ဆိုတာ ရေရှည်မှာ မလွယ်ပါဘူး။ ကြာလာရင် ကိုယ့်ဆီက တယ်လီဖုန်းလာရင်တောင် ကိုင်တော့မှာ မဟုတ်ပါဘူး။ ဝေးဝေးက ရှောင်ကြတော့မှာပါ။ တချို့ဆို စိတ်ညစ်စရာစကားတွေကို တစ်ညလုံး အအိပ်ပျက်ခံပြီး နားထောင်ပေးရတာတောင် ရှိဖူးပါသတဲ့။

ဒီတော့ စိတ်ညစ်စရာစကားတွေ ပြောဖြစ်ခဲ့ရင် သိလိုက်တာနဲ့ ရပ်လိုက်ဖို့ပါ။ တုံးတိတိရပ်လိုက်ဖို့ခက်ရင်လည်း စကားလမ်းကြောင်း ပြောင်းလိုက်ဖို့ပါ။ တတ်နိုင်ရင်တော့ စိတ်ညစ်စရာစကားပြောတဲ့ ကိုယ့်ကိုလည်း အထင်မသေးအောင်၊ ပျော်စရာ၊ ကုသိုလ်ဖြစ်စရာစကားဘက်ကို လမ်းကြောင်းပြောင်းပစ်လိုက်ဖို့ပါ။ စကားလမ်းကြောင်း ပြောင်းတာတော့ ခက်မယ်မထင်ပါဘူး။ လေ့ကျင့်သွားရင် ရနိုင်ပါတယ်။ စကားလမ်းကြောင်းပြောင်းတတ်တာလည်း အတတ်ပညာတစ်ခုပါပဲ။ အဓိကကတော့ စိတ်ညစ်တာရော၊ စိတ်ညစ်စရာစကားပြောတာရော အကုသိုလ်ဆိုတာကို သေချာသိထားလိုက်ဖို့ပါ။ အကုသိုလ်လို့ဆိုလိုက်ရင် အများစုက ကြောက်ကြတာများပါတယ်

တစ်ခါတစ်လေ တွေးမိပါတယ်။ `ငါ စိတ်ညစ်စရာတစ်ခုခုကို တွေးနေတုန်းများ အသက်ထွက်သွားရင်´ ဆိုတဲ့ အတွေးပါပဲ။ အဲဒီအချိန်မှာ အသက်ထွက်သွားရင်တော့ မသက်သာလှပါဘူး။ အသက်ဆိုတာကလည်း ပြောလို့ရတာ မဟုတ်ပါဘူး။ သူ ထွက်ချင်တဲ့အချိန် ထွက်သွားမှာပါ။ `အသက်ကလေးရယ် စိတ်ညစ်နေတုန်းလေးတော့ မထွက်ပါနဲ့ဦး။ ခဏနေပါဦး´ လို့ တောင်းပန်ထားလို့ရတာလည်း မဟုတ်ပါဘူး။ စိတ်ဆိုတာကလည်း အာရုံမျိုးစုံကို တစ်ချိန်တစ်မျိုး မရိုးရအောင် တွေးနေတာပါ။ `ကောင်းတဲ့အာရုံလေး တွေးဖြစ်နေတုန်း ထွက်ပါစေ´ လို့ ဆုတောင်းရတော့မယ့် အနေအထားပါ။

ဘာပဲပြောပြောလေ.. .. စိတ်ညစ်တာရော၊ စိတ်ညစ်စရာစကားပြောတာရော ဒေါမနဿဆိုတဲ့ အကုသိုလ်လို့ သေချာနှလုံးသွင်းလိုက်ရင် အခွင့်သင်ရင် ပြောတတ်တဲ့ စိတ်ညစ်စရာစကားတွေ အတိုင်းအတာတစ်ခုအထိ လျော့လျော့သွားမှာတော့ အမှန်ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)



https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment