Sunday, January 29, 2017

" မှန်ကန်တဲ့ အမြင် "



ယနေ့ကမ္ဘာမှာ တစ်ချို့က ဗုဒ္ဓတရားတော်အပေါ် အထင်အမြင် လွှဲနေတာလေးတွေ ရှိတယ်။ ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓဘာသာ အများစုက လောကုတ္တရာစာတွေ , ဘုန်းကြီးစာတွေကို လောကီကိစ္စနဲ့ မဆိုင်ဘူး လို့ ဒီလို ယူဆချက်တွေ ရှိနေတယ် ။ တကယ်က အဲဒီလို မဟုတ်ပါဘူး။

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေမှာ နှစ်ပိုင်းရှိတယ် ။
တစ်ပိုင်းက သံသရာထဲမှာ ဘဝတစ်ခု ရလာတဲ့အခါ အခြေနေကောင်းတွေ ဖြစ်ပေါ်စေပြီး ချမ်းချမ်းသာသာ လူ့ဘဝတစ်ခု ဖြတ်သန်း နေထိုင်သွားဖို့ . . ။

မည်သည့် ဘာသာတရားမှာမှ မပါတဲ့ လုံးဝ ဒုက္ခတွေ ချုပ်ငြိမ်းရာ ကိုယ်ကျင့်တရားနဲ့ အသိပညာတစ်ရပ်ကို မြတ်စွာဘုရားက ဟောထားတယ် ။ အဲဒါက ဘာလဲ ဆိုရင် ဝိပဿနာ ကျင့်စဉ်တရားပဲ ။

-------------------

တစ်ချို့က လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ ဘဝအပေါ်မှာ တွယ်တာမှု ဆိုတာ ရှိကြတယ် ။ အဲဒီအတွယ်အတာက ဘာကို ဖြစ်စေ သလဲ ဆိုရင် စိုးရိမ်မှုတွေ " သောကတွေ " ကို ဖြစ်စေတယ် ။

အတွယ်အတာ ရှိတဲ့နေရာမှာ စိုးရိမ်မှု ဆိုတာ ပေါ်လာတယ် ။
တွယ်တာမှု မရှိရင် စိုးရိမ်မှု မရှိပါဘူး ။ ကိုယ်မပိုင်တဲ့ ပစ္စည်းဥစ္စာ တစ်ခုပေါ်မှာ မည်သူမျှ " သောက " မဖြစ်ပါဘူး ။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုပေါ်မှာသာ " သောက "ဖြစ်တယ် ။

ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်အပေါ် သောက မဖြစ်ပါဘူး ။
ကိုယ်နဲ့သိတဲ့ လူတစ်ယောက်အပေါ်မှာသာ သောက ဖြစ်တ် ။
သောကက တွယ်တာမှုကို အခြေခံတယ် ။

သောက ရှိနေသမျှ မည်သူမျှ စိတ်ချမ်းသာမှုဆိုတာ အပြည့်အဝ မရနိုင်ပါဘူး ။ စိတ်ချမ်းသာမှု အပြည့်အဝ ရချင်ရင် သောကကို ဖယ်ရှားပစ်ရမှာ ဖြစ်တယ် ။ သောကိုကို ဖယ်ရှားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ။ တွယ်တာမှုကို ဖယ်ရှားမှသာ ဖြစ်ပါတယ် ။

------------------------------

ဒါဖြင့် တွယ်တာမှုကို ဖယ်ရှားဖို့အတွက် ဘာလုပ်ရမလဲ ?
သဘာဝတရားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တဲ့ "သမ္ဖ္မာဒဿန " ဆိုတဲ့ "သမ္မာဒိဋ္ဌိ "ထူးခြားတဲ့ အသိဉာဏ် တစ်ခု ရှိရမယ် ။ ဝိပဿနာ ဉာဏ် လို့ ခေါ်တယ် ။ မှန်ကန်တဲ့ အမြင် ။

သူရယ် ငါရယ် ဆိုတာ တကယ် ဆန်းစစ်ကြည့်လိုက်ရင် မရှိဘူး ။
ရုပ်နဲ့ နာမ် နှစ်မျိုးသာ ရှိတယ် ။ အကြမ်းဖျင်းပြောမယ် ဆိုရင်

လူမှာ ရုပ်ခန္ဓာကိုယ်ကြီး ရှိတယ် ။ စိတ် ရှိတယ် ။
အဲဒီနှစ်ခုဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ အခြေခံပြီး ဖြစ်ရတာ။

ရုပ်နဲ့ နာမ်နှစ်ခုဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့ လူတွေမှာ လှုပ်ရှားမှု ဖြစ်လာပြီး ယောကျားသဏ္ဏာန် မိန်းမသဏ္ဏာန် သတ္တဝါသဏ္ဏာန် ဒီလို ထင်မြင်နေရတယ် ။

ထင်မြင်နေရတဲ့အတွက် ငါလို့ ထင်တယ် ။ သူလို့ ထင်တယ် ။ယောင်္ကျားလို့ ထင်တယ် ။ မိန်းမလို့ ထင်တယ် ။ အဲဒီအထင်အမြင်တွေဟာ တကယ် ထင်တဲ့အတိုင်း ဟုတ်ရဲ့လား အသိဉာဏ်နဲ့ ကြည့်လိုက်လို့ရှိရင် တကယ် ထင်တဲ့အတိုင်း မဟုတ်ပါဘူး ။

---------------------------------

ရုပ်တရားဟာ ရုပ်တရားသက်သက် ဖြစ်ပါတယ် ။ " ငါ " လို့ ပြောစရာ မရှိပါဘူး ။ နာမ်တရားဟာ နာမ်တရားသက်သက်မျှသာ ဖြစ်ပါတယ်လို့ ငါလို့ ပြောစရာ မရှိပါဘူး ။

ရုပ်နဲ့ နာမ် ခွဲထားလိုက်မယ် ဆိုရင် လှုပ်ရှားမှု , ပြောဆိုမှု တို့ ဒါတွေဟာ အကုန်လုံး ရပ်သွားမှာ ဖြစ်ပါတယ် ။

အဲဒီလို ရုပ်နဲ့ နာမ် ခွဲခြားပြီးတော့ သိမြင်လာတာဟာ
" နာမရူပပရိစ္ဆေဒဉာဏ် " လို့ ခေါ်တယ် ။ အဲဒီအသိဉာဏ်ကို အဘိဓမ္မာ လေ့လာခြင်းဖြင့် ရနိုင်တယ် ။

ထိုမှတဆင့် လက်တွေ့ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်သုံးခြင်းဖြင့်
- လူဆိုတာ
တကယ်က အခေါ်အဝေါ် ပညတ် အယူအဆတစ်ခုသာ ဖြစ်တယ် ။
တကယ်ကတော့ အသေးစိတ် တစ်ခုစီ ခွဲခြားကြည့်လိုက်မယ် ဆိုရင် လူဆိုတာ မရှိတော့ဘူး ။

ရုပ်တရား နာမ်တရားသက်သက်မျှသာ ဖြစ်တယ် လို့ ဟောဒီလို မြင်သွားတာဟာ '"သမ္မာဒဿန " မှန်ကန်တဲ့အမြင် လို့ ခေါ်ပါတယ် ။

------------------------------------

မှန်ကန်တဲ့ အမြင်ကို အခြေခံလိုက်လို့ ရှိရင်
ဒီရုပ်တရား နာမ်တရားတွေဟာ ဘာကြောင့် ဖြစ်တယ် ဆိုတဲ့ အကြောင်းတရားတွေကို သိမြင်တဲ့ " ပစ္စယပရိဂ္ဂဟ" ဉာဏ်တွေ ဖြစ်လာမယ် ။ အဲဒီဉာဏ် နှစ်ခုကို အခြေခံပြီးတော့ ဆက်ပြီး လက်တွေ့ကျင့်သုံးသွားနိုင်မယ် ဆိုရင် -

မမြဲတဲ့ သဘာဝတွေ , သင်္ခါရတရားတွေရဲ့ မတည်မြဲတဲ့ , အားကိုးစရာ မရှိတဲ့ အခြေအနေမျိုးတွေကို မြင်လာလို့ရှိရင် ခုန ပြောတဲ့
တွယ်တာမှု တွေဟာ လျော့ကျလာမှာ ဖြစ်တယ် ။

တွယ်တာမှုတွေ လျော့ကျလာတာနဲ့ တပြိုင်နက် သောကတွေလည်း လျော့ကျလာမှာ ဖြစ်တယ် ။

သောကလျော့ကျတာနဲ့ တပြိုင်နက် စိတ်ချမ်းသာပြီး ငြိမ်းချမ်းတဲ့ သဘာဝလေးဟာ ပြန်ပြီး ပေါ်လာမှာပါ ။

---------------------------------


သံသရာထဲမှာနေရင်း ချမ်းသာသုခ ရနိုင်တဲ့ နည်းလမ်းတွေ ၊ နောက်ဆုံး ထိုချမ်းသာ ရတယ် ဆိုရင်တောင် အို , နာ , သေ ဆိုတဲ့ ဒုက္ခတွေက မလွတ်နိုင်ဘူး ။

အဲဒီ အိုခြင်း , နာခြင်း , သေခြင်း ဆိုတဲ့ ဒုက္ခတွေက လွတ်မြောက်ကြောင်း ဖြစ်တဲ့ " မဂ္ဂင် ရှစ်ပါး " အကျင့်တရားကို ကျင့်သုံးမှသာလျှင် လောကမှာ ရှိတဲ့ ပြသနာ မျိုးစုံ လုံးဝ ချုပ်ငြိမ်းပြီး လွတ်မြောက်မှာ ဖြစ်ပါတယ် ။

ဆိုတဲ့အကြောင်းကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ တရားတော်အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း ။

" ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ "
( မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ ၊ စာ -၂၃- ၃၀ ) မှ

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment