Sunday, January 29, 2017



မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက ကဤသို့ ဆုံးမတော်မူခဲ့ပါ၏ '။

❄ “တစ်ချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွား
နေကြတယ်။ စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့
မရောက်ဘဲ ဟိုရောက် ဒီရောက်
ဖြစ်နေတတ်ကြတယ်။

ဤသို့ မေတ္တာပို့နည်းမှာလည်း
မမှန်ကန် မပြည့်စုံ။

❄ အချို့လူများကျတော့လည်း လူအများအပေါ်မှာ မကောင်းသောစိတ်
ငါမထား၊ လူအများကို
ချမ်းသာစေချင်သည့် စိတ်ကောင်းစေတနာကိုသာ ထားသည်။
မေတ္တာကိုသာထားသည်။
ထို့ကြောင့် မေတ္တာကို အပတ်တကုတ်ကြိုးစား၍
ပွားနေစရာမလို၊ ပို့နေစရာမလိုဟု ယူဆတတ် ကြသည်။

❄ အမှန်ကတော့ “ထားမေတ္တာ” ဆိုတဲ့
စိတ်ထဲ၊ နှလုံးထဲမှာ တကယ်မေတ္တာထားတဲ့ မေတ္တာနဲ့လည်း ပြည့်စုံဖို့ လိုတယ်။

❄ စိတ်ထဲ၊ နှလုံးထဲမှာ မေတ္တာမရှိဘဲ လူကြားကောင်းအောင် အသံမြင့်
ပြီး မေတ္တာပို့နေတဲ့သူဟာ ဥစ္စာဘဏ္ဍာ ကိုယ့်မှာတကယ်မရှိဘဲ ရှိတယ်လို့ လူအများထင်အောင်
ကြွားဝါနေတဲ့သူနဲ့ တူနေပေလိမ့်မယ်။

❄ ပထမဆုံး သတ္တ၀ါတွေအပေါ်မှာ မေတ္တာစိတ်ဓာတ်များ ပေါ်ပေါက်လာအောင် မိမိစိတ်ကိုမိမိ ပြုပြင်သင့်ပါတယ်။
အဲဒီလို စိတ်နှလုံးထဲမှာ မေတ္တာဓာတ်များ ပေါ်ပေါက်လာပြီ ဆိုတဲ့အခါမှာ
ပွားများဖို့ရာ ကြိုးစားရပါလိမ့်မယ်။

✿ ပစ္စည်းဥစ္စာရှိသောသူများအနေနဲ့ ကိုယ့်ပစ္စည်းဥစ္စာကို အထုပ်ထုပ်ပြီး သိမ်းထားရင် ပွားများတိုးတတ်လာမယ် မဟုတ်ပါဘူး။

✿ မေတ္တာစိတ် ပွားများတိုးတက်လာအောင် မေတ္တာပို့သတဲ့ အလုပ်များကို မှန်မှန်လုပ်သင့်ပါတယ်။
ဒါမှ ပွားများလာမှာ ဖြစ်တယ်။

❄ မေတ္တာပို့သတဲ့ အခါမှာလည်း အရပ်မျက်နှာအလိုက် မေတ္တာပို့သတဲ့ အလုပ်ကို မှန်မှန်လုပ်ဖို့သင့်သလို မေတ္တာသုတ်ပရိတ်တော်ကိုလည်း
ရွတ်ဆိုပြီး မေတ္တာပို့သင့်ပါတယ်။
မေတ္တာသုတ်ပရိတ်တော်ကိုလည်း ရွတ်ဆိုတော့မယ်လို့ ဆိုတဲ့အခါ မြန်မာလို အဓိပ္ပါယ်သိအောင်
ဦးစွာ လေ့လာသင့်ပါတယ်။

❄ မြန်မာလို သိပြီးတဲ့အခါကျမှ ပါဠိလို
ရွတ်ဆို ပူဇော်သင့်ပါတယ်။
မြတ်စွာဘုရားက ပါဠိလို
ဟောခဲ့တာကြောင့် ဖြစ်ပါတယ်။
မေတ္တာပွားတဲ့အလုပ်ကို စိတ်ညွတ်ပြီး လုပ်ရင်းက ရွတ်ဆိုနိုင်ပါတယ်။

❄ ဒီလိုမှ မဟုတ်ရင်တော့
ပါဠိလို ရွတ်ရခြင်းကြောင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရွတ်ဆိုဟောပြောသော တရားတော်များကို ပူဇော်တဲ့အတွက် မြတ်စွာဘုရားရဲ့ မေတ္တာဓာတ်၊
ပါရမီဓာတ်များကို အနည်းငယ်သာ
ခံစားလို့ ရနိုင်တာကလွှဲလို့ အဓိပ္ပါယ်စိတ်ညွှတ်ပြီး မေတ္တာပွားနိုင်မှ အကျိုးပြည့်စုံပေလိမ့်မယ်။

❄ မေတ္တာပွားတာကတော့ ပွားရမှာပါပဲ။ မေတ္တာစိတ် ပွားများဖို့၊ မေတ္တာ ပို့လွှတ်ဖို့က ပဓာနကျပါတယ်။
အသံကျယ်ဖို့က ပဓာန မကျပါဘူး။

❄`အများသူငါ ချမ်းသာပါစေလို့ ရွတ်ဆိုတဲ့အချိန်မှာ ကိုယ့်ကြောင့်
အများသူငါ တကယ်ချမ်းသာဖို့ လိုပါတယ်။
အချိန်မတော် အချိန်တော် အကျယ်ကြီး မေတ္တာ ထပြီး ပို့နေတဲ့အတွက် အများ
မှာ မချမ်းသာရင် မေတ္တာပွားရာ မကျပါဘူး '။ ....... ။

🐚 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) 🐚

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment