Sunday, January 29, 2017

မဟာစည် ဆရာတော်ဘုရားကြီး ၏ အမှား နှစ်ခု



ဤ ဓမ္မဆောင်းပါးခေါင်းစဉ် ကို ရုတ်တရက်မြင်လိုက်ရသောအခါ စာဖတ်သူ ဓမ္မမိတ်ဆွေ အနေဖြင့် လုံးဝ မမျှော်လင့်မိသော အကြောင်းအရာ ဖြစ်နေသောကြောင့် နားလန့်၊ မျက်စိလန့်သွားမည် ဟုထင်ပါသည်။ ဘယ့်နှယ်-ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟူသည် က နယ်နယ်ရရ မှ မဟုတ်ချေတကား။
ထူးလည်းထူး၊မြတ်လည်းမြတ်၍ ကမ္ဘာအရပ်ရပ်၌ ထင်ပေါ်ကျော်ကြားကာ ၊ ပရိယတ်၊ပဋိပတ်ဟူသော သကသမယ နှင့် အခြားတစ်ပါးသော ဘာသာအယူဝါဒ သမယန္တရ တို့၌ လည်းကောင်း၊ အရေးအသား,အပြောအဟော,အသင်အပြ,ဟူသော သင်ကြား ပြသမှု၌ လည်းကောင်း၊ အလွန်ပြောင်မြောက်သော ပုဂ္ဂိုလ်မြတ် မထေရ်ကျော်၊ “ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ၊ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး” ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေများအားလုံး အသိပင်ဖြစ်ပါ၏။
နော့ဖြင့် “ဆရာတော်ဘုရားကြီး က ဘာတွေများ အမှားကျူးလွန်ခဲ့မိသလဲ” ဟုမေးစရာရှိပါသည်။
ထို မေးခွန်းကိုမဖြေဆိုမှီ မှားတတ်ကြသော အမှားတို့၏ အခြေခံခြားနားမှုတစ်ခုကိုတင်ပြလိုပါသည်။

“မမှားဖူးသော ရှေ့နေ၊မသေဖူးသော ဆေးသမား ဟူသည်မရှိ”ဟူသော အဆိုအရ မည်သူမဆို အနည်းနှင့်အများ မှားတတ်ကြသည်ကို ထင်ရှားအောင် ဖော်ပြသော ထို စကားပုံ အဆို ကို ဖတ်ဖူးကြမည်ထင်ပါ၏။
၁။ အခြေခံ စိတ်ရင်းညံ့ဖြင့် ကျူးလွန်မိတတ်သည့် မှားယွင်းမှုမျိုး။
၂။ အခြေခံ စိတ်ရင်းကောင်းလျက် မတော်တဆ မှားယွင်းမှုမျိုး။ ဟူ၍ စိတ်သဘောရင်း ပေါ်မူတည်၍ ခြားနားတတ်ပါသည်။

ဆိုပါစို့ရဲ့။
“အရှင် ဒေ၀ဒတ်” ၏ မှားယွင်းမှုမျိုး ဟူသည် က အခြေခံစိတ်ရင်းကောင်းနှင့် မှားယွင်းမှုမျိုး မဟုတ်ပါချေ။အလိုကြီးမှု(မဟိစ္ဆာ) သဘော နှင့် စိတ်ရင်းညံ့လှသော မှားယွင်းမှုမျိုးဖြစ်ပါသည်။
မိမိ တွင် ဘုရားဖြစ်နိုင်လောက်သော“ပါရမီ” မရှိပါဘဲလျက် “ဘုရားဖြစ်ချင်စိတ်” ရှေ့ကျူးနေသော သဘောဆိုးကြောင့် “ကျောက်မောင်း” ဆင်၍ ဘုရားရှင်အားသတ်ရန် အားထုတ်ကြိုးပမ်းမှု။
“မင်းဆရာ၏ ဘုရား”ဖြစ်လိုပြန်သဖြင့် “အဖ ဗိမ္ဗိသာရမင်းကြီး”ကိုသတ်ပစ်ရန် သားဖြစ်သူ“အဇာတသတ်” အားတိုက်တွန်းစေခိုင်းခဲ့သော အားထုတ်မှု။ အစရှိသော အခြေခံစိတ်ရင်းညံ့ဖျင်းလှသည် ကိုအထင်းသားမြင်နေရသော ဤ မှားယွင်းမှုမျိုးကို သူတော်ကောင်းပညာရှိတို့က အင်မတန် စက်ဆုပ်ကြပါသည်။
“သိဉ္စည်းဆရားကြီး” သည် တပည့်ပေါင်းများစွာနှင့် ဘုရားတစ်ဆူ ပြုလုပ်နေခဲ့ရာ ဘုရားရှင် ပွင့်တော်မူလာသည့်အချိန်၌ သူ့ကိုယ်သူ ဘုရားမဟုတ်မှန်း သိပါလျက် စိတ်ရင်းညံ့မှုကြောင့် သူ၏ မှားယွင်းမှု ကို မစွန့်လွှတ်ဘဲ မှားမြဲမှားနေခဲ့၏။ ဤ မှားယွင်းမှုမျိုးကို လည်း သူတော်ကောင်းပညာရှိတို့က အင်မတန် စက်ဆုပ်တော်မူကြပါ၏။ “အလိုကြီးမှု”(မဟိစ္ဆာ) ဖြစ်လာပြီ ဆိုလျှင် “အလိုဆိုး”(ပါပိစ္ဆာ)အဖြစ်သို့ကျူးလွန်လာတတ်ကြသည် မဟုတ်ပါလော။
အစ သို့ပြန်ကောက်ပါမည်။
ဖော်ပြပါ အပြစ်ကင်းစင်လှသည့် ပရိယတ်၊ပဋိပတ် စွယ်စုံပညာရှင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ကြီး ၏ “အမှားနှစ်ခု” ဟုဆိုသဖြင့် စာဖတ်သူ ဓမ္မမိတ်ဆွေအနေဖြင့် “ဘယ်လိုမှားခဲ့ပါလိမ့်” ဟူသော အတွေးမျိုးဖြင့် ရင်တထိတ်ထိတ် ဖြစ်နေလောက်ပြီဟုလည်း ယူဆပါသည်။

ဤ အကြောင်းအရာ ကို ပြန်လည်တင်ပြသူ က ဓမ္မမိတ်ဆွေများ သိဖူး၊ကြားဖူး၊ဖတ်ဖူးမည့် “ဆရာတော် (စာရေးဆရာ) သာမဏေကျော်” အရှင်သူမြတ်ဖြစ်ပါသည်။ “သာမဏေကျော် ဆရာတော်” ကို ပြန်လည် ပြောပြသည့်ပုဂ္ဂိုလ်က“ဦးလေးမောင်”ဖြစ်ပါသည်။
စကားလိပ်ပတ်လည်အောင် တင်ပြရမည်ဆိုပါလျှင် “ဦးလေးမောင်”ဟူသည်က ယခု အသက်(၈၅)နှစ်ခန့်ရှိပြီဖြစ်ပြီး ၊သံလျင်မြို့၊ကံ့ကော်ရိပ်ခြံ ၌ နေထိုင်သူဖြစ်ပါသည်။ ဟိုး ယခင် သူ၏အသက်(၄၀)ကျော်ကာလ က “ရန်ကုန်မြို့၊မဟာစည်သာသနာ့ရိပ်သာပင်မ ဗဟိုဋ္ဌာနကြီး”၏ “ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့”အမှုဆောင်လူကြီး စသော တာဝန် ကို ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်း၊ဦးပွင့်ကောင်းမတိုင်မီ ဦးညီပု၊ဦးချစ်ဖေ စသည်တို့၏ လက်ထက်မှာပါ အသက်အငယ်ဆုံးအဖွဲ့ဝင်ပီပီ ပေးသမျှတာဝန် ကို ထက်ထက်မြက်မြက်၊တက်တက်ကြွကြွ၊သတ္တိရှိရှိ၊လေးလေးစားစား ဆောင်ရွက်တတ်သူဖြစ်ပါသည်။
ဥက္ကဋ္ဌ စသော လူကြီးများ၏ အားကိုးခြင်းကို ခံရသူဖြစ်သည့်အပြင် “မဟာစည် ဆရာတော်ဘုရားကြီး” နှင့်လည်း နှစ်ပေါင်းများစွာ အနီးကပ် “ကပ္ပိယ” သဖွယ်နေခဲ့သူဖြစ်ပါ၏။
သူ သည် “မဟာစည်ဆရာတော်ဘုရားကြီး”အား သူ လျှောက်ထားခဲ့ဖူးသောစကားများ နှင့်“မဟာစည်ဆရာတော်ဘုရားကြီး”မှ သူ့အား မိန့်ကြားတော်မူခဲ့သည့်စကားများ ကိုလည်း စိတ်ဝင်စားဖွယ်၊မှတ်သားဖွယ်၊မှတ်ဉာဏ်ကောင်းလွန်းလှစွာ ပြောပြတတ်သူဖြစ်ပါသည်။သူသည်“မဟာစည်ဆရာတော်ဘုရားကြီး”ကိုလွန်စွာကြည်ညိုလေးစားသူဖြစ်ပါ၏။“မဟာစည်ဆရာတော်ကြီး”၏အကြောင်းအရာများကိုလည်း အားရပါးရ ရယ်ရယ်မောမော ပြောပြတတ်ပါသည်။
သူ ပြောပြသည့်အကြောင်းအရာများထဲတွင်မှ မည်သူမျှ မမျှော်လင့်မိသော အံ့သြဖွယ် အကြောင်းအရာတစ်ခု ပါဝင်လာခြင်းဖြစ်ပါ
သည်။ထို အကြောင်းအရာကား “မဟာစည်ဆရာတော်ဘုရားကြီး၏ အမှားနှစ်ခု”ဟူ၏။
“ဦးလေးမောင်” က အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။

“လွန်ခဲ့သော နှစ်(၄၀)ကျော်အချိန် သာသနာ့ရိပ်သာ မဟာစည်ဆရာတော်ဘုရာကြီး အနီး၌ နေစဉ် “ဦးချစ်ဖေ” ဗုဒ္ဓသာသနာ နုဂ္ဂဟ ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ ကဖြစ်ပါ၏။
တစ်နေ့သ၌ နိုင်ငံတော်အစိုးရ ရုံးတစ်ရုံးမှ “အမိန့်စာ” ရောက်လာပါသည်။
စာမှာ ရုံးတစ်ရုံး၌ “မဟာစည်ဆရာတော်ဘုရားကြီး” ကို “သက်သေ”အဖြစ် လာရောက် အစစ်ဆေးခံရန်ဖြစ်ပါသည်။
ထိုကာလတွင် အရပ်ထဲရှိ တိုက်များ၌ “တရားသူကြီးများ” ရုံးထိုင်သော သာမန်အစိုးရ“တရားရုံး”တစ်ရုံးဖြစ်၏။ တရုတ်တန်း၊သိမ်ကြီး
ဈေး၏အနောက်ဘက်လမ်းတစ်လမ်းတွင် အလွန်လူရှုပ်သော တိုက်တစ်လုံး၏ ပထမအထပ် တွင် ရုံးအဖြစ် အသုံးပြုထားပါသည်။ပထမထပ် ဆိုသော်လည်း ရှေးတိုက် ဖြစ်၍ အလွန်မြင့်ကာ သာမန်လှေကားနှင့် တက်ရပါသည်။
“ဦးလေးမောင်” သည် “ဆရာတော်ကြီး” အား ကြည်ညိုစိတ်ဖြင့် ထို “အမိန့်စာ”ကိုဖတ်ရသောအခါ တုန်နေအောင် ခံပြင်းခဲ့ပါသည်။ဆရာတော်ဘုရားကြီး ကဲ့သို့ ပုဂ္ဂိုလ်အား မေးမြန်းလိုလျှင် ကျောင်းသို့ လာရောက်ကာ သိလိုသော အချက်အလက်တို့ကို လျှောက်ထားမေးမြန်းသင့်သည် မဟုတ်ပါလော။ ထိုသို့မေးမြန်းနိုင်ပါလျှက် “အမိန့်စာ”ဖြင့် ရုံးသို့ ဆင့်ခေါ်ရမည်လား ဟု “ဦးလေးမောင်” က ခံပြင်းမိခြင်းဖြစ်ပါ၏။
“မဟာစည်ဆရာတော်ဘုရားကြီး” မှာကား သူတော်ကောင်းပီပီ “သွားတာပေါ့” ဟုမိန့်ဆိုခဲ့ပါ၏။ သွားရန် စီစဉ်ရပါ၏။

နေပူပြင်းသော မွန်းလွဲအချိန်၌ ထိုလူရှုပ်သော “တရားရုံး”သို့သွားခဲ့ကြပါ၏။ “မဟာစည်ဆရာတော်ဘုရားကြီး” သည် လှေကားမြင့်သော ကြောင့် (၂)ခါ နားရပါ၏။ အပေါ်သို့ရောက်သောအခါ ဆရာတော်ကြီး သည် ကုလားထိုင် နွမ်းနွမ်း စုတ်စုတ် တစ်လုံးတွင် အတော်ကြာအောင် ထိုင်စောင့်နေရပါသည်။
ခေါ်ချိန် ၌ တရားခွင် သို့ ၀င်ရ၏။ “တရားလို ၏ ရှေ့နေ” မှာ “ဘာသာခြား” ဖြစ်၏။“ဘာသာခြား” ဖြစ်နေ၍ “ဆရာတော်ကြီး”အား
“ဗုဒ္ဓဘာသာဝင်”တစ်ဦးကဲ့သို့ မမေးတတ်ပါ။ ဂါရ၀ မထားတတ်ပါ။ လူဝတ်ကြောင် တစ်ဦးကဲ့သို့ မေးမြန်းပြောဆိုနေသဖြင့် ထပ်မံ ခံပြင်းဖွယ် ဖြစ်ပါသည်။

အမှုမှာ-
ကန်တော်ကြီးစောင်း အနီးရှိ မြေကွက်တစ်ကွက် ကို သာသနာတော်အား လှူခဲ့စဉ် က ဆရာတော်ကြီး နှင့်ရင်းနှီးသူ “ဦးမုနိန္ဒ” ကို အားနာစွာဖြင့်ရေစက်ချပေးခဲ့သော ကိစ္စ ကိုမေးလျှောက်လိုခြင်းဖြစ်ပါ၏။ နှစ်ပေါင်းများစွာ က ဖြစ်ခဲ့သော ကိစ္စ ဖြစ်သည်။
ထို မြေ သည် တရားရုံး ရောက်ကာ အမှုဖြစ်လေ၏။ ဆရာတော်ကြီး သက်သေပြုရသည်အထိ ဖြစ်ရသော ကြောင့် အလွန်ရုပ်ဆိုးပါ၏။
တရားရုံး မှ အပြန် တွင် ဆရာတော်ကြီး သည် စိတ်မကောင်းပုံ နှင့်-
“ဘုန်းကြီး၏ဘ၀ တစ်သက်တာ တွင် အမှားကြီး နှစ်ခု ကိုပြုမိခဲ့သည်” ဟု မိန့်တော်မူပါသည်။“ဦးလေးမောင်” က“တစ်ခု က ဘာပါလဲ ဘုရား”ဟုမေးလျှောက်လေရာ “ဆရာတော်ကြီး” က-

“ဘုန်းကြီး ရန်ကုန် ရောက်စ,လွတ်လပ်ရေးရပြီးစ ခေတ်၌ “ရိပ်သာ ဒကာတစ်ဦး” အား- ရိပ်သာတွင်းစီးရန် “ကား” ရရှိရေးအတွက် ကားလျှောက်လွှာတွင် ဘုန်းကြီး က လက်မှတ် ထိုးပေးလိုက်မိကြောင်း။ ထို ဒကာ သည် ထိုစဉ် က အစိုးရ အရာရှိများ နှင့်လည်း ခင်မင်ပေါက်ရောက်သူဖြစ်သည် က တစ်ကြောင်း၊အရေးပါ အရာ ရောက်သူဖြစ်သည်ကတစ်ကြောင်း၊ကားရရှိရေး လျှောက်လွှာတွင် ဘုန်းကြီး က လက်မှတ်ထိုးပေးလိုက်မိခြင်းဖြစ်ကြောင်း၊ သို့သော် “ကား” ရရှိသောအခါ ထို ဒကာ က ရိပ်သာအတွက်၊သာသနာအတွက် အသုံးပြုဖော်မရဘဲ ၎င်း၏ကိုယ်ကျိုး အတွက်သာ အသုံးပြုသွားပါသည်။ ထို ကိစ္စ တွင် တစ်ကြိမ် မှားခြင်းပါပဲ” ဟူ၏။

ယခု ဒုတိယအကြိမ်ကြုံရပုံ(ရေစက်ချပေးမိခြင်း နေရာမကျမှုကြောင့်) ဟာ နှစ်ကြိမ်မြောက် မှားခြင်းပါပဲ” ဟု ပြောပြပါသည်။ “ဦးလေးမောင်”လည်း အလွန်ပင် စိတ်ဆင်းရဲမိပါ၏။
အထက်ပါအတိုင်း “ဦးလေးမောင်” က ပြောပြခဲ့ပါသည်။ဆရာတော်ကြီး မှာ စေတနာဆိုးမပါသဖြင့် အမှားဟုပင် မဆိုသာပါ။သို့သော် ဆရာတော်ကြီးမှာ ဒုက္ခများခဲ့ရရှာ၏။ ထို့ကြောင့် ဒုက္ခများ ပေးခဲ့သော ထို လုပ်ရပ်နှစ်ခု ကို “အမှား” ဟု ဆရာတော်ကြီး က မိန့်တော်မူလိုက်ခြင်းဖြစ်တန်ရာပါ၏။ “ပညာအရာ တွင်အသာဆုံးရဟန်း” ဖြစ်သော “အရှင်သာရိပုတ္တရာ”သော်မှ “ရွှေပန်းတိမ်သည်”၏ သားရဟန်း အား “အသုဘကမ္မဋ္ဌာန်း”ဟောမိရာ မှားသွားဖူးပါသည်။ အမှားမကင်းနိုင်သည့် လောကကြီးထဲတွင် “မဟာစည်ဆရာတော်ကြီး”လည်းပါဝင်နေရပါပကော။ မထူးဆန်းသောလည်း အံ့သြမိပါ၏ ။သံဝေဂ ရစဖွယ်ပါတကား။

-၂၀၁၄-ခုနှစ်၊ဖေဖော်ဝါရီလထုတ်၊ “မဟာစည် ၀ိပဿနာ စိန်ရတု အထိမ်းအမှတ်၊”၊” (စာ-၂၅၃/၂၅၅)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment