လောကကြီးမှာ တစ်ချို့ပုဂ္ဂိုလ်တွေက အဆင်ပြေတယ် ။
တိုက်နဲ့ ကားနဲ့ ။
ကားမှ တကယ့် model မြင့်တဲ့ ကား ၊
တိုက်လဲ အင်မတန် အဆင့်မြင့်တဲ့ လုံးချင်းအိမ် ၊
သိန်းထောင်ပေါင်းများစွာတန်တဲ့ တိုက်ကြီး ၊ ဒီလို ဥစ္စာတွေ
ရှိကြတယ် ။
မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ ကြည့်ရင် တစ်မျိုး မြင်ရမယ် တဲ့ ။
"လောကော အဿကော - ကိုယ်ပိုင်ဥစ္စာ ဆိုတာ မရှိပါ တဲ့ ။
သဗ္ဗံ ပဟာယ ဂမနီယံ - ရှိသမျှ ပစ္စည်းတွေကို ထားပြီးတော့ သွားရမှာ ဖြစ်တယ် တဲ့ ။
ပိုင်တယ်ဆို ယူသွားလို့ ရသလား , မရဘူး ။ အားလုံး
ထားခဲ့ရတာ ချည်းပဲ ။ မထားခဲ့ဘဲနဲ့ ယူသွားလို့ မရဘူး ။
ဘယ်လောက်ပိုင်ပိုင် ၊ဘာကြီးပဲ ပိုင်ပိုင် ၊
ပိုင်သမျှ အားလုံး အကုန် ထားခဲ့ရတာပဲ ။
နောက်ဆုံး ကိုယ်ချည်းပဲ သွားရတာ ။ မီးသဂြိုလ်တဲ့ သူတွေက
အကျီတောင် ကောင်းရင် ချွတ်ယူကြဦမယ် ။
ပြောသံကြားဖူးတယ် ။ ပါးစပ်ဖြဲပြီးတော့ ရွှေသွား ထုတ်ယူကြတယ် ။
ဒီတော့ ရှိသမျှ ဘာကိုမှ ကိုယ်ယူသွားလို့ မရဘူး ။ ကိုယ်ပိုင်ဥစ္စာ ဆိုတာ ဘာမှ မရှိဘူး ။
နောက် ဒီနားမှာ ရွှေတိဂုံ ဘုရားကြီး ရှိတယ် ။
ရွှေတိဂုံဘုရားကြီးကို စပြီးတော့ တည်သွားတဲ့ တပုဿ , ဘလ္လိက တို့ ဆိုတဲ့ ဘုရားဒကာတွေ ရှိသေးလား ။
ရွှေတိဂုံဘုရားကြီးကို ထားပြီးသွားကြပြီလေနော် ။
နောက် ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ပြီးတော့
ရွှေတိဂုံဘုရားကြီးကို ထပ်ဆင့် တည်သွားတဲ့ ရှင်စောပုမိဖုရားကြီး
ရှိသေးလား။ မရှိတော့ဘူး ။ ဘုရားကို ထားခဲ့ရတယ် ။ အကုန်ပြန်ကြည့် ။
--------------------------------
ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက -
လောကကြီးမှာ ကိုယ်ပိုင်ဥစ္စာ ဆိုလို့ တစ်ခုမှ မရှိပါဘူး လို့
ဆင်ခြင်စဉ်းစားရမယ် တဲ့ ။
ဒီလို ဆင်ခြင်တွေးတောလိုက်ရင် - ဘာဖြစ်တုန်း ?
ပစ္စည်းအပေါ်ရှိတဲ့ တဏှာတွေ လျော့ကျမသွားဘူးလား ။
ဆင်ခြင်တွေးတောခြင်း ဆိုတာ အကျိုးရှိတယ် ။
ဒီပစ္စည်းတွေက တစ်နေ့တော့ ထားခဲ့ရမယ့် ဟာတွေပဲ ။
ဒီလိုသိရင် - ကောင်းတဲ့အလုပ်တွေ မလုပ်ဖြစ်ဘူးလား ။ လုပ်ဖြစ်တယ် ။
အဲလို မတွေးမိတဲ့သူ အတွက်ကျတော့
ပစ္စည်းတွေကို တွယ်တာပြီး လောဘတွေ တိုးပွားလာတယ် ။
မစ္ဆရိယစိတ်တွေ များလာတယ် ။
ပစ္စည်းတွေကို တွယ်တာလွန်းရင် မြတ်စွာဘုရားက
ဟောသလို ရက္ခိုလ်စောင့်တဲ့ ရေကန်ကြီးထဲက ရေတွေလိုပဲ တဲ့ ။
ဘယ်သူ့အတွက်မှ အသုံးမကျဘဲ နောက်ဆုံး ဒီပစ္စည်းတွေဟာ
မင်းဘဏ္ဍာ ဖြစ်သွားတယ် ။ ဒီလို ဆင်ခြင် စဉ်းစားပါတဲ့ ။
ဒါ့ကြောင့် . . . .
လောကော အဿကော -
လောကကြီးမှာ ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိဘူး။
သဗ္ဗံ ပဟာယ ဂမနီယံ -
ရှိသမျှ ပစ္စည်းဥစ္စာတွေကို အကုန်ထားပြီး တော့
သွားကြရမှာ ဖြစ်တယ် . . . လို့ မြတ်စွာဘုရားက
ဟောကြားတော်မူတယ် ။
" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း ၊ စာ- ၂၈- ၃၁ ) မှ ကောက်နုတ်ပူဇော်ပါ၏
__
ပါချုပ်ဆရာတော်ကြီး၏ဆုံးမစကားမေတ္တာတရား
#သူတော်ကောင်းတွေဟာ ပစ္စည်းဥစ္စာလည်း ကုန်ချင်ကုန်ပါစေ။
ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင်ပျက်စီးပါစေ။
အသက်ပါသေချင် သေပါစေ။
"တရား" ကိုတော့ အပျက်မခံဘူး။
ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။ ။
.
#လောကမှာ နေထိုင်ကြတဲ့အခါ တစ်ဦးတစ်ယောက်တည်း နေထိုင်တာ မဟုတ်တဲ့အတွက်ကြောင့် သည်းခံခြင်းဆိုတာ အများနဲ့ဆက်ဆံတဲ့အခါမှာ အရေးကြီးဆုံးဂုဏ်ရည်ပဲဖြစ်တယ်။ ။
.
#တရားကျင့်တယ်ဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝတစ်ခုနှင့်တစ်ခု ပြန်ချေဖျက်တဲ့ နည်းစနစ်ပဲ။
မုန်းတီးတဲ့နှလုံးသားပေါ်လာလျှင် မေတ္တာနှလုံးသားနှင့် အစားထိုးလိုက်တယ်။
လောဘဖြစ်လာလျှင် အလောဘနှင့် အစားထိုးတယ်။
မောဟဖြစ်လာလျှင် အမောဟနှင့် အစားထိုးတယ်။
အဲ့ဒိ အစားထိုးနေတာသည်ပင် တရားကျင့်တာပါပဲ။
.
#စကားပြောဆိုရာမှာ လိုက်နာရမယ့်အချက်တွေရှိတယ်။
၁။ ပြောသင့်တဲ့အချိန်မှာ ပြောမယ်။
မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
၂။ မှန်တာကိုပဲပြောမယ်။ မမှန်တာကို မပြောဘူး။
၃။ ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ ပြောမယ်။
ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး။
၎။ ပြောတဲ့အခါ အကျိုးရှိတဲ့စကားကိုသာ ပြောမယ်။
အကျိုးမရှိတာကို မပြောဘူး။
၅။ ပြောတဲ့အခါ မေတ္တာနဲ့ပြောမယ်။
ဒေါသနဲ့ မပြောဘူး။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment