Sunday, January 29, 2017

ကံမှားတော့ ခံထားပေါ့



[၁]။မြတ်စွာဘုရားရှင်လက်ထက်တုန်းက
ဝေသာလီမြို့မှာ “ ၀ါသေဋ္ဌီ”ဆိုတဲ့
သူဌေးသမီးလေးတစ်ယောက်ရှိခဲ့ဖူးတယ်။
အရွယ်ရောက်တဲ့အခါ
မိဘတွေက အမျိုးဇာတ်တူတဲ့သဌေးသား
တစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးတဲ့အတွက်
ခင်ပွန်းသည်ရဲ့အိမ်မှာလိုက်နေရတယ်။

သားတစ်ယောက်ရပြီး အဲဒီသားကလေးက
ပြေးနိုင်၊လွှားနိုင် ဆော့ကစားနိုင်တဲ့
သုံးနှစ်သားအရွယ်လောက်မှ ရောဂါတစ်ခုနဲ့
ရုတ်တရက်သေဆုံးသွားတဲ့အတွက်
“၀ါသေဋ္ဌီ” ခမျှာ သားသောကနဲ့ အကြီးအကျယ်
စိတ်ဆင်းရဲပြီး သည်းခြေပျက်ကာ
ရူးသွပ် သွားပါတော့တယ်။

ရူးပြီး၊လျှောက်သွားနေတာမျိုးမဖြစ်အောင်
ခင်ပွန်းသည်နဲ့ ဆွေမျိုးမိဘတွေက အိမ်မှာ
သေချာစောင့်ကြပ်ကြည့်ရှုပြီး၊အကောင်းဆုံး
ဆေးဆရာ၊အကောင်းဆုံးဆေးဝါးတွေနဲ့
ဂရုတစိုက် ပြုစုကုသပေးကြပါတယ်။

တစ်နေ့ ….. အိမ်သားတွေ
အလစ်မှာ လှစ်ကနဲ အိမ်ကထွက်ပြေးပြီး၊
ခြေဦးတည့်ရာ လျှောက်သွားပါတော့တယ်။
ဆံပင်တွေဖရိုဖရဲ၊ အ၀တ်အစားလုံးဝမကပ်၊
အမှတ်သညာကင်းမဲ့စွာနဲ့ ရောက်ချင်ရာရောက်၊
ပေါက်ချင်ရာပေါက် လျှောက်သွားနေတဲ့
ဝါသေဋ္ဌီ ကို ခင်ပွန်းသည်နဲ့ မိဘဆွေမျိုးတွေက
လိုက်ရှာပေမယ့်၊ သတင်းအစအန လုံးဝ မရတော့ပါဘူး။

လမ်းဆုံလမ်းခွ၊ အမှိုက်ပုံတွေ၊ သုသာန်သင်္ချိုင်းတွေ၊
ဖုန်တထောင်းထောင်းထနေတဲ့ ခရီးလမ်းမတွေမှာ
အစာပြတ်၊ရေပြတ်၊အငတ်ငတ်အပေပေနဲ့
ကိုယ်လုံးတီး လျှောက်သွားနေတဲ့ ၀ါသေဋ္ဌီဟာ
သုံးနှစ်လောက်အကြာမှာ မိထိလာမြို့ကို
ရောက်သွားပါတယ်။တစ်နေ့
မြို့ထဲလမ်းမတစ်နေရာမှာ
“ဣနြေ္ဒ သိက္ခာကြီးမားစွာနဲ့ နူးညံ့ညင်သာ
ကြွမြန်းလာတဲ့ မြတ်စွာဘုရားရှင်” ကို
ဘ၀င်သွေးပျက် အရူးတက်နေတဲ့
ဝါသေဋ္ဌီ ဖူးမြင်လိုက်ရပါတယ်။

အတုမဲ့ ကျက်သရေတော်ပိုင်ရှင်
မြတ်စွာဘုရားရဲ့ ကြည်လင်အေးမြ
တောက်ပ၀င်းဝါတဲ့ မျက်နှာတော်ကို
ဖူးမြင်လိုက်ရတယ်ဆိုရင်ပဲ
အရူးရောဂါ ချက်ချင်းပျောက်ပြီး
ပင်ကိုယ်စိတ်ပြန်ဖြစ်သွားပါတယ်။

အရူးကံကုန်ချိန်မှာ ဘုရားကိုဖူးရလို့
ဘုရားတန်ခိုးနဲ့ အရူးရောဂါပျောက်သွားတဲ့
“၀ါသေဋ္ဌီ” ကို မြတ်စွာဘုရားရှင်က
တရားအကျဉ်းချုပ်ဟော၊ တရားနာရလို့
သဒ္ဓါတရား၊ သံဝေဂတရားဖြစ်ပြီး၊ရဟန်းပြုပေးဖို့
ဘုရားထံခွင့်ပန် ဘုရားအမိန့်နဲ့
ဘိက္ခုနီမတွေက သူ့ကိုရဟန်းပြုပေး၊
ရဟန်းမဘ၀နဲ့ ၀ိပသနာအလုပ်ကို ကြိုးကြိုးစားစား
အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ၊
ဉာဏ်ရင့်ချိန်ရောက်သွားတဲ့အတွက်
ပဋိသမ္ဘိဒါဉာဏ်လေးပါးနဲ့ တကွ
“ရဟန္တာ” ဖြစ်သွားပါတယ်။

သားသောကတွင် သာမက သောကအားလုံး
ချုပ်ဆုံးသွားတော့တာပေါ့။ သောကအားလုံးရဲ့
အရင်းအမြစ်ဖြစ်တဲ့ ကိလေသာတဏှာကို
အရဟတ္တမဂ်နဲ့ အမြစ်ပြတ် ပယ်သတ်လိုက်နိုင်လို့ပါပဲ။

[၂]။သားသောကနဲ့ ရူးနေရှာတဲ့
ဝါသေဋ္ဌီ မြတ်စွာဘုရားကိုဖူးမြင်ခွင့်ရတဲ့
အချိန်က ဘယ်အချိန်လဲဆိုတော့
ရူးသွပ်မှူကိုဖြစ်စေတဲ့ အကုသိုလ်ကံ
ကုန်တဲ့အချိန်၊ အရူးကံကုန်တဲ့အချိန်…တဲ့။
(အထာတိပစ္ဆာ ဥမ္မာဒသံဝတ္တနိယဿ
ကမ္မဿ ပရိက္ခယေ)

သားသေလို့ သောကဖြစ်ပြီး ရူးတယ်ဆိုပေမယ့်၊
ရူးရမယ့်ကံပါလာလို့ ရူးတာပါ။ ရူးရမယ့်ကံသာ
ပါမလာရင် သားသေလို့သောက
ဘယ်လောက်ဖြစ်ဖြစ်၊ရူးစရာအကြောင်းမရှိပါဘူး။
စိတ်ညစ်ရုံ၊ စိတ်ဆင်းရဲရုံ၊၀မ်းနည်းပူဆွေး
ငိုကြွေးရုံလောက်ပဲ ခံစားရမှာပါ။
သားသေလို့သာ ရူးရစတမ်းဆိုရင်
သားသေတဲ့အဖြစ်ဆိုးမျိုးနဲ့
ကြုံရတဲ့မိခင်၊ဖခင်တိုင်း ရူးသွပ်ကုန်ကြမှာပေါ့။

■“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ “အကုသိုလ်ကံ”
ဆိုတာ ကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
သူတစ်ပါးကို ရူးသွပ်လောက်အောင်
နှိပ်စက်ညှဉ်းပန်းမယ်၊
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်မယ်ဆိုရင်
အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။

■တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်
သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို
စွဲလမ်းပြီး၊အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း
အဲဒီကံကြောင့် တစ်ချိန်မှာ ကိုယ်လည်း ရူးသွပ်ရမှာပါ။

■ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ
ဖြစ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့
ကိုယ့်ကို ရူးမတတ် ချစ်သွားအောင် ဆိုတဲ့စိတ်ထားနဲ့
ဉာဏ်နီ ဉာဏ်နက်သုံးတာမျိုး၊
မူယာ မာယာများတာမျိုး၊
မြူဆွယ်ဖြားယောင်းတာမျိုး၊
လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ကြရပါမယ်။
သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့
ကိုယ်နဲ့ မဆိုင်ပါဘူး။

တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင်
လုပ်တာဆိုရင်တော့ စိတ်ထားကိုက
ရူးစေချင်တဲ့စိတ်ထားမို့ အဲဒီ အကျိုးသက်ရောက်မှုက
ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မယ်။

■ရူးသွပ်မှုကို ဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ
အဓိက အကျဆုံး၊ အကြီးမားဆုံး အကုသိုလ်ကံကတော့
“ သေရည်သေရက်သောက်စားခြင်း” ပါပဲ။
မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတတ်သလို၊
မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။
မူးရူးသောက်စား(သို့မဟုတ်) သောက်စားမူးရူး
ဆိုတဲ့အတိုင်း သောက်စားနေတာဟာ မူးရူးနေတာပါပဲ။

မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ
ဟိုပြောဒီပြောနဲ့ နှုတ်စောင့်စည်းမှု မရှိတော့ပါဘူး။
ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့
စွတ်ပြီး ပြောတော့တာပါပဲ။
ရူးနေတဲ့လူ ဘာမှမသိသလို၊
မူးနေတဲ့သူလည်း ဘာမှ မသိပါတော့ပါဘူး။

ဒါကိုပဲ သွေးတွေကြွလာပြီး၊အာသွက်လျှာသွက်နဲ့
စကားပြောလို့ ပိုကောင်းလာတယ်လို့
အရက်သောက်သုံးသူတွေက သဘောကျကြတယ်။
“ဆက်ရက်မင်းစည်းစိမ်” အဖြစ် သာယာ ယစ်မူးကြပါတယ်။

ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ
ကိုယ်သိတယ်ပဲ ထားဦးတော့ မူးနေတဲ့အချိန်ဟာ
ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။ရူးနေတဲ့သူဟာ
အမှတ်သညာ ကင်းမဲ့နေသလို၊ မူးနေတဲ့သူဟာလည်း
အမှတ်သညာ ကင်းမဲ့နေပါတယ်။
အရက်၊ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ
သောက်သုံးနေတာဟာ မှတ်ဉာဏ်အားနည်းကြောင်း
အကုသိုလ်၊ ဉာဏ်ထိုင်းကြောင်းအကုသိုလ်၊
စိတ်မမှန်ကြောင်း အကုသိုလ်၊
ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။

သူတစ်ပါးကို ဒုက္ခပေးပေး မပေးပေး၊
ကိုယ့်ဘ၀ပျက်ပျက် မပျက်ပျက်၊
အတိုင်းအတာ ရေချိန်ကျော်ကျော်၊မကျော်ကျော်၊
အရက်ဘီယာ သောက်တိုင်း
ဉာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊
မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊
ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ စွဲကပ်၊
စွဲကပ်သွားပါတယ်။စုမိသွားပါတယ်။

အရက်သေစာ သောက်သုံးခြင်းရဲ့ အပေါ့ပါးဆုံး
ဆိုးကျိုးက “ရူးသွပ်ခြင်း နဲ့ စိတ်ဖောက်ပြန်ခြင်း”လို့
မြတ်စွာဘုရားက ဟောကြားထားတာမို့၊
မရူးသွပ်လိုသူတိုင်း၊ စိတ်ပုံမှန်ဖြစ်လိုသူတိုင်း
အရက်၊ဘီယာစတဲ့ မူးယစ်သေရည်မှန်သမျှကို
ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့ မူးယစ်ဆေးဝါး
မှန်သမျှကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

[၃]။
ဝါသေဋ္ဌီ ဘုရားနဲ့ တွေ့တဲ့အချိန်ဟာ
အရူးကံကုန်ချိန်ကို ထောက်ရှုခြင်းအားဖြင့်。。。
ရူးရမဲ့ ကံပါလာတဲ့သူက ရူးကို ရူးရမှာပါပဲ။
စိတ်ဆင်းရဲရမယ့်ကံ ပါလာတဲ့သူက စိတ်ဆင်းရဲကို ဆင်းရဲရမှာပါပဲ။
စိတ်ဓာတ်ကျကံပါလာမယ့်သူက စိတ်ဓာတ်ကျကို ကျရမှာပါပဲ။
စိတ်ညစ်ရမယ့်ကံပါလာတဲ့သူက စိတ်ညစ်ကို ညစ်ရမှာပါပဲ။
တရားရဲ့အကျိုးပေးကို ဘယ်လိုမှရှောင်လွဲလို့ မရပါဘူး။

ပစ္စုပ္ပန်အဖြစ်ပျက်လေးပဲ ကွက်ကြည့်မယ်ဆိုရင်တော့
သားသေလို့ ရူးသွားတာ
“တရားမရှိလို့၊ စိတ်ဓာတ်မရင့်ကျက်လို့၊
အစွဲလမ်းကြီးလို့” လို့ပြောရမှာပါပဲ။
သံဃောဇဉ်ကြောင့် ၊တဏှာကြောင့်လို့
သံဝေဂယူရမှာပါပဲ။
ဒါကြောင့် အကြောင်းရင်းကို သေချာစစ်လိုက်တော့
အတိတ်ကရူးခဲ့တဲ့ ကံပြုခဲ့လို့ ရူးရတာပါ။

တရားမရှိလို့ ရူးတာမှန်ပါတယ်။
ဒါပေမယ့် အဲဒီလို တရားမရှိ ဖြစ်သွားတာဟာ
အတိတ်ကရူးရမယ့် ကံပါလာလို့ပါ။
အတိတ်ကံ အကျိုးပေးဖို့အတွက် ပစ္စုပ္ပန်မှာ
သားသေတဲ့ အဖြစ်အပျက်ဆိုးက
ဇာတ်လမ်း ဆင်ပေးလိုက်ရတာပါ။
တရားအသိ၊သတိကလည်း ခေတ္တ
ခဏ ရှောင်ထွက်ပေးလိုက်ရပါတယ်။

တချို့လူတွေ တရားလက်ကိုင်ရှိပါလျက်နဲ့၊
ဖြစ်ရပ်တစ်ခုခုကြောင့် တရားလက်လွတ်ဖြစ်သွားပြီး၊
ဝမ်းနည်းကြေကွဲနေရတာ၊ပူဆွေးငိုကြွေးနေရတာတွေဟာ
အဲဒီလိုဖြစ်ရမယ့် ကံကို ပါလာလို့ပါ။
အတိတ်ကံဝဋ်ကြွေးက နှလုံးသားထဲကတရားကို
ခေတ္တခဏ ဖယ်ထုတ်ပစ်လိုက်တဲ့အတွက်
တရားလက်လွတ်ဖြစ်သွားတာပါပဲ။
တရားဘယ်လောက်ရှိရှိ အတိတ်ကံဝဋ်ကြွေးကို
ဘယ်လိုမှလွန်ဆန်လို့ မရပါဘူး။

အတိတ်ကံဝဋ်ကြွေးကြောင့် ခေတ္တခဏ
တရားလက်လွတ်ဖြစ်သွားပြီး၊၀မ်းနည်းကြေကွဲနေတာကို
ကြည့်ပြီး၊ “တရားရှိလိမ့်မယ်လို့ နဂိုက
အထင်ကြီးထားတာအလကားပဲ၊
အခုမှ တရားမရှိမှန်းသိတော့တယ်”လို့
မဆင်မခြင် ရမ်းအပြစ်မပြောသင့်ပါဘူး။
ရူးသွပ်သွားတဲ့အထိတောင် အတိတ်ကံ
အကျိုးပေးနိုင်သေးတာပဲ။

ဒီလောက်ဖြစ်သွားတာကို နားလည်ပေးသင့်ပါတယ်။
ရူးသွပ်သွားရင်တောင် နားလည်ပေးရမှာပဲမဟုတ်လား။
တရားလက်လွတ်သွားတာကို
နားလည်ပေးဖို့ပြောတာ မဟုတ်ပါဘူး။
အတိတ်က ကိုယ်မမြင်နိုင်တဲ့ကံကို နားလည်ပေးဖို့
ပြောတာပါ။
တရားလက်လွတ်သွားတဲ့အချိန် ရှိနိုင်တာပဲလေ။
ကိုယ်လည်း ဘယ်တော့မှ တရားမလက်လွတ်ပါဘူးလို့
လုံးဝအာမခံနိုင်တာမှ မဟုတ်တာပဲ။
တရားလက်လွတ်စေနိုင်လောက်တဲ့ အဖြစ်ပျက်မျိုး၊
အာရုံမျိုး မတွေ့သေးလို့သာ တရားရှိချင်ရှိချင်မယ်။
တွေ့ရင်တော့ အချိန်မရွေး တရားလက်လွတ်သွားနိုင်တာပဲ။

ပုထုဇဉ်ဆိုတာ မပြောနဲ့တော့…။
သောတာပန်ဖြစ်နေတဲ့ ၀ိသာခါတောင်
မြေးမလေးသေတော့ မျက်ရည်လည်ရွဲနဲ့
ငိုပွဲဆင်ပြီး တရားလက်လွတ် ဖြစ်ခဲ့ပါသေးတယ်။

အနာဂါမ်၊ ရဟန္တာ မဖြစ်သေးသမျှတော့
ဝမ်းနည်းကြေကွဲမှုတွေ၊
ပူဆွေးငိုကြွေးမှု၊ စိတ်ဆင်းရဲမှု၊ စိတ်ညစ်မှု ဆိုတဲ့
စိတ်ခံစားမှုတွေကို တစ်ချိန်မဟုတ် တစ်ချိန်
တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့်
တွေ့ကြုံနေရဦးမှာပါပဲ။

စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာ အဖြစ်ပျက်တစ်ခုခုနဲ့
ကြုံတွေ့ရလို့ စိတ်ဆင်းရဲနေပြီ၊ စိတ်ညစ်နေရပြီဆိုရင်
“၀ါသေဋ္ဌီ” ကို သတိရပြီး
“ အတိတ်ကံကတောင်
ရူးတဲ့အထိတောင် အကျိုးပေးသေးတာပဲ။
ကိုယ်က ရူးမှ မရူးသေးတာ တော်သေးတာပေါ့” လို့
စိတ်ကိုဖြေသိမ့်လိုက်ပါ။
ဝေဒနာတွေ တော်တော်လျော့ သွားပါလိမ့်မယ်။

ဝါသေဋ္ဌီ သားသေလို့ ရူးသွားတာ အတိတ်က
ရူးစေတတ်တဲ့ ကံကြောင့်ဆိုတာ မမေ့လိုက်ပါနဲ့။
“ရုးတောင်ရူးနိုင်သေးတာပဲ၊ ဒီလောက်တော့အေးဆေး”
“ရူးတောင်ရူးရဦးမှာပဲ ဒီလောက်ကတော့
ပျင်းတောင်ပျင်းသေးတယ်။”
“ရူးမှ မရူးသေးတာ ဒါလေးများ”
“ဘယ်လောက်ပဲရူးရူး၊ သုံးနှစ်ပြည့် လို့ အတိတ်က
အရူး ကံကုန်သွားတော့လည်း ဘုရားနဲ့ တွေ့ပြီး
အရူးပျောက်သွားတာပါပဲ။”

ခံချိန်တန်ရင် ခံရပါမယ်။
လွတ်ချိန်တန်ရင် လွတ်ပါမယ်။
ခံချိန်တန်ပါလျက် မခံချင်လို့ မရသလို၊
လွတ်ချိန်မတန်သေးဘဲနဲ့လည်း လွတ်ချင်လို့ မရပါဘူး။
လွတ်ချိန်တန်မှ လွတ်လိမ့်မယ် ဆိုတာကို
နားလည်သဘောပေါက်ပြီး၊ခံချိန်တန်လို့
ခံနေရတာကို ကျေကျေနပ်နပ် လက်ခံလိုက်မယ်ဆိုရင်
ခံရတာလည်း သက်သာတဲ့အပြင်၊
လွတ်ချိန်လည်းမကြာခင်ရောက်လာပါလိမ့်မယ်။

ခံစရာရှိတာ ခံနေရင်းနဲ့
လုပ်စရာရှိတာကတော့ လုပ်နေရမှာပါပဲ။
ဘာအလုပ်မှမလုပ်ပဲ ပေတေပြီး၊ငုံ့ခံနေရမှာမဟုတ်ပါဘူး။

[၄]။
သုံးနှစ်ပြည့်မှ အရူးကံပျောက်လို့
သုံးနှစ်ပြည့်မှ ဘုရားနဲ့တွေ့တာပါ။
“စောစောကတွေ့ရင်ကောင်းမှာပဲ”လို့
ကြိုတွေ့ချင်လို့မရပါဘူး။
တွေ့ချိန်တန်ရင် တွေ့မှာပါ။

အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲနေ၊
စိတ်ညစ်နေရာက မိတ်ဆွေကောင်း၊
ဆရာကောင်းတွေနဲ့တွေ့လို့၊ ဒါမှမဟုတ်
တရားစာအုပ်၊ တရားတိတ်ခွေနဲ့ တွေ့လို့
စိတ်ဆင်းရဲတာ၊ စိတ်ညစ်တာ ပျောက်သွားတဲ့အခါ
“စောစောကသာ တွေ့လိုက်ရင်” လို့
မချိတင်ကဲမဖြစ်လိုက်ပါနဲ့။
အချိန်တန်မှ တွေ့တာပါ။
တစ်ချို့က အသက်ရွယ်တော်တော် လေးရမှ
တရားနဲ့ တွေ့တယ်၊
တရား အားထုတ်ဖြစ်တယ်၊
တရား အရသာခံစားရတယ်ဆိုရင်
“ငါ အတွေ့နောက်ကျသွားတယ်၊
စောစောကသာတွေ့လိုက်ရရင်” လို့
ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်တတ်ကြပါတယ်။
အလကားနေရင် အကုသိုလ် ယူနေတာပါ။
“ကုသိုလ်” က “အကုသိုလ်” ကို ကျေးဇူးပြုနေတာပါ။
မကျေမနပ်ဖြစ်မနေပါနဲ့။ တွေ့ချိန်တန်မှ တွေ့တာပါ။
တွေ့တဲ့အချိန်ကစပြီး၊တရားနဲ့ နေလိုက်ရင်ပြီးတာပါပဲ။

အိမ်ထောင်ပြုပြီး၊အတော်ကြာမှ သံဝေဂ
ရတဲ့သူတွေကလည်း
“ ဒီလိုမှန်းသိ အိမ်ထောင်မပြုခဲ့ပါဘူး၊
အိမ်ထောင်မပြုခင်သာ ဒီတရားနဲ့တွေ့ခဲ့ရင်… ၊
အိမ်ထောင်မပြုခင်သာ ဆရာတော်နဲ့တွေ့ခဲ့ရင်…”
လို့ နောင်တရတတ် ကြပါတယ်။
(သို့မဟုတ်)နောင်တရ ဟန်ဆောင်တတ်ကြပါတယ်။
“ငါတို့ မသိလို့ အိမ်ထောင်ပြုမိတာ၊
မင်းတို့ အိမ်ထောင်မပြုကြနဲ့။” လို့တောင်
တစ်ချို့က လူငယ်တွေကို ဆရာကြီးလုပ်လိုက်ပါသေးတယ်။
(ကိုယ်ချင်းမစာလိုက်တာကွယ်။ကိုယ်ပြုလို့အားရမှ)

ဘ၀မှာ အဖြစ်ပျက်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်
“ စောစောကသာ တွေ့လိုက်ရင်” ဆိုတဲ့
မချိတင်ကဲ ခံစားချက်မျိုး၊
အားမလိုအားမရ ခံစားချက်မျိုး လုံးဝမဖြစ်ပါနဲ့။
တစ်ကယ်တော့ အဲဒီခံစားချက်ဟာ
“လောဘ” ကို အခြေခံတဲ့ ခံစားချက်ပါ။
ရှင်းရှင်းပြောရရင် လောဘကြီးတာပါဘဲ။
ဘယ်အရာမဆို တွေ့ချိန်တန်မှ တွေ့တယ်။
တွေ့ချိန်တန်လို့ တွေ့တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာတွေနဲ့ တွေ့ကြုံတိုင်း
အတိတ်ကံကို ဆင်ခြင်မိဖို့ ပြောရတာက…
နေရာတကာ အတိတ်ကံကိုချည်း ပုံချနေဖို့၊
ပြောတာ မဟုတ်ပါဘူး။
ကိုယ်မြင်ရတဲ့ ပစ္စုပ္ပန်အဖြစ်ပျက်တွေကိုပဲ
လက်ညှိုး တထိုးထိုးလုပ်နေရင်း၊
ကိုယ်မမြင်ရတဲ့ အတိတ်ကံကို
လုံးဝထည့်မစဉ်းစားဘဲ၊မေ့နေမှာ စိုးလို့ပါ။
တချို့ ခံစားချက်တွေက
ပစ္စုပ္ပန်တည့်တည့် ကြည့်ရုံနဲ့ မငြိမ်းအေးနိုင်ပါဘူး။
အတိတ်ကိုသမင်လည်ပြန်
ပြန်ကြည့်မှ ငြိမ်းအေးနိုင်ပါတယ်။
မြတ်စွာဘုရားလို အတိအကျ မသိနိုင်ပေမယ့်၊
ကမ္မနိယာမသဘောအရ အကြောင်းအကျိုး
ဆက်စပ်ပြီးတော့၊ အနီးစပ်ဆုံးသိအောင် ဆင်ခြင်ကြရမှာပါ။

နေရာတကာ အတိတ်ကံကိုချည်း
ပုံမယ်ဆိုရင်တော့
ပုဗ္ဗေကတဟေတုဒိဋ္ဌိ
(အရာရာ ရှေးကံကြောင့်
ဆိုတဲ့အယူမှား)ဖြစ်သွားပါလိမ့်မယ်။
ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စတွေ၊
ကိုယ်ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ခံစားချက်တွေမှာ
အတိတ်ကံကိုဆင်ခြင်ပြီး၊ စိတ်ဖြေသိမ့်တာနဲ့
အတိတ်ကံကို ပုံချပြီးဘာမှ မကြိုးစားတာ တခြားစီပါ။

အတိတ်ကံကို ဆင်ခြင်ပြီး ဖြေသိမ့်တာလည်း ဖြေသိမ့်တာပေါ့။
ဒါပေမယ့် အတိတ်ကံက ကိုယ်မမြင်ရတဲ့အတွက်
ကိုယ်မြင်ရတဲ့ ပစ္စုပ္ပန်မှာ ကိုယ့်ရဲ့စိတ်ဓာတ်ကို
ခိုင်မာနေအောင် တည်ဆောက်ဖို့က ပိုအရေးကြီးပါတယ်။
စိတ်မခိုင်ရင်၊စိတ်မနိုင်ရင် ကိုယ်ချစ်တဲ့သူ သေမှ မဟုတ်ပါဘူး။
ကိုယ်ချစ်တဲ့သူနဲ့ ခွဲရရင်လည်းရူးနိုင်တာပါပဲ။
စိတ်ဓာတ်ခိုင်မာအောင်ကြိုးစားနေတဲ့ကြားက ရူးသွား၊
စိတ်ညစ်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ကံပေါ့။
အတိတ်ကံပေါ့။

[၅]။
ဝါသေဋ္ဌီ ဟာ မြတ်စွာဘုရားရဲ့
မျက်နှာတော်ကို ဖူးမြော်လိုက်ရရုံနဲ့
အရူးရောဂါပျောက်သွားတာပါ။ တရားမနာရသေးပါ။
ပုံတော်ဖူးရရုံနဲ့ အရူးဘ၀က လွတ်သွားတာပါ။
“ဂုဏ်တော်” အထိ စိတ်မလိုက်ရသေးဘူး။

စိတ်ဆင်းရဲကင်းပြီး စိတ်ချမ်းသာချင်ရင်
စိတ်ပူလောင်ခြင်းကင်းပြီး၊ စိတ်အေးချမ်းချင်ရင်
ကိုယ်အကြည်ညိုဆုံး၊ကိုယ်အနှစ်သက်ဆုံး
မြတ်စွာဘုရားပုံတော်တစ်ခုခု၊မြတ်စွာဘုရားမျက်နှာတော်
တစ်ခုခုကို စိတ်ထဲမှာ မကြာခဏ မြင်ယောင်နေလိုက်ပါ။

ပုံတော်ကို အာရုံပြုပြီးမှ ပုံတော်အတွင်း
ဂုဏ်တော်သွင်းပြီး၊ဂုဏ်တော်ကို အာရုံပြုပါ။
အလေ့ကျင့်များလေ၊အာရုံပြုရလွယ်လေဖြစ်ပြီး၊
သိသာထင်ရှားတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို
ခံစားရပါလိမ့်မယ်။

နောက်ဆက်တွဲ ကောင်းကျိုးချမ်းသာတွေကတော့
ပြောမနေတော့ပါဘူး။ လိုတရပဲပေါ့။
“သက်တော်ထင်ရှားဘုရားဆီကို
စိတ်မရောက်ဘဲ ရုပ်ပွားတော်မှာပဲ
စိတ်ရောက်နေတယ်” လို့
သူများအပြစ်ပြောရင် လုံးဝ ဂရုမစိုက်ပါနဲ့။
ကိုယ်မှ သက်တော်ထင်ရှားဘုရားကိုမမြင်ဖူးတာ…။
ရုပ်ပွားတော်က တစ်ဆင့်ပဲ ပုံတော်၊ဂုဏ်တော်တွေ
အာရုံပြုရတော့မှာပေါ့။

ရင့်ကျက်သွားရင် သက်တော်ထင်ရှားဘုရားအထိ
အလိုလိုအာရုံရောက်သွားပါလိမ့်မယ်။

[၆]။
ကိုယ်ကြည်ညိုတဲ့ ဆရာတော်ဆီ စိတ်မမှန်တဲ့သူတွေ
ရောက်လာရင်၊ တချို့က အဖက်လုပ်ပြောမနေဖို့
လျှောက်တတ်ကြတယ်။
တစ်ချို့က ဟိုလို စိတ်မမှန်တာ၊ တစ်ချို့က တရားအားထုတ်ရင်း
တရားကြောင်ကြောင်သွားတာလေ။
ဘုရားရှင်တောင် စိတ်မမှန်တဲ့သူတွေကို စိတ်မှန်လာအောင်
မေတ္တာ၊ကရုဏာအပြည့်နဲ့ ပြောပေး၊ဟောပေးသေးတာပဲ….။
ဘုရားသားတော်ရဟန်းတော်တွေလည်း ဘုရားအတုလိုက်ပြီး
မေတ္တာကရုဏာအပြည့်နဲ့ လက်ခံစကားပြောပြီး၊
နားလည်အောင် ရှင်းပြပေးရမှာပေါ့။

■အရူးကိုလည်း ဘုရား အဖက်လုပ်ပါတယ်။
■ပြည့်တန်ဆာမကိုလည်း ဘုရား အဖက်လုပ်ပါတယ်။
■သူတောင်းစားကိုလည်း ဘုရား အဖက်လုပ်ပါတယ်။
■တံငါသည်ကိုလည်း ဘုရား အဖက်လုပ်ပါတယ်။
■အပေါ်ယံ ပကာသနကို ဘုရားမကြည့်ပါဘူး။
■အတွင်းဓာတ်သဘာဝကိုပဲ ဘုရားကြည့်ပါတယ်။
■ကိုယ့်အတွက် ဘုရားအကြည့်ပါဘူး၊
■သူ့အတွက်ပဲ ဘုရားကြည့်ပါတယ်။

ဘုရားသားတော်တွေလည်း ဘုရားကြည့်သလိုပဲ
ကြည့်ကြပါလိမ့်မယ်။လူတွေးတွေးပြီး၊
အကုသိုလ်မယူမိဖို့ အထူးသတိပြုပါ။

ဘုရားတရားတော်တွေက ရူးတဲ့သူတွေတောင်
အရူးပျောက်စေပါတယ်။
မရူးတဲ့သူကို “အရူး” မဖြစ်စေပါဘူး။
တရားအားမထုတ်နဲ့။
ရူးသွားလိမ့်မယ်လို့ ပြောတတ်ကြပါတယ်။
တရာအားထုတ်လို့ ရူးသွားတယ်ဆိုတာလည်း
အားထုတ်နည်း မမှန်ကန်လို့ပါ။
ဘုရားဟောတဲ့အတိုင်း အားမထုတ်ဘဲ၊
ကိုယ့်သဘောနဲ့ ကိုယ်၊ကိုယ့်ဆရာသဘောနဲ့ကိုယ်
အားထုတ်နေလို့ပါ။ မရူးသူကို ရူးစေတဲ့
တရားအားထုတ်နည်းဟာ ဘုရားနည်းမဟုတ်ပါဘူး။
တခြားနည်းပါ။

ဖြစ်ချိန်တန်ဖြစ်မယ်၊
ပျက်ချိန်တန်ပျက်မယ်။
ပေါ်ချိန်တန်ပေါ်မယ်။
ပျောက်ချိန်တန် ပျောက်မယ်။
ဖြစ်နေ၊ပေါ်နေလို့ စိတ်မညစ်နေပါနဲ့။
အချိန်တန် ပျောက်သွား၊ပျက်သွားပါလိမ့်မယ်။
ပြီးတော့လည်း ပြီးသွားတာပါပဲ။
နောက်ဆုံးတော့လည်း ပြီးသွားတာပါပဲ..။

[၇]။
အောင်နိုင်သူတွေဟာ မကြာခဏဆိုသလို
အခွင့်အလမ်းတွေကို ရယူဖို့
မကြောက်ကြတဲ့သူတွေ ဖြစ်ပါတယ်။
ရှုံးနိမ့်သူတွေကတော့ ဟိုနားဒီနားထိုင်ပြီး
အခြေအနေပေးမှုတွေ တိုးတက်ကောင်းမွန်လာမလားလို့
စောင့်နေသူတွေ ဖြစ်ပါတယ်။

မှတ်ချက်။ ။
“ကိုယ်မကြုံတွေ့ချင်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရတာဟာ
အတိတ်ကံမှားခဲ့လို့
(အတိတ်က မလုပ်သင့်တာ လုပ်ခဲ့မိလို့)
သို့မဟုတ် ပစ္စုပ္ပန်ကံမှားနေလို့
(ပစ္စုပ္ပန်မှာ မလုပ်သင့်တာ လုပ်နေမိလို့)
သို့မဟုတ် အတိတ်ရော၊ပစ္စုပ္ပန်ရော မှားနေလို့ပါပဲ။

မလုပ်သင့်တာလုပ်ရင်တော့ မဖြစ်သင့်တာဖြစ်ပြီး၊
မခံချင်တာ ခံရမှာ သေချာပါတယ်။
မခံစားချင်တဲ့ဆိုးကျိုးတွေ ခံစားရတိုင်း
အတိတ်ကံကိုမှန်းဆ၊ ပစ္စုပ္ပန်ကံကိုသတိရပြီး
“ကံမှားတော့ ခံထားပေါ့”လို့သာ နှလုံးသွင်းလိုက်ပါ။
စိတ်သက်သာရာ ရသွားပါလိမ့်မယ်။
သက်သာရာရတဲ့စိတ်နဲ့ ကံအမှားတွေ
ထပ်မပြုမိအောင်တော့ အထူးသတိပြုရမှာပေါ့။
မှားသမျှကို “ကြွေး”လို့မှတ်ယူပြီး
ကြုံတွေ့သမျှကို “ကြွေးဆပ်တယ်”လို့
သဘောထားလိုက်ရင် သက်သာသွားပါတယ်။

ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သောက ကို
အခိုက်အတန့် အေးစေတယ်လို့ ရှေးမထေရ်မြတ်များ
မိန့်ကြားဖူးပါတယ်။တင်္ဒဂပဟာန်လို့ ဆိုလိုတဲ့သဘောပါပဲ။

(ဆရာတော်အရှင်ဆန္ဒာဓိက )

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment