Sunday, January 29, 2017

တန်ဖိုးအရှိဆုံး နံနက်ခင်း



နံနက်ခင်း မိုးလင်းလို့ ကမ္ဘာလောကကြီး အသက်ဝင် လှုပ်ရှားသည်နှင့် မြန်မာတို့သည် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် တစ်နေ့တာ၏ အစကို မင်္ဂလာတရားတို့ ဖြင့် စတင်ကြကုန်၏။

* တချို့က - ဘုရားရှင်အား အာရုံ ဆွမ်းကပ်ခြင်း၊ ပန်း၊ ရေချမ်းများကပ်လှူခြင်း၊ ရဟန်းသံဃာတော်များအား အာရုံဆွမ်း လောင်းလူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ မေတ္တာပို့သခြင်း စသဖြင့် ကုသိုလ်ပြုကြ၏။

* တချို့က - တရားအခွေများ ဖွင့်၍ တရားနာခြင်း၊ မေတ္တာပို့သခြင်းများ ပြုကြ၏။ တချို့က ဖုန်းများဖြင့် တရားတော်များ ဖွင့်၍ နာယူခြင်း မေတ္တာပို့သကြခြင်းတို့ကို ပြုကြ၏။

- ထိုသို့ တစ်ဦးတစ်ချင်းစီမှ အစပြု၍ တစ်နိုင်ငံလုံး၏ မေတ္တာပို့သ သံတို့ဖြင့် ဝေဆာနေသော မြန်မာတို့၏ မနက်ခင်းသည် အလွန်ကြည်နူးစရာ ကောင်းလှပေ၏။ အလွန်လည်း မင်္ဂလာရှိပေ၏။

- ထိုကဲ့သို့ တန်ဖိုးရှိလှသော အမူအကျင့်မျိုးသည် တခြားနိုင်ငံများတွင် ရှိလိမ့်မည် မထင်ပေ။

- တခြားနိုင်ငံများ၏ မနက်ခင်းကား ပြေးလွှားခြင်း၊ ကျမ္မာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ဖြင့် တစ်နေ့တာ၏အစကို တစ်ဦးထဲ ကျမ္မာချမ်းသာရေးအတွက် အစပြုနေချိန်တွင် - မြန်မာတို့သည် ကောင်းမှုကုသိုလ်များ ပြုလုပ်၍ သတ္တဝါအားလုံး ချမ်းသာစေဖို့၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းစေဖို့ မေတ္တာပို့သပြီး အမျှပေးဝေနေကြ၏။

ထို့ကြောင့် မြန်မာတို့၏ နံနက်ခင်းသည် ကြည်နူးစရာ အကောင်းဆုံး၊ မင်္ဂလာအရှိဆုံးနှင့် တန်ဖိုးအရှိဆုံးသော နံနက်ခင်း ဖြစ်လေသည်•••

+++++++++++++++++++++++++++++++++++++

နံနက်ခင်း
~~~~~~~
ကြေးစည်သံလေး တလွင်လွင်
ဖွားလေး ဆွမ်းတော်တင်။
ဖြစ်လျှင်ပျက်ယွင်း ခန္ဓာတွင်း
ဖိုးဖိုး နှလုံးသွင်း။
အိမ်ရှေ့ခင်းက ဖြူစပယ်
မလေး ပွင့်သီသွယ်။
ရေလှယ်ပန်းထိုး တုပ်ကွကျိုး
မလေး သဒ္ဓါရှိပန်ခိုး။
နိုးကြားတက်ကြွ မောင်လေးငယ်
စာပန်းချီ ပန်းရောင်စုံခြယ်။
မွေးမယ်ရွက်လို့. ဆွမ်းတော်ပို့
ရွာဦးဖုန်းဖုန်း ကျောင်းတော်သို့။
သားတို့သမီးတို့. စားဘို့ရည်
ဖေဖေလယ်ကွင်း ထွက်လေပြီ။
မှောင်ရီပယ်ခွင်း ရောင်နီလင်း
မင်္ဂလာရှိစွ နံနက်ခင်း ။.

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment