Tuesday, January 31, 2017

"အသောကမင်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း"



အိန္ဒိယနိုင်ငံမှာ တတိယသံဂါယနာတင်တဲ့ အာသောကမင်းကြီးဟာ ယခင်က ဗုဒ္ဓဘာသာမဟုတ်ဘူး ။

သူက နေ့စဉ်နဲ့အမျှ ဗြဟ္မဏတွေ ပင့်ဖိတ်ပြီး ကျွေးမွေးဧည့်ခံတဲ့ ဗြဟ္မဏ ဘာသာဝင် တစ်ဦး ။

အစဉ်အလာအရ ဗြာဟ္မဏတွေ ကိုးကွယ်နေရပေမယ့် စိတ်ထဲမှာ မကျေနပ်ဘူး တဲ့ ။

ဗြဟ္မဏတွေရဲ့ အမူအရာကို ကြည့်လိုက်ရင် တည်ငြိမ်အေးဆေးမှု မရှိဘူး ။ စကားလည်း ပြောချင်ရာ ပြောတယ် ။

လူကို ကြည့်လိုက်ရင် တရား ရတဲ့သူနဲ့ တရား မရတဲ့သူ သိပ်ကွာတယ်။

နှုတ်ထိန်းသိမ်းမှု မရှိတာ စိတ်ထိန်းသိမ်းမှု မရှိလို့ ။
ကိုယ်အမူအရာ ထိန်းသိမ်းမှု မရှိတာလည်း စိတ်ငြိမ်းချမ်းမှု မရှိလို့ပဲ ။
ဒီလို အကဲခတ်လို့ ရတယ်ပေါ့ ။
--------------------------------

တစ်နေ့ နိဂြောဓသာမဏေ ဆိုတဲ့ ခုနှစ်နှစ်အရွယ် ကိုရင်လေး တစ်ပါး နန်းရင်ပြင်က ဖြတ်ပြီး ဆွမ်းခံကြွတယ် ။

ကိုရင်လေးပေမယ့် အမူအရာ ကြည့်လိုက်တဲ့အခါ သွားတာ လာတာ အလွန် အိနြေ္ဒရတယ် ။ ပြောတာဆိုတာ အိနြေ္ဒရတယ် ။ လူကို ကြည့်လိုက်ရင် သိတယ်လေ ။

အသောကမင်းကြီးက ဘယ်လိုတွေးမိလဲ ဆိုရင် -

" ကြည့်စမ်းပါ ဒီကလေး ဒိပြင်ကလေးတွေလို ပြေးလွှား ခုန်ပေါက် ဆော့ကစားတဲ့ အမူအရာ လုံးဝ မရှိဘူး ။ တကယ့်ကို လူကြီး အိနြေ္ဒနဲ့ မထေရ်ကြီးတစ်ပါး ကြွသလို စက္ခုအိနြေ္ဒချပြီး သူ့လမ်းသူ ငြိမ်ငြိမ်သက်သက် လျောက်သွားတာ သူ့နှလုံးသားထဲမှာ ထူးခြားတဲ့ တရား ရှိလောက်တယ် " တဲ့ ။

အဲလိုတွေးမိပြီး တပြိုင်နက် ကိုရင်လေးရဲ့ နှလုံးသားထဲ တရား ရှိ မရှိ သိချင်လာတယ် ။ ဒါကြောင့် နန်းတော်ကို ပင့်တယ် ။
---------------------------------------

ကိုရင်လေးက နန်းတော် ရောက်လာတဲ့အခါ
သူ့ထက်ကြီးတဲ့ ရဟန်း ရှိ , မရှိ ကြည့်ပြီး မရှိလို့ ဘုရင်ထိုင်တဲ့ ရာဇပလ္လင်ပေါ် ထိုင်လိုက်တယ် ။

အသောကမင်းကြီး သိပ်သဘောကျသွားတယ် ။
အမူအရာ ကြည့်တာနဲ့ ရင်ထဲကတရားကို ခန့်မှန်းနိုင်သွားပြီ ။
သူ့ကို တရားလေးတစ်ပုဒ် ဟောပါ ဆိုတော့ -
ကိုရင်လေးက သူသိတဲ့ တရား ဟောတယ် ။

အပ္ပမာဒေါ အမတပဒံ ၊
ပမာဒေါ မစ္စုနော ပဒံ ၊

မြတ်စွာဘုရားက ဟောတယ် တဲ့ ။
ကာမဂုဏ်အာရုံတွေထဲ စိတ်ဝင်စားနေတာကို " ပမာဒ " လို့ ခေါ်တယ် ။
ပမာဒ - မေ့လျော့တာ ။
ကာမဂုဏ်ကိစ္စ , အပျော်အပါးကိစ္စတွေထဲ စိတ်ကို လွှတ်ထားတာ ။
တရားဓမ္မဘက် လှည့်မကြည့်တာ ။ အဲဒါကို " မေ့နေတယ် " လို့ ခေါ်တယ် ။
အလုပ်ကိစ္စတွေနဲ့ပဲ နှစ်မြုပ်နေတာကို မေ့နေတယ် လို့ ခေါ်တယ် ။
----------------------------------

မြတ်စွာဘုရား ဆိုလိုတဲ့ " အပ္ပမာဒ " ဆိုတာ ကာမဂုဏ်အာရုံထဲမှာ စိတ်ကို နှစ်မြုပ်မထားဘူးတဲ့။

လူ့ဘဝမှာ စားဝတ်နေရေးကိစ္စတွေပဲ လုပ်တယ်။
မိသားစု , စီးပွားရေး , တခြား ကိစ္စတွေပဲ လုပ်တယ် ။
ကုသိုလ်ကောင်းမှုဘက် လုံးဝ စိတ်မလှည့်ဘူး။
အဲဒါ " ပမာဒ " ။

အဲဒါနဲ့ ဆန့်ကျင်ဘက်က -
ဒါန ကောင်းမှု လုပ်ဖို့
သီလ ကောင်းမှု လုပ်ဖို့ စိတ်ကို လှည့်တယ် ။
သမာဓိဘက်ကို စိတ်ကို လှည့်ထားတယ် ။
ဒီကိစ္စတွေက ပိုအရေးကြီးတယ် လို့ သတိထားတယ် ။
အဲဒါက "အပ္ပမာဒ " ဘဲ ။

--------------------------------


ပမာဒေါ မစ္စုနော ပဒံ - ကာမဂုဏ်အာရုံတွေထဲ ဦးလှည့်ထားမယ် ဆိုရင် သံသရာထဲမှာ ခဏခဏ မွေးဖွားရတော့ ခဏခဏ သေရခြင်း အကြောင်း ဖြစ်တယ် တဲ့ ။

ကာမဂုဏ်အာရုံတွေဘက်သာ ဦးလှည့်မနေဘဲ တရားဓမ္မဘက် ဦးလှည့်ပြီး မမေ့လျော့တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းတဲ့ဘက်ကို ဦးတည်ပြီး လုပ်တဲ့ အတွက် မသေတာနဲ့ အတူတူပဲ . . တဲ့ ။

ဒီတရားလေးကို နာကြားပြီးတဲ့အခါ အသောကမင်းကြီးဟာ သဘောကျပြီး ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းရောက်ရှိခဲ့တော့တယ်။

" ဒေါက်တာနန္ဒမာလာဘိဝံသ "
( သေချာသောလမ်းမှ လျောက်လှမ်းပါ ၊ စာ - ၁၅ - ၂၁ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏


https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment