Tuesday, January 31, 2017

♻️ မင်္ဂလာတရားတော် ♻️



💦 ပေးကမ်းခြင်း 💦

နောက်တစ်ပိုဒ်က “ဒါနဉ္စ ဓမ္မစရိယာ စ” တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။
ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာ ပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစ္စည်းက ကိုယ်မသုံးဘဲနေလည်း ရတယ်။ တစ်ခါတလေ သုံးလည်းမသုံးပါဘူး။ အဲဒါကို ပေးတာ ကောင်းသလား၊ မပေးဘဲထားတာ ကောင်းသလား။ ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစ္စည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်ခက်သားပဲနော်။ ပေးချင်ရက်သားနဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ်။ ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ… ဘယ်စိတ်က အဆင့်အတန်းမြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပတ်သက်တဲ့စာအုပ်တွေ အများကြီးဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းလည်း အများကြီးဖတ်ဖူးတယ်။ တစ်ချို့ပညာရှင်တွေက ဘယ်လိုပြောသလဲဆိုတော့ ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကိုကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

💦ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်💦

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီး ရတယ်ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့မှမပေးဘူး။ သူများလည်း မပေးဘူး၊ သူလည်း မစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား။ မဆိုနိုင်ဘူးနော်။ ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးဖို့စွဲဖို့ ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှအကုန်လုံး ပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက် ပေးရမယ်။ ပေးသင့်တဲ့သူကို ပေးရမယ်။ ပေးတာလည်း ဥာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။ အဲဒီလို ကိုယ့်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်ကပေးလိုက်ရလို့ တစ်ဖက်သားမှာအဆင်ပြေသွားတာ၊ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားတာကို မြင်ရတာ တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတာတစ်ခုလည်း ပါတယ်နော်။

ယုတ်စွအဆုံးပြောမယ်ဆိုပါတော့ ဘုန်းကြီးတို့ကျောင်းမှာ ငှက်တွေ အများကြီးလာတယ်။ ဘေးအန္တရာယ် ကင်းနေတာကိုး။ ဘယ်သူမှ ပစ်တာခတ်တာမရှိတော့ ငှက်တွေ အများကြီးလာတယ်။ နွေရာသီကျရင် သူတို့အတွက် အင်တုံထဲမှာ ရေထည့်ထားပေးတယ်။ သူတို့ အဲဒီထဲမှာ ရေချိုးတယ်၊ ရေသောက်တယ်။ စားစရာတွေ ထားပေးထားတယ်။ ငှက်ကလေးတွေ လာစားတယ်။ သူတို့စားတာမြင်ရင် သိပ်ပျော်တာပဲ။ သူတို့ရေသောက်တာမြင်ရင်လည်း ပျော်တယ်။ သူတို့ ပျော်ပျော်ရွှင်ရွှင်ရေချိုးတာမြင်ရရင် သိပ်ပျော်တယ်။ ကျောင်းမှာ ကြောင် (၄) ကောင်၊ ခွေး (၃) ကောင်ရှိတယ်။ သေသေချာချာ ဘုန်းကြီးကိုယ်တိုင်နယ်ပြီးတော့ ကျွေးတယ်။ ကြောင်ကလေးဆို ဝါးပြီးတော့တောင်ကျွေးတာ။ သူတို့ မဝါးနိုင်သေးဘူး။ အသားလေး၊ ငါးလေးတွေ အရိုးလေးတွေထွင်ပြီး သူတို့မဝါးနိုင်မှာစိုးလို့ ဘုန်းကြီးကိုယ်တိုင် ဝါးပြီးတော့ကျွေးတယ်။ သူတို့စားတာမြင်ရရင် သိပ်ဝမ်းသာတယ်။

ဒါတင် မကသေးပါဘူး။ ဘုန်းကြီးတို့ကျောင်းမှာ တစ်ခါတလေ လာလှုကြတဲ့ဆွမ်းတွေက ပိုနေတာအများကြီး။ ကျောင်းကိုလာတဲ့လူတွေလည်းပဲ သူတို့ထိုက်သင့်သလောက် စားကြတာပေါ့။ ဒါတောင်မှ မကုန်နိုင်သေးဘူး။ မကုန်တဲ့အခါမှာ အခြားပေးသင့်ပေးထိုက်တဲ့လူတွေကို ပေးလိုက်တယ်။ ပို့လိုက်တယ်။ ကျွေးလိုက်တယ်။ သူတို့စားရတယ်ဆိုရင် ဝမ်းသာပါတယ်နော်။ ဘုန်းကြီးကိုလှူဒါန်းထားတဲ့ပစ္စည်းတွေက အများကြီးဖြစ်နေတယ်။ ဘုန်းကြီးကိုယ်တိုင် သုံးလို့မကုန်နိုင်ဘူး။ မကုန်နိုင်ရင် လိုတဲ့နေရာတွေမှာ သွားပြီးတော့လှူလိုက်တယ်။ ကျောင်းကိုကြွလာတဲ့သံဃာတော်တွေဆိုရင်လည်း ရောက်လာရင် တစ်ခုခုတော့လှူလိုက်တာပဲ။ မလှူဘဲနဲ့ပြန်သွားရတယ်လို့ မရှိဘူး။ အမြဲတမ်း လှူတာပါပဲ။ ကိုယ့်မှာရှိနေတာ၊ ပိုနေတာ၊ ကိုယ်လည်း ကုန်အောင်မသုံးနိုင်ဘူး။ ဒီပစ္စည်းတွေကိုလဲ ကိုယ့်ကျိုးအတွက်ရောင်းစားတာတို့ဘာတို့ ဘုန်းကြီးတစ်သက်လုံး တစ်ခါမှမလုပ်ဖူးဘူး။ ကိုယ့်မှာရှိတာကို သူများကို အသုံးလိုလို့ပေးလိုက်ရတာကိုပဲ ကျေနပ်မှုရတယ်။👌🏼👌🏼

💦သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန💦

ပေးနိုင်တဲ့စိတ်ဟာ တော်တော်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာစိတ်နဲ့ လူမွဲစိတ်။ ဒီနှစ်ခု စဉ်းစားကြည့်နော်။ ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်က မွဲနေတဲ့စိတ်၊ ဆင်းရဲတဲ့စိတ်၊ ချို့တဲ့တဲ့စိတ်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကိုပေးနိုင်တယ်၊ မျှနိုင်တယ်ဆိုရင် အဲဒီစိတ်က ချမ်းသာတဲ့စိတ်။
ဒီလိုပေးခြင်းဟာ ကိုယ့်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ၊ အကောင်းဆုံးအရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကိုစီစဉ်ပြီးမှ သွားလှူလိုက်တာပဲ။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်၊ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်းစားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသက်ကိုသတ်မဲ့အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲဒီလို အဓိပ္ပာယ်ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကိုခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကိုစိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ့်ကြောင့် သူတစ်ပါးစိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါနလို့တောင် သုံးထားတာ။ ပါဠိစာပေမှာရှိတယ်။ သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါနဖြစ်တယ်။ သူတစ်ပါးကို ဘေးရန်ကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ့်နယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။

ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့အဓိပ္ပာယ် ပါနေတယ်။ ဘေးရန်ကင်းခြင်း၊ ကြောင့်ကြမှုကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ။ အဲဒါ ပိုတောင်မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။ ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင်ဆုံးမလဲ၊ ဘယ်လောက်ထိအောင်သင်ပေးလဲဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကကားကကျော်တက်ချင်ရင် လမ်းပေးလိုက်ပါ။ အဲဒါလည်း ငါ သူ့ကိုဒါနတစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ။ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တက်ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

💦အသိအမှတ်ပြုတာလည်း ပေးခြင်းတစ်မျိုးပါပဲ💦
ဒါတင်မကသေးဘူး။ ဘုန်းကြီးကိုယ်တိုင် ခံစားရတာတစ်ခုရှိတယ်။ နိုင်ငံခြားတိုင်းပြည်တွေကို ခဏခဏသွားတယ်။ တချို့နိုင်ငံတွေမှာ(ဥပမာ သြစတေးလျနိုင်ငံဆိုပါတော့) ဗမာ ဒကာ၊ ဒကာမ တော်တော်နည်းတယ်။ ကျောင်းမှာလာကြတဲ့သူတွေထဲမှာ အဖြူတွေများတယ်။ သီရိလင်္ကာက ဒကာ၊ ဒကာမတွေ တော်တော်များတယ်။ မြန်မာတွေက (၄၊၅) ယောက်လောက်ပဲရှိတယ်။ များသောအားဖြင့် ဘုန်းကြီးက တစ်ပါးတည်းကျောင်းမှာနေတယ်။ မနက်အာရုဏ်ဆွမ်းကျရင် တစ်ယောက်ယောက်က လာကပ်တယ်။ နေ့ဆွမ်းကျရင်လည်း လာကပ်တယ်။ ကျန်တဲ့အချိန်မှာ ဘယ်သူမှမရှိဘူး။ ကပ္ပိယပဲရှိတယ်။ မနက်ဆိုလည်း ဘုန်းကြီးက အညောင်းပြေ လမ်းလျှောက်သွားတယ်။ လမ်းလျှောက်လို့ကောင်းတယ်။ သိပ်အဆင်ပြေတယ်။ လူလည်း သိပ်မရှုပ်ဘူး။ ကားလည်း သိပ်မရှုပ်ဘူး။ ဒီတိုကျိုလို မဟုတ်ဘူး။ လမ်းကြောကြီးက တော်တော်ရှင်းတယ်။

လမ်းလျှောက်သွားလို့ရှိရင် လမ်းမှာလူတွေတွေ့ရင် ဘုန်းကြီးက သူတို့မျက်နှာလေးတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ပြုံးပြလိုက်တယ်။ တချို့က ပြန်ပြုံးပြတယ်။ တချို့က မမြင်ချင်ဟန်ဆောင်ပြီးသွားတယ်။ အဲဒီတော့ ဘုန်းကြီးစိတ်ထဲမှာ ကိုယ်ကပြုံးလို့ သူကပြန်ပြုံးလို့ရှိရင် စိတ်ချမ်းသာသွားတာပဲ။ ငါ့ကို လူသားတစ်ယောက်အဖြစ်နဲ့ ခင်စရာကောင်းတဲ့လူအဖြစ်နဲ့ သူတို့ အသိအမှတ်ပြုလိုက်တာပဲ။ ကိုယ်ကပြုံးတာကို မမြင်ဟန်ဆောင်ပြီးလှည့်သွားရင် ငါ့ကို လူသားတစ်ယောက်အဖြစ်နဲ့ သူတို့ အသိအမှတ်မပြုပါလားနော်။ ခံစားဖူးလား။ အဲဒါမျိုးကြုံဖူးလား။ လူတိုင်း ကြုံဖူးမှာပါနော်။ ဒါပေမယ့် သူတို့ပြန်ပြုံးသည်ဖြစ်စေ၊ မပြုံးသည်ဖြစ်စေ ဘုန်းကြီးက လူတွေ့ရင် နည်းနည်းတော့ပြုံးပြလိုက်တာပဲ။ တစ်ခါ ကိုယ်ကပြုံးလို့ သူကပြုံးရင် နောက်တစ်ခါတွေ့ရင် Good Morning လို့ ပြောလိုက်တာပဲ။ အဲဒါဆို သူတို့ကပြန်နှုတ်ဆက်တယ် Good Morning လို့နော်။

🌾🌾🌾
တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ ဘုန်းကြီးကိုယ်တိုင်ရဖူးလို့ အဲ့ဒါကိုသိတာ။ တချို့လူတွေဆီက ရတယ်။ တချို့လူတွေဆီက မရဘူး။ ရလိုက်တဲ့အခါမှာ စိတ်ထဲမှာကျေနပ်ပြီးတော့ စိတ်အေးချမ်းမှုတစ်မျိုးရလိုက်သလိုပဲ။ ငါ့ကိုမယုံသင်္ကာဖြစ်တဲ့လူ မဟုတ်တော့ဘူး။ ငါ့ကိုခင်ချင်တဲ့လူတစ်ယောက် ဖြစ်သွားပြီ။ ငါနဲ့ မိတ်ဆွေဖြစ်သွားပြီ။ မိတ်ဆွေတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်ပြီဆိုတော့ မိတ်ဆွေတွေဖြစ်သွားပြီနော်။

🌾🌾🌾
တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။ ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။ ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်းတော်တော်များပြီ။ ကိုယ့်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာမဟုတ်ဘူး။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး။ စိတ်ထားမြင့်မြတ်ရင် မြင့်မြတ်တဲ့အသိဥာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့အသိဥာဏ်ကို မရနိုင်ဘူး။❄❄



♻️ မင်္ဂလာတရားတော် ♻️

💦ဆွေမျိုးတွေကို ထောက်ပံ့ခြင်း💦

နောက်တစ်ပိုဒ်က “ဥာတကာနဉ္စ သင်္ဂဟော”တဲ့။ ဆွေမျိုးတွေကို ထောက်ပံ့ခြင်း။
ဒါလည်း အရေးကြီးတာပါပဲ။ ကိုယ့်ဆွေမျိုးထဲမှာ ချို့တဲ့တဲ့လူတွေရှိတယ်။ ကိုယ်တတ်နိုင်သလောက် ထောက်ပံ့ပေးမယ်။ ဘုန်းကြီးဆို တပည့်တွေကိုပြောပြတယ်။ အနည်းဆုံးတော့ ကျောင်းမနေနိုင်တဲ့ကလေးတွေကို ကျောင်းထားပေးပါ။ အမျိုးထဲကဖြစ်ဖြစ် သူစိမ်းဖြစ်ဖြစ်။ များသောအားဖြင့်တော့ အမျိုးထဲက ကလေးတွေကို ထားပေးကြတာများပါတယ်။ သူစိမ်းထဲကလည်း တစ်ယောက်လောက်ဖြစ်ဖြစ်ပေါ့။ ပညာသင်ပေးပါ။ ထောက်ပံ့ပါနော်။ တစ်ခြားဟာပေးရတာထက် ပညာပေးရတာ ပိုပြီးတော့တန်ဖိုးရှိတာပေါ့။

🌾🌾🌾
အမျိုးထဲက နေမကောင်းဖြစ်မယ်။ ဆေးဝါးကုသပေးပါ။ အခြားလည်းပဲ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရင်လည်း ပေးပေါ့။ ဒါပေမယ့် ကျန်းမာရေးက သိပ်အရေးကြီးတယ်။ တခြားဟာမှာတော့ နည်းနည်းဆိုင်းထားလို့ ရသေးတယ်။ ကျန်းမာရေးက အချိန်ဆိုင်းလို့မရဘူး။ လိုအပ်တဲ့အခါမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အကူအညီအထောက်အပံ့ ပေးပါ။ တစိမ်းဖြစ်နေပါစေ၊ တကယ်ကျန်းမာရေးချို့တဲ့တယ်လို့ကြားရင် သွားမေးပါ။ တတ်နိုင်တဲ့အကူအညီပေးပါ။

💦သံသရာမှာ အမျိုးမတော်ဖူးတဲ့လူမရှိဘူး💦

🌾🌾🌾
ဆွေမျိုးအသိုင်းအဝိုင်းရဲ့ချစ်ခင်မှု၊ ယုယမှုကို များများရရင်လည်းပဲ အဲဒီလူရဲ့ဘဝဟာ ပိုပြီးတော့စိုပြေတယ်။ အခုခေတ် အမေရိကမှာဖြစ်နေပုံက အဘိုးအဘွားကိုသိတဲ့လူဟာ တော်တော်နည်းတယ်။ တစ်ခါတလေပဲ မြင်ဖူးတယ်။ တစ်သက်လုံးမှာ တစ်ခါလား နှစ်ခါလား မြင်ဖူးတယ်ဆိုတဲ့လူ ရှိတယ်။ ဦးကြီး၊ ဘကြီးဆိုတာလည်းပဲ မမြင်ဖူးတဲ့လူများတယ်။ တစ်နှစ်မှ တစ်ခါလားပဲမြင်ဖူးတယ်။ သိပ်မမြင်ဖူးတဲ့လူတွေ များတယ်။ ရှေးခေတ်တုန်းကဆိုတာက အမေ၊ အဖေ၊ အဘိုး၊ အဘွား၊ ဦးကြီး၊ ဘကြီး၊ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ တစ်ချို့ဆိုရင် ရွာတစ်ဝက်လောက်က အမျိုးဖြစ်နေတယ်။ တောရွာတွေမှာမေးကြည့်လိုက်ရင် တစ်ဝက်လောက်က အမျိုးပဲ။ အဲဒီလို ရွာတစ်ဝက်လောက်မှာအမျိုးဖြစ်နေတဲ့နေရာမှာ နေရတဲ့လူရဲ့စိတ်က ဘယ့်နယ့်နေမလဲ။ အင်မတန် လုံခြုံတယ်နော်။

🌾🌾🌾
အခုတော့ တဖြည်းဖြည်းနဲ့ လူတွေက တကွဲတပြားစီဖြစ်ကုန်တော့ မိသားစုအသိုင်းအဝိုင်းက တဖြည်းဖြည်း ကျဉ်းကျဉ်းသွားတယ်။ များသောအားဖြင့် အဖေတစ်ယောက် အမေတစ်ယောက် ကလေးကတစ်ယောက်။ ဆွေမျိုးဆိုတာ မရှိဘူးဖြစ်လာတယ်။ အဲဒါ မပြည့်စုံခြင်းတစ်မျိုးဖြစ်နေမယ်။ ဘာပဲပြောပြော သူစိမ်းနဲ့အမျိုးဆိုရင် အရေးအကြောင်းရှိရင် အမျိုးကပိုပြီးတော့ ကိုယ့်ကိုဂရုစိုက်ပါတယ်။ ပိုပြီးတော့ အားကိုးရတယ်။ အမှန်ပဲ။ လောကသဘာဝပဲ။ သို့သော်လည်းပဲ ဘုရားဟောတဲ့တရားတော်တစ်ပုဒ်ကို အခြေခံထားပြီး တွေးကြည့်နော်။ ဘဝသံသရာကြီးဟာ အင်မတန်ရှည်လွန်းလို့ သံသရာမှာအမျိုးမတော်ဖူးတဲ့လူ မရှိဘူးတဲ့။ အဲဒီလို အမျိုးတွေပဲလို့ သဘောထားလိုက်ပြီးတော့ ဥာတကာနဉ္စ သင်္ဂဟောဆိုတာကို လုပ်လိုက်ကြပါဦးနော်။ ဘာဖြစ်ဖြစ်ပေါ့။ ဆွေမျိုးလိုသဘောထားတဲ့ စိတ်ကလေးကိုမွေးပါ။

🌾🌾🌾
တချို့တစိမ်းတွေ ဆွေမျိုးထက်တောင် ပိုပြီးတော့ချစ်စရာကောင်းတယ်။ အဲဒါ အပိုပြောတာမဟုတ်ဘူး။ တကယ်လည်း ဘုန်းကြီးကိုယ်တွေ့ပါပဲ။ ဆွေမျိုးကမှ နည်းနည်းစိမ်းနေသေးတာ ရှိတယ်နော်။ သူစိမ်းဖြစ်ရဲ့သားနဲ့ အင်မတန်ရင်းနှီးတာ၊ အင်မတန်ပွင့်လင်းတာ၊ ကိုယ့်အကျိုးဆိုရင် တကယ့်စိတ်ပါလက်ပါ လှိုက်လှိုက်လှဲလှဲ ကူညီပေးတာ ဆောင်ရွက်ပေးတာ ဘုန်းကြီးကိုယ်တိုင်ကြုံခဲ့ရတာ အများကြီးရှိတယ်။ ဒါကြောင့် အဲဒီလူတွေကို ဘုန်းကြီးစိတ်ထဲမှာ မှတ်ထားတယ်။ တကယ့်ဆွေမျိုး အရင်းအချာတွေပဲ။ သူတို့နဲ့ ပတ်သက်လာရင်တော့ ငါလည်းပဲ ဘာမှ အကန့်အသတ်မရှိရဘူး။ အားလုံး Unconditional ဖြစ်ရမယ်။

🌾🌾🌾
ပြီးတော့ ကိုယ်က သဘောထားတတ်လို့ရှိရင် ကိုယ့်အနားမှာနေတဲ့လူတွေဟာ ကိုယ့်ဆွေမျိုးတွေလို ဖြစ်နေမှာပဲနော်။ သူ့အကျိုးကို ကိုယ်ကဆောင်ရွက်လိုက်၊ ကိုယ့်အကျိုးကို သူကပြန်ဆောင်ရွက်လိုက်။ နေရတာ လုံခြုံမှုပိုရှိတယ်။ အဓိပ္ပာယ်ကို ပွားပြီးတော့စဉ်းစားလိုက်ပါနော်။ ဆွေမျိုးမရှိတဲ့နေရာမှာ လာနေရရင် ဘယ့်နှယ့်လုပ်မလဲ။ ရှိတဲ့လူတွေကိုပဲ အမျိုးလို့သဘောထားမှ ဖြစ်တော့မှာပေါ့။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ပါ။ အဲဒါမျိုးကို သိပ်လုပ်စေချင်တာ။ အရေးအကြောင်းရှိရင် ဆက်သွယ်လို့ရအောင် သတင်းတွေပဲဖြစ်ဖြစ်ပေးရအောင် တစ်ယောက်ကိုတစ်ယောက် လိပ်စာတွေပေးကြတယ်။ အနည်းဆုံးတော့ ဘယ်နေရာမှာတရားပွဲရှိတယ်ဆိုပြီးတော့ တယ်လီဖုန်းဖြစ်ဖြစ် ဆက်သွယ်လို့ရရင် ဘယ်လောက်အကျိုးများသွားမလဲ။

🌾🌾🌾
တစ်ယောက်နဲ့တစ်ယောက် မသိဟန်ဆောင်ပြီးတော့ မနေပါနဲ့။ အခုတစ်ခါတွေ့တယ်၊ နှစ်ခါတွေ့တယ်နော်၊ နှုတ်ဆက်ပါ၊ မေးပါ၊ ပြောပါ၊ လိပ်စာပေးပါ၊ တယ်လီဖုန်းနံပါတ်ပေးပါ။ လူတစ်ယောက်က ပြောဖူးတယ်။ လူတစ်ယောက်ကို ပထမဦးဆုံးအကြိမ်တွေ့လို့ရှိရင် မျက်လုံးချင်းတည့်တည့်ကြည့်မိအောင် ကြိုးစားပါ။ အဲဒါကို အရင်ဆုံးရအောင်လုပ်ပါ။ ဒုတိယအကြိမ်တွေလို့ရှိရင်တော့ ပြုံးပြပါ။ တတိယအကြိမ်တွေ့ရင်တော့ စကားပြောပါ။

🌾🌾🌾
ဒီမှာရှိတဲ့ ဒကာ၊ ဒကာမတွေက မြန်မာပြည်ကနေ ဒီမှာလာနေကြတာနော်။ ကိုယ့်ဆွေမျိုးရင်းချာတွေက အဝေးကြီးမှာ။ အဲဒီတော့ အရေးရယ်အကြောင်းရယ်ရှိရင် ကိုယ့်အချင်းချင်းပဲ တစ်ယောက်ကိုတစ်ယောက် အားကိုးရမှာ။ အဲဒီလိုအားကိုးနိုင်လောက်တဲ့သူဖြစ်အောင် ကိုယ့်စိတ်ထားလေးတွေကို မြှင့်ပါ။ သူ့ကိစ္စ ငါနဲ့မဆိုင်ပါဘူးလို့ ဒီလိုသဘောမထားပါနဲ့။ ငါတတ်နိုင်တာအကူအညီပေးမယ်ဆိုတဲ့ စိတ်မျိုးကိုမွေးထားပါ။ အဲဒီလိုဆို အားလုံးအတွက် အဆင်ပြေမယ်၊ အကျိုးများမယ်နော်။ ပြီးတော့ အဲဒီလို အသိုင်းအဝိုင်းနဲ့နေရတဲ့လူဟာ စိတ်က ပိုကျန်းမာတယ်။ တစ်ကိုယ်တည်းနေတဲ့သူဟာ Lonely ဖြစ်တဲ့အတွက်ကြောင့် စိတ်ရောဂါပိုဖြစ်တယ်။ Depression ပိုဖြစ်တယ်။ အဖော်မဲ့ရင် Depression ဖြစ်တယ်။ အဖော်ရှိလို့ရှိရင် Depression သက်သာတယ်။ ဒါကြောင့် Depression သက်သာဖို့ရာ နည်းတစ်နည်းကဘာလဲဆိုရင် ချစ်တဲ့သူ၊ ခင်တဲ့သူနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေဖို့၊ တွေ့နေဖို့၊ ပြောနေဆိုနေဖို့ လိုတယ်။

💦အပြစ်ကင်းတဲ့အမှုကိစ္စတွေကိုပြုလုပ်ခြင်း💦

🌾🌾🌾
နောက်တစ်ပိုဒ်က “အနဝဇ္ဇာနိ ကမ္မာနိ။” ဒါလည်း အဓိပ္ပာယ် အင်မတန်ရိုး အင်မတန်ရှင်းပါတယ်။ Top perform honest action တဲ့။ ရိုးသားမှုရှိသော၊ မျှတမှုရှိသော အမှုကိုပြုလုပ်ခြင်း။ ကိုယ်ပြုလုပ်တဲ့ကိစ္စမှန်သမျှဟာ အကုသိုလ်မဖြစ်ဖို့ပါ။ “အနဝဇ္ဇ” ဆိုတာက အပြစ်ကင်းတာကိုပြောတာ။ အကုသိုလ်မဖြစ်တာကို ပြောတာနော်။ အကုသိုလ်မဖြစ်တဲ့ကိစ္စတွေ ကောင်းတဲ့အမှုကိစ္စတွေကို ပြုလိုက်ခြင်းဟာ အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း၊ ပြည့်စုံကြောင်း ဖြစ်ပါတယ်။ မရိုးသားတာတွေ မမျှတတာတွေလုပ်ပြီး ပစ္စည်းဥစ္စာ၊ ရာထူး၊ အာဏာတွေဘယ်လောက်ရရ အောင်မြင်တဲ့ဘဝကိုရတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်ပြီးမှ ရလာတဲ့ပစ္စည်းဥစ္စာ၊ ရာထူးအာဏာကို စားရသုံးရတာ အဆိပ်ကို စားရသုံးရသလိုပါပဲ။

💦မကောင်းမှုကို မပြုလုပ်ဘဲနေခြင်း💦

🌾🌾🌾
နောက်တစ်ပိုဒ်က “အာရတီ ဝိရတီ ပါပါ။” To abstain and distance far wrong things. "မကောင်းမှုကို မပြုလုပ်ဘဲနေခြင်း၊ ဝေးဝေးကနေ ရှောင်ကြဉ်ခြင်း။” အာရတီဆိုတာ ရှောင်ကြဉ်ခြင်း။ ဝိရတီဆိုတာက ပိုပြီးတော့ဝေးဝေးကနေ ရှောင်ကြဉ်ခြင်း၊ ပါပါဆိုတာကတော့ မကောင်းမှုကိုပြောတာ။ မကောင်းမှုကို ဝေးဝေးကနေ ရှောင်ပါတဲ့။ ပွတ်ကာသီကာလေးရှောင်တာမျိုး မလုပ်ကြနဲ့။ စောစောစီးစီးကတည်းက ကြိုတင်ပြီးတော့ အသေးအမွှားလေးဖြစ်ဖြစ် မလုပ်မိအောင်နေမယ်ဆိုပြီးတော့ ရှောင်ကြဉ်မှဖြစ်မယ်။

🌾🌾🌾
မကောင်းမှုအသေးအမွှားလေးတစ်ခုကို လုပ်မိသွားပြီဆိုရင်၊ ကိစ္စမရှိပါဘူးဆိုတဲ့ သဘောထားမျိုးထားရင်၊ ကြာရင်ဘာဖြစ်လဲဆိုတော့ ဒီထက်နည်းနည်းကြီးလည်း ကိစ္စမရှိပါဘူး။ ဒီထက်နည်းနည်းကြီးလည်း ဒါလည်း ကိစ္စမရှိပါဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း ဘယ်ဟာမှမကျန်တော့ဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်နော်။ တစ်ခါတလေတော့ ကိစ္စမရှိပါဘူးဆိုတဲ့သဘောထားနဲ့လုပ်ရင် မကြာခင် နှစ်ခါ နှစ်လေ ဖြစ်လာမယ်။ တချို့မူးယစ်ဆေးဝါးကို တစ်ခါလောက် စမ်းကြည့်မယ်ဆိုပြီးလုပ်တာကနေ နှစ်ခါ သုံးခါဖြစ်လာပြီးတော့ စွဲသွားတယ်။ တစ်ခါမှမလုပ်တဲ့သူက စွဲစရာအကြောင်း ဘာမှမရှိဘူး။ ဒါကြောင့် မကောင်းမှုဆိုရင် ငယ်တယ်ဆိုပြီးတော့ အမှတ်တမဲ့ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့တဲ့။💫💫

💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃

💧မင်္ဂလာတရားတော်💧
စာအုပ်မှ ကူးယူ

♻မင်္ဂလာတရားတော် ♻️
သတိကိုချွတ်ချော်စေတဲ့အရာမှန်သမျှအားလုံးကို မသုံးစွဲခြင်း

နောက်တစ်ပိုဒ်က “မဇ္ဇပါနာ စ သံယမော” သတိကိုချွတ်ချော်စေတဲ့ အရာမှန်သမျှအားလုံးကို မသုံးစွဲခြင်းဟာ အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း၊ ပြည့်စုံကြောင်း ဖြစ်ပါတယ်။ အဲဒါက တော်တော့်ကိုအရေးကြီးတဲ့ကိစ္စပဲ။ Not drinking any intoxication. Drinking တင်မကဘူး။ ရှူတာလည်းရှိတယ်။ ဆေးပြားတွေသောက်တာလည်း ရှိတယ်။ ဆေးထိုးတာတွေလည်း ရှိတယ်။ အတူတူပါပဲ။ သတိကိုချွတ်ချော်စေတဲ့ အရာမှန်သမျှအားလုံးပေါ့။ အရက်၊ မူးယစ်ဆေးဝါး၊ တစ်ခြားလည်း ကိုကင်းတို့ဘာတို့ ရှိပါတယ်။ တစ်ချို့ ကြားတောင်မှမကြားဖူးဘူး။ Cracked Cocaine ဆိုတာလည်း ရှိသေးတယ်။ Ecstasy ရှိတယ်လို့ ကြားဖူးတယ်။ အင်မတန်မြူးတာရွှင်တာကို Ecstasy လို့ခေါ်ပါတယ်။ အဲဒီဆေးကိုသောက်လိုက်ရင် လူက သိပ်မြူးတယ်။ အဲဒီလိုမြူးတာက အသိဥာဏ်မပါဘူး။ မှားနိုင်တယ်။ အဲဒီ Ecstasy ဆိုတဲ့ ဆေးပြားတွေသောက်ပြီးတော့ တချို့ဆို သေတောင်သေတယ်လို့ ကြားဖူးတယ်။

မူးယစ်ဆေးဝါး၊ အရက်စသည်ဖြင့် ဘာမှမသောက်တဲ့သူတွေတောင်မှ သတိလက်လွတ်ဖြစ်ပြီး ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှားတယ်ဆိုတာ အနည်းနဲ့အများတော့ဖြစ်နေကြတာ နေ့စဉ်နဲ့အမျှပဲ။ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့အမြဲတမ်းနေ၊ သတိနဲ့အမြဲတမ်းနေလို့ ထပ်ခါထပ်ခါ ဆုံးမတာ။ သတိပဌာန်တရားတစ်ပုဒ်လုံးက အချိန်ပြည့်သတိနဲ့နေဖို့ဆိုတာကို ဆုံးမထားတာနော်။ သတိကိုချွတ်ချော်စေတဲ့ အရက်ဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးဖြစ်ဖြစ် သုံးလိုက်ပြီဆိုရင် သတိပဌာန်တရားပွားဖို့ အဲဒီအချိန်မှာ မလွယ်တော့ဘူး။ အဲဒီတော့ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှာတွေ ဖြစ်တော့မယ်။ ဓားပြမှုတို့ဘာတို့ စသည်ဖြင့် ဒုစရိုက်မှုကြီးကြီးမားမားကို လွန်ကျူးတော့မယ်ဆိုရင် ရဲဆေးတင်တယ်တဲ့။ အမှန်တော့ ရဲဆေးမဟုတ်ပါဘူး။ မိုက်ဆေးတင်တာပါ။ သူတို့ သုတေသနလိုက်လုပ်ကြည့်တဲ့အခါမှာ အမှုကိုမလွန်ကျူးခင်မှာ အရက်သောက်တယ်၊ စိတ်ကိုကြွစေမယ့်ဆေးတစ်ခုခုကို သုံးတယ်တဲ့။

အဲဒီတော့ အဲဒီဆေး၊ အရက်ဟာ မကောင်းမှုကိုလုပ်ဖို့ရာ အားပေးတဲ့သဘောဖြစ်သွားတယ်နော်။ အသိဥာဏ် ထုံထိုင်းသွားတယ်။ အဲဒါကြောင့် သနားတတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာနဲ့တူတယ်။ သူ့ပစ္စည်းတစ်ခုခုလိုချင်လို့ရှိရင် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သူမသိတော့ဘူး။ ကိုယ်ချင်းစာစိတ် မရှိတော့ဘူး။ ဒီတော့ သတိလက်လွတ်ချွတ်ချော်မှုဖြစ်စေမဲ့ မူးယစ်ထုံထိုင်းဆေးတွေကို လုံးဝမသုံးသင့်ဘူး။ တချို့ကပြောတယ်။ မူးယစ်ဆေးတချို့ဟာ စိတ်ကို သိပ်ချမ်းသာစေတယ်တဲ့။ စိတ်ကိုငြိမ်စေတယ်တဲ့။ အဲဒီတော့ စိတ်ချမ်းသာချင်လို့၊ စိတ်ငြိမ်စေချင်လို့ မူးယစ်ဆေးနည်းနည်းသုံးတာပါတဲ့။ ရည်ရွယ်ချက် ကောင်းပါတယ်။ လုပ်နည်းမှားနေတာ။

စိတ်ချမ်းသာချင်တယ် စိတ်ငြိမ်ချင်တယ်ဆိုရင် ရိုးရိုးလေးနဲ့လုပ်လို့ရပါတယ်။ အသက်ရှူနေတာကို သတိကပ်ထားပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို အာရုံစိုက်ပါ။ တန်ဖိုးရှိတာ၊ အကျိုးရှိတာကို စိတ်ပါလက်ပါလုပ်နေပါ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment