Tuesday, January 31, 2017

မေတ္တာပွားပုံ အဆင့်ဆင့်



လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါ။ ကိုယ့်ရဲ့ချစ်သူကို “ချစ်တယ် ချစ်တယ်” လို့ တွင်တွင် ဘယ်လောက်ပဲပြောပြော အတွင်း စိတ်ထဲကတော့ ကိုယ့်ကိုယ်ကိုယ်ထက် ပိုမချစ်နိုင်ကြပါဘူး။ ကိုယ်သေမှာနဲ့ ကိုယ့်ချစ်သူသေမှာ ဘယ်သူ့ကို ပိုစိုးရိမ်သလဲမေးရင် ကိုယ်သေမှာပဲ စိုးရိမ်ကြပါတယ်။ လူဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်စပြီး မေတ္တာပွားရတာပါ။

အဲဒီမှာ မေးစရာတစ်ခု ထပ်ဖြစ်လာပါတယ်။ ဘယ်လိုလဲဆိုတော့ “ကိုယ့်ကိုယ်ကိုယ် အရင်ပို့တော့ အတ္တမဆန်ဘူးလား” ပေါ့။

ဝိသုဒ္ဓိမဂ်ရဲ့ အဖြေကတော့ တိုတိုပါပဲ။
ကိုယ်ချင်းစာတတ်အောင်ပါတဲ့။

နည်းနည်းချဲ့ပြောရင် ကိုယ်က ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကင်းချင်သလို သူတစ်ပါးလည်း ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ကင်းချင်မှာပဲ၊ ကိုယ်ချမ်းသာချင်သလို သူတစ်ပါးလည်း ချမ်းသာချင်မှာပဲ၊ ကိုယ့်ကို သူတစ်ပါးက စော်ကားတာကို မကြိုက်သလို သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့်အတင်းပြောရင် မကြိုက်သလို သူတစ်ပါးလည်း သူ့အတင်းပြောရင် ကြိုက်မှာမဟုတ်ဘူး၊ ကိုယ်ပညာတတ်ချင်သလို သူတစ်ပါးလည်း တတ်ချင်မှာပဲ။ ကိုယ်အောင်မြင်ချင်သလို သူတစ်ပါးလည်း အောင်မြင်ချင်မှာပဲ၊ ကိုယ်ရာထူးတက်ချင်သလို သူတစ်ပါးလည်း တက်ချင်မှာပဲ စသည်ဖြင့်ပေါ့။ အဲဒီလို ကိုယ်ချင်းစာစိတ် မွေးတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် ကိုယ့်ကိုယ်ကိုယ် အရင်ပွားရမှာပါတဲ့။ ဒီတော့ နည်းနည်းပွားကြည့်ရအောင်ပါ။

ဝိသုဒ္ဓိမဂ်မှာ ပါဠိလို ပွားပြထားပါတယ်။ အားလုံး ရဖူးကြတဲ့ ပါဠိလေးပါ။
အဟံ အဝေရာ ဟောမိ၊
အဗျာပဇ္စျော ဟောမိ၊
အနီဃော ဟောမိ၊
သုခီ အတ္တာနံ ပရိဟရာမိ။
ပါဠိကို ဗဟုသုတအဖြစ်ပဲထားပြီး မြန်မာလို ပွားကြရအောင်ပါ။ အဲဒီပါဠိလေးကို မဟာစည်ဆရာတော်ဘုရားကြီး မြန်မာပြန်ပေးထားတဲ့အတိုင်းလေးပဲ ပွားကြရအောင်ပါ။

ကဲ … တစ်ခါတည်း ပွားလိုက်ကြရအောင်နော်။
ငါသည် ဘေးရန်ကင်းရပါလို၏။
စိတ်ဆင်းရဲ ကင်းရပါလို၏။
ကိုယ်ဆင်းရဲ ကင်းရပါလို၏။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ရပါလို၏။

မိမိကိုယ်ကို မေတ္တာပွားပြီးရင် ဒုတိယအဆင့်အနေနဲ့ မိမိချစ်သူကို ပွားရပါတယ်။ မိမိရဲ့ချစ်သူဆိုတာ ကိုယ့်ရဲ့ရည်းစားကိုပြောတာ မဟုတ်ဘူး။ ကိုယ့်အပေါ် ကျေးဇူးများတဲ့ မိဘ, ဆရာသမား, အလုပ်ရှင်, မိတ်ဆွေ သူငယ်ချင်း စသည်တွေပါ။

ချစ်သူဆိုတဲ့နေရာမှာ ကိုယ့်အပေါ် ကျေးဇူးများသူကို ပြောတာဆိုတော့ ဦးရေအရေအတွက်က များပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းကို အကုန်ပွားရပါတယ်။ ဆယ့်ငါးယောက်ရှိရင်လည်း ဆယ့်ငါးယောက် ကုန်အောင် ပွားပါ။ အယောက်နှစ်ဆယ်ရှိရင်လည်း အယောက်နှစ်ဆယ်ပေါ့။ ပွားတဲ့နေရာမှာလည်း သူတို့ ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ပုံတွေ၊ သူတို့ရဲ့ကောင်းကွက် ကလေးတွေ အဲဒါတွေကို အာရုံပြုပြီး ပွားရပါတယ်။

ကဲ … ဒါဖြင့် ပွားကြည့်ရအောင်ပါ။
ဘယ်သူ့ကိုပွားမလဲ၊ အမေလုပ်သူကိုပဲ အရင်ပွားလိုက်ရအောင်ပါ။ (အမေနဲ့ ပြီးခဲ့တဲ့လကမှ ရန်ဖြစ်ထားတာလို့တော့ မပြောပါနဲ့)
အမေ ဘေးရန် ကင်းပါစေ။
စိတ်ဆင်းရဲ ကင်းပါစေ။
ကိုယ်ဆင်းရဲ ကင်းပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ (ဒါက ဥပမာအနေနဲ့ ပွားပြတာပါ။ တခြားကိုယ် ချစ်ခင်ကြည်ညိုရာ ဆရာတော်, ဆရာသမား, အလုပ်ရှင် မိတ်ဆွေ, သူငယ်ချင်းတွေက စပွားလည်း ရပါတယ်)

တစ်ဆက်တည်း ကိုယ့်ရဲ့အလုပ်ရှင်ကိုပါ မေတ္တာပွားလိုက်ရအောင်ပါ။
ငါ၏အလုပ်ရှင် ဦးဘမောင်သည်
ဘေးရန် ကင်းပါစေ၊
စိတ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။

***
ကိုယ့်အပေါ် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်တွေကို တစ်ယောက်ချင်းပို့ပြီးလို့ ကုန်သွားရင် တတိယအဆင့် အနေနဲ့ မချစ် မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ကို ပို့ရ ပွားရပါတယ်။

အလယ်အလတ် မချစ်မမုန်းပုဂ္ဂိုလ်ဆိုတာ သာမန်အားဖြင့်ပဲ ထိတွေ့ဆက်ဆံနေရတဲ့ ပုဂ္ဂိုလ်တွေပါ။

အလယ်အလတ်ပုဂ္ဂိုလ်ကို ပို့ပြီးရင် စတုတ္တ အဆင့်အနေနဲ့ ရန်သူကို ပို့ရပါမယ်။ ရန်သူကို ပို့တဲ့အခါ ရချင်လည်း ရမယ်။ မရချလည်း မရဘူး။ မရဖို့က များပါတယ်။ ရန်သူကို မေတ္တာပို့နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့မေတ္တာ သမာဓိဟာ တော်တော်လေး ခိုင်မာလာမှပါ။ မခိုင်သေးရင်တော့ ပို့လိုက် ပြုတ်ကျလိုက်၊ ပို့လိုက် ပြုတ်ကျလိုက် ဖြစ်နေမှာပါ။

ဒီရက် ဒီရက်တွေမှာ မရပေမယ့် နောက်ရက်တွေကျရင်တော့ ရချင်ရနိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မရကာမှနေရော၊ စမ်းတော့ ပို့ကြည့်သင့်ပါတယ်။ ရတာ မရတာကတော့ ဉာဏ်ရဲ့ အလုပ်၊ ပို့ရမှာ ပွားရမှာကတော့ ကိုယ့်ရဲ့ အလုပ်ပါ။
ဘယ်အဆင့်အထိ ပွားရမလဲဆိုရင် ….

မိမိရယ်၊ မိမိချစ်သူရယ်၊ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ရယ်၊ ရန်သူရယ်ကို သီမာသမ္ဘေဒဖြစ်အောင် ပွားရမယ်တဲ့။ သီမာသမ္ဘေဒဆိုတာက တစ်သားတည်း ဖြစ်နေတာကို ပြောတာပါ။
သီမာသမ္ဘေဒ = တစ်သားတည်းဖြစ်ပုံကို ဝိသုဒ္ဓိမဂ်က ဒီလိုပြထားပါတယ်။

နေရာဌာနတစ်ခုမှာ မေတ္တာပွားသူ မိမိရယ်၊ မိမိချစ်သူရယ်၊ မချစ်မမုန်းအလယ်အလတ် ပုဂ္ဂိုလ်ရယ်၊ ရန်သူရယ် လေးယောက် နေနေကြပါတယ်တဲ့။ အဲဒီအချိန်မှာ လူဆိုးတွေရောက်လာပြီး “မင်းတို့လေးယောက်ထဲက လူတစ်ယောက် ပေးပါလို့” တောင်းပါတယ်။ လေးယောက်အုပ်စုက “ဘာလုပ်ဖို့လဲ” လို့ ပြန်မေးပါတယ်။ ဒီတော့ လူဆိုးတွေက “မင်းတို့ ပေးလိုက်တဲ့ လူကိုသတ်ပြီး လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်ဖို့” လို့ ပြန်ပြောလိုက်ပါသတဲ့။ အဲဒီအခါ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ်က “ကျွန်တော်ကို ယူပါ” လို့ ပြောလိုက်ပါသတဲ့။ ဒါဆို သီမာသမ္ဘေဒ = တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။

ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကိုတော့ ယူစေပြီး သုံးယောက်ကိုတော့ မယူစေခြင်းဟာ ခွဲခြားမှုရှိနေသေးတဲ့အတွက် တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။ လေးယောက်ဟာ တစ်ယောက်ထဲ ဖြစ်နေရပါမယ်တဲ့။ နောက်ဆုံး တစ်ယောက်မှ ပေးစရာ မလိုဘူးလို့ မြင်သွားရပါ့မယ်တဲ့။ မြင်သွားအောင်လည်း ပွားရပါ့မယ်တဲ့။

ဒါက ဝိသုဒ္ဓိမဂ်က ဥပမာစကားတစ်ရပ်အနေနဲ့ ပြောတာပါ။ တကယ့်လက်တွေ့ နယ်ပယ်ထဲမှာတော့ တကယ့်မေတ္တာကို ခိုင်ခိုင်မာမာ ပွားလာရင် ပွားလာတဲ့အခါ “သူက မြန်မာပဲ၊ သူက ကုလားပဲ၊ သူက တရုပ်ပဲ၊ သူက သူဋ္ဌေးပဲ၊ သူက ဆင်းရဲသားပဲ” ဆိုတာ မမြင်တော့ဘဲ လူတစ်ဦးအနေနဲ့ပဲ မြင်နေရပါ့မယ်။ ဒါကို သီမာသမ္ဘေဒ ဖြစ်တယ်လို့ ခေါ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ တွဲမြင်နေသေးတယ် ခွဲခြားမြင်နေသေးတယ်ဆိုရင်တော့ သီမာသမ္ဘေဒ မဖြစ်သေးပါဘူး။

သတ္တဝါတွေရဲ့အကျိုးကို လိုလားစွာနဲ့ ခွဲခြားမှု မရှိတော့ဘဲ လူတစ်ယောက်အနေနဲ့ မြင်သွားပြီး မေတ္တာပွားနိုင်ပြီဆိုရင် ကိုယ့်ရဲ့မေတ္တာဟာ ပါရမီမေတ္တာ ဖြစ်သွားပါတယ်။

မေတ္တာပို့ရမယ့် အစဉ်လေးကို လင်္ကာလေးနဲ့ ကပ်မှတ်ထားရအောင်ပါ။
မိမိ, ချစ်သူ, လယ်လတ်သူနှင့် ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

အလင်းတန်းဂျာနယ် ၂၁.၂.၂၀၀၅
(မေတ္တာအတွေးများ စာအုပ်မှကောက်နှုတ်ပူဇော်ပါသည်)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment