Sunday, January 29, 2017

"မဂ် ဖိုလ် ရတဲ့နည်း"



"မဂ် ဖိုလ် ရတဲ့နည်း"ရေးသားဖေါ်ပြရာမှာ "မဂ် ဖိုလ်" ရဖို့ အတွက် အရေးကြီးဆုံး ဖြစ်တဲ့ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့၊ ဓမ္မမိတ်ဆွေ တို့ လည်း ကြားဘူးနေကျ ဖြစ်တဲ့၊ စာအုပ်စာပေတွေထဲမှာ လည်း ရေးသား သုံးနှုံးနေကျ ဖြစ်တဲ့....
မဂ္ဂင်ရှစ်ပါး ဆိုတဲ့ သင်္ဘောလှေဖောင်ကြီး ကို စီးနင်းကူးခပ်ပြီး၊ နိဗ္ဗာန် တစ်ဖက်ကမ်းကို တက်လှမ်းကြရမည် ၊ မဂ္ဂင်တရား ရထားကြီးကို တက်စီးထိုင်သွားကြရမည် စသည်ဖြင့် ဟောကြားနေကြတဲ့ မဂ္ဂင်ရှစ်ပါး ရှေးဦးစွာ ဖေါ်ပြလိုက်ပါတယ်။
မဂ္ဂင် ဆို တဲ့စကားရဲ့ မူရင်းပုဒ်က ပါဠိလို့ "မဂ္ဂင်္ဂ" လို့ ခေါ်ပါတယ်..တဲ့၊ မဂ္ဂ နဲ့ အင်္ဂ နှစ်ပုဒ် ပေါင်းစပ်ပြီး "မဂ္ဂင်္ဂ" သို့မဟုတ် "မဂ္ဂင်" လို့ ခေါ်တာ ဖြစ်ပါတယ်။
မဂ္ဂ သို့မဟုတ် လူတိုင်း နှုတ်ကျိုးနေကျ ဖြစ်တဲ့ " မဂ် " ဆိုတာက ဆင်း ရဲလွတ်ကင်းရာ လမ်းကို ရှာဖွေသော၊ သာယာ ခင် မင်လိုချင် တပ်မက်ဆာလောင်စွဲလမ်း ငမ်းငမ်းတက် ပူပန်မှု ကိလေသာကို သတ်ဖြတ် ဖျက်ဆီးတတ်သော လက်နက်ရှစ်ပါး တရားလမ်း ကြောင်း၊သို့မဟုတ် ဒုက္ခငြိမ်းအေးနိဗ္ဗာန်ရောက်ရေး အကျင့်တရား ဆိုတာ မဂ္ဂပုဒ်ရဲ့အနက် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
ဒီ… မဂ္ဂင်ရှစ်ပါးဟာ သာသနာတော်မှာ အရေးပါအရာရောက်ဆုံးဖြစ်တဲ့အတွက် တော်ရိ လျော်ရိ မမှတ်သားထားစေချင်ပါ။ဒါကြောင့်မို့  ရှေးဦစွာ "မဂ္ဂင်ရှစ်ပါး" ဖေါ်ပြလိုက်ပါရစေ။

၁။ သမ္မာဒိဋ္ဌိမဂ္ဂင်
မှန်ကန်တဲ့ ဥာဏ်အသိဖြင့် ရှုကြည့် သိမြင်စွဲ ယူတတ်မှုပါပဲ၊
သူ့ရဲ့ ဆိုလိုရင်းသဘောကတော့….
(က) မြင်၊ ကြား၊နံ၊ စား၊ထိ၊ သိ၊ တရား နဲ့ ခန္ဓာငါးပါးတို့၏ ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာရယ်။
(ခ) ဆင်းရဲကိုဖြစ်စေတတ် ရစေတတ်ကြောင်း သမုဒယသစ္စာရယ်။
(ဂ) အဲဒီဆင်းရဲဒုက္ခအစု ချုပ်ငြိမ်းအေးမြမှုတွေကို ရနိုင်ရေးအကျင့် တရား များကိုရှုမြင်ပွားများမှုလုပ်ငန်းမဂ္ဂသစ္စာရယ်။
(ဃ) ဒုက္ခသစ္စာရဲ့ ချုပ်ငြိမ်းမှု ချုပ်ငြိမ်းအေးမြရာဌာန နိဗ္ဗာန်ခေါ်ဆိုတဲ့ နိရောဓသစ္စာ ရယ်
အဲဒီ အမှန်တရားသစ္စာလေးပါးကို အမှန်အ တိုင်းစွဲယူထားကာ သိရှိပယ်ရှားပွားများရှုမှတ်သွားမှုကို"သမ္မာ ဒိဋ္ဌိမဂ္ဂင်"လို့ဆိုပါတယ်။

၂။ သမ္မာသင်္ကပ္ပမဂ္ဂင်
မှန်ကန်တော်တည့်စွာနဲ့ ကြံစည်စဉ်းစား ဆင်ခြင်တတ်မှုတဲ့၊
သူ့ရဲ့ဆိုလိုရင်းက
(က) ရှာမှီးခံစားလို့မပြီးဆုံးအားမရ မဝမလင်နိုင်တဲ့ အာရုံငါးပါး ကာမ ဂုဏ်တရားထဲ က ဖဲထွက် လွတ်မြောက်နိဗ္ဗာန်ရောက်နိုင်ရေး အကြံ။
(ခ) သူတစ်ပါးအား မလိုမုန်းထား ပြစ်မှားကင်းလွတ်ရေးအကြံ။
(ဂ) သူတစ်ပါးအား နှိပ်စက် ညှင်းဆဲနှောင့်ယှက် ဖျက်ဆီးအနိုင်စီး သတ်ဖြတ်ခြင်းတို့မှ ကင်းလွတ်ရေးစတဲ့ အကြံအစည်ကောင်း တို့ ဖြစ်ပေါ်လာအောင် ကြံစည်ခြင်းကိုဆိုလို ပါ တယ်။
မှတ်ချက်( အဲဒါ ကိုလည်း လောကီဈာန်လမ်းကြံစည်ခြင်း သမ္မာ သင်္ကပ္ပ မဂ္ဂင်နှင့် လောကုတ္တရာမဂ်လမ်းကြံစည်ခြင်း သမ္မာသင်္ကပ္ပ မဂ္ဂင်ဟု နှစ်မျိုးမှတ်ရသေးတယ်၊ အဲဒီ နံပါတ် ၁ နဲ့ ၂ဟာ ပညာ မဂ္ဂင် ၂ပါး ပါဘဲ)

၃။ သမ္မာဝါစာမဂ္ဂင်
မှန်ကန်စွာ ပြောဆိုခြင်း၊
သူ့သဘောရင်းက အောက်ပါ ဝစီဒုစရိုက်လေးပါး မကျူးလွန်ခြင်းပဲဖြစ်ပါတယ်။
(က) မုသာဝါဒ= လိမ်ညာ၍ပြောဆိုမှုမှလည်းကောင်း။
(ခ) ပိသုဏာဝါစာ = သူတစ်ပါးအားအထင်သေး၊ မလေးစား ဂုဏ်ငယ်သွားအောင်ချောပစ် ကုန်းချော အတင်းပြောခြင်းမှလည်းကောင်း။
(ဂ) ဖရုသ ဝါစာ = အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်းမှ လည်းကောင်း။
(ဃ) သမ္ဖပ္ပလာပဝါစာ = အကျိုးမရှိတဲ့ သီတာ၊ ရာမစတဲ့ ဇာတ် စကား အရပ်စကားဈေးစကား၊ အပြိန်အဖျင်းအနှစ်သာရ ကင်းသော စကားစသည်တို့မှလည်းကောင်း၊ ကြဉ်ရှောင် လွတ်ကင်းမပြောဆိုခြင်းအလုပ်သဘော သီလစင်ကြယ် လမ်းပင် ဖြစ်ပါတယ်..တဲ့။

၎။ သမ္မာကမ္မန္တ မဂ္ဂင်
ကာယကံဒုစရိုက် အမှားများကို ရှောင် ရှားကာ မှန်ကန်စွာ လုပ်ကိုင် ပြုကျင့်မှု။
ဆိုလိုရင်းသဘောက "ကာယဒုစရိုက်" သုံးပါးလို့ ခေါ်တဲ့
(၁)ပါဏာတိ ပါတ =သူ့အသက် သတ်ခြင်း
(၂) အဒိန္နာဒါန=သူတစ်ပါးဥစ္စာ ပစ္စည်းကို ခိုးယူလုယက်၊ မတရားသိမ်းပိုက်ခြင်း။
(၃) ကာမေသု မိစ္ဆာစာရာ =အုပ်ထိန်းခြင်းရှိသော သူ့သမီးဇနီးမယားကို မေထုန် မှုဖြင့် လွန်ကျူးပြုကျင့်ခြင်းတို့မှ ကြဉ်ရှောင်မှုမျိုးဟာ သီလမဂ္ဂင်အကျင့်မြတ်ပင် ဖြစ်ပါတယ်။

၅။ သမ္မာအာဇီဝမဂ္ဂင်
မှန်ကန်စွာ အသက်မွေး ဝမ်းကျောင်းမှု။
အဓိပ္ပါယ်က ပြဆိုခဲ့ပြီးသော နံပါတ်၃၊ နံပါတ် ၄ မဂ္ဂင်နှစ်ပါးရဲ့ အပြစ်ရှိတဲ့ကာယဒုစရိုက် သုံးပါးနဲ့ ဝစီဒုစရိုက်လေးပါး၊အခြား အပြစ်ရှိသော အကုသိုလ် အလုပ်များကိုရှောင်ရှားကာ အပြစ်မဲ့ ဖြူစင်သော အသက်မွေးမြူမှုရှိရခြင်း၊ သီလမဂ္ဂင်မျိုးပင် ဖြစ်ပါတယ် တဲ့၊ အဲဒီနံပါတ် ၃-၄-၅ တို့ဟာ သီလမဂ္ဂင် ၃ ပါး။

၆။ သမ္မာဝါယာမ မဂ္ဂင်
မှန်ကန်သော အားစိုက်ကြိုးစားမှု ဝီရိယ၊ ဇွဲ၊ လုံ့လ ရှိရခြင်းမျိုး လေးပါး ကိုဆိုပါတယ်၊ေ
အဓိပ္ပါယ်က တော့
(က) မိမိ၌ မဖြစ်ပေါ်သေးသော မကောင်းမှု အကုသိုလ်တရားတွေ ကို မဖြစ်ပွားရေး လုံ့လစိုက်ရခြင်း။
(ခ) ပြုလုပ်လွန်ကျူးဖြစ်ပေါ်ပြီးတဲ့ မကောင်းမှုတရား အကုသိုလ် တွေ ကိုပြန်၍မဖြစ်ပေါ်ရအောင်ပယ်စွန့်ပပျောက်ရေးအတွက် ကြိုး စားအားထုတ်လုံ့လပြုရခြင်း၊
(ယင်းတို့ကို ပြန်၍မကြံစည်မတွေး တောရဟူ၏။)
(ဂ) မဖြစ်ရှိမရရှိဖူးသေးတဲ့ ကောင်းစားချမ်းသာရေး ကုသိုလ်တရားစုကောင်းမှု တွေ ကို ဖြစ်ပွားရရှိခံစားနိုင်ရန် အားပေး တိုက်တွန်းကြိုးစားပြုလုပ်မှု လုံ့လရှိရခြင်း။
(ဤ၌မဂ်ကုသိုလ် တရားလေးပါးဖြစ်ပေါ်အောင် ၀ိပဿနာကုသိုလ် တရားကိုကြိုးစားအားထုတ်ပါဟု ဆိုလိုသည်။)
(ဃ) ဖြစ်ပေါ်ရရှိပြီးသော ကုသိုလ်ကောင်းမှုတွေ ကို စည်ပင်ပြန့်ပွား ပြည့်လျှံဝေဆာ သွားဖို့ ကြိုးစားအားထုတ် ပြန်လည်အောက်မေ့ မှု လေးမျိုးတို့ပဲ ဖြစ်ပါတယ်။
အဲဒီလေးပါးကို ထမြောက်ပြီးစီးအောင်နိုင်ဖို့ အတွက် ဝီရိယဗိုလ်၊ ဝီရိယအိနြေ္ဒ၊ ဝီရိယသမ္ဗောဇ္ဈင်၊ ဝီရိယာဓိပတိ- ဆိုတဲ့ တပ်မဟာကြီး တွေချပြီး ကိလေသာရန်သူမျိုးကို ကြိုးစားအားထုတ် တိုက်ခိုက် လုံ့လစိုက်မှုပြုပါတဲ့၊ အဲဒီ လေးပါးဟာ ဓမ္မမိတ်ဆွေ တို့ကြိုးစား တိုက်ခိုက်နေတဲ့ ကိလေသာစစ်ပွဲကြီး၏အောင်နိုင်ရေးအတွက် လက်နက်ကောင်းကြီးများဖြစ်တဲ့ သမ္မာဝါယာမ မဂ္ဂင်တရားရဲ့ သမ္ဗပ္ပဓာန်လက်နက်ကြီးလေးပါးပဲ ဖြစ်ပါတယ်။
(ဗုဒ္ဓဘာသာတို့၏ဓမ္မတာရိုးစွဲ မှတ်ချက်။ ။ သမ္မာဝါယာမ မဂ္ဂင်အရ လုံ့လမျိုးလေးပါးလမှာ (က)နှင့်(ခ) ပထမ၊ဒုတိယ ကြိုးစားအားထုတ်မှု လုံ့လမျိုးမှာ မုချအဟုတ် ကိလေသာ ရန်ငုတ်ကို တိုက်ထုတ်ရှင်းလင်းရမည် သာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာ တရားတော်အရ အကုသိုလ် ဓမ္မ မှ ကြဉ်ရှောင်ရေး မှာ ဓမ္မတာရိုးစွဲပင်ဖြစ်တယ်လို့  တစ်သက်လုံးမှတ်ရမှာဖြစ်ပါတယ်။(ဂ)နှင့် (ဃ) တတိယနှင့် စတုတ္ထ သမ္မာဝါယာမ မဂ္ဂင်နှစ်ပါးကိုလည်း လောကီဈာန်လမ်းကြိုးစားမှုနှင့် လောကုတ္တရာ မဂ်လမ်းကြိုးစားမှုဟု သမထ ၊ဝိပဿနာ နှစ်မျိုးလုံး မှတ်ရမယ် လို့ ဆိုပါတယ် )

၇။ သမ္မာသတိမဂ္ဂင်
မှန်ကန်စွာ မမေ့မပျောက်စေဘဲ အောက်မေ့သတိရမှု ရှိရခြင်းပဲ။
အဲဒီ သမ္မာသတိဟာ တရားပေါင်းတို့ရဲ့ ဘုရင်ဥသျှောင်မ ကိုဋ် ထိပ်သီးပါပဲ၊ သတ္တဝါ အပေါင်းတို့ရဲ့ သည်းခြေလို့လည်းခေါ် လို့ ရပါတယ်၊ သူပျက်ရင်တရားကောင်း တရားမြတ်တွေ မလာမကပ်တော့ပါဘူး၊ တရားဆိုးတရားယုတ်တွေနဲ့သာရှုပ်ထွေးပျက်စီးကုန်တော့တာပါပဲ၊ သတ္တဝါ တွေဟာလည်း သတိ- ဆိုတဲ့ သည်းခြေပျက်ရင် အရူးတွေဖြစ်ပြီး အရူးထကုန်တော့တာပဲ လို့ ဆိုပါတယ်။

၈။ သမ္မာသမာဓိမဂ္ဂင်
( အမှန်တည်ငြိမ်ခြင်း )
ရုပ်နာမ်တို့ကို အမြဲရှုမြင်ဆင်ခြင်နေ၍ စိတ်တည်ငြိမ်နေခြင်း၊ ခန္ဓာကိုယ်၌ စိတ်တည်ငြိမ်နေခြင်း-
(က) ကာမဂုဏ်အာရုံတို့မှ ကင်း၍နေခြင်း။

(ခ) အကုသိုလ်တရားတို့မှ ကင်း၍နေခြင်း။

(ဂ) ဝိတက်၊ ဝိစာရနှင့် နီဝရဏ တရားငါးပါးတို့မှ ကင်း၍နေခြင်း၊ ထိုအခါ ပထမဈာန်သို့ရောက်၏..တဲ့။

(ဃ) ဝိတက်၊ ဝိစာရငြိမ်းခြင်းကြောင့် ပီတိ၊ သုခ -ဝမ်းမြောက်ခြင်း၊ချမ်းသာခြင်းရှိသော ဒုတိယဈာန်သို့ရောက်၏။

(င)ပီတိဝမ်းမြောက်ခြင်းကင်း၍ရုပ်၊နာမ်၊စိတ်၊ဓမ္မသဘော တရားတစ်ခုခုကိုဖြစ်ပျက်
ရှုမှတ်ဆင်ခြင်လျက်ချမ်းသာခြင်းသုခကိုသာခံစားလျက်ရှိနေခြင်းတတိယဈာန်
သို့ရောက်၏။

(စ) သုခ - ချမ်းသာခြင်းကိုပယ်၍ သောမနဿ - ဝမ်းမြောက်ခြင်း၊ ဒေါမနဿ-စိတ်ဆင်းရဲခြင်းတို့ကိုလှစ်လျှူရှု ဥပေက္ခာပြုခြင်းကြောင့် သတိစင်ကြယ်ခြင်းရှိ၍ စတုတ္ထဈာန်သို့ရောက်၏..တိုတဲ့ အဲဒီလို တည်ငြိမ်ခင်းကိုခေါ်ပါတယ်။
သမ္မာဒိဌိ၊ သမ္မာသင်္ကပသည် ပညာမဂ္ဂင်နှစ်ပါး၊ သမ္မာဝါစာ၊ သမ္မာကမ္ပ န္တ၊ သမ္မာအာဇီဝ သည် သီလ မဂ္ဂင်(၈)ပါးအကျင့်တရားမရှိတဲ့ အတွက်ကြောင့် သံသရာဝဋ်ဆင်းရဲမှမလွတ်နိုင်ပါဘူး၊လွတ်မြောက်တဲ့ နည်းလမ်းမရှိပါပါဘူး။
ဒီမဂ္ဂင်(၈)ပါးကို ချန်လှပ်ပြီးတော့ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဓမ္ဓာ ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ ပိဋိကတ်သုံးပုံ၊ နိကယ်ငါးရပ်၊ အင်္ဂါကိုးတန်တို့၌ မရှိပါဘူး။မြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သစ္စာလေးပါးကို မိမိသိသကဲ့သို့ ဝေနေယျသတ္တဝါတွေ ကို သိရှိစေရန်ဟောကြားဆုံးမနည်းပြတော်မူ
ခဲ့ပေသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်များမှာ အစိန္တေယျ၊ အပ္ပမေယျ မကြံစည်အပ်၊မနှိုင်းယှဉ်အပ်လောက်အောင် မြင့်မြတ်လှပါပေသည်။နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းကား
သတိပဋ္ဌာန်လေးပါး တို့ပင်ဖြစ်ကြောင်း၊ ဝိပဿနာမှ လွဲပြီး အခြားဘယ်လမ်းမှမရှိကြောင်း ဟောကြားတော်မူပါတယ်။

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးဟောကြားတဲ့ ဟောကြားထားတာရှိပါတယ်။
ဥပမာ-

သကြား ဆိုတာ ဘယ်လို ပုံသဏ္ဌန်ရှိလဲ? ပြီးတော့ ဘယ်လို အရသာ ရှိတာလဲ? ဓမ္မမိတ်ဆွေတို့ စားဘူးကြမှာပါ။
သကြားကို လုံးဝ မတွေ့ ဘူးတဲ့ လူ တစ်ယောက်က မသိလို့ မေးလာတဲ့ အခါ ဓမ္မမိတ်ဆွေတို့ ဘယ်လို ရှင်းပြမတုန်း?
သကြားဟာ ချိုတယ်၊ထန်းလျက်ထက်ချိုပါတယ်။ ပုံသဏ္ဌန်ကတော့ ဆားနဲ့ အတူတူပါဘဲ။ဆား က ပုရွတ်ဆိတ် မတက်ဘူး၊သကြားကတော့ပုရွတ်ဆိတ်တက် တတ်တယ်။ အရောင်ကတော့ ထုံး လို ဖြူဖြူဖွေးဖွေးပါဘဲ ဆိုပြီး ရှင်းပြလိုက်လို့ ..
ဆား ကို စားမိလိုက်တဲ့ သူအဖို့  သကြားရဲ့ ချိုတဲ့ အရသာ ကို မသိနိုင်ပါဘူး။

ဒီလိုရှင်းပြလို့ သကြားအရသာ သိဖို့ မပြောနဲ့ ...အဲဒီလို မမြင်ဘူး၊မတွေ့ ဘူး၊လူ က နားကို နားမလည်နိုင်ပါဘူး။ ဒီတော့ .. ဘယ်လိုရှင်းပြမလဲဆိုရင်..

သကြားကို ယူလာပြီး လက်တွေ့ စားကြည့်ခိုင်းမှသာ အဖြေထွက်မှာပါ။
အဲဒီလို စားတဲ့အခါမှာလည်း စားကြည့်တဲ့သူဟာ ချိုပါစေ၊ချိုပါစေ လို့ လည်း ဆုတောင်းနေစရာ မလိုပါဘူး။
သကြား ဟာ ချိုတဲ့အတွက် ချို ကို ချိုပါတယ်။ အဲဒီလို လက်တွေ့ စားကြည့်မှ.. အရသာလည်းသိ၊ ပုံသဏ္ဌန်လည်း သိပြီဆိုတော့ ဈေးထဲသွားပြီး သကြားသွားဝယ်ပါဆိုရင် မှားပြီး ဆားဝယ်လာမိစရာ အကြောင်းမရှိပါဘူး။ ဘာလို့ လည်းဆိုတော့ သကြား ဆိုတာ ကို ..သိထားပြီး ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
အဓိက ကတော့ လက်တွေ့ စားကြည့်ဖို့ လိုပါတယ်။ ဒီတော့ ဘယ်သူစားစား သကြား ဟာ ချိုပါတယ်။ ဒီလူ ကျတော့ လျှော့ပြီးချိုမယ်။ နောက်လူအတွက် ပိုချိုမယ် မရှိပါဘူး။

မြတ်စွာဘုရားရှင်က သေသေချာချာ ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတဲ့အတိုင်း ဆင်းရဲတွင်းကနေ လွတ်ချင်တဲ့....
လူ၊နတ်၊ဗြဟ္မာ တို့ ကို သကြား ကို စားဖို့ သေသေချာချာပေးလိုက်တာပါဘဲ၊
စားသာစားပါ..မမှားပါဘူး။
မှား မှာစိုး လို့ မစားဘဲ နေရင် သိကိုမသိပါဘူး။

ဘာကြောင့် မမှားဘူး လို့ ပြောရသလဲဆိုရင်...
"ရုပ် နဲ့ နာမ်"ဆိုတာဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ ကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ ပုထုဇဉ်တို့ ဟာ ဘာလို့ မသိသေးတာလည်းဆိုတော့ မစားကြည့်ရသေးလို့ ပါ။

အခုလဲ ဒီလိုကတော..သိနေကြပါတယ်။
ဒါကတော့..ရုပ်၊
ဒါကတော့...နာမ်၊
ဒါကတော့ ဖြင့်...သုတ္တန်၊
ဒါကတော့......ဝိနည်း၊
ဒါကတော့.....အဘိဓမ္မာ၊
စသည်ဖြင့် သိနေကြပါတယ်။
မြတ်စွာဘုရားရှင်က မေတ္တာဂရုဏာ ထားပြီး ဟောပြထားလို့ သာ ဒါကတော့ သမထ၊ ဒါကတော့ ဝိပဿနာ ဆိုပြီး သိကြတယ်။ဒါပေမဲ့ လုံးလုံးထွေးထွေးပါဘဲ။
ကိစ္စမရှိပါဘူး၊ လက်တွေ့ လုပ်ကြည့်လို့ ရှိရင် လုံးထွေးမှာ မဟုတ်တော့ပါဘူး။ သူ့ ဟာနဲ့ သူ သီးသန့် ဖြစ်နေတာကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မြင်တွေ့ ပါလိမ့်မယ်။

အရှေ့ ကို သွားတဲ့ အခါ အရှေ့ ကို ရောက်ပါလိမ့်မယ်၊ အနောက်သွားပြန်တော့  အနောက်ကို ရောက်ပါတယ်။
ဒါပေမဲ့ ပုထုဇဉ်ဆိုတာ မျက်စိလည်ပြီး လမ်းမှားတတ်တော့..ဥပမာ..
မီးရထားစီးသလိုပါဘဲ။
ရန်ကုန် ကနေပြီး မန္တလေး သွားချင်တဲ့ လူတစ်ယောက်၊ မန္တလေးသွားမဲ့ ရထားပေါ် မှန်မှန်တက်စီးသွားပါ။ ဒီရထားက တောထဲတောင်ခေါင်းထဲ သွားချင်သွားပါစေ၊ မဆင်းပါနဲ့ ။ အဲဒါဆင်းရင် လွဲသွားမှာပဲ။ ဆင်းသာမဆင်းနဲ့ ။ နောက်ဆုံး..မန္တလေးရောက်မှာပါပဲ။

ရထားက ဘာနဲ့ တူလည်း ဆိုရင် နှာသီးဖျား၊
ဝင်တဲ့ထွက်တဲ့လေ လေးက နှာသီးဝ ကလေးကို လက်နဲ့ ထိထားပြီးသိနေသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေပါ၊ အဲဒါ မီးရထား ပါပဲဗျာ။

ဓမ္မမိတ်ဆွေတို့ စာထဲပေထဲ ကြားဖူးကြမှာပါ။
" မဂ္ဂင် တည်းဟူသော..လှေ၊ မဂ္ဂင်တည်း ဟူသော..ဖောင်" ဆိုပြီး မဂ္ဂင် ကို စီး တာ နဲ့  နှိုင်းပြထားတာ။
ခုလည်း...

စီး သာစီးပါ။ ..မဂ် ဖိုလ်ရမယ် လို့ တင်ပြရင်း ဝိပဿနာ အားထုတ်ချင်လာကြစေရန် ဓမ္မဒါနပြုလိုက်ပါသည်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

1 comment:

  1. ကျေးဇူးများစွာတင်ပါသည် ခင်ဗျာ

    ReplyDelete