Sunday, January 29, 2017

ငရဲနဲ့နတ်ပြည်



တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ
တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးရှိခဲ့ဖူးတယ်။
ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း
သေးကွေးတဲ့အတွက် ရွာထဲကလူတွေက ဘုန်းဘုန်းလေး
လို့ခေါ်ကြတယ်။ ဘုန်းဘုန်းလေးဟာ ခန္ဓာကိုယ်က ပုသေး
သေးလေးဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမား
သတဲ့။

ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံတောအုပ်တွေပေါ်က
ကျော်ပြီး ဆွမ်းခံကြွလာတတ်သလို တစ်ခါတစ်ရံမြစ်ပြင်
ပေါ်မှာ လမ်းလျှောက်ပြီးလည်း ဆွမ်းခံကြွလာတတ်တယ်။
ဒီရွာမှာ အမြဲတမ်းလိုလိုဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်း
လေးဘယ်မှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှမသိရ
ဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း
တိုတိုကျဉ်းကျဉ်းဖြစ်ပေမယ့် အနက်အဓိပ္ပါယ်က အင်မတန်
မှကျယ်ပြန့်သတဲ့။

ဥပမာဆိုရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီဖြစ်တဲ့
အငြိမ်းစားယူထားတဲ့ အစိုးရအရာရှိကြီးတစ်ဦးဟာ
ဘုန်းဘုန်းလေးရဲ့ အင်မတန်ကျော်ကြားလှတဲ့ ဂုဏ်သတင်း
ကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ လာရောက်စောင့်မျှော်ပြီး
ဖူးတွေ့ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်းပြီးတဲ့အခါ
ဆရာတော်ဘုရား တပည့်တော်အတွက်တစ်သက်တာ မှတ်
လောက်စရာ သြ၀ါဒစကား ဟောကြားချီးမြှင့်တော်မူပါလို့
လျှောက်ထားတဲ့အတွက် ဆရာတော်က မကောင်းမှုရှောင်
ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားလို့ မိန့်ကြားလိုက်
ပါတယ်။

ဘုန်းဘုန်းလေးရဲ့ရိုးစင်းလှတဲ့ သြ၀ါဒစကားကို ကြားလိုက်
ရတဲ့အတွက် အရာရှိကြီးဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်
သလိုပုံစံမျိုးနဲ့ အရှင်ဘုရား ဒီလိုတရားစကားမျိုးတော့
တပည့်တော် (၈)နှစ်သားအရွယ်ကတည်းက ကြားဖူးပါ
တယ်ဘုရားလို့ ပြန်လည်လျှောက်ထားသတဲ့။ အဲဒီအခါ
ဘုန်းဘုန်းလေးက ရှစ်နှစ်သားအရွယ်ကတည်းကကြား
ဖူးတဲ့ တရားစကားကို အသက်ရှစ်ဆယ်အရွယ်ရောက်
တာတောင် လက်တွေ့လိုက်နာဖို့ မလွယ်ကူသေးဘူး
မဟုတ်သေးဘူးမလားလို့ ထပ်ဆင့်မိန့်ကြားတော်မူပါ
တယ်။ အဲဒီအခါကျမှ အရာရှိကြီးဟာ မှန်လှပါ၊ မှန်လှပါ၊
တပည့်တော်နားလည်ပါပြီဘုရားလို့ ပျာပျာသလဲလဲဝန်ခံ
သတဲ့။

ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံကို ဓါးပြဗိုလ်ကြီး
တစ်ဦးရောက်လာတယ်။ အဲဒီဓါးပြဗိုလ်ကြီးဟာ လုယက်
သတ်ဖြတ်ရာမှာ အညှာအတာကင်းရက်စက်လွန်းလို့
အင်မတန်နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။
ဘုန်းဘုန်းလေးထံရောက်လာတဲ့ ဓါးပြဗိုလ်ကြီးက
ဆရာတော်ဘုရား လောကမှာ နတ်ပြည်နဲ့ငရဲပြည်ဆိုတာ
တကယ်ရှိပါသလား။ ရှိရင် ငရဲနဲ့နတ်ပြည်အကြောင်းတပည့်
တော်ကို သင်ပြပေးပါဦးလို့ မေးမြန်းလျှောက်ထားသတဲ့။
အဲဒီအခါ ဘုန်းဘုန်းလေးက ဓါးပြဗိုလ်ကြီးရဲမျက်နှာကို
စေ့စေ့ကြည့်ပြီး မင်းလိုသူတစ်ပါးတွေရဲ့အသက်ကို
ရက်ရက်စက်စက်သတ်ဖြတ်ပြီး သူများစည်းစိမ်ချမ်းသာ
တွေကို လုယက်ခိုးယူနေတဲ့သူတစ်ယောက်ကို နတ်ပြည်
အကြောင်း သင်ပြပေးလို့ဘာအဓိပ္ပါယ်ရှိမှာလဲ အပိုပဲပေါ့
လို့ မိန့်ကြားလိုက်ပါတယ်။ ဘုန်းဘုန်းလေးရဲ့မညှာမတာ
မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓါးပြ
ဗိုလ်ကြီးဟာ တစ်ခါတည်း မျက်စိမျက်နှာပျက်ပြီး လက်
တွေ တဆတ်ဆတ်တုန်လာအောင် ဒေါသတွေထွက်
လာတယ်။

ပြီးတော့ ဆူပွက်နေတဲ့ သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ
ဒီလောက် မိုက်ရိုင်းတဲ့ ကိုယ်တော်ကို ခေါင်းဖြတ်သတ်ပစ်
တာပဲ နားအေးတယ်ဆိုပြီး ဆောင်ဓါးကိုထုတ်ကာ ဘုန်းဘုန်း
လေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်တယ်။
အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါငရဲပဲ။ မင်းအတွက် ငရဲ
တံခါးကြီးပွင့်သွားပြီလို့ အမိန့်ရှိပါတယ်။

အဲဒီတော့မှ ဘုန်းဘုန်းလေး သူ့အသက်နဲ့ရင်းပြီး သူနားလည်
အောင် ငရဲရဲ့သဘာဝကို သင်ပြပေးလိုက်တာပဲလို့ ဓါးပြဗိုလ်
ကြီးဟာ သဘောပေါက်သွားတယ်။ ဒါ့ကြောင့်မြှောက်ချီထားတဲ့
ဆောင်ဓါးကို မြေကြီးပေါ်မှာ အသာအယာချပြီး လက်အုပ်ချီ
ကာ ကျေးဇူးကြီးလိုက်တာ အရှင်ဘုရား၊ ခွင့်လွှတ်တော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်ရင်း ဦးသုံးကြိမ်ချကန်တော့
လိုက်ပါတယ်။

အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါနတ်ပြည်ပဲ ဒကာကြီး
အတွက် နတ်ပြည်တံခါးပွင့်သွားပြီလို့ ထပ်မံအမိန့်ပေးလိုက်
ပါတယ်။

ဒီဓမ္မပုံပြင်ကလေးဟာ ငရဲနဲ့နတ်ပြည်ရဲ့သဘာဝကိုလူပြိန်း
နားလည်လွယ်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ
ဖြစ်ပါတယ်။ ငရဲနဲ့နတ်ပြည်ရဲ့အတိအကျသဘာဝကိုတော့
အဘိညာဉ်ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။
နတ်ပြည်နဲ့ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့အခေါ်ဝေါ်
တွေဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ
စိတ်ရဲ့အခြေအနေတွေက အများကြီးလွှမ်းမိုးနေပါတယ်။
ချမ်းသာမှုကင်းမဲ့တဲ့ အခြေအနေဖြစ်ရာဌာနဟာ ငရဲဖြစ်ပြီး
ချမ်းသာမှုပြည့်စုံတဲ့ အခြေအနေ ဖြစ်ရာဌာနဟာ နတ်ပြည်
ပဲဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဖော်ဆောင်မှုဟာ ငရဲနဲ့နတ်ပြည်
ဟာ သေလွန်ပြီးနောက် တမလွန်ဘ၀ရောက်မှတွေ့ကြုံ
ခံစားရမယ့်အရာတွေပဲလို့ လွဲမှားစွာတွေးခေါ်နေသူတွေ
ကို အမြင်မှန်ရစေမှာဖြစ်သလို ဒီဘ၀ ဒီကိုယ်စံ၊ နောက်ဘဝ
နောက်ကိုယ်ခံလိမ့်မယ်ဆိုတဲ့ မကောင်းတဲ့ဝါဒကိုလည်း
စင်ကြယ်စေနိုင်ပါလိမ့်မယ်။

တကယ်တော့ ငရဲကျတယ်ဆိုတာ မကောင်းမှုအကုသိုလ်
ဒုစရိုက်ကိုကျူးလွန်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့
အဲဒီမကောင်းမှုအကုသိုလ်ရဲ့အပြစ်ကို ခုချဆတ်ဆတ်
ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ။ နတ်ပြည်ရောက်
တယ်ဆိုတာလည်း ကောင်းမှုကုသိုလ်သုစရိုက်ကိုအားထုတ်
ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီကောင်းမှု
ကုသိုလ်ရဲ့အကျိုကို မုချဆတ်ဆတ် ခံစားရတာကိုဆိုလို
တာပါ။

နတ်ပြည်နဲ့ငရဲဟာ တမလွန်ဘ၀နဲ့အကျုံးဝင်သလိုပစ္စုပ္ပန်
ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။ ကုသိုလ်ကောင်းမှုကြောင့်
ဒီဘ၀ကျေနပ်ကြည်နူးရတဲ့ပီတိဟာ ပစ္စုပ္ပန်နတ်ပြည်ဖြစ်ပြီး
နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန်
ဘ၀ နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ်မကောင်းမှုကြောင့်
ဒီဘ၀ပူပန်ဆင်းရဲရတဲ့နောင်တဟာ ပစ္စုပ္ပန်ငရဲဖြစ်ပြီးနောင်
ဘ၀တွေ့ကြုံရမယ့်ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်
ဘ၀ငရဲဖြစ်ပါတယ်။

ပုံပြင်ထဲက ဘုန်းဘုန်းလေးပြောပြသလိုပဲ နတ်ပြည်နဲ့ငရဲ
မျိုးစေ့ဟာ မိမိတို့ရဲ့နှလုံးသားမှာ ကိန်းအောင်းနေတာမို့
မိမိတို့နဲ့ အနေဝေးလှတာမဟုတ်ပါဘူး။ ရင်ထဲမှာရှိတဲ့
ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့သွန်းဖျန်းလိုက်တဲ့အခါ
နတ်ဘုံဗိမာန်တွေပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ်
ရေတွေနဲ့လောင်းလိုက်တဲ့အခါ ငရဲကြီးရှစ်ထပ်ပေါ်ပေါက်
လာတာပဲ ဖြစ်ပါတယ်။

အကြောင်းရှိမှအကျိုးထင်တတ်တဲ့လောကကြီးမှာအကျိုး
တရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်
တော့ ဘာမျှပြဿနာမဟုတ်ပါဘူး။ အကြောင်းအကျိုးကို
ကိုယ်လိုသလိုဆွဲယူချင်တာကသာ ပြဿနာဖြစ်ပါတယ်။
စိတ္တေန နိယတေ လောကော= လောကကြီးကို စိတ်က
ဖန်ဆင်းတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါ့ကြောင့် နတ်ပြည်ရော ငရဲပါ (၃၁)ဘုံသောလောကကြီး
ဟာ လူ့စိတ်တွေက ဖန်ဆင်းထားတဲ့ တကယ့်အရှိတရား
တစ်ခုဖြစ်တယ်ဆိုတာ လွတ်လပ်ပွင့်လင်းတဲ့စိတ်ထားနဲ့
ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံးရှင်းလင်း
သွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment