Monday, January 30, 2017

ဝိပဿနာ ဆိုသည်မှာ



ဝိပဿနာ ဆိုတဲ့ စကားလုံးက "ဝိ" ဆိုတာ သူများမြင်သလို မဟုတ်ဘူး ၊ အများနဲ့ မတူတဲ့ ၊ "ပဿနာ"- ရှု့မြင်သုံးသပ်မှု ။ လောကလူတွေ အများမြင်နေတာနဲ့ မတူတဲ့ ရှု့မြင်သုံးသပ်မှု ။ စာထဲ ပေထဲ မှာတော့ ဘယ်လိုပြောတုန်းဆိုတော့ အများနဲ့ မတူတဲ့ ရှု့မြင်မှုဆိုတာ ဘာလဲ ? ။ အများက ဘဝဆိုတာ ထာဝရ လို့ ထင်နေကြတယ် ၊ ဘဝဆိုတာ သုခ လို့ထင်နေကြတယ် ၊ ဘဝဆိုတာ ကိုယ်လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ထင်နေကြတယ် ၊ ဒါက အများရဲ့ အမြင်ပေါ့။ "ပဿနာ" ဆိုတာ အမြင် ၊ "ဝိ" ဆိုတာ အများနဲ့ မတူတဲ့ "ပဿနာ" အမြင် ။ အများအမြင်က ဘာလဲ ? ။ ဘဝဆိုတာ "သုခ" ၊ ဘဝဆိုတာ "ထာဝရ" ၊ ဘဝဆိုတာ အားလုံးလုပ်လို့ရတယ် ၊ ကိုယ့်ဆန္ဒအတိုင်း အကုန်ပြီးပြည့်စုံတယ် ၊ ဒါက အများအမြင်။ အဲဒီ အများအမြင်နဲ့ မတူတဲ့ အမြင်ကို ဝိပဿနာလို့ ခေါ်တယ်။ ဘယ်လိုမြင်လဲ ?။ အများက ဘဝကို "နိစ္စ"-ထာဝရ လို့ မြင်တဲ့အခါမှာ သူက မဟုတ်ဘူး၊ ဘဝကြီးဟာ ပြောင်းလဲနေတာ ဖြစ်လို့ "နိစ္စ" မဟုတ်ဘူး၊ ထာဝရလည်း မဟုတ်ဘူး။ ဟုတ်ပြီ ။ လောကလူတွေဟာ ရာထူးလေး ရထားရင်လည်း ထာဝရ လို့ထင်တယ်။ အာဏာရထားရင်လည်း ထာဝရ လို့ထင်တယ်။ စီးပွားဥစ္စာတွေ ရထားရင်လည်း ထာဝရ လို့ပဲ ထင်နေတယ်။ ဟုတ်ကဲ့လား ? လက်တွေ့နဲ့ ကြည့်လိုက်တဲ့အခါ ဘယ်ဟုတ်မလဲ ။ အတိုင်းအတာ တစ်ခု အရတော့ ကြာချင်ကြာမယ်ပေါ့။ နောက်ဆုံးကျတော့ ထင်တာတွေနဲ့ တလွဲတွေချည်းပဲ ။ ရာထူး အာဏာ စည်းစိမ် ဥစ္စာ ဘဝ ဘယ်ဟာမှ ထာဝရ မဟုတ်ဘူး။ ပြောင်းလဲနေတဲ့ အရာသာ ဖြစ်တယ်။ "ဝိပရိဏာမ ဓမ္မ" - ရုပ်ပျက် ဆင်းပျက် အဆိုးဘက်ကို ပြောင်းသွားတဲ့ အပြောင်းတွေမျှသာ ဖြစ်တယ်။ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ်လည်း ကြည့်လေ။ ကိုယ့်ဘဝသည်ပင် ပြောင်းလဲမှုတွေ ဘာတွေ ဖြစ်တယ် ၊ ခေါင်းပေါ်က ဆံပင်တွေ ဖြူလာတယ်၊ သွားတွေ ကျိုးလာတယ်၊ ပါးရေတွေ တွန့်လာတယ်၊ အိုမင်းလာတယ်၊ ရွတ်တွလာတယ်၊ သွားနိုင် လာနိုင်တွေ မရှိတော့ဘူး၊ အင်အားတွေ ကုန်ခမ်းလာတယ်၊ နောက်ဆုံး အိပ်ယာထဲ ဖုန်းဖုန်းလဲတယ်၊ နောက်ဆုံးကျတော့ ဘဝ အဆုံးသတ်သွားတယ်၊ ပြောင်းလဲမှုတွေပဲလေ။ ဒီပြောင်းလဲမှုတွေဟာ ဘယ်သူ ရှောင်လို့ရလဲ?။ မရဘူး ။ အဲဒီလို မြင်တာဟာ "ဝိ ပဿနာ" ။ အများနဲ့ မတူတဲ့ ရှု့မြင်မှုလို့ ခေါ်တယ်။

ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော" ကိုးကွယ်မှုကို ရွေးချယ်ခြင်း "
အကြောင်းတရားဒေသနာတော်မှနာယူမှတ်သား ရေးသား၍အမတဒါန၊ဓမ္မဒါနအဖြစ်ဖြင့်မျှဝေဖော်ပြအပ်ပါသည် ။

__

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment