Tuesday, January 31, 2017

ဘဝမှာ မိတ်ဆွေဘယ်နှစ်ယောက်လိုသလဲ”



တစ်ခါတုန်းကဒမိဠဒေါဝါရိကဆိုတဲ့ဒကာတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူ့ရဲ့နေစဉ်အလုပ်က မနက်စောစော ထပြီး ငါးသွားသွားဖမ်းတဲ့တံငါသည်အလုပ်ပါ။ ရလာတဲ့ငါးတွေကို ရောင်းလည်းရောင်း အိမ်အတွက်လည်း ဟင်းစား အဖြစ် ချက်ပြုတ်စားသောက်ပါတယ်။ နှစ်ပေါင်း (၅၀) လုံးလုံး ငါးဖမ်းတဲ့အလုပ်ကိုပဲ လုပ်ခဲ့ပါတယ်။

အသက်အရွယ်ရလာတော့ ငါးမဖမ်းနိုင်တော့ဘဲ အိပ်ရာကုတင်ပေါ်မှာပဲ လှဲနေရပါတယ်။ နောက်ပိုင်းမှာတော့ ထတောင်မထနိုင်တော့ပါဘူး။ ဒါပေမယ့် ဒမိဠဒေါဝါရိကကို မေတ္တာထားတဲ့ရဟန်းတစ်ပါးရှိပါတယ်။ မထေရ်နာမည်က စူဠပိဏ္ဍပါတိကဿမထေရ်ပါ။

စူဠပိဏ္ဍပါတိကဿမထေရ်က “ဒီဒကာကြီး ငါ့မျက်စိရှေ့မှာတော့ မပျက်စီးသင့်ဘူး”ဆိုပြီး ဒမိဠဒကာကြီးရဲ့ အိမ်ရှေ့ကိုသွားရပ်ပါတယ်။ ဒီတော့ ဇနီးလုပ်သူက “ချစ်လင် စူဠပိဏ္ဍပါတိကဿမထေရ်ကြွလာတယ်” လို့သွား ပြောပါတယ်။ ဒမိဠက “ငါအနှစ်ငါးဆယ်လုံးလုံး မထေရ်ဆီကိုတစ်ခါမှ မသွားခဲ့ဖူးဘူး၊ ငါ့ကျေးဇူးဘာရှိလို့ မထေရ်က ငါ့ဆီလာတာလဲ၊ ကန်တော့ဆွမ်းလို့သာပြောလိုက်ပါကွာ”လို့ ဇနီးကိုပြန်ပြောခိုင်းလိုက်ပါတယ်။

ဒမိဠက ကန်တော့ဆွမ်းလို့ဆိုပေမယ့်လည်း စူဠပိဏ္ဍပါတိကဿမထေရ်ကတော့ မူလရည်ရွယ်ချက်ကို အပျက်မခံဘဲ “ဒကာမ… ဒကာရဲ့ခန္ဓာကိုယ်နေရတဲ့အနေအထားက ဘယ်လိုရှိလဲ”လို့ စမေးလိုက်ပါတယ်။ ဇနီး လုပ်သူက “အရှင်ဘုရား ခန္ဓာကိုယ်အတော်အားနည်းနေတယ်”လို့ပြန်လျှောက်ပြပါတယ်။ ဒီတော့ စူဠပိဏ္ဍပါတိကဿမထေရ်လည်း ဒမိဠအပေါ်မေတ္တာထားတဲ့စိတ်ကိုရင်ထဲထားပြီး အိမ်ထဲကိုဝင်လိုက်ပါတယ်။ ပြီးတော့ ဒမိဠအနား ကိုသွားပြီး “ငါးပါးသီလယူနိုင်မလား”လို့ စမေးလိုက်ပါတယ်။ ဒမိဠကလည်း “ယူပါမယ်” ဆိုတဲ့အကြောင်းပြန်လျှောက် ပါတယ်။

မထေရ်က ငါးပါးသီလကို စပေးပါတယ်။ သရဏဂုံသုံးပါးအထိတော့ အသံယဲ့ယဲ့နဲ့ ဆိုနိုင်ပါသေးတယ်။ ဒါပေမယ့် ပါဏာတိပါတာ စဆိုတဲ့အခါမှာတော့ လျှာကအောက်ကို တွဲကျသွားပါတယ်။ ဆက်မဆိုနိုင်တော့ပါဘူး။ နောက် ဒမိဠလည်း အသက်ပါတစ်ခါတည်း ထွက်သွားပါတော့တယ်။

သေလွန်တော့ စတုမဟာရာဇ်နတ်ပြည်မှာ သွားဖြစ်ရပါတယ်။ နတ်သားတဖြစ်လဲ ဒမိဠလည်း “ငါ ဘာ့ကြောင့် များ နတ်ပြည်မှာဖြစ်ရလဲ”လို့ဆင်ခြင်ကြည့်လိုက်တော့ မထေရ်မြတ်ရဲ့ကျေးဇူးကြောင့်ဆိုတာ သိလိုက်ရပါတယ်။ ဒါနဲ့ မထေရ်ရှိရာကို ချက်ချင်းပဲသွားပါတယ်။ မထေရ်ဆီရောက်တော့ “အရှင်ဘုရား… ဒမိဠဒေါဝါရိကပါဘုရား။ အခု စတု မဟာရာဇ်နတ်ပြည်မှာ ဖြစ်ရပါတယ်ဘုရား။ တကယ်လို့သာ အရှင်ဘုရားက ငါးပါးသီလကို ဆုံးအောင်သာပေးခဲ့ရင် တပည့်တော် တာဝတိံသာနတ်ပြည်မှာ ဖြစ်ရမှာပါဘုရား”လို့ လျှောက်ပါသတဲ့။ “အော်… နတ်သားရယ် သင်က ငါးပါး သီလဆုံးအောင်မှ မယူနိုင်တော့တာဘဲ”လို့ ပြန်မိန့်လိုက်ပါတယ်။
နတ်သားတဖြစ်လဲ ဒမိဠဒေါဝါရိကလည်း မထေရ်ကို ရိုရိုသေသေရှိခိုးပြီး စတုမဟာရာဇ်နတ်ပြည်ကို ပြန်သွား ပါတော့တယ်။
(အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ဒု-တွဲ စာမျက်နှာ-၁၀၇)

မထေရ်မြတ်ရဲ့လျှပ်တစ်ပြက်အပြုအမူက ဒမိဠဒကာအတွက် လျှပ်တစ်ပြက်အကျိုးရှိသွားခဲ့ပါတယ်။ တစ်သက် လုံး အကုသိုလ်လုပ်ခဲ့တဲ့လူတစ်ယောက် အသက်ထွက်ခါနီးမှာ ဝိပဿနာတရားဟောပြလို့မဖြစ်နိုင်တော့သလို ဒါန ကောင်းမှုတစ်ခုပြုဖို့ တိုက်တွန်းလို့လည်း ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အနေအထားပါ။ ဒါကြောင့် အသက်ထွက်ခါနီး လူတစ်ယောက်ခံယူနိုင်တဲ့ကျင့်စဉ်လေးကိုပဲ ပေးလိုက်တာပါ။ ဒါတောင် ငါးပါးသီလကို ဆုံးတဲ့အထိယူမသွားနိုင်တော့ ပါဘူး။ စူဠပိဏ္ဍပါတိကဿမထေရ်ရောက်မလာဘဲ ဒီအတိုင်းအသက်ထွက်သွားခဲ့ရင်တော့ နောက်ဘဝအတွက်က မတွေးဝံ့စရာပါဘဲ။

ဘုရင့်ဆီမှာ အနှစ်(၅၀)လုံးလုံး ရာဇဝတ်သားတွေကိုသတ်သတ်ပေးခဲ့ရတဲ့ တမ္ဗဒါဌိက အာဏာပါးကွက်သား ဒကာကြီးကျတော့ အရှင်သာရိပုတြာက ဃနာနို့ဆွမ်းလှူနိုင်အောင် စီစဉ်ပေးရုံတင်မကဘဲ တရားကို သင်္ခါရုပေက္ခ ဉာဏ်အထိရောက်အောင်လည်း အေးအေးဆေးဆေး သေချာဟောပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သေလွန်တဲ့အခါ တုသိတာနတ်ပြည်မှာဖြစ်ရပါတယ်။

တစ်ယောက်က ငါးတွေကိုတစ်သက်လုံးသတ်ခဲ့တယ်၊ တစ်ယောက်က ဘုရင့်အတွက်ရာဇဝတ်သားတွေကို တစ်သက်လုံးသတ်ပေးခဲ့ရတယ်။ ကူညီဖေးမပေးမယ့် မိတ်ကောင်းဆွေကောင်းရဟန်းနှစ်ပါးကတော့ ဟောတဲ့တရား မတူပေမယ့် နောက်ဆုံးအချိန်မှာ အကောင်းဆုံးကူညီပေးသွားခဲ့ပါတယ်။

ပါရမီပါခဲ့တဲ့သူတချို့ဆိုရင်တော့ တရားနာရင်း သောတာပန် သကဒါဂါမ်စသည်တွေ ဖြစ်သွားခဲ့ပါတယ်။ အထက်ကနှစ်ယောက်ကတော့ တရားထူးရလောက်အောင် ပါရမီတွေတော့ပါခဲ့ဟန်မတူပါဘူး။ ဒါပေမယ့် ဒုဂ္ဂတိဘဝ ကို မကျရောက်တော့ဘဲ သူတို့အတွက်တော့ ကံကောင်းစရာမိတ်ဆွေကောင်းတွေ့လိုက်ခြင်းပါပဲ။ သံသရာကူး မြောက်ဖို့အတွက် ဘဝမှာမိတ်ဆွေကောင်းတွေလည်း မဖြစ်မနေလိုအပ်ပါတယ်။

တစ်ခုတော့ရှိပါတယ်၊ နိဗ္ဗာန်ရဖို့အတွက် ဝိပဿနာရှုနည်းတွေ ဖြစ်ခိုက်ရုပ်နာမ်ရှုပုံတွေ စိတ်ကိုရှုပုံတွေ ပညတ်ပရမတ်ခွဲပုံတွေ ဂုဏ်တော်မေတ္တာပွားပုံတွေ သီလဆောက်တည်ပုံ ဒါနပြုပုံတွေ ပြောပြပေးမယ့်လောကုတ္တရာ မိတ်ဆွေတော့ရှိပါရဲ့ လောကီလူမှုနယ်ပယ်မှာ ဘဝဖြတ်သန်းမှုကိုကူညီမယ့် မိတ်ဆွေကောင်းမရှိပြန်ရင်လည်း ဘဝကို ပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရမှာပါ။ ဘဝကိုပင်ပင်ပန်းပန်းနဲ့ဖြတ်သန်းနေရရင် ဘဝကပျော်နိုင်မှာမဟုတ်ပါဘူး။ အလုပ်အကိုင်အဆင်မပြေရင် တရားကိုလည်းကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လောကထဲမှာနေတဲ့ အတွက် လောကီမိတ်ဆွေတွေလည်း သဘာဝတစ်ခုအနေနဲ့ လိုအပ်နေပြန်ပါတယ်။

တချို့များ မိတ်ဆွေကောင်းနဲ့တွေ့ပြီး အလုပ်လုပ်ဖို့ ငွေအရင်းအနှီးထုတ်ပေးရုံမက လုပ်ငန်းသဘာဝလည်း သွန်သင်ပေးလို့ ကြီးပွားချမ်းသာသွားတဲ့လူတွေ အများကြီးရှိပါတယ်။ တကယ့်လောကီမိတ်ဆွေကောင်းနဲ့တွေ့လိုက် ရင် တစ်သက်လုံးချမ်းသာသွားတော့တာပါ။

ဒါပေမယ့် လောကီမိတ်ဆွေကောင်းတွေ့လို့ ဘဝမှာချမ်းသာပါရဲ့ သံသရာကူးမြောက်ဖို့ လောကုတ္တရာ မိတ်ဆွေကောင်းမရှိပြန်ရင်လည်း သံသရာက အရှည်ကြီးရှည်နေရပါဦးမယ်။ ဒီကြားထဲ အဆင်မပြေမှုလောကဓံဆိုး တွေလည်း ကြုံလာနိုင်ပါတယ်။

ဒါဆို လူ (၄) မျိုးထွက်လာပါလိမ့်မယ်။
၁။ လောကုတ္တရာမိတ်ဆွေရှိတယ် လောကီမိတ်ဆွေမရှိဘူး။
၂။ လောကီမိတ်ဆွေရှိတယ် လောကုတ္တရာမိတ်ဆွေမရှိဘူး။
၃။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောမရှိဘူး။
၎။ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကောရှိတယ်။
လူ(၄)မျိုးထဲမှာ ကိုယ်ကဘယ်ထဲမှာပါနေတာလည်းဆိုတာ ပြန်သုံးသပ်ရမှာပါ။

ဒီတော့ ဘဝမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေလိုအပ်နေတော့တာပါ။

တစ်ခုတော့ရှိပါတယ်၊ ဘဝကိုလောကီနယ်ပယ်မှာ လက်တွေ့ဖြတ်သန်းနေရတာဆိုတော့ လောကီမိတ်ဆွေ ကိုအရင်ရှာတတ်ကြတာ သဘာဝတစ်ခုပါပဲ။ လောလောဆယ် စားဝတ်နေရေးကို ဖြေရှင်းနေရတာဆိုတော့ လောကုတ္တရာကိစ္စကို ခဏမေ့ထားရတဲ့သဘောပါ။ ဒီတော့ လက်တွေ့ဖြတ်သန်းနေရတဲ့ လောကီနယ်ပယ်ထဲက လောကီ မိတ်ဆွေတွေကို အရင်ရှာရတော့တာပါ။

ဒီနေရာမှာ မြတ်စွာဘုရားက မိတ်ဆွေဖွဲ့ထိုက်သူရဲ့ အင်္ဂါ (၇) ပါးကို အင်္ဂုတ္တိုရ်မှာ ဟောပြထားပါတယ်။
၁။ ဒုဒ္ဒဒံ ဒဒါတိ = ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတတ်ခြင်း။
၂။ ဒုက္ကရံ ကရောတိ = ပြုပေးနိုင်ခဲလှတဲ့အမှုကို ပြုပေးတတ်ခြင်း။
၃။ ဒုက္ခမံ ခမတိ = သည်းခံနိုင်ခဲလှတဲ့အရာများကို သည်းခံပေးတတ်ခြင်း။
၎။ ဂုယှ ဿ အာဝိကရောတိ= သူ့ရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုပြောပြတတ်ခြင်း။
၅။ ဂုယှ ဿ ပရိဂူဟတိ= ကိုယ့်ရဲ့လျှိုဝှက်ချက်ကို လျှိုဝှက်ပေးထားတတ်ခြင်း။
၆။ အာပဒေသု နဇဟတိ = ဘေးရန်ရှိလာတဲ့အခါ စွန့်မထားတတ်ခြင်း။
၇။ ခီဏေန နာတိမညတိ = ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ အထင်မသေး တတ်ခြင်း။
မြတ်စွာဘုရားရှင်က ဒီအင်္ဂါ (၇)ပါးနဲ့ညီတဲ့သူကို မိတ်ဆွေဖွဲ့ထိုက်ပါတယ်လို့ ဟောပြထားပါတယ်။

ဘဝခရီးအတွက် မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် အထက်ကအင်္ဂါ (၇) ချက်နဲ့ချိန်ဆပြီးဖွဲ့ရမှာပါ။

တကယ့်မိတ်ဆွေကောင်းဟာ ညီအစ်ကိုမောင်နှမသွေးရင်းကတောင် ပေးနိုင်ခဲတဲ့ပစ္စည်းကိုပေးတတ်သလို တခြားသူတွေ တွေးတောင်မတွေးရဲတဲ့အလုပ်ကိစ္စတွေကိုလည်း ပြုလုပ်ပေးတတ်ပါတယ်။ ကိုယ်ကဘာတွေပဲ သူ့အပေါ်ပြောလိုက်ပြောလိုက် ဘာတွေပဲပြုလိုက်ပြုလိုက် ပြုံးပြုံးပြုံးပြုံးနဲ့ သည်းခံနေတတ်ပါတယ်။ သူ့ရဲ့လျှို့ဝှက် ချက်ကို ကိုယ့်ကိုပြောပြတတ်သလို ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်း ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ပေးထားတတ်ပါ တယ်။ ဘေးရန်ကြုံလာတဲ့အခါ စွန့်ခွါမသွားတတ်သလို ပစ္စည်းဥစ္စာတွေကုန်ခမ်းသွားတဲ့အခါ ဆင်းရဲသွားတဲ့အခါ တွေမှာလည်း ကိုယ့်ကိုအထင်မသေးတတ်ပါဘူး။

အဲဒီလိုမိတ်ဆွေမျိုးနဲ့မိတ်ဆွေဖြစ်ခွင့်ရတဲ့အခါ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ကွာဝေးမသွားသင့်ပါ ဘူး။ သူဟာကိုယ့်အနားမှာ အမြဲရှိနေရမှာဖြစ်သလို ကိုယ်ဟာလည်းသူ့အနားမှာအမြဲရှိနေရမှာပါ။

တော်တော်များများက ပိုက်ဆံရှိတုန်း ချမ်းသာတုန်း အောင်မြင်တုန်းသာ ခင်ချင်ကြတာပါ။ ဆင်းရဲသွားတဲ့အခါ ကျရှုံးသွားတဲ့အခါ လမ်းတွေ့ရင်တောင် ခေါ်ဖို့နေနေသာသာ ရှောင်တောင်သွားတော့တာပါ။ ဒါက တကယ့် လက်တွေ့တွေပါပဲ။ တကယ့်မိတ်ဆွေအစစ်ကတော့ ကိုယ်ဘယ်ဘဝ ဘယ်အခြေအနေပဲရောက်နေရောက်နေ ကိုယ့်အနားက ခွါမသွားပါဘူး။ တခါတလေကျတော့လည်း ကိုယ်တကယ်ဒုက္ခရောက်တော့မှပဲ မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်ကို ခွဲသိရတော့တာပါ။

တစ်ခုတော့ရှိပါတယ်၊ ကိုယ့်ရဲ့မိတ်ဆွေက အင်္ဂါ(၇)ချက်နဲ့ညီညီ ပြုံးပြုံပြုံးပြုံးနဲ့ ကိုယ့်ကိုအမြဲဆက်ဆံပေမယ့် ကိုယ်ကတော့ပြုံးတစ်လှည့်မဲ့တစ်လှည့် ခေါ်တစ်လှည့်မခေါ်တစ်လှည့်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကိုယ်ကိုယ်တိုင် ကလည်း မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ညီအောင် ပြန်လည်ပြုမူဆက်ဆံနိုင်ရပါမယ်။ သူကလည်းကိုယ့်ကို မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့ဆက်ဆံတယ်၊ ကိုယ်ကလည်းသူ့ကို မိတ်ဆွေအင်္ဂါ (၇)ချက်နဲ့ဆက်ဆံနေမယ်ဆိုရင် ဘဝဖြတ်သန်းမှုက ပျော်စရာကြီးပါ။ ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် အရင်တည်ဆောက်ယူရင် ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ပြီးသားဖြစ်သလို မိတ်ဆွေကောင်းတွေလည်း ကိုယ့်ဆီကိုရောက်ရောက်လာတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက မိတ်ဆွေကောင်းအင်္ဂါရှိတဲ့သူကိုပဲ မိတ်ဆွေဖြစ်ချင်ကြလို့ပါ။ ဒီဘဝချစ်ချစ်ခင်ခင်ဆက်ဆံသွားရင် သံသရာအဆက်ဆက်နိဗ္ဗာန်ရတဲ့အထိ ပါရမီဖြည့်ဖက်မိတ်ဆွေတွေအဖြစ် ရေစက်ဆုံသွားပါလိမ့်မယ်။ ဥပမာ-မြတ်စွာ ဘုရားနဲ့အရှင်အာနန္ဒာ၊ အရှင်သာရိပုတြာနဲ့အရှင်မဟာမောဂ္ဂလာန်၊ မြတ်စွာဘုရားနဲ့ယသောဓရာ၊ အရှင်မဟာ ကဿပနဲ့ဘဒ္ဒါကာပိလာနီတို့လိုပုံစံမျိုးအထိ ပြောင်းလဲသွားနိုင်ပါတယ်။

မိတ်ဆွေကောင်းရှာတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုက အရင်ကမတွေ့ဖူး မမြင်ဖူးပေမယ့် အတိတ် ဘဝတွေက ချစ်ခင်ခဲ့တဲ့စိတ်တွေကြောင့်လည်း မြင်လိုက်တာနဲ့ အကျွမ်းတဝင်ချစ်ခင်တဲ့စိတ်ဖြစ်သွားတတ်တယ်လို့ မြတ်စွာဘုရားရှင်က သာကေတဇာတ်မှာဟောပြထားပါတယ်။ ဒါတွေကတော့ တွေ့ဖူးကြမှာပါ။ မြင်လိုက်တာနဲ့ ချစ်ခင်စိတ်ဖြစ်ပြီး တစ်သက်လုံးမိတ်ဆွေကောင်းတွေဖြစ်သွားကြတာပါ။ ဒါတွေကိုထောက်ပြီး ဘဝအဆက်ဆက်က ချစ်ခင်ခဲ့တဲ့မေတ္တာဓာတ်တွေကြောင့်လည်း သံသရာကမိတ်ဆွေကောင်းတွေကို ဒီဘဝမှာပြန်တွေ့ရတတ်ပါတယ်။ ဒီလိုသံသရာကချစ်ခဲ့ရသူတွေဆိုရင်တော့ နောင်ဘဝအဆက်ဆက်လည်းပြန်တွေ့ကြရဦးမှာပါ။ ဘဝတွေပြန်လည် ဆုံတွေ့ကြရင်းနဲ့ ပါရမီတွေအတူတူဖြည့်ဖြစ်ကြတော့မှာပါ။

ဒါဆိုဘဝမှာ သံသရာကူးမြောက်ဖို့အတွက် ဖေးမလမ်းညွှန်ပေးမယ့်မိတ်ဆွေကော၊ လောကီလူမှုနယ်ပယ်မှာ လွယ်လွယ်ကူကူချမ်းချမ်းသာသာဖြတ်သန်းဖို့အတွက် ကူညီပံ့ပိုးမယ့်မိတ်ဆွေကော မိတ်ဆွေနှစ်ယောက်လိုအပ်နေပါ တယ်။ အဆင့်မြင့်မြင့်ပြောရရင်တော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော လိုအပ်ပါတယ်။ ဘဝဖြတ် သန်းမှုမှာ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော ဟန်ချက်ညီညီတွဲပါလာနိုင်ပါမှ ဘဝကအဆင်ပြေပြေ ဖြစ်မှာပါ။ တစ်ဖက်ဖက်ကအားနည်းနေရင် ဟန်ချက်ပျက်နေရင် ဘဝမှာဣနြေ္ဒမရဖြစ်တတ်ပါတယ်။ ဒီတော့ လောကုတ္တရာမိတ်ဆွေကော လောကီမိတ်ဆွေကော မဖြစ်မနေရှာရတော့မှာပါ။

လောကီမိတ်ဆွေကောင်းကိုရပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လောကုတ္တရာမိတ်ဆွေကောင်းကို ရပြီးဘဝတစ်ခုလုံးပြောင်းလဲသွားတာတွေ လက်တွေ့မျက်မြင်လောကမှာတွေ့တွေ့နေရတာဆိုတော့ မိတ်ဆွေတွေထဲ ကပဲ မိတ်ဆွေနှစ်ယောက်ကိုရှာရတော့မှာပါ။

တချို့အမျိုးသမီးတွေဆို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သေချင်လောက်အောင် သောကအပူမီးတောက် လောင်နေတဲ့အချိန်မှာ လောကုတ္တရာမိတ်ဆွေကောင်းကိုတွေ့လိုက်ရလို့ တရားအလုပ်ကိုလုပ်ရင်း အေးငြိမ်းလှတဲ့ ဘဝပိုင်ရှင်ဖြစ်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးပါ။ ဒါတင်မကပါဘူး သံသရာအတွက်ပါ အများကြီးအထောက် အကူဖြစ်သွားတော့တာပါ။ နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုရောဂါမျိုးကို စိတ်ရောဂါအထူးကုဆရာဝန်ဆီမှာ ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး နှစ်နဲ့ချီကုရတော့တာပါ။ အပူတွေထဲက အခံရခက်တဲ့အပူတစ်ခုပါပဲ။ ဒီတော့ လောကုတ္တရာ မိတ်ဆွေလည်း မဖြစ်မနေလိုအပ်တာပါ။

“သူကတော့ မိတ်ဆွေအင်္ဂါ (၇) ချက်နဲ့မညီဘူး၊ ဒါကြောင့်မဆက်ဆံဘူး”ဆိုပြီး အဲဒီလိုလည်း ပစ်ပယ်ပစ်ရမှာ မဟုတ်ပါဘူး။ ကိုယ်သတ်မှတ်တဲ့ အင်္ဂါ (၇) ချက်နဲ့မညီပေမယ့်လည်း အဆင့်တစ်ခုအနေနဲ့ထားပြီး ကိုယ်ကသူ့ကို မိတ်ဆွေအင်္ဂါ(၇)ချက်နဲ့ နေထိုင်ပြုမူဆက်ဆံပြရမှာပါ။ အကျိုးရလာဒ်ကတော့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွားတော့ တာပါပဲ။

တချို့ဆိုတစ်ယောက်တည်းကပဲ လောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော နှစ်ဖက်ရဖြစ်နေတာပါ။ ဆိုလိုတာက တစ်ယောက်တည်းကပဲ အစားလည်းကျွေး တရားလည်းပေးတဲ့မိတ်ဆွေမျိုးပါ။ အဲဒီလိုမိတ်ဆွေမျိုးရရင် တော့ အတိုင်းထက်အလွန် ကံကောင်းတယ်လို့ပြောရတော့မှာပါ။

ဘာပဲပြောပြောလေ ဘဝမှာလောကီမိတ်ဆွေကော လောကုတ္တရာမိတ်ဆွေကော မိတ်ဆွေနှစ်ယောက် လိုအပ်သလို မိတ်ဆွေအင်္ဂါ(၇)ချက်ကိုလည်း နှလုံးသားနဲ့ တစ်သက်လုံး ကျက်ထားလိုက်ဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
News Watch စောင့်ကြည့်သတင်းဂျာနယ်၁၄၊ ဇူလိုင်လ၊ ၂၀၁၅ ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment