Tuesday, January 31, 2017

ပါချုပ်ဆရာတော် နှင့် ရွှေပါရမီတောရ ဆရာတော် ၂ ပါး၏ အဆုံးမများ


ဘုရားနဲ့အဝေးကြီး ဝေးနေတဲ့သူ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို
မတော်မတရား လုယူတဲ့သူ၊
သူတစ်ပါးရဲ့ လုပ်ပိုင်ခွင့်ကို
အတင်းအဓမ္မ ဖျက်စီးတဲ့သူ၊
သူတစ်ပါးရဲ့ လိုအပ်ချက်ကို
ဖြည့်ဆည်းပေးဖို့ ဝန်လေးတဲ့သူ၊
သူတစ်ပါးရဲ့ ဝေဖန်မှုကို
ခံနိုင်ရည်မရှိ တုန်လှုပ်တဲ့သူဟာ
တရားနဲ့ တစ်သားတည်းမရှိတဲ့အတွက်
ဘုရား တည်ချင်သလောက်တည်
ဘုရား ရှိခိုးချင်သလောက်ရှိခိုး
ဘုရားနဲ့ အဝေးကြီး ဝေးနေပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(ဝေးကွာတိုင်း ကွာဝေးရမှာလား မှ)

ကိုယ့်စိတ်ကို ကိုယ်ထိန်းရမယ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ကံဆိုတာ ဘယ်သူမှ
မျက်နှာသာ မပေးဘူးနော်၊
ဟုတ်ကဲ့လား။
ငရဲကျနိုင်လောက်တဲ့ ကံဆိုရင်
ငရဲ ပို့လိုက်မှာပဲ၊
လူ့ပြည်ရောက်စေနိုင်တဲ့ ကံဆိုရင်
လူ့ပြည် ပို့လိုက်မှာပဲ။
အားလုံးဟာ ကံကြမ္မာကနေပြီးတော့
ပို့ဆောင်နေတာတွေချည်းပဲ၊
အဲဒီ ကံကြမ္မာ အားလုံးဟာ
ဘယ်မှာ ဖြစ်တာတုန်းဆိုရင်
ကိုယ့်သန္တာန်မှာ ဖြစ်တာ၊
ကိုယ့်သန္တာန်မှာ ဖြစ်တာမှ
ကိုယ်က မနိုင်ဘူးဆိုရင်
ဘယ်သူ့အပြစ်လို့ ပြောမလဲ?
ကိုယ့်အပြစ်ပဲ ရှိတော့တယ်
ဟုတ်ကဲ့လား။
ကိုယ့်သန္တာန်မှာရှိတာ
ကိုယ်နိုင်အောင်ထိန်းဖို့ လိုလာပြီ၊
ဒါကြောင့်မို့ ကိုယ့်စိတ်ကို ကိုယ်ထိန်းရမယ်၊
ကိုယ့်စိတ်ကို ဖြူစင်အောင် လုပ်ရမယ် ဆိုတာ
အဲဒါပြောတာ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ကံကြမ္မာ၏ ရုပ်ပုံလွှာများ တရားတော်မှ)

ပုဂ္ဂိုလ် ၄- မျိုး
÷÷÷÷÷÷÷÷÷÷

*လူဝတ်ကြောင်ဟာ မပျင်းရဘူး၊
ပျင်းရင် မကောင်းဘူး။
*ရဟန်းဆိုတာ စောင့်စည်းရမယ်၊
မစောင့်စည်းရင် မကောင်းဘူး။
*မင်းဆိုတာ စဉ်းစဉ်းစားစားလုပ်ရမယ်၊
စဉ်းစဉ်းစားစား အမိန့်ထုတ်ရမယ်။
မစဉ်းမစားလုပ်ရင် မကောင်းဘူး။
*ပညာရှိဆိုတာ စိတ်မဆိုးရဘူး၊
စိတ်ဆိုးရင် မကောင်းဘူး။

ဒီပုဂ္ဂိုလ် ၄-မျိုးနဲ့ ပတ်သက်ပြီးတော့
အရေးကြီးတဲ့ အချက်အလက်တွေကို
မြတ်စွာဘုရားက ဟောကြားထားတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(အခွင့်ကောင်းကို ရအောင်ယူ တရားတော်မှ )

မပြောခင်က စဉ်းစား
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

“စဉ်းစား” ဆိုတာ ဘယ်လိုစဉ်းစားရမှာလဲ၊
“ငါပြောတဲ့စကားသည် ငါ့ကို ထိခိုက်သလား?
ပတ်ဝန်းကျင်ကို ထိခိုက်သလား?
ကောင်းကျိုးချမ်းသာကို ဖြစ်စေတာလား?
ဆိုးကျိုးကို ဖြစ်စေတာလား? လို့
စဉ်းစားရမယ်၊ အဲဒီစံနဲ့ စဉ်းစား။
“မပြောခင်က စဉ်းစား” တဲ့၊ တစ်ခါစဉ်းစားမယ်၊
“ပြောနေတုန်းလည်း ထပ်ပြီး စဉ်းစား”၊
“ပြောပြီးတော့လည်း ထပ်စဉ်းစား” တဲ့၊
အဲဒီလို ၃- ကြိမ်, ၃- ခါ စကားအရာမှာ
စဉ်းစားမှုတွေနဲ့ လွှမ်းခြုံထားမယ်ဆိုရင်
အမှားဆိုတာ မထွက်တော့ဘူး၊
အဲဒီနည်းနဲ့ နှုတ်မကျိုးအောင်
ပြင်ဆင်ထားဖို့ လိုအပ်တာပေါ့နော်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာလိဝံသ
(ဒါနအခြေခံတဲ့ သမထဝိပဿနာ တရားတော်မှ)

ကိုယ့်ဘဝ ကိုယ်ပုံဖော်
±±±±±±±±±±±±±±±±

လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်
ပုံဖော်နေတာသာဖြစ်တယ်။
ကိုယ်ဖော်တဲ့ပုံအတိုင်း သို့မဟုတ်
ကိုယ်ရေးတဲ့ ပန်းချီရုပ်အတိုင်းပဲ
ဘဝမှာ ထင်ဟပ်နေတယ်။
ဒါကို သတိထားပြီး သိတတ်တဲ့ဘဝမှာ
ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်
ကြိုးစားကြဖို့ အရေးကြီးဆုံးပါ။
လူတိုင်းလူတိုင်းဟာ
"အတ္တာဟိ အတ္တနော နာထော" လို့ဆိုတဲ့
ဗုဒ္ဓရဲ့ တရားတော်အတိုင်း ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်ဘဝကိုယ်ဖန်းတီးကြရမှာ ဖြစ်တယ်။
ဒီလိုဖန်တီးတဲ့အခါမှာ
ဆရားကောင်း သမားကောင်းရဲ့ အကူအညီ၊
မိတ်ကောင်း ဆွေကောင်းတို့ရဲ့ အကူအညီ၊
မှန်ကန်တဲ့ တရားဓမ္မ အကူအညီဟာ လိုအပ်ပါတယ်။
မိတ်ကောင်း ဆွေကောင်းတွေဆီက
အကြံအဉာဏ်၊ တရားဓမ္မအသံတွေ၊
မှန်ကန်တဲ့ လမ်းကြောင်း
မှန်ကန်တဲ့ အတွေးအခေါ်တွေရဖို့
ကြိုးစားကြရမှာ ဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား စာအုပ်မှ)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment