Monday, January 30, 2017

ဓမ္မာနုပဿနာ



ဝိပဿနာ ရှု့မှတ်တဲ့နေရာ မှာ သတိပဋ္ဌာန်လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲကကမ္မဌာန်း တစ်ခုခု နဲ့ ပွားများအားထုတ်ကြရတယ် ဆိုတာ ဓမ္မမိတ်ဆွေတို့ လည်း လေ့လာဘူး၊ ဖတ်ရှုဘူး ကြမှာပါ။အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများဟာလည်း အဲဒီထဲက တနည်းနည်း နဲ့ ကျင့်ကြံအားထုတ်နေကြမှာဘဲ ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။
(၁) ကာယာနုပဿနာ (ရုပ်ကို ရှု့ခြင်း)
(၂) ဝေဒနာနုပဿနာ (ဝေဒနာကို ရှု့ခြင်း)
(၃) စိတ္တာနုပဿနာ (စိတ်ကို ရှု့ခြင်း)
(၄) ဓမ္မာနုပဿနာ (သညာ၊သင်္ခါရ)ကို ရှု့ခြင်း)ဆိုပြီး မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
အများအားဖြင့် တရားစခန်းလိုလိုမှာတော့ ကာယာနုပဿနာ ဖြစ်တဲ့ အာနာပါနကမ္မဌာန်း( ဝင်လေ၊ထွက်လေ ) သာ ရှုမှတ်ကျလေ့ရှိတာများတဲ့အတွက် မိတ်ဆွေတို့ အနေနဲ့ လည်း စိမ်းမယ်မထင်ပါဘူး။
ဓမ္မဒါနအဖြစ် ဝိပဿနာ နှင့် ပတ်သက်တဲ့ အကြောင်းရာများကို ဖတ်ရှုပြီး ဖြန့်ဝေ ဒါနပြုရာမှာ သတိပဌာန်လေးပါးဖြစ်တဲ့ ကာယ၊စိတ္တ၊ဝေဒနာ စတဲ့ ကမ္မဌာန်းလောက်သာ ရေးသားလေ့ရှိကြတယ်။ ဖတ်ရှုရမှာလည်း ဒီကမ္မဌာန်း သုံးခုဟာ အင်တာနက်ဝက်ဆိုဒ်တွေမှာလည်း လွယ်ကူစွာတွေရှိမှာပါ။
ဒီခန္ဓာ-၅ပါးတစ်ဦး စာမျက်နှာမှာလည်း ဓမ္မာနုပဿနာ သတိပဌာန် အကြောင်း ဖေါ်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။
ဓမ္မမိတ်ဆွေ တော်တော်များများက ဓမ္မနုပဿနာ နဲ့ ပတ်သက်၍ တင်ပြပေးရန်အကြိမ်ကြိမ်တောင်းဆိုပါတယ်။ မိမိအနေနဲ့ လည်း လေ့လာဖတ်ရှုမိသလောက်တင်ပြရရင် ဓမ္မာနုပဿနာ နဲ့ ပတ်သက်ပြီး ဖတ်ရှုရတဲ့အထဲမှာ ပါဋ္ဌိ တော်တော်များများ သုံးနှုံးထားတာကိုတွေ့ ရပါတယ်။ ပါဋ္ဌိမကျွမ်းကျင်သူ၊ ခုမှ ဗုဒ္ဓစာပေများကို လေ့လာဆဲဖြစ်တဲ့အတွက်ကြောင့် အခက်အခဲဖြစ်စေပါတယ်။ ဓမ္မမိတ်ဆွေများအတွက် ဓမ္မဒါန အဖြစ် ဖြန့်ဝေရာမှာ မိမိကဲ့သို့ အခက်ခဲဖြစ်မှာစိုး သည်ကတစ်ကြောင်း၊ မိမိအနေနဲ့ လည်း ဖတ်ရှုပြီး ကိုယ်ကိုယ်တိုင် နားမလည်ရင်ဖြင့် ပြန်လည်ရေးသားဖေါ်ပြရာမှာ ပိုမိုပြီး အကြပ်တည်း ဖြစ်ရစေပါတယ်။ ဒါ့ကြောင့် ဓမ္မာနုပဿနာသတိပဌာန် နဲ့ ပတ်သက်ပြီး တင်ပြမှုမရှိဘဲ ချန်လှပ်ထားခဲ့ရခြင်းဖြစ်ပါတယ်။
သို့ သော် လေ့လာရှာဖွေပြီး ဖတ်ရှုခဲ့ရတဲ့ "ဓမ္မနုပဿနာသတိဌာန်" အားထုတ်နည်း တစ်ခုကိုတော့ ဓမ္မမိတ်ဆွေ တို့ အတွက် ကြိုးစားပြီး ဓမ္မဒါနပြုလိုက်ပါရစေ။

"ဓမ္မ" ဆိုတာ အတိအကျအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် အဓိပ္ပါယ်ဖွင့်ဖို့ မပြည့်စုံပါဘူး။
ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပင်ကိုယ်သဘာဝ လို့ သာ အလွယ်တကူမှတ်သားလိုက်ပါ။
"အနုပဿနာ “ဆိုတာက အဲဒီ "သဘာဝဓမ္မ" ကို သဘာဝအတိုင်းရှု့နေ၊သိနေရသောအလုပ်ဖြစ်ရာ ၊ ပင်ကိုယ်သဘာဝအရှိအတိုင်းကိုအရှိအတိုင်းသိမြင်အောင်ရှုကြည့်အားထုတ်မှု့ကို "ဓမ္မာနုပဿနာ”ရှု့ပွါးတာလို့ခေါ်ပါတယ်။
ရှုကြည့်တယ် ဆိုရာမှာ မျက်စိ နဲ့ ကြည့်တာမဟုတ်ပါဘူး၊မျက်စိဖြင့်မမြင်နိုင်တဲ့ ရုပ်နာမ် သဘာဝတရားတရားတွေ တို့ကိုသိဖို့ ၊သဘာဝကိုသိတတ်တဲ့ ဥာဏ် နဲ့ သာသိနိုင်သည့်အတွက်ကြောင့် အရှုခံဖြစ်တဲ့ "ခန္ဓာ"ကို သမ္မာဒိဋ္ဌိဦးဆောင်တဲ့ မဂ်ဥာဏ် တွေ နဲ့ သိအောင်ကြည့်တာ“ဓမ္မာနုပဿနာ”ဖြစ်ပါတယ်လို့ ဦးစွာ ပြောပါရစေ။

မြတ်စွာဘုရားက ရှင်ရာဟုလာကို ကိုယ်တော်တိုင်ဟောကြားတော်မူတာကို ပြောပြပါအုံးမယ်။
ချစ်သား ရာဟုလာ-
ပူမှု၊ အေးမှုဆိုတဲ့ "တေဇောဓာတ်" တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း "နိဗ္ဗာန်"ကို ရောက်နိုင်ပါတယ်။
ချစ်သား ရာဟုလာ-
လှုပ်ရှားမှုဆိုတဲ့ "ဝါယောဓာတ်"တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း "နိဗ္ဗာန်"ကို ရောက်နိုင်ပါတယ်။
စသည်ဖြင့် ဒီလို မြတ်စွာဘုရားက ဟောထားတဲ့ ဒေသနာတော်ရှိပါတယ်။

ဒါကြောင့် ဧကော ဓမ္မော-
တရားတစ်ခုခုကိုသာ ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိအောင် အားထုတ်ကြပါ။ နိဗ္ဗာန် ကို ဧကန်ရနိုင်ပါတယ်။ ကျန်တရားတွေ အတွင်းဝင်ပြီးသား၊ အားထုတ်ပြီးသားဆိုရင် အသိတစ်လုံးကြောင့်ပင် နိဗ္ဗာန် ကို ဧကန်ရောက်နိုင်ပါတယ်။

ခန္ဓာမှာ ဉာဏ်အမြင်နဲ့ ကိုက်ပြီး "ပညတ်၊ ပရမတ်"ကို အရင်ဆုံးခွဲသိဖို့ လိုပါတယ်။
ပဋ္ဌမ စာလို ပညတ်၊ ပရမတ် ခွဲပြရရင်-
ပညတ်သည် စာလိုတော့ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်-စသည်ဖြင့် (၆)မျိုး၊ တစ်နည်းအားဖြင့်
ဃနပညတ် သဏ္ဍာနပညတ်၊
နာမပညတ်စသည်ဖြင့် များစွာရှိကြ၏။
အဲဒီမှာ လိုရင်းအတိုချုပ်ပြောရမယ်ဆိုရင် အစိုင်အခဲဖြစ်ပေါ်လာတာက "ဃနပညတ်"လို့ခေါ်ပါတယ်။
ပုံသဏ္ဍာန်တွေ ပေါ်လာတာက "သဏ္ဍာနပညတ်"လို့ခေါ်ပါတယ်။
အမည်အမျိုးမျိုးတွေက "နာမပညတ်"လို့ခေါ်ပါတယ်။

"ပရမတ်"ဆိုရင်လဲ အကျဉ်းအားဖြင့်
"စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်"ဆိုတဲ့ ပရမတ်တရား လေးပါးရှိပါတယ်။
စိတ်မှာလဲအကျယ်အားဖြင့် (၁၂၁)ပါး ရှိပြန်သည်၊ စေတသိက်မှာ (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်တွင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ (၂)ပါး စသည်ဖြင့် ခွဲမယ်ဆိုရင် ပရမတ်တရားသည် စာလိုတော့ လွန်စွာ ကျယ်ဝန်းလှပေ၏၊ ဒါတွေကို အကုန်သိမှ ပရမတ်တရားကို သိတယ်ခေါ်သလား၊ ဒီပရမတ်တွေကိုသိမှ နိဗ္ဗာန်ကို ရမှာ လားဆိုရင်မဟုတ်ပါဘူး၊ စောစောက ပြောပြခဲ့သည့်အတိုင်း ဒေသနာနည်းအားဖြင့် ပညတ်၊ ပရမတ်သည် ကျယ်ဝန်းနေတာပါ၊ ဓမ္မမိတ်ဆွေတို့ အတွက် အသေအခြာရှင်းပြရင် အဘိဓမ္မာကျမ်းကို ဖွင့် ပြီးရှင်းပြရမှာဖြစ်ပါတယ်။ ရှင်းပြရအောင်လည်း မကျွမ်းကျင်တဲ့အတွက်ကြောင့် အသေအခြာ နားလည်သဘောပေါက်ချင်ရင်တော့ အဘိဓမ္မာသင်တန်းတွေရှိပါတယ်။ဤသင်တန်းတွေတက်ရောက်ပြီး လေ့လာကြပါလို့ အကြံပြုပါတယ်။
ရှေ့ဆက်ရရင်တော့ ဒီပညတ်၊ ပရမတ်တွေ ဟာ မိမိရဲ့ ခန္ဓာမှာ ဉာဏ်အမြင် နဲ့ ရှင်းရင်တော့ လွယ်လွယ်နဲ့ ကျဉ်းကျဉ်းလေးပါလို့ ဆိုပါရစေ။

"ပညတ်နှင့် ပရမတ်"ကို ခန္ဓာမှာ ဉာဏ်မြင်နဲ့ ဘယ်လိုရှင်းမလဲဆိုရင်...
ဓမ္မမိတ်ဆွေတို့ ဟာ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ပေါ်တာကိုသာ မှတ်နေပါ၊ ကိုယ်မှာ တွေ့တိုင်း တွေ့တိုင်း ဉာဏ်နဲ့မြင်တာတွေ ဟာ "ပရမတ်" တွေချည်းပါဘဲ။
ကိုယ်မှာ လာတာမတွေ့လို့ ဉာဏ်နဲ့မမြင်ရတာ "ပညတ်"တရားချည်းသာမှတ်ပါ။
ပညတ်တရားဟာ တကယ်တန်း ဉာဏ်နဲ့ရှာရင် မရှိတဲ့တရား မရှိလို့ မတွေ့ရတဲ့တရားတဲ့၊ ပရမတ်တရားက တကယ်တန်း ဉာဏ်နဲ့ရှာရင် အဟုတ်ရှိတဲ့တရား အဟုတ်ရှိလို့ ကိုယ်နဲ့ အဟုတ်တွေ့ရတဲ့တရားအစစ်ပါ.. ဘဲ။

ခန္ဓာမှာ ဉာဏ်စိုက်ပြီး မှတ်လိုက်တော့ ပူ တာတွေကို တွေ့ရပါလိမ့်မယ်။ အေး တာတွလည်း တွေ့ရပါလိမ့်မယ်။ လှုပ် ထာတွေလည်း တွေ့ရလိမ့်မယ်။ ရှိန်ရှိန် ရှိန်ရှိန်နဲ့လည်း တွေ့ရလာပါလိမ့်မယ်။ ကိုယ်မှာ တွေ့တဲ့တရားတွေဟာ သန္ဒိဋ္ဌိက ဂုဏ်တော်အတိုင်း ကိုယ်တိုင်သိအပ်တဲ့ ပရမတ်တရားအစစ်တွေ ပါဘဲ။
တကယ်တန်း ကိုယ်မှာ တွေ့တဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲတွေလည်း မပါတော့ပါဘူး၊ တွေ့လည်းမတွေ့ရ တော့ပါဘူး။ မြင်လည်းမမြင်ရတော့ဘူး။

အစိုင်အခဲဖြစ်နေတာတွေက "ဃနပညတ်"လို့ခေါ်ပါတယ်။

မိမိရဲ့ ခန္ဓာမှာ ဉာဏ်နဲ့တွေ့ရတဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲဆိုတာလည်း မရှိတော့ပါဘူး။ အဲဒီလို ပါလည်းမပါတော့တဲ့ အတွက်ကြောင့် အစိုင်အခဲကို မတွေ့မမြင်ရတာသည် ပရမတ်အစစ်ကိုမြင်လို့ "ဃနပညတ်"စင်သွားပုံ၊ ခန္ဓာကိုယ်မှာ ဉာဏ်နဲ့ရှာလို့တွေ့ရတာက ပရမတ်၊ မရှိဒါက ပညတ်ပါ..ဘဲရယ်လို့ သာ မှတ်ယူထားစေချင်ပါတယ်။

ဗုဒ္ဓသာသနာတော်၏အနှစ်သာရ အဓိကမှာမိမိရရှိနေတဲ့ ဒီခန္ဓာကိုယ်ကို သတ္တဝါအမှတ်နဲ့ အာရုံငါးပါး နဲ့ စပ်ပြီးတော့..
"ချမ်းသာ”ဟုထင်မြင်မှတ်မှားနေတဲ့"ကာမ”အစွန်းတစ်ခု၊
ခန္ဓာ ရဲ့ သဘာဝပင်ကိုယ်အရှိကို အရှိသဘာဝအတိုင်း၊အမှန်ကိုအမှန်အတိုင်းမသိမမြင်နိုင်တဲ့ အတွက်ကြောင့် လုပ်ကြံ ဖန်တီး ညှင်းဆဲခြင်းစသည်ဖြင့် ရှာဖွေထင်မြင်မှတ်မှားသော“အတ္တ”အစွန်းတစ်ခု၊
ဒီ အစွန်းနှစ်ပါးလွတ်ရာ အကျင့်ဆိုတာမြတ်ဗုဒ္ဓရဲ့သာသနာမှာပဲရှိတာပါ၊
ဗုဒ္ဓသာသနာရဲ့အနှစ်ဟာမဂ်ဆိုတဲ့ ဥာဏ်ပါပဲ။

ဒီခန္ဓာဖြစ်အောင်တည်ဆောက်ထားတဲ့ အရင်းခံတရားကိုသိရန်
(၁)ပထဝီ-ခက်မာမှု့၊နူးညံ့မှု့သဘာဝတရား၊
(၂)တေဇော-ပူ အေး နွေးရှိန် သဘာဝတရား၊
(၃)အာပေါ-ယိုစီး ဖွဲ့စည်းမှု့သဘာဝတရား၊
(၄)ဝါယော-လှုပ်ရှားမှု့ ထောက်ကန်မှု့သဘာဝတရား၊တို့ဖြစ်ကြပါတယ်။

အဲဒီလို ဓာတ်ကြီးလေးပါးအရင်းခံသဘာဝတရားတို့ဟာ တစ်ခုနှင့်တစ်ခုအမြဲမပြတ် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အတွက်ကြောင့် မိမိခန္ဓာကိုယ်မှာ "ထုံ ကျင် ကိုက် ညောင်း ပူ အေး လှုပ် ငြိမ်" ရှိနေကြရသည်။ လုံးဝတည်ငြိမ် ခိုင်မာမှု့မရှိပဲ၊မငြိမ်မသက်ဖေါက်ပြန်နေတဲ့သဘောတွေပဲရှိနေကြပါတယ်၊အမှန်အတိုင်းဖေါက်ပြန်နေသည်ကိုဖေါက်ပြန်နေတယ်လို့ ဆက်ခါဆက်ခါသိနေသောဥာဏ်ဟာ “သမ္မာဒိဋ္ဌိဥာဏ်”အမှန်သိ အမှန်မြင်သောဥာဏ်ဖြစ်ပါတယ်။
အဲဒီ"သမ္မာဒိဋ္ဌိဥာဏ်" နဲ့ ကြိမ်ဖန်
များစွာ ထပ်ခါထပ်ခါ ရှု့ကြည့်လိုက်ရင် သဘာဝတရားတို့ရဲ့ ဖေါက်ပြန်ပျက်စီးပုံ၊သိပြီးပျက်စီးပုံ၊တို့ကိုအဆက်မပြတ်သိလာတော့မှာဖြစ်ပါတယ်။

ခန္ဓာတစ်ကိုယ်လုံးကို သတိပြဋ္ဌာန်းပြီးကြည့်ရှု့နေသောဥာဏ်၌ ဖေါက်ပြန်မှု့မှန်သမျှဟာ..
မခိုင်မမြဲသောအပျက်စု-အနိစ္စ၊
အဆက်မပြတ်ရစရာမရှိအောင်ပျက်စီးနေသောဆင်းရဲမှု့-ဒုက္ခ၊
ပျက်နေသမျှ၊ဆင်းရဲနေသမျှအစိုးမရ မိမိအလိုကျပြုပြင်ဖန်တီး၍မရသည့်- အနတ္တ၊
ဟူသောသဘာဝတရားတို့အပေါ်လက္ခဏာ(၃)ချက်နှင့်သိမြင်လာမှာ ဖြစ်ပါတယ်။
ဒီရုပ် ဆိုတဲ့ သဘော၊နာမ် ဆိုတဲ့ သဘောတို့ဟာ ဒီလက္ခဏာတွေချည်းသာဖြစ်တဲ့ အတွက်ကြောင့် "ကာမ၊ ရူပ ၊အရူပ" လို့ ခေါ်တဲ့ ဘုံသုံးပါး၌ဖြစ်တဲ့ ရုပ်နာမ်အားလုံးဟာ စက်ဆုပ်ဖွယ်ရာ အားထားရာမရှိ၊အားကိုးစရာမရှိ၊ပုန်းအောင်းစရာမရှိ ၊သက်သာရာရှာမရတဲ့ "ဒုက္ခသစ္စာ”ဆင်းရဲအမှန်တရားတို့သာဖြစ်ပါတယ်။ မည်သို့မျှချမ်းသာဖြစ်အောင်ပြုပြင်လုပ်ဆောင်၍မရသောတရားတို့ပါတကားဟု ခန္ဓာ၏အမှန်ဆုံးသစ္စာကိုသိသောဥာဏ်သာလျှင် ဖြစ်ပါတယ်။

ရုပ်နာမ်ပရမတ်ခန္ဓာ ဆိုတဲ့ သဘောတရားတို့ဟာ သင်္ခါရ လို့ ခေါ်တဲ့ ပြုပြင်စီမံမှု့ ရှိပါမှဖြစ်ပေါ်ခွင့်ရကြတဲ့ အာဂန္တုက၊တဒင်္ဂ၊တစ်ခဏတရား တို့သာဖြစ်ကြတယ်ဆိုတာ သိဖို့ လိုပါတယ် ၊ရုပ်ဆိုတဲ့ ဖေါက်ပြန်မှု့ကလည်းသူ့ကိစ္စ နဲ့ သူ၊ ပျက်နေသည်
နာမ်ဟူသောသိမှု့ကလည်းသူ့ကိစ္စ နဲ့ သူပျက်နေကြပါတယ်။
"ကံ၊စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့အထောက်အပံ့နဲ့ အနိစ္စတရားတို့ကြောင့်သာဖြစ်ပေါ်လာရသော ဤရုပ်နာမ်နှစ်ပါး ဟာ ဘယ်မှာ တည်တံ့ခိုင်မြဲသောသဘောရှိပါ့မလဲ ဆိုတာ သိရပါမယ်။

သတိ ပညာ ရင့်ကျက်စွာ နဲ့ ခန္ဓာအရှိဥာဏ်ဖြင့်သိတဲ့ ပုဂ္ဂိုလ်ကတော့ မိမိရရှိနေတဲ့ခန္ဓာဟာ ဖေါက်ပြန်တဲ့သဘော၊သိတဲ့သဘော၊ဤတရားနှစ်ပါးသာဆိုတာ သိမြင်နေပြီးသားပါ။
စောင့်ကြည့်တဲ့အခါမှာ ပျက်ခြင်းအဆုံးသာရှိနေပါလား ဆိုတာ အထင်အရှား မြင်လာပါလိမ့်မယ်။
ဖြစ်လေသမျှပျက်နေကြတာပါလား၊အမြဲမရှိတာကအနိစ္စ၊ပျက်ပြတာက လက္ခဏ၊ သိနေတာကဥာဏ်။တဖြည်းဖြည်း သိလာယင်း အနိစ္စလက္ခဏဥာဏ်ရင့်သန်စွာဖြစ်နေပါလိမ့်မယ်။

မြတ်စွာဘုရားရှင်က
စာပဓာနအင်္ဂါ ၅-ပါးနှင့်ပြည့်စုံစွာ နဲ့ အဆုံးအမညွှန်ကြားမှု့ကိုလည်းလိုက်နာပြီး အားထုတ်သူမှန်ရင်
ညနေအားထုတ်ပါက နံနက်မိုးသောက်ရင် တရားရမည်၊
နံနက်အားထုတ်ပါက ညနေချမ်းတွင် တရားရမည်ဟုဟောထားတာရှိပါတယ်။(အကာလိက)ကာလမခြား အကျိုးပေးတတ်သော ဂုဏ်တော်မြောက်ကြောင်း ယုံကြည်အပ်ပေသည်။
ပဓာနအင်္ဂါ၅-ပါးဆိုတာက-

၁။"သဒ္ဒါဟောတိ”-မြတ်စွာဘုရား၏ အရဟံအစဘဂဝါအဆုံး ရှိသောဂုဏ်တော်တို့နှင့်တစ်ကွ သဗ္ဗညုတဥာဏ်တော် ကိုယုံကြည်ခြင်း။

၂။"အပ္ပါဗာဓောဟောတိ”-တရားအားထုတ်မည့်သူသည် သင့်တင့်သော ကျမ်းမာမှု့ရှိရန်လိုသည်။အချမ်း အပူစသော ဥတုနှင့်ညီမျှခြင်း ခံနိုင်ရည်ရှိခြင်းဖြစ်သည်။

၃။"အသဌော ဟောတိ”- မစဉ်းလဲ မကောက်ကျစ်ခြင်း၊ အပြစ်ရှိလျှင် ရှိသည့်အတိုင်း မဖုံးကွယ်ပဲတတ်သိနားလည်သော ဆရာသမားများထံတွင် ဝန်ခံကုစားခြင်း။

၎။"အာရဒ္ဓ ဝီရိယော ဟောတိ”-မိမိအားထုတ်မည့် တရား၌ မရမနေ မြဲမြံခိုင်ခန့်သောလုံ့လအားနှင့်တကွ စိတ်ဓာတ်အကျမခံပဲ အားထုတ်မှု့ရှိခြင်း။

၅။“ပညာဝါ ဟောတိ”- ပရမတ် ရုပ်နာမ်တို့၏ ဖြစ်တတ် ပျက်တတ်သော မူလသဘာဝကို သိနိုင် မြင်နိုင်စွမ်းသော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း...တို့ဖြစ်ပါတယ်။

ဝိပဿနာရှု့ရာမှာ အခြေတည်သော "ကာယ-ဝေဒနာ-စိတ္တ"စတဲ့ဘယ် အပိုင်းကို အခြေခံပြီးရှု့ရှု့ဓမ္မတို့၏သဘောတရား"ပရမတ်" ကို မရောက်လျှင်၊မသိလျှင်၊မရှု့လျှင်၊ မည်သူမျှ လောကုတ္တရာမဂ်
သို့မရောက်နိုင်ပါဘူး။
သတိပဋ္ဌာန်အလုပ်အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ "ပရမတ္တဓမ္မ" ကို သိနိုင်မြင်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။သတိပဋ္ဌာန်ဟူသည်ခန္ဓာငါးပါးကိုပင်ဆိုပါသည်။

ဓမ္မာနုပဿနာ မှာ -
ဓမ္မဆိုတာ "ရုပ်ဓမ္မ နာမ်ဓမ္မ" အားလုံးနှင့်သက်ဆိုင်ပါတယ်။
အနုပဿနာဆိုသည်ကား ရှု့တတ် သိတတ်သော သတိပညာကိုဆိုသည်။
ဓမ္မနုပဿနာ-ဆိုသည်ကား ပရမတ် ဖြစ်သော ရုပ်ဓမ္မ နာမ်ဓမ္မ သဘာဝတရားတို့ကို
၎င်းတို့၏သဘာဝတရားအတိုင်း သတိ၊ပညာဖြင့်သိမြင်ခြင်းဖြစ်ပါတယ်။
အနတ္တဖြစ်သော အလုံးစုံသောသဘောတရားသည် ခန္ဓာငါးပါးသာလျှင်ဖြစ်၍
အနတ္တအနေနှင့် ရှု့ရမဲ့ ပရမတ်ဟာ ရုပ် နာမ်နှစ်ပါးဖြစ်လို့ ဓမ္မနုပဿနာဖြစ်အောင်
ရှု့ရသည်ချည်းဖြစ်ပါတယ်။ဒုက္ခသစ္စာသိဖို့ဓမ္မာနုပဿနာရှုရတာဖြစ်ပါတယ်။

စင်စစ် ပရမတ္တဓမ္မမှာ-
ခန္ဓာငါးပါး ရုပ် နာမ် နှစ်ပါးစလုံးအကျုံးဝင်သောတရားဖြစ်လို့  မြတ်စွာဘုရားက ဓမ္မာနုပဿနာကို သရုပ်ခွဲပြီး "နီဝရဏ၊ခန္ဓ၊အာယတန၊ဗောဇ္ဈင်္ဂ၊သစ္စာ” ငါးပိုင်းဟောရာမှာ ရုပ်နာမ်နှစ်ပါးစလုံးပါနေသောကြောင့်ဖြစ်၏။

၁။နီဝရဏပဗ္ဗ-
စေတသိတ်နာမ်တို့ကိုရှု့ပုံတွေ့ရမယ်။
၂။ခန္ဓာပဗ္ဗ-
ရုပ်နာမ်နှစ်ပါးစလုံးကိုရှု့ပုံတွေ့ရမယ်။
၃။အာယတနပဗ္ဗ-
ရုပ်ရှု့ပုံကိုတွေ့ရမယ်။
၎။ဗောဇ္ဈင်္ဂပဗ္ဗ-
နာမ်ရှု့ရပုံကိုတွေ့ရမည်။
၅။သစ္စပဗ္ဗ-ရုပ်နာမ်အားလုံးရှု ရပုံကိုတွေ့ရမယ်။
အဓိကဖြစ်တဲ့ ပရမတ်ရုပ်နာမ်ကို- ပညတ်အာရုံမပါပဲ တဲ့ တိုက်ရိုက်ရှု့ရတာ ဖြစ်တဲ့ အတွက်ကြောင့်၊ အနတ္တဖြစ်သောအလုံးစုံသောသဘာဝတရားဟာ -ခန္ဓာငါးပါးသာလျှင်ဖြစ်ပြီး ၊ရှု့ရမည့်ပရမတ်ဟာ လည်း -ရုပ်နာမ်နှစ်ပါးပဲဖြစ်ပါတယ်၊ဓမ္မာနုပဿနာဖြစ်အောင် ရှု့ရသည်ချည်းဖြစ်ပါတယ်။
အရှိပရမတ် ခန္ဓာသည်ကားရုပ်နာမ်နှစ်ပါး။သဘာဝတရား ရုပ်ဓမ္မ နာမ်ဓမ္မခန္ဓာများသာဖြစ်ပါတယ်။
ဓမ္မခန္ဓာကိုရှု့ကြည့်တာ...
"ဓမ္မနုပဿနာ" ပေါ့။
ဘယ်သတိပဋ္ဌာန်ကနေကြည့်ကြည့်၊ မိမိ တို့ ရရှိထားတဲ့ခန္ဓာကို "ဒုက္ခသစ္စာ"လို့သိဖို့သာအဓိကပါ လို့ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည် ယ

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment