Tuesday, January 31, 2017

တံဆိပ်ခြောက်မျိုး (ခြောက်ဖြာအာရုံ ကာမဂုဏ်)



သံသရာခရီးကို သွားနေကြတဲ့ ကာမဘုံသား သတ္တဝါများဟာလည်းပဲ တံဆိပ်ခြောက်မျိုးတတ်ထားတဲ့ ရေသန့်ပုလင်း ခြောက်ပုလင်းကို အဖော်ပြုပြီးတော့ ခရီးသွားနေကြတာပါပဲ။

တံဆိပ်ခြောက်မျိုးဆိုတာကတော့ ပထမပုလင်းရဲ့ တံဆိပ်က ရူပါရုံ၊ နောက်တစ်ပုလင်းက သဒ္ဒါရုံ၊ နောက်တစ်ပုလင်းက ဂန္ဓာရုံ၊ နောက်တစ်ပုလင်းက ရသာရုံ၊ နောက်တစ်ပုလင်းက ဖောဋ္ဌဗ္ဗာရုံ၊ နောက်တစ်ပုလင်းက ဓမ္မာရုံ။

အာရုံခြောက်ပါးဆိုတဲ့ ဆားငန်ရေသန့် ခြောက်ပုလင်းကို ပွေ့ပိုက်ပြီးတော့ အပေါ်ပူ၊ အောက်ပူ သံသရာခရီးမှာ နားချိန်၊ အားချိန် မရှိဘဲနဲ့ ခရီးဆက်နေကြရတယ်။

အဆင်းအာရုံလေးတစ်ခု ခံစားချင်တဲ့ စိတ်ကလေးပေါ်လာလို့ အဆင်းအာရုံလေး ခံစားလိုက်တယ်၊ ရူပါရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်တယ်။ အဆင်းအာရုံ ခံစားလိုက်လို့များ အာသာပြေသွားသလား ဆိုတော့ မပြေဘူး၊ အဆင်းအာရုံ ခံစားရတာနဲ့ အားမရဘူး၊ မတင်းတိမ်နိုင်ဘူး။

သြော် … အသံအာရုံလေး ခံစားလိုက်လို့ရှိရင် ဝသွားမယ် ထင်ပါရဲ့၊ အားရသွားမယ် ထင်ပါရဲ့။ အသံအာရုံလေး ခံစားလိုက်ပြန်တယ်၊ သဒ္ဒါရုံရေသန့်ပုလင်းလေး ဖောက်ပြီးတော့ သောက်ကြည့်လိုက်ပြန်တယ်။

ခဏတော့ အာသာပြေသလိုလို၊ စိတ်ချမ်းသာသွားသလိုလို၊ နောက်ပြီးတော့ အားမရပြန်ဘူး၊ ပျင်းရိငြီးငွေ့ပြီးတော့ လာပြန်တယ်၊ ဂန္ဓာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ဦးမှပဲလေ၊ အနံ့မျိုးစုံကို ခံစားလိုက်ပြန်တယ်။

ဒါပေမဲ့လည်း အားရကျေနပ်ခြင်း မရှိဘူး၊ အဆာဓာတ်တွေက ပိုပိုပြီးတော့ တိုးပွားလာပြန်တယ်။ ရသာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အရသာအာရုံလေး ခံစားလိုက်ပြန်တယ်။

ခဏတော့ အာသာပြေသလိုလို၊ စိတ်ကျေနပ်သွားသလိုလို၊ ဒါပေမဲ့ အားမရပြန်ဘူး။ အားမရပြန်တော့ ဖောဋ္ဌဗ္ဗာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အထိအတွေ့အာရုံလေး ခံစားလိုက်ပြန်တယ်။

ခဏတော့ အာသာပြေသလိုလို၊ စိတ်ကျေနပ်သွားသလိုလို၊ ဒါပေမဲ့ အားမရပြန်ဘူး။ အားမရပြန်တော့ ဓမ္မာရုံရေသန့်ပုလင်းလေး ဖောက်သောက်လိုက်ပြန်တယ်၊ အတွေးအကြံ စိတ်ကူးအာရုံ ခံစားလိုက်ပြန်တယ်။

ခဏတော့ အာသာပြေသလိုလို၊ စိတ်ချမ်းသာကျေနပ်သွားသလိုလို၊ ဒါပေမဲ့ ဘယ်လိုနည်းနဲ့မှ အားရကျေနပ်ခြင်းမရှိပါဘူး။

ကာမဂုဏ်လို့ ဆိုလိုက်ရင် တိုက်ရိုက်ထိတွေ့လို့ရတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ကိုသာ ရည်ရွယ်ပြီး “ငါးဖြာအာရုံ ကာမဂုဏ်” လို့ ပြောနေကြပေမယ့် တကယ် မမြင်၊ မကြား၊ မနံ၊ မစား၊ မထိရဲဘဲနဲ့ စိတ်ကူးထဲမှာပဲ အမျိုးမျိုး ပုံဖော်ပြီးတော့ သာယာမှုခံစားနေတဲ့အချိန်က ပိုတောင်များပါသေးတယ်။ ဒါကြောင့် ကာမဂုဏ်အာရုံလို့ ဆိုလိုက်ရင် အာရုံခြောက်ပါးလုံး ပြောလိုက်တာ ပိုပြီးတော့ ကောင်းပါတယ်။ “ခြောက်ဖြာအာရုံ ကာမဂုဏ်” ပေါ့နော်။

အဲဒီလိုအားဖြင့် လူသားအပါအဝင် သတ္တဝါတွေဟာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ တံဆိပ်ခြောက်မျိုးတပ်ထားတဲ့ ဆားငန်ရေသန့်ပုလင်း ခြောက်ပုလင်းကို ပွေ့ပိုက်ပြီးတော့ သံသရာခရီးကို သွားနေကြရတာပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(ရလေလိုလေ စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment