Friday, January 27, 2017

ဂုဏ်



(၁)
မူရင်းပါဠိစကားလုံးကို အသတ်တင်၍ မြန်မာမှုပြုထားသည့် စကားလုံးတို့ကို ပါဠိသက် ဝေါဟာရ ဟုခေါ်သည်။ ‘ကထိန’ ကို ကထိန်၊ ‘ဈာန’ ကို ဈာန်၊ ‘သန္တာန’ ကို သန္တာန်၊ ‘အရုဏ’ ကို အရုဏ် စသည်ဖြင့်များစွာရှိသည်။ ‘ဂုဏ်’ သည်လည်း ‘ဂုဏ’ ကို အသတ်တင်ထားသည့် ပါဠိသက်ဝေါဟာရ တစ်ခုပင် ဖြစ်သည်။
‘ဂုဏ်’ ဆိုသည့် ဝေါဟာရကပါဠိမှ သက်လာသည့် ပါဠိသက်စကားပင် ဖြစ်သော်ငြား မြန်မာတို့၏ ကိုယ်ပိုင်စကားလုံးဟု ထင်မှားရလောက်အောင် နေ့စဉ်သုံးစကား၌တွင် ကျယ်နေသည့် ဝေါဟာရတစ်ခုလည်း ဖြစ်သည်။ ‘ဂုဏ’ ဆိုသည့် ပါဠိက ‘ကျေးဇူးတရား၊ ချီးမွမ်းအပ်သောတရား၊ ကုသိုလ်၊ အကျိုးအာနိသင်၊ အထပ်အလွှာ၊ အနှောင်အဖွဲ့၊ အပေါင်းအစု၊ အဖို့အစု၊ ရေတွက်ခြင်း၊ မြှောက်ပွားခြင်း၊ အကျိုးကျေးဇူး နှင့်တကွဖြစ်သော’ စသည်ဖြင့် အနက်များစွာကို ဟောဆိုသည်။

(၂)
ဗုဒ္ဓမြတ်စွာဘုရားသည် လောကသား အားလုံးတို့၏ အနန္တကျေးဇူးတော်ရှင် ဖြစ်သည်။ ဘုရားမြတ်စွာ ပွင့်ပေါ်တော်မူခဲ့သဖြင့် ‘မဇ္ဈိမပဋိပဒါလမ်းကြောင်းမှန်’ ကိုသိရသည်။ ‘သစ္စာလေးပါး’ ကိုသိရသည်။ ‘မဂ္ဂင်ရှစ်ပါး’ ကိုသိရသည်။ ‘ဤကားကုသိုလ်၊ ဤကားအကုသိုလ်’ ဟုသိကြရသည်။ ကုသိုလ်ကိုဆောင်၍ အကုသိုလ်ကို ရှောင်ရကောင်းမှန်း သိကြရသည်။ ထိုအသိက ဘ၀သံသရာခရီး၌ များစွာသော အကျိုးတရားကို ဖြစ်ပေါ်စေသည်။ လူနှင့်တိရစ္ဆာန်တို့၏ ခြားနားခြင်းများစွာတို့၌ ကုသိုလ်၊ အကုသိုလ်ကို သိခြင်း၊ မသိခြင်းကလည်း အရေးပါသည့် အချက်တစ်ခုဖြစ်သည်။

လူ့အဖြစ်ကိုရတိုင်း ထိုအခွင့်ကို ရနိုင်သည်ကားမဟုတ်။ မြတ်စွာဘုရား သာသနာနှင့် ဆုံဆည်းခွင့်ကြုံမှသာ ထိုအခြေခံသဘာဝကို သိခွင့်နာခွင့်ရသည်။ လောကသားအားလုံးတို့ အပေါ်၌ ဘုရားမြတ်စွာ၏ ကျေးဇူးတရားက ကြီးမားလှသည်။ ထို့ကြောင့်ပင် ‘ဗုဒ္ဓဂုဏော အနန္တော’ ဟု ကျမ်းဂန်အဆိုရှိခဲ့ခြင်း ဖြစ်သည်။ ထိုပါဠိက “မြတ်စွာဘုရား၏ ကျေးဇူးတော်သည် အတိုင်းအဆမသိ ကျယ်ဝန်းများပြားလှပါပေ၏” ဟုအနက်ထွက်သည်။

(၃)
မြတ်စွာဘုရားသခင်သည် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်ခဲ့သည့်အတိုင်း ဟောကြားတော်မူခဲ့သည့် တရားဓမ္မသည်လည်း နည်းမှန်လမ်းမှန် ကျင့်ကြံသူတို့အား သံသရာဝဋ်မှ လွတ်မြောက်စေနိုင်စွမ်းသည့် သတ္တိထူးရှိသည်။ ဘုရားမြတ်စွာ၏ တပည့်သားသံဃာသည်လည်း ဓမ္မအတိုင်း လိုက်နာကျင့်သုံး နေထိုင်တော်မူခြင်း၊ ထိုဓမ္မကို မပျောက်ကွယ် ရလေအောင် ဆရာတပည့် အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း၊ ထိုဓမ္မသဘာဝကို သာဝကတို့အား ဟောပြောဆုံးမတော်မူခြင်း စသည်ဖြင့် လောကသားတို့၏ ကောင်းကျိုးကို လက်ဆင့်ကမ်း သယ်ပိုးခဲ့သူတို့သာ ဖြစ်သည်။

သို့ရကား ‘ဗုဒ္ဓ၊ ဓမ္မ၊ သံဃ’ ဟူသော ရတနာသုံးပါးသည် လောကသားတို့၏ ကောင်းကျိုးကို ရှေ့ဆောင်လမ်းပြသူ အစစ်အမှန် တို့ဖြစ်သည်။ ‘ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်’ ဆိုသည့်စကားတို့သည် ထိုအဓိပ္ပာယ်အခြေခံဖြင့် ပေါ်ပေါက်လာသည့် စကားတို့ဖြစ်သည်။

အလားတူပင် သားသမီးတို့အပေါ်၌ မိဘနှစ်ပါး၏ ကျေးဇူးတရားက ကြီးမားသည်။ တပည့်တို့၏ အပေါ်၌ ဆရာတို့၏ ကျေးဇူးကလည်း ကြီးမားဘိသည်။ ‘မိဘဂုဏ်၊ ဆရာ့ဂုဏ်’ ဆိုသည့်စကားကလည်း ထိုအဓိပ္ပာယ်အခြေခံဖြင့် ပေါ်လာရသည့် စကားတို့ပင်ဖြစ်သည်။ ထို့ကြောင့် မိဘနှင့် ဆရာသမားကို ရတနာသုံးပါးနှင့် တစ်ဂိုဏ်းတည်းထား၍ ‘အနန္တော အနန္တငါးပါး’ ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ ‘ဂုဏ’ က ‘ကျေးဇူးတရား’ အနက်ကို ဟောဆိုသည်။

(၄)
‘ကာမဂုဏ်’ ၌ပါသည့် ‘ဂုဏ်’ ကတော့ တစ်မူကွဲသည်။ ‘ဂုဏ’ က ဤနေရာ၌ ‘ကျေးဇူးတရား’ အနက်ကို မဟော၊ ‘အနှောင်အဖွဲ့’ အနက်ကိုဟောသည်။ စကားလုံးချင်းတူသော်လည်း အနက်ချင်း ခြားနားသည်။

မည်သည့်ပုထုဇဉ်မဆို လှသောအဆင်းကို မြင်လိုသည်။ သာယာသောအသံကို ကြားလိုသည်။ မွှေးကြိုင်သောရနံ့ကို ရှူရှိုက်လိုသည်။ မြိုးမြိုးမြက်မြက် အရသာကို စားသုံးလိုသည်။ ညက်ညက်ညောညော အတွေ့ကို ထိတွေ့လိုသည်။ အဆင်းစသော ထိုတရားငါးမျိုးကို ‘အာရုံငါးပါး’ ဟုသတ်မှတ်သည်။

မျက်စိဖြင့် မြင်မိသမျှသော လှပသည့်အဆင်း၊ နားဖြင့်ကြားမိသမျှသော သာယာသည့်အသံ၊ နှာခေါင်းဖြင့် ရှူရှိုက်မိသမျှသော စွဲမက်ဖွယ်ရနံ့၊ လျှာဖြင့် ခံစားမိသမျှသော အရသာဓာတ်၊ ကိုယ်ဖြင့် ထိမိသမျှသော အတွေ့အထိ ခံစားမှုအားလုံးတို့သည် လိုချင်မက်မောဖွယ်တို့ချည်း ဖြစ်သည်။ ပိဋကတ်စာပေတို့၌ ထိုထိုအဆင်းရူပါရုံ စသည်တို့ကို “လိုချင်စဖွယ် (ဣဋ္ဌာ)၊ နှစ်သက်ဖွယ် (ကန္တာ)၊ ကျေနပ်ဖွယ် (မနာပါ)၊ ချစ်ခင်သာယာဖွယ် (ပိယရူပါ)၊ လိုချင်စရာတို့ဖြင့် စွဲငြိဖွယ် (ကာမူပသံဟိတာ)၊ တပ်မက်ဖွယ် (ရဇနီယာ) ဆိုသည့် စကားတို့ဖြင့် တွဲဖက်ပြဆိုသည်။ ထို့ကြောင့် ထိုအာရုံငါးပါးကို ‘ကာမ’ ဟုခေါ်သည်။

(၅)
လိုချင်တပ်မက်ဖွယ်ရာ ရူပါရုံစသော သဘာဝဓမ္မတို့သည် ‘ကာမ’ အမည်ရ၍၊ ထိုတရားတို့သည်ပင် အာရုံ၌မွေ့လျော်သူ တစ်စုံတစ်ယောက်ကို မခွဲနိုင် မခွာရက်လောက်အောင် နှောင်ဖွဲ့ထားသောကြောင့် ‘ဂုဏ်’ လည်းမည်၏။ လိုချင်တပ်မက် နှစ်သက်စွဲ လမ်းဖွယ်ရာ အနက်ကိုဟောသည့် ‘ကာမ’ နှင့် ထိုထိုသက်ရှိတို့အား ပင့်ကူအိမ်သဖွယ် နှောင်ဖွဲ့တတ်ခြင်း အနက်ဟော ‘ဂုဏ်’ နှစ်ပုဒ်ကို အတွဲအဖက်ပြု၍ ‘ကာမဂုဏ်’ ဟုဆိုထားခြင်း ဖြစ်သည်။

ကြွင်းသော ‘အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ’ ဆိုသည့်အာရုံတရားတို့၏ အနှောင်အဖွဲ့ သဘောကလည်း အလားတူပင်ဖြစ်သည်။ ထို့ကြောင့် ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့’ ဆိုသည့် အနှောင်အဖွဲ့တရားတို့ကို ‘အာရုံငါးပါး ကာမဂုဏ်တရား’ ဟုဆိုကြခြင်း ဖြစ်သည်။

(၆)
လောကက နားလည်ထားသည့် ‘ဂုဏ်’ ဆိုသည်ကလည်း ရှိသေးသည်။ သမီးဖြစ်သူက ၁၀ တန်းမှာ ဘာသာစုံဂုဏ်ထူးဖြင့် အောင်တော့ မိဘများမှာ ဂုဏ်တက်သည်။ ‘တော်လိုက်တဲ့သမီးလေး’ ဟု အရပ်က ချီးမွမ်းကြသည်။ ဆရာတော်တစ်ပါး ဘွဲ့တံဆိပ်ရတော့ တပည့်တွေမှာ ဂုဏ်တက်သည်။ ဒကာ၊ ဒကာမတွေမှာ ဂုဏ်တက်သည်။ ‘တို့ ဆရာတော်’ ဆိုပြီး ပျော်ကြမော်ကြသည်။ ဂုဏ်ယူကြသည်။ ဂုဏပူဇာ စာစောင်ထုတ်ဝေ၍ ဂုဏ်ပြုပွဲသဘင် ဆင်ယင်ကျင်းပကြသည်။ အလားတူပင် ဥစ္စာဓနကြွယ်ဝခြင်း၊ ရုပ်ရည်အဆင်း လှပခြင်း၊ ရာထူးအဆင့်ဆင့် မြင့်တက်ခြင်းတို့ကလည်း ချီးမွမ်းလောက်သည့် ဖြစ်ရပ်တို့ပင်ဖြစ်သည်။ ထို့ကြောင့် ‘ဂုဏ်’ စာရင်းဝင်သွားသည်။ ‘ဓနဂုဏ်၊ အလှဂုဏ်၊ ရာထူးဂုဏ်’ စသည်ဖြင့် လောကက ခေါ်ကြသည်။ ဤနေရာ၌ ‘ဂုဏ’ က ‘ချီးမွမ်းအပ်သော တရား’ အနက်ကိုဟောသည်။

လောက၏သဘောက ဂုဏ်ရှိသူကို ရှေ့တန်းတင်လေ့ရှိသည်။ ဂုဏ်ရှိသူတို့ ရှေ့ကသွားလျှင် နောက်ကလိုက်ဖို့ ၀န်မလေးတတ်ကြ။ ‘ဂုဏ၀န္တေ ပဿန္တိ ဇနာ’ ဟု ကျမ်းဂန်အဆိုရှိသည်။ ‘လူအများစုက ဂုဏ်ရှိသူကိုသာ မြင်တတ်ကြသည်’ ဟုအဓိပ္ပာယ်ရပါသည်။ ဂုဏ်ရှိသူတို့ကလည်း မိမိရရှိထားသည့် ဂုဏ်သကတ်ကို အရင်းပြု၍ လောကကောင်းကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ကြသူများ ဖြစ်ဖို့လိုသည်။ ရုပ်ရည်အဆင်း လှပတင့်တယ်သူ အမျိုးသမီးအချို့ လူမှုရေးလုပ်ငန်းများ၌ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ ထိုကိစ္စက လုပ်ရပ်ကောင်းဖြစ်သည်။ ဥစ္စာဓန ကြွယ်ဝသူတို့တွင်လည်း အများသူငါ ချမ်းသာရေးအတွက် မိမိပိုင်ငွေများဖြင့် ဆေးရုံဆောက်၊ ကျောင်းဆောက်၊ တံတားပြင် စသည်ဖြင့် ငွေကိုအကျိုးရှိရှိ အသုံးချနေကြသည်ကိုလည်း တွေ့ရတတ်သည်။ ထိုလုပ်ရပ်ကလည်း လူသာဓုခေါ် နတ်သာဓုခေါ် ကိစ္စဖြစ်သည်။

သူ့ဥစ္စာဓနက ဘယ်ကိုမျှ မစီးဆင်း၊ ငွေကြေးချမ်းသာမှုကို အကြောင်းပြု၍ စိတ်ကြီးဝင် မောက်မာနေမည်ဆိုပါက အများသူငါ၏ လေးစားမှုကိုမရသည့်အပြင် လောက၏ အကဲ့ရဲ့ခံတစ်ယောက် ဖြစ်သွားနိုင်သည်။ အခန့်မသင့်လျှင် ‘ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်’ စသည်ဖြင့် အထေ့အငေါ့ပင် ခံရနိုင်သေးသည်။

(၇)
မြန်မာအဘိဓာန်၌ ‘ဂုဏ်’ ကို ‘ဒြပ်အထူးကို သိစေတတ်သောတရား၊ သက်ရှိသက်မဲ့တို့၏ အရည်အချင်း အစွမ်းသတ္တိ၊ အရေးပါအရာရောက်စေသော တရား၊ ကျေးဇူး၊ အရေးအသား အစီအကုံး၏ ကောင်းမြတ်သော အရည်အချင်း’ ဟု အနက်ငါးမျိုး ဖွင့်ဆိုပြသည်။ ထိုဖွင့်ဆိုချက်သည် ပါဠိစကားလုံး ‘ဂုဏ’ ၏ဟောနက်တို့ကို အပြည့်အ၀ ညွှန်းဆိုနိုင်ခြင်းမရှိဟု မိမိက ယူဆပါသည်။

‘ဂုဏ်ပကာသန၊ ဂုဏ်တုဂုဏ်ပြိုင်၊ ဂုဏ်ထူးဆောင်၊ ဂုဏ်သရေ၊ ဂုဏ်သိက္ခာ၊ ဂုဏ်ဒြပ်၊ ဂုဏ်ပုဒ်၊ ဂုဏ်တေဇာ၊ ဂုဏ်သိန်၊ ဂုဏ်ဟိတ်၊ ဂုဏ်အင်၊ ရိုးဂုဏ်’ စသည်ဖြင့် ‘ဂုဏ်’ ကို အရင်းခံပြီး ဖြာထွက်လာသည့် မြန်မာစကားလုံးတို့ များစွာရှိသည်။

“ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်မှာလည်း ‘ဂုဏ်’ လို့သုံးတယ်။ ကာမဂုဏ်ဆိုတဲ့ နေရာမှာလည်း ‘ဂုဏ်’ လို့သုံးပြန်တယ်။ အဲဒီစကားတွေမှာပါတဲ့ ဂုဏ်တွေက အတူတူပဲလား” ဟု တစ်ယောက်က မေးဖူးသည်။ သူမေးမည်ဆိုလည်း မေးချင်စရာ။ စကားလုံးတစ်လုံးသည် အနက်တစ်မျိုးတည်းကိုသာ ဟောဆိုသည်မဟုတ်။ ဘာသာစကားတိုင်း၌ ဟောနက်များစွာရှိသည့် စကားလုံးတို့လည်းရှိသည်။ ‘ဂုဏ်’ သည် ‘ဂုဏ’ ဆိုသည့် ပါဠိမှဆင်းသက်လာသည့် မြန်မာစကားလုံး ဖြစ်သည်။ ပါဠိသက်ဝေါဟာရ စကားလုံးတစ်လုံး၏ အနက်မှန်ကို ခွဲခြားသိမြင်ဖို့ အရေး၌ အရင်းခံ ပါဠိဘာသာကိုလည်း ငဲ့စောင်းလေ့လာသင့်၏ဟု မိမိကဆင်ခြင်မိပါသည်။

-အံ၊ ၃၊ ၂၁၃။-တိပိဋကပါဠိ မြန်မာအဘိဓာန်၊ အတွဲ (၆)
-မြန်မာအဘိဓာန်၊ အတွဲ (၁)

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment