Monday, January 30, 2017

အတုအယောင်(၂)မျိုး



အဋ္ဌကထာမှာအတုအယောင်နဲ့ပတ်သက်ပြီး(၂)မျိုးပြထားတယ်။ အဓိဂမသဒ္ဓမ္မ နဲ့ ပရိယတ္တိသဒ္ဓမ္မ။အဓိဂမသဒ္ဓမ္မ -ဆိုတာ တရားဓမ္မကြိုးစားအားထုတ်လို့ ရရိှလာတဲ့ သိရှိလာနိုင်တဲ့ တရားထူး တရားမြတ်တွေကိုခေါ်တယ်။ဆိုလိုတာက ဈာန်တရား မဂ်တရား ဖိုလ်တရား ဝိဇ္ဇာ-၃ပါးဆိုတဲ့ ထူးခြားတဲ့ တရားထူးတရားမြတ်တွေဟာ အဓိဂမသဒ္ဓမ္မ ဖြစ်တယ်။

အဓိဂမသဒ္ဓမ္မ ရဲ့အတုအယောင်တွေက ဘာတွေလဲဆိုတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာ သမာဓိစွမ်းအားလေးတက်လာပြီး ဖြစ်ပျက်မြင်လို့အသိဉာဏ် ဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်ကအလင်းရောင်ထွက်လာတတ်တယ်။သြဘာသလို့-ဆိုတယ်။ ဝိပဿနာစိတ်ကြောင့်ဖြစ်လာတာ။သန့်ရှင်းကြည်လင်သောစိတ်ကြောင့် ခန္ဓာကိုယ်ကအလင်းရောင်တွေထွက်လာတာ။အဲ့ဒါကို တကယ့်တရားထူး တရားမြတ်လို့ယူဆလိုက်လို့ရှိရင်
အဲ့ဒါဟာ အဓိဂမသဒ္ဓမ္မပတိရူပက-ပဲ။တရားအတုအယောင်ပဲ အဲ့ဒါကို ငါမဂ်ဖိုလ်နိဗ္ဗာန်ရပြီ တရားထူးတရားမြတ်ရပြီဆိုပြီး နှစ်သိမ့်ကျေနပ်သွားလို့ရှိရင် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။

အဲ့ဒီလို ဝိပဿနာရဲ့အညစ်အကြေးဆိုတဲ့တရားတွေဟာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာပေါ်လာတတ်တယ်။တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ဒါမျိုးပေါ်လာမှာမဟုတ်ဘူး။တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ ဒီလိုတရားတုဆိုတာတွေ့ကြုံလာရတတ်တယ်။

အဲ့ဒီလိုတွေ့ကြုံလာတဲ့အခါ အဲ့ဒီတရားအတုနဲ့ပဲ စိတ်ထဲမှာကျေနပ်သွားပြီးဒီပုဂ္ဂိုလ်ဟာတကယ့်အစစ်အမှန်တရားကို မရဘူး။နောက်ဆုံးသေခါနီးမှာ အချိန်မမှီတော့ဘဲနဲ့ တရားထူးတရားမြတ်မရဘဲနဲ့ ရာဂရှိတဲ့ဘဝနဲ့ပဲ သေဆုံးသွားရတယ်။သံသရာထဲမှာဆက်ပြီးတော့
လည်နေရပြန်တယ်ပေါ့။အဲ့ဒီလိုတရားတုတွေဟာ
ကိုယ်ကျိုးကို ထိခိုက်နစ်နာပျက်စီးစေတတ်တယ်။

ကျင့်သုံးဖို့နဲ့ ပတ်သက်လာတော့ ပဋိပတ္တိဆိုတဲ့တရားအတုကလည်း ရှိသေးတယ်။မမှန်မကန်ကျင့်သုံးမှုတွေ မြတ်စွာဘုရားမဟောဘဲနဲ့ ဟောတယ်ဆိုပြီးတော့ရေးသားထားတဲ့ စာအုပ်တွေဒါမျိုးတွေကလည်း ခေတ်အဆက်ဆက်မှာပေါ်လာတတ်တယ်။အဲ့ဒါတွေကျတော့- ပရိယတ္တိသဒ္ဓမ္မပတိရူပက။သင်ကြားရမယ့်စာအုပ်တွေကလည်း အတုဖြစ်လာတတ်တယ်။ကျင့်သုံးရမယ့်အကျင့်
တရားတွေကလည်း အတုဖြစ်တယ်။အဋ္ဌကထာမှာ ဒီ၂ -မျိုးပြထားတယ်။အဓိဂမသဒ္ဓမ္မပတိရူပက နဲ့ ပရိယတ္တိသဒ္ဓမ္မပတိရူပက လို့ဆိုပြီးတော့ မျက်မှောက်ပြုရမယ့်တရားအတုရယ် သင်ကြားရတဲ့စာပေအတုရယ်-အဲ့ဒီ
၂-ခုဟာ အန္တရာယ်တွေကို ဖြစ်စေတတ်တယ်။

ဒီကနေ့ခေတ်မှာ မျက်မှောက်ပြုရမယ့်တရားအတုတင်မကဘူး စာပေအတုတင်မကဘူး အကျင့်တရားနဲ့ပတ်သက်တဲ့အတုတွေလည်း ပေါ်နေတယ်။

ဆိုပါစို့ ဘုန်းကြီးတစ်ပါးကဟောတယ်။သူ့ဆီလာ နာရီဝက်လောက်တရားနာတရားနာရင်း ကြက်သီးမွှေးညှင်းထတယ်။ ပီတိဖြစ်သွားတယ်။သူ့တရားကိုအာရုံစိုက်ပြီးတော့နာ သဒ္ဓတရားရှိရင်လာခဲ့ သူ့တရားကိုနာရီဝက်လောက်ကလေးနာ နာလိုက်တာနဲ့ ကြက်သီးမွှေးညှင်းကလေးထသွားရင် အဲ့ဒါသောတာပန်ဖြစ်ပြီလို့ဟောတယ်။တကယ်မြန်မာပြည်မှာပေါ်ခဲ့တာ။နောက်ဆုံးကြတော့ သောတာပန်ဆိုတဲ့ Certificate တောင်ပေးတယ်နော်။တရားရက်စေ့လို့ရှိရင် တရားထူးတရားမြတ်ကို ကျင့်တဲ့ပုဂ္ဂိုလ်ကရတယ်ပြောပြော မရဘူးပြောပြော သူက လက်မှတ်ပေးတယ်။အဲ့ဒါမျိုးဟာအတုအယောင်လို့ခေါ်တယ်။

မြတ်စွာဘုရားက တရားအစစ်က မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်တယ်။ရဖို့ကျင့်ကြံကြိုးကုတ်အားထုတ်ရတယ်။သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ဖို့ရဟန္တာဖြစ်ဖို့ဆိုတာ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ပြီး အရိုးကြေကြေ
အရေခမ်းခမ်း နည်းမှန်မှန်နဲ့ ကြိုးစားအားထုတ်ရတယ်။
မဟာသီဝမထေရ်ကြီးတို့ဆိုရင်တရားအားထုတ်လိုက်တာ ဝါတွင်းကာလ အဓိဋ္ဌာန်ပြီးတော့ ကြိုးကြိုးစားစား
အားထုတ်တယ်။ဒီတစ်ဝါဖြင့်ရဟန္တာဖြစ်လိမ့်မယ်လို့ ကြိုးစားပေမယ့် ဝါသာကျွတ်သွားတယ်ရဟန္တာမဖြစ်ဘူး။အဲ့ဒီလိုမျှော်လင့်ချက်နဲ့ ဝါတွင်း ဝါတွင်းမှာ အမြဲတမ်း အဓိဋ္ဌာန်ပြီးကြိုးစားလိုက်တာ ဘယ်နှစ်နှစ်ကြိုးစားရတုန်းဆိုရင် နှစ်ပေါင်း-၃၀ ကြိုးစားရတယ်။အဲ့ဒီလိုနှစ်ပေါင်း-၃၀ထိအောင်ကြိုးစားမှ တရားထူးတရားမြတ်ဟာ ရလာတယ်။အင်မတန်မှ ကြိုးစားအားထုတ်ရတယ်။တရားအစစ်ဆိုတာကျတော့လွယ်လွယ်ကူကူနဲ့မရဘူး။ရလို့ရှိရင်လည်း တန်ဖိုးကအပြည့်ရှိတယ်။အဲ့ဒါကို လိုက်တုတဲ့ တရားအတုတွေကတော့ လွယ်လွယ်ကူကူနဲ့
ရနိုင်တယ်။အဲ့ဒီလို တရားအားထုတ်တဲ့နေရာမှာလည်း အတုအယောင်ဆိုတာပေါ်လာတတ်တယ်။

တရားထူးတရားမြတ်ဆိုတာ ကိုယ့်ကျင့်ရင်ကိုယ်ရတာ ကိုယ်သိတာပေါ့။ကိုယ့်စိတ်ထဲမှာဖြစ်တဲ့အရာတွေပဲ။ကိုယ်မသိပဲနဲ့ တခြားလူတစ်ယောက်ကလာပြီးတော့ သောတာပန်ဖြစ်ပြီ သကဒါဂါမ်ဖြစ်ပြီ အနာဂါမ်ဖြစ်ပြီဆိုတော့ သြော် ငါသောတာပန်ပါလား သကဒါဂါမ်လား အနာဂါမ်ပါလားနဲ့ကိုယ့်ကိုယ်ကို အထင်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိသေးတာကိုး။ဒါ့ကြောင့်မို့လို့ ဒီနေ့ခေတ်မှာ အတုအယောင်တွေ မရှိဘူးလို့ မအောက်မေ့လေနဲ့အတုအယောင်တွေက အင်မတန်မှပေါတယ်။စာပေနဲ့ပတ်သက်ပြီးတော့လည်းအတုအယောင်တွေ တရားထူးတရားမြတ်ရပုံရနည်းနဲ့ပတ်သက်လို့လည်း အတုအယောင်တွေသောတာပန်အတုတွေ သကဒါဂါမ်အတုတွေ အနာဂါမ်အတုတွေ ရဟန္တာအတုတွေ ဖြစ်နေတယ်။

ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
သဒ္ဓမ္မပတိရူပကတရားတော်မှ ကောက်နှုတ်ချက်
ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။§

No comments:

Post a Comment