Tuesday, January 31, 2017

ဒုက္ခရောက်နေသူတိုင်း တရားသိနေကြပါပြီလား



မေး- ဒုက္ခကိုသိရင် တရားသိပြီလို့ ဆိုကြပါတယ်။ ဒုက္ခရောက်နေသူတိုင်း တရားသိနေကြပါပြီလား။

ဖြေ- ဒုက္ခကိုသိရင် တရားသိပြီဆိုတာ ဒုက္ခသစ္စာကိုသိမှတရား သိတယ်လို့ ဆိုလိုပါတယ်။

ဒုက္ခနဲ့ ဒုက္ခသစ္စာ၊ ဆင်းရဲနဲ့ ဆင်းရဲ အမှန်လို့ နှစ်မျိုးရှိပါတယ်။ လောကလူအများ လက်ခံထားတဲ့ ဆင်းရဲနဲ့ ဗုဒ္ဓဘုရားရှင်က သိစေလိုတဲ့ ဆင်းရဲလို့ နှစ်မျိုး ရှိပါတယ်။

မွေး၊ အို၊ သေ၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဆိုတာတွေဟာ အများကသတ်မှတ်လက်ခံထားတဲ့ ဆင်းရဲဒုက္ခ လည်းဟုတ်ပါတယ်။

ဆင်းရဲအမှန်ဆိုတဲ့ ဒုက္ခသစ္စာလည်း ဟုတ်ပါတယ်။ ရုပ်နာမ်ဓမ္မသင်္ခါရလို့ခေါ်တဲ့ ဥပါဒါန်စွဲလန်းစရာ အာရုံတွေဟာ ဆင်းရဲအမှန်တွေပါ။

နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ အောင့်တာ၊ တင်းတာဆိုတဲ့ ကိုယ်ဆင်းရဲမှု ရုပ်သဘောတွေပဲဖြစ်ဖြစ်၊ မနာတာ၊ မကျင်တာ၊ မကိုက်မခဲ၊ မတောင့်မတင်းတဲ့ ကိုယ်ချမ်းသာမှု ရုပ်သဘောတွေပဲ ဖြစ်ဖြစ် ရုပ်သဘောတိုင်းဟာ ဆင်းရဲအမှန်ပါ။

ဒါပေမယ့် ကိုယ်ချမ်းသာမှု ရုပ်သဘောကိုတော့ လူတွေက သုခလို့ သတ်မှတ်ပြီး ကိုယ်ဆင်းရဲမှုကိုသာ ဒုက္ခလို့ သတ်မှတ်ပါတယ်။ စိတ်ဆင်းရဲမှု နာမ်သဘောတရားတွေဟာလည်း ဒုက္ခပါပဲ။

စိတ်ချမ်းသာ မှုဆိုတဲ့ လောကီနဲ့ဆိုင်တဲ့ နာမ်သဘော တရားတွေဟာလည်း ဒုက္ခပါပဲ။ ဆင်းရဲအမှန်တွေပါ။ ဒုက္ခသစ္စာပါ။

ဒါပေမယ့် စိတ်ဆင်းရဲမှုကိုသာ ဒုက္ခလို့ သတ်မှတ်ပြီး၊ စိတ်ချမ်းသာမှုကို သုခလို့ သတ်မှတ်ကြပါတယ်။ တကယ်တမ်းကတော့ စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှု နာမ်သင်္ခါရပဲ ဖြစ်ဖြစ်၊ ကိုယ်ဆင်းရဲမှု ကိုယ်ချမ်းသာမှု ရုပ်သင်္ခါရပဲဖြစ်ဖြစ် ရုပ်နာမ်သင်္ခါရတွေဟာ ဆင်းရဲအမှန် ဒုက္ခသစ္စာတွေပါ။

ဒီရုပ် ဒီနာမ်တွေဟာ အမြဲမပြတ် ဖောက်ပြန်ပြောင်းလဲနေကြလို့ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရနိုင်တဲ့ သဘောတွေ ရှိနေကြပါတယ်။

မတည်မမြဲ ဖောက်ပြန်ပြောင်းလဲနေတဲ့ သဘောကြောင့်ကိုပဲ ဒုက္ခသစ္စာလို့ ဘုရားရှင်က သိစေချင်တာပါ။

ရုပ်နာမ်သင်္ခါရတို့ရဲ့ သဘောလက္ခဏာကိုတွေ့ရင် ၀ိပဿနာဥာဏ်ဖြစ်၊ ၀ိပဿနာတရားသိတယ်လို့ ခေါ်ပါတယ်။

ဒါမှမဟုတ် နာမှု ကျင်မှု၊ မွေး အို သေမှု ဆိုတဲ့ သံဝေဂရစရာ အာရုံတွေကို တွေ့ရင်တော့ သံ ဝေဂဥာဏ်ရနိုင်ပါတယ်။

သံသရာကို ထိတ်လန့်၊ အကုသိုလ်ကို ထိတ်လန့်တဲ့ သံဝေဂဥာဏ် အသိတရားတွေ ရနိုင်ပါ တယ်။

ဒါပေမယ့် သံဝေဂရစရာ အာရုံလည်းရှိ၊ ၀ိပဿနာဥာဏ်ဖြစ်စရာ အာရုံလည်း ရှိနေ၊ တွေ့နေရပေမယ့် ဒီအသိမျိုး ဥာဏ်မျိုး မဖြစ်ပေါ်ကြတာတွေလည်းရှိပါတယ်။

အများကြီး ရှိပါတယ်။ ကိလေသာတွေ ထူပြောပြီး အသိဥာဏ်ကို ဖုံးအုပ်ထား လို့ပါ။ ကိလေသာထူလို့ ဒုက္ခတွေ့၊ ဒုက္ခတွေ့လို့ ကိလေသာ ထူပြောဆိုတဲ့ လည်ပတ်မှုမျိုးနဲ့ ဆက်ဖြစ်နေရင်တော့ ဒုက္ခရောက် သူတိုင်း တရားမသိနိုင်ပါဘူး။

အသိဥာဏ်ဖြစ်မှသာ တရားသိနိုင်ကြပါတယ်။ သံဝေဂဥာဏ်၊ ၀ိပဿနာဥာဏ် အသိတရား တွေဖြစ်ဖို့ အရေးကြီးပါတယ်။

ဒီအပိုင်းများကို အလျင်းသင့်သလို တင်ပြပေးသွားပါမယ်။

[ ဆရာတော်အရှင်ဆေကိန္ဒ ] ပြန်လည်ဖြေကြားထားခြင်းများသာ ဖြစ်ပါသည်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment