Thursday, December 29, 2016

သာတာပန်တွင်ဒိဋ္ဌိရှိသေးသလော


.
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ် - ဝါဆိုပြည့်ညချမ်း စနေနေ့တွင် ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော်မူပါသည်။ ယင်းနေ့၌ပင် ကောဏ္ဍညမထရ်သည် သစ္စာလေးပါး သိမြင်၍ သောတာပန်တည်၏။✅

ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ဝပ္ပမထေရ်၊ နှစ်ရက်နေ့တွင် ဘဒ္ဒိယမထေရ်၊ သုံးရက်နေ့တွင် မဟာ နာမ်မထေရ်၊ လေးရက်နေ့တွင် အရှင်အဿဇိမထေရ် တို့သည် အစဉ်အတိုင်းသောတာပန်တည်ကြ၏။✅

ထို့နောက် မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်ကျော်ငါးရက်၊ ကြာသာပတေးနေ့တွင် အနတ္တလက္ခဏာ သုတ်ကို ဟောတော်မူ၏။ ထိုအခါမှ ပဉ္စဝဂ္ဂီငါးဦးစလုံး ရဟန္တာဖြစ်တော်မူလေသည်။✅

မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦး သောတာပန်တည်ပြီးမှ အနတ္တလက္ခဏာသုတ်ကို ဟောတော်မူ ခြင်းဖြစ်ပါ၏။

" ဤသို့ သောတာပန်တည်ပြီးမှ အနတ္တလက္ခဏာသုတ်ကို ဟောတော်မူရခြင်းသည် ပဉ္စဝဂ္ဂီငါးဦး၌ အတ္တအယူရှိနေသေး၍ အတ္တပြုတ်ရန် အနတ္တကို ဟောတော်မူရသည် " ဟု နိုင်ငံကျော်စာရေးဆရာ တစ်ဦးနှင့် နိုင်ငံကျော်ဓမ္မကထိကတစ်ဦး ရေးသား၊ ဟောပြောသည်ကို ဖတ်ရ၊ ကြားရပါသည်။ စာဖတ်သူများလည်း ကြားဖူး၊ ဖတ်ဖူးကြမည်ထင်ပါသည်။

သောတာပန်သည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ အောက်သံယောဇဉ်သုံးပါးကို အမြစ်ပြတ်ပယ်သတ် ပြီး ဖြစ်ပါသည်။

ဒိဋ္ဌိဆိုသည်မှာ မိမိခန္ဓာကိုယ်၌ ပြုဖွယ်မှန်သမျှကို ပြုလုပ်နိုင်စွမ်းသော အတ္တ(ကာရက)၊ ခံစားမှုမှန်သမျှ ကို ခံစားသော အတ္တ(ဝေဒက)၊ ခန္ဓာကိုယ်ကို အစိုးရသောအတ္တ (သာမီ)၊ ခန္ဓာကိုယ်ထဲ၌ အမြဲတမ်းမပျက်မစီးရှိ နေသော အတ္တ( နိဝါသီ)၊ ခန္ဓာအိမ်နှင့်ဆိုင်ရာဝယ် မိမိသဘောသို့ လိုက်ပါစေနိုင်သော အတ္တ(သယံဝေသီ) စသည် အတ္တဇီဝရှိနေသည်ဟု ယုံမှားစွဲလမ်းနေသော အမြင်မှားမှု၊ အယူမှားမှု ဖြစ်ပါ၏။ ယင်းကို သက္ကာယဒိဋ္ဌိ ဟု ခေါ်ပါ၏။

ယင်းသက္ကာယဒိဋ္ဌိမှ ဘဝသေဆုံးလျှင် ပြတ်သည်ဟူသော ဥစ္ဆေဒဒိဋ္ဌိ၊ ခန္ဓာကိုယ်သေဆုံးသောလည်း အတ္တကမသေဘဲ ဘဝတစ်ပါးသို့ ကူးသွားသည်ဟူသော သဿတဒိဋ္ဌိတို့ ဖြစ်ပေါ်လာသည်။ ၆၂ - ပါးသော ဒိဋ္ဌိ တို့လည်း ဖြစ်ပွားလာခြင်း ဖြစ်ပါ၏။ သောတာပန်သည် အရင်းအမြစ်ဖြစ်သော သက္ကယဒိဋ္ဌိကို ပယ်သတ်လိုက်ပြီ ဖြစ်ရာ အတ္တနှင့် သက်ဆိုင်သော ၆၂ - ပါးသော ဒိဋ္ဌိတို့လည်း မရှိတော့ပေ။

ဥပါဒါန်လေးပါးတွင် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်များသည် တရားကိုယ်ကောက်သော် ' ဒိဋ္ဌိ ' စေတသိက်သာ ရပါ၏။ ထို့ကြောင့် ထိုဥပါဒါန်သုံးပါးကိုလည်း သောတာပန်က ပယ်သတ်ထားပြီး ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ အနတ္တလက္ခသုတ်ကို ဟောတော်မူခြင်းမှာ ပဉ္စဝဂ္ဂီငါးဦး အတ္တပြုတ်ရန်အတွက် ဆိုခြင်းမှာ မဟုတ်ပါ။ အဘယ်အတွက်ကြောင့် အနတ္တလက္ခဏာသုတ်ကို ဟောတော်မူခြင်းဖြစ်သည်ကို မဟာစည်ဆရာ တော်ဘုရားကြီး၏ အနတ္တလက္ခဏာသုတ် တရားတော်ကြီးစာအုပ် ၊ စာမျက်နှာ - ၂၂- ၂၃ - ၌ ဤသို့ ဖော်ပြ ထားပါ၏။

(၁) ကိုယ်ထဲမှာ အလိုအတိုင်းအစိုးရတဲ့ ငါကောင်ရှိသည်ဟု ထင်တာက သာမီအတ္တစွဲ။
ယခု ဒီအနတ္တလက္ခဏာသုတ်တရားတော်က အဲဒီသာမီအတ္တစွဲကို ပယ်နိုင်အောင် ဟောထားတာပဲ။ ဒီ် လိုဆိုတော့ ဒီအနတ္တလက္ခဏာသုတ်ကို ဟောတော်မူတာာဟာ ပဉ္စဝဂ္ဂီရဟန်းတော်ငါးပါးကို ဟောတော်မူတာမ ဟုတ်လား၊ အဲဒီ ပဉ္စဝဂ္ဂီရဟန်းတော်ငါးပါးဟာ သောတာပန်ဖြစ်ပြီးကြပြီမဟုတ်ပါလား။ သောတာပန်မှာ အတ္တစွဲ ရှိသေးလားလို့ မေးဖွယ်ရာ ရှိပါတယ်။

သောတာပန်မှာ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဆိုတဲ့ အောက်သံယောဇဉ်သုံးပါးကို အကြွင်းမဲ့ပယ်ပြီးဖြစ်နေတဲ့အတွက် အတ္တဒိဋ္ဌိကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် အသ္မိမာနစွဲကတော့ မကင်း သေးဘူး။ ရှိနေသေးတာပဲ။

ငါတတ်တယ်၊ ငါမြတ်တယ် စသည်ဖြင့် ဂုဏ်ယူပြီး ငါအနေဖြင့် တက်ကြွတဲ့မာနကို အသ္မိမာနခေါ်တယ် ။ အဲဒီမာနကလဲ သောတာပန်မှာ ဟုတ်မှန်တဲ့ဂုဏ်ကိုသာ စွဲမှီပြီးဖြစ်ပါတယ်။ မဟုတ်မမှန်တဲ့ဂုဏ်၊ မရှိတဲ့ဂုဏ်နဲ့ တော့ မာန်တက်ခြင်းမရှိပါဘူး။

ဒါကြောင့် သောတာပန်မှာ မကင်းသေးတဲ့ အဲဒီအသ္မိမာနကို ပယ်နိုင်အောင် ဝိပဿနာအလုပ်ကို အား ထုတ်ရတယ်။ ဝိပဿနာ ရင့်သန်တဲ့အခါကျတော့ သကဒါဂါမိမဂ်ဖြင့် အဲဒီမာနကို အားနဲစေပြီး တစ်စိတ်တစ် ပိုင်းအားဖြင့်ပယ်တယ်။ ဒါပေမယ့် အကုန်လုံးတော့ မကင်းသေးဘူး။ အနာဂါမိမဂ်ဖြင့်လဲ ပယ်ရပြန်တယ်။ အဲဒါ လဲ အကုန်မကင်းသေးဘူး။ အရဟတ္တမဂ်ဖြင့် ပယ်လိုက်မှ အဲဒီအသ္မိမာနက လုံးဝကင်းသွားတယ်။

ဒါကြောင့် သောတာပန်ဖြစ်ပြီးကြတဲ့ ပဉ္စဝဂ္ဂီငါးပါးတို့သန္တာန်မှာ ကြွင်းကျန်နေသေးတဲ့ အဲဒီအသ္မိမာနစွဲကို ပယ်နိုင်အောင် မြတ်စွာဘုရားက ဒီအနတ္တလက္ခဏာသုတ် တရားတော်ကို ဟောကြားတော်မူတယ်လို့ မှတ်ယူ ရမယ်။

(၂) ကိုယ်ထဲမှာ အမြဲတည်နေတဲ့ ငါကောင်ရှိသည်ဟုထင်တာက နိဝါသီအတ္တစွဲ။
ယခုလူတွေ မိမိတို့ကိုယ်ကို မွေးကတည်းက သေသည်အထိ အမြဲတမ်းအသက်ရှင်ပြီး တည်ရှိနေတယ် လို့ ထင်နေကြတာပဲ။ အဲဒါဟာ နိဝါသီအတ္တစွဲပဲ။ သေပြီးတဲ့နောက်မှာတော့ မရှိတော့ဘူးလို့ တချို့ကယူဆကြ တယ်။ အဲဒါဟာ ဥစ္ဆေဒဒိဋ္ဌိပဲ။ တချို့ကတော့ သေပြီးတဲ့နောက်လဲ ဘဝသစ်၊ ခန္ဓာသစ်မှာ ဝင်ရောက်ပြီးတော့ တည်မြဲတည်ရှိနေတယ်၊ ဘယ်တော့မှ ပျက်စီးမသွားဘူးလို့ ယူဆကြတယ်။ အဲဒါက သဿတဒိဋ္ဌိပဲ။

ဒီဒိဋ္ဌိအစွဲမျိုးနှင့်တကွ မသ္မိမာနစွဲကို ပယ်နိုင်အောင်လို့ ဒီအနတ္တလက္ခဏာသုတ်ကို ဟောရတာပဲ။ ပဉ္စဝဂ္ဂီရဟန်းတော်များနဲ့ အရိယာပုဂ္ဂိုလ်များမှာ ကြွင်းကျန်နေသေးတဲ့ အသ္မိမာနကိုပယ်နိုင်အောင်၊ ပုထုဇဉ်များ မှာ ဒိဋ္ဌိအစွဲများပါ ပယ်အောင် ဟောတော်မူတာပါပဲ။

ဘာကြောင့်လဲဆိုတော့" အသက်ရှင်နေတဲ့ကောင်ဟာ အမြဲတမ်းတည်ရှိနေတယ် " လို့ စွဲလမ်းနေရင် "ငါ့ကိုယ်ငါ ငါ့အလိုအတိုင်း အစိုးရတယ် " လို့စွဲလမ်းတော့တာပါပဲ။ ဒါကြောင့် ဒီအနတ္တလက္ခဏာသုတ် တရား တော်ဖြင့် သာမီအတ္တစွဲကိုသာ ပယ်ရန်မဟုတ်၊ နိဝါသီအတ္တစွဲကိုလည်းပယ်ရန် ဟောတော်မူတယ်လို့ သိရပါ တယ်။ နောက်ပြီးတော့ သာမီအတ္တစွဲကိုပယ်နိုင်ရင် တခြားအတ္တစွဲဟူသမျှလည်း အကုန်ကင်းစင်သွားတော့တာ ပါပဲ။

အရှင်ဇနာကာဘဝံသ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏာသုတ်တရားတော် စာအုပ် စာမျက် နှာ - ၂၉၈ တွင်လည်း -

" သောတပန်ဖြစ်ရင် အတ္တဒိဋ္ဌိပြုတ်ပါတယ်။ အတ္တဆိုတဲ့ စွဲလမ်းမှုမရှိပေမယ့်လို့ အပေါ်ယံမာန်မာန ကတော့ ရှိနေသေးတာပဲ။ တဏှာကတော့ ရှိနေသေးတယ်။ အင်မတန်ကြမ်းတဲ့တဏှာ ၊ မာနသာ အတ္တဒိဋ္ဌိပြုတ် တဲ့အထဲ ရောပါသွားတာ။ ဒါလောက်မကြမ်းတဲ့တဏှာ၊ မာနကတော့ ကျန်နေသေးတယ်။

"ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က အားလုံးသော နတ်ဗြဟ္မာတွေရော၊ ငါးပါးသော အရှင်မြတ် တွေရော ကျန်နေတဲ့ မာန၊ တဏှာပြုတ်သွားအောင် ငါးရက်မြောက်နေ့မှာ ဒီအနတ္တတရားကို ဟောတော်မူ တယ် " ဟု မိန့်ဆိုထားပါသည်။

မြတ်စွာဘုရားရှင်သည် ဓမ္မစကြာနှင့် အနတ္တလက္ခဏာသုတ်ကို ဟောတော်မူသောအခါ လူပုဂ္ဂိုလ်မှာ ပဉ္စဝဂ္ဂီငါးဦးသာပါသော်လည်း နတ်ဗြဟ္မာများမှာ မရေတွက်နိုင်အောင်ပင် ရှိပါသည်။ ဓမ္မစကြာဟောပြီး အချိန် တွင် ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာများ အရိယာအဖြစ်သို့ ရောက်ကြသော်လည်း ပုထုဇဉ်နတ်ဗြဟ္မာအချို့ ကျန်ရှိ နေနိုင်ပေသေးသည်။ ထို့ကြောင့် အတ္တမပြုတ်သေးသူလည်း အတ္တပြုတ်၊ အတ္တပြုတ်ပြီးသူလည်း တဏှာ၊ မာန ပြုတ်ရန် အနတ္တလက္ခဏာသုတ်ကို ဟောတော်မူခြင်း ဖြစ်နိုင်ပါသည်။

" ပဉ္စဝဂ္ဂီငါးပါးအား အတ္တပြုတ်ရန် အနတ္တလက္ခဏာသုတ်ကို ဟောရသည်" ဆိုပါက " သောတာပန်မှာ အတ္တဒိဋ္ဌိရှိနေသေးသည် " ဟု စွပ်စွဲရာရောက်နေပါလိမ့်မည်။

သောတာပန်သည် အတ္တဒိဋ္ဌိကိုသာမကဘဲ အယူစွဲ(ဒိဋ္ဌုပါဒါန်)၊ အကျင့်စွဲ( သ်ီလဗ္ဗတုပါဒါန်) တို့ကိုလည်း ပယ်ကြောင်း ဝိသုဒ္ဓိမဂ်၌ ပါရှိပါသည်။ ဒိဋ္ဌုပါဒါန်အကြောင်း အနည်းငယ်သုံးသပ်ပြချင်ပါသည်။

ဘုရားရှင်လက်ထက်၌ ဝိသာခါကျောင်းအမကြီးသည် သောတာပန်ဖြစ်ပါ၏။ ဝိသာခါသည် သူ၏မြေး၆ သေသောအခါ အသုဘပို့ပြီးအပြန် ဂင်္ဂါမြစ်၌ ခေါင်းရေးဆေးပါ၏။ ဤသို့ပြုမူခြင်းသည် (အယူစွဲ) ဒိဋ္ဌုပါဒါန်ဖြစ် သည်ဟု အချို့ကဆိုကြပါ၏။ မဆိုသင့်၊ မဆိုထိုက်ပါပေ။

" ခေါင်းရေဆေးခြင်းဖြင့် အကုသိုလ်များ ပပျောက်သည်၊ မင်္ဂလာရှိသည် " ဟု ယူဆလျှင်သာ ဒိဋ္ဌုပါဒါန် ဖြစ်နိုင်ပါသည်။ ထိုအယူဆမျိုး သောတာပန်ဖြစ်သော ဝိသာခါ၌ မရှိနိုင်တော့ပြီ။ အသုဘပို့ပြီးအပြန် ဦးခေါင်း ရေဆေးရခြင်းသည် အိန္ဒိယ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ် ဖြစ်နိုင်ပါသည်။

ဥပမာအားဖြင့် စာရေးသူတို့ မြန်မာနိုင်ငံ၌ ကလေးသူငယ်များသည် လူကြီးနှင့်စကားပြောသည့်အခါ လက်ပိုက်၍ ပြောကြပါသည်။ ဤကား မြန်မာ့ယဉ်ကျေးမှုဖြစ်၏။ အနောက်နိုင်ငံများ၌မူ လက်နောက်ပစ်၍ ပြော ကြပါသည်။ သူတို့၏ ယဉ်ကျေးမှုဖြစ်၏။ မြန်မာ့မျက်စိဖြင့်ကြည့်လျှင် ထိုအပြုမူသည် ရိုင်းရာကျပါသည်။ ထို့အ တူ သူတို့မျက်စိ၌လည်း မြန်မာ့အပြုမူကို ရိုင်းသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် မည်သူမျှ ရိုင်းလို သောဆန္ဒ မရှိပေ။ ဤကား ယဉ်ကျေးမှု အလေ့အကျင့်သာ ဖြစ်သည်။

ခေါင်းလျှော်ခြင်းဓလေ့သည် မြန်မာနိုင်ငံ၌ မရှိ၍ ဝိသာခါခေါင်းလျှော်ခြင်းကို ဒိဋ္ဌုပါဒါန်ဖြစ်သည်ဟု ဆို ရန်မသင့်ဟု ထင်မိပါ၏။ ထိုခေတ်အခါက အိန္ဒိယ၌ " ဥဒကသုဒ္ဓိ " ဟု ခေါ်သော ဂင်္ဂါရေချိုးလျှင် အကိုသိုလ် ကုန်ပျောက်သည်ဟု အယူဆရှိသည်မှာလည်း မှန်ပါ၏။ ယနေ့ခေတ်တိုင်အောင်လည်း ရှိနေသေး၏။ ဒိဋ္ဌုပါဒါန် ကို ပယ်ပြီးသော ဝိသာခါအနေနှင့် ထိုအယူအဆကို ယုံကြည်မည် မဟုတ်တော့ချေ။

စာရေးသူတို့မြို့တွင် လူသေသောအခါ လိပ်ပြာဖြတ်သော အလေ့အထရှိပါ။ ဤအလေ့သည် စင်စစ် ဒိဋ္ဌိအယူသာ ဖြစ်ပါသည်။ လူငယ်တစ်ဦးသည် မြတ်စွာဘုရား၏ တရားတော်များကို နာကြားထား၍ ခန္ဓာကိုယ်၌ အတ္တလိပ်ပြာမရှိမှန်း သိ၏။ သူ၏အမေသေသောအခါ လိပ်ပြာဖြတ်သောအလုပ်ကို မလုပ်လိုပေ။ သို့သော် အ ခြားညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့် ပတ်ဝန်းကျင်ကို မလွန်ဆိုင်နိုင်၍ သူတို့သဘောကျ လိုက်လုပ်လိုက်ရပေ သည်။

ဤကဲ့သို့ပင် သောတာပန်ဖြစ်ပြီးသော ဝိသာခါသည်လည်း သူ၏ ပန်ဝန်းကျင်ဓလေ့အတိုင်း လိုက်လုပ် ရပေသည်ဟု စာရေးသူ၏ " အတ္တနောမတိ " ဖြင့် ထင်မြင်မိပါတော့၏။ ပညာရှိများ ဝေဖန်ပေးကြပါကုန်။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment