Thursday, December 29, 2016

သမထတန်ခိုးကိုလောကီပေကြိုးနှင့်မတိုင်းသင့်



အခါတစ်ပါးယောဂီပညာရှိတစ်ယောက်သည် တောအ၀င်ဝလမ်းဘေးတစ်ခုတွင် သမာဓိတရားကိုပွားများရင်း အာရုံစူးစိုက်၍ လဲလျောင်းနေလေ၏။

သူခိုးတစ်ယောက်သည် ထိုလမ်းကိုဖြတ်သွားသောအခါ ယောဂီကြီးအားတွေ့လေရာ ``ဤသူသည် ငါကဲ့သို့သူခိုးတစ်ယောက်ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောညများက အိမ်များကိုခိုးယူဖောက်ထွင်းပြီးနောက် မောမောပန်းပန်းနှင့် အိပ်ပျော်နေခြင်းဖြစ်ပေလိမ့်မည်´´ဟု တွေးတော၍ ကိုယ်ချင်းစာကာ အနှောင့်အယှက်မပေးဘဲထွက်ခွါသွားလေ၏။

သူခိုးထွက်သွားပြီးနောက်မကြာမြင့်မီပင် သေတင်းကုပ်မှမူး၍ပြန်လာသော အရက်သမားတစ်ဦးက ယောဂီကြီးအားတွေ့ပြန်သော် ``ဟား ဟား ဟား ဟား ဒီလူ့နှယ် ဘယ်လောက်များသောက်လာလို့ အောက်ခြေလွတ်နေတာပါလိမ့်။ ငါတို့နဲ့များကွာလိုက်တာကွာ။ ကြည့်စမ်းပါ။ တို့များတော့ ဘယ်လောက်သောက်သောက် ဣနြေ္ဒတောင်မပျက်ပေါင်´´ဟု ခပ်ယိုင်ယိုင်လျှောက်ရင်း ပြောသွားလေ၏။

ယောဂီတစ်ဦးက တွေ့သောအခါမူ သမထ၀င်စားနေကြောင်းချက်ချင်းသိ၍ ``င့ါထက်သမာဓိခိုင်လုံနေပါကလား´´ဟု အနားသို့ချဉ်းကပ်ကာ သမာဓိမှမထမချင်း စောင့်နေပြီးလျှင် ခြေဆုပ်လက်နယ်အမှုမျိုးပြုကာ ရိုသေကျိုးနွံစွာ ခစားနည်းယူလေသတည်း။ ထိုဥပမာလေးနှင့်စပ်လျဉ်း၍ ရာမာခရစ်ရှနာက ဟောကြားသည်မှာ

``အို အချင်းတို့ ကျွန်ုပ်တို့၏ ယောဂီအာရုံများသည် မိမိသန္တာန်နှင့်လျော်ညီစွာ တွေးတောယုံမှားကြသောကြောင့် မြင့်မြတ်သောအမှန်တရားကို မမြင်တွေ့နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့် တပည့်တို့သည် ဉာဏ်အမြင်ပွင့်လင်းအောင် ကြိုးစားကြရမည်´´ဟူသော စကားဖြစ်၏။

ဤပုံပြင်ကား ``မသိသူကျော်သွား သိသူဖော်စား´´ဟူသည့် စကားပုံလေးတစ်ခုကို ချဲ့ထွင်တင်ပြထားခြင်းဖြစ်သည်။ ထိုသဘောတရားကို ငုံမိသောပုံဝတ္ထုတစ်ခုမှာ အဖိုးတန်စိန်တစ်လုံးကို ၀ယ်ယူသူ အမျိုးမျိုးအစားစားထံ အရောင်းခိုင်းလိုက်သော သူဌေးပုံပြင်နှင့်တူ၏။ စိန်ကဲကျောက်ကဲ မခတ်တတ်သော လူတို့အဖို့ တန်ရာတန်ဖိုးဖြင့်ပေး၍ ၀ယ်ယူနိုင်သော အင်အားမရှိသလို ယခုဝတ္ထုက ထို့ထက်သဘောပေါက်အောင် ဖော်ပြထားခြင်းဖြစ်ပါသည်။

လောကုတ္တရာတရားကို လမ်းပေါ်၌ အဆင်သင့်တွေ့ရငြားသော်လည်း တရားမှန်မသိသော သူခိုးနှင့်သေသောက်ကြူးတို့၏ဆုံးရှုံးပုံကို ဥပမာတင်စားထားလေသည်။ လောကုတ္တရာတန်ခိုးကို ကျွန်ုပ်တို့၏ ဉာဏ်ပေကြိုးကလေးဖြင့် တိုင်းကြည့်ရိပ်မိနိုင်ရန် ကျွန်ုပ်တို့၏ကိုယ်ခံအသိတရားကလေးရှိထားပါမှ တွေ့မြင်နိုင်ကြသည်။ ထိုသို့သော အသိတရားကလေးရှိလောက်အောင်မှာမူ ကိုယ်ကျင့်အလေ့အထုံများက အရင်းတည်ကြရလေသည်။ ထိုအလေ့အထုံကို ပါရမီဟုခေါ်ကြသည်။ စာကောင်းပေကောင်းကိုဖတ်ခြင်း၊ ပညာရှိသူတော်ကောင်းကို ပေါင်းသင်းဆည်းကပ်ခြင်းတို့ရှိလျှင် အသိတရားကလေးများ ၀င်စားနိုင်လေသည်။ ထိုအခါအားကိုးလောက်သော တရားအစစ်ကို ကိုယ်တိုင်တွေ့လျှင် ကိုယ်တိုင်ဆင်ခြင်၍ အကျိုးတရားများတိုးပွားများနိုင်လေသည်။ ထိုအရည်အချင်းမှကင်းကွာလျှင်ကား သေရည်သမားနှင့်ခိုးသားကဲ့သို့ လောကုတ္တရာရတနာပိုင်ရှင်မြင်တွေ့လျက်နှင့် ကျော်လွှားသွားလိမ့်မည်ဟု ယုံမှားဖွယ်ရာမရှိချေ။

ထိုအကြောင်းကိုရည်ရွယ်၍ မန်လည်ဆရာတော်ဘုရားကြီးက ဤသို့ဆို၏။
``ရတနာဟူတုံ၊ တစ်စုံတစ်ခု၊ ၀တ္ထုအမျိုး၊ အဖိုးနဂ္ဃပြည့်၊ ပြည်တန်မှည့်လည်း၊ သုံးမည့်သူက၊ သုံးမကျလျှင်၊ မြေမှထင်စွာ၊ ကြက်ယက်ရာ၌၊ ရတနာပတ္တမြား၊ ပေါ်သော့လားသို့၊ သုံးစားမထင်၊ ဘဲမထင်ဘူး။´´(မဃဒေ၀လင်္ကာ)

လောကီဉာဏ်သိပ္ပံပညာကလေး ၀ိုးတ၀ါးဖြင့် ဘုရားသံဃာများကို ယုံမှားသင်္ကာစစ်ဆေးစူးစမ်းနေခြင်းကြောင့် ကိုယ်ကျိုးဆုတ်ယုတ်တတ်လေသည်။ အထူးသဖြင့် တရားပြဆရာ၊ ကမ္မဋ္ဌာန်းဆရာတို့ကား လောကီသမားပညာတတ်အသိုင်းအ၀ိုင်း၏ ယုံကြည်လေးစားမှုကို ခံယူကြရန်ခဲယဉ်းလှတော့၏။ ပျောက်စေဆရာ၊ မှော်ဆရာ၊ ဂိုဏ်းဆရာ၊ အယောင်ဆောင်ဆရာ၊ ကိုယ်ကျင့်ပျက်နေသော တောင်ပို့ဆရာများအကြားတွင် သောကောရောကော အထင်သေးခံရတတ်သည်။

ဤသို့အထင်သေးမှုကြောင့် တကယ့်ဆရာမှာ ဆုံးရှုံးနစ်နာမှုမရှိ၊ မိမိမှာသာ ရလတ္တံ့သောလာဘ်ကြီးရတနာများနှင့် လွဲချော်တတ်ကြောင်း သတိပြုစရာကောင်း၏။

ကျွန်ုပ်၏ဦးလေးတော်သူ တရားသမားတစ်ဦးက ဤသို့ပြောဖူးလေသည်။

``အေး လူကိုမယုံတတ်တဲ့အကျင့်ဟာ မင်းတို့အဖို့ လူလိမ်ခံရခြင်းမှလည်း လွတ်နိုင်တယ်။ တကယ့်အစစ်နဲ့လည်း လွဲနိုင်တယ်´´ဟူသတည်း။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment