ရဟန်းဝတ်ခြင်းနှင့် ပတ်သက်၍
ရဟန်းဘ၀ဟူသည် ပဗ္ဗဇိတဒုလ္လဘ ဖြစ်သည်ကား
မှန်၏။သို့သော် ယခုခေတ်အခါသည် ရဟန်းဝတ်
ခြင်း၌ များစွာအရေးတကြီး သိအပ်သည်များ ရှိပါ
၏။
အရေးကြီးတာ ရေးပါမယ်
ရဟန်းဘ၀ကို ဒုလ္လဘအနေနဲ့ဝတ်မယ်ဆိုရင်
၁။ ရဟန်းဖြစ်အောင် လုပ်ခြင်း
၂။ ရဟန်းသီလကို စောင့်ထိန်းခြင်း
၃။ အာပတ်သင့်သောအခါ ထိုအာပတ်ကို ကုစားခြင်း
၎။ လူထွက်သောအခါ သိက္ခာချခြင်း ဆိုပြီး အပိုင်း
လေးပိုင်း ရှိပါတယ်။
အခု နံပတ်တစ်အပိုင်းကို တင်ပြပါမယ်။
နံပတ်တစ်ကို ဒီနေ့ပြောပါမယ်
ရဟန်းဖြစ်အောင်လုပ်တဲ့ နေရာမှာအင်္ဂါငါးချက်ရှိ
ပါတယ်။ ပေါ့ပျက်ပျက်လုပ်၍ မရပါ။
အင်္ဂါတွေက
၁။ ရဟန်းဝတ်မယ့်သူက အသက်နှစ်ဆယ်ပြည့်ရ
မယ်၊ ရဟန်းမခံထိုက်တဲ့ မိဘသတ်သူ စသော
(11)မျိုးကလွတ်ရမယ်။
၂။ သိမ်က သိမ်အစစ်ဖြစ်ရမယ်။ သိမ်ဝင်ပြီး ရဟန်း
ခံရန်အတွက် ကံဆောင်တဲ့နေရာမှာ သိမ်ကို ဓာတ်
ကြိုးစသည်များ ကိုဖယ်ရှားခြင်း၊ သစ်ပင်အငြိအစွန်း
များကို ဖယ်ရှားခြင်းတို့ ပြုထားရမယ်။
၃။ မြန်မာနိုင်ငံမှာဆိုရင် ကံပြုတဲ့အခါရဟန်းအစစ်
ငါးပါးရှိရမယ် ၊ ရဟန်းအနည်းဆုံး ဆယ်ပါးရှိရင် ပို
ကောင်းပါတယ်၊ ဘာလို့လဲဆိုရင် တချို့ရဟန်းတွေ
က မူလကတည်းက ယခုပြောနေတဲ့အကြောင်းငါး
ပါး ချို့တဲ့လို့လည်း ရဟန်းအစစ်မဖြစ်ခဲ့တာ ရှိတတ်
ပါတယ်၊တချို့ကပါရာဇိကကျလို့ရဟန်းအစစ်မ
ဟုတ်တော့တာလည်းရှိတတ်ပါတယ်၊ ဒါကြောင့်
ရဟန်းများလေ စိတ်ချ ရလေပါပဲ။
၎။ ရဟန်းခံတဲ့ ကမ္မဝါမှာ နှစ်ပိုင်းရှိပါတယ်၊ ပထမ
အပိုင်းက ဉ တ်ပါ ဒုတိယအပိုင်းက ကမ္မဝါပါ။
ဉ တ်ဆိုတာက ကျွမ်းကျင်တဲ့ရဟန်းက သိမ်ထဲမှာ
ရဟန်းပြုပေးဖို့ စုဝေးနေကြတဲ့ သံဃာတွေကို
ရဟန်းလောင်းက ဘယ်သူ့ကို ဥပေဇ္ဈာယ်ပြုပြီး
ရဟန်းပြုလိုတဲ့အကြောင်းကို အသိပေးတဲ့ ပါဠိကို
ရွတ်ပြရတာပါ။
အဲဒီလို ရွတ်ပြတဲ့နေရာမှာ ဉ တ်မှာ ပါတဲ့ပါဠိကို
စနစ်တကျ ရွတ်ရပါတယ်၊ မမှန်ရင် မပီသရင်
ဉ တ်ကို ရွတ်ရာမရောက်လို့ အင်္ဂါချို့တဲ့သွားပါတယ်။
ပြင်းရမယ့်နေရာ မပြင်းဘူး နှုတ်ခမ်းပိတ်ရမယ့်နေရာ
မပိတ်ဘူး ဆိုရင် ချို့တဲ့သွားပါပြီ၊ ဒါလည်း ရဟန်း
မဖြစ်အောင် တားဆီးနိုင်တဲ့ အန္တရာယ်ပါ။
ယခုခေတ်မှာ များသောအားဖြင့်က ပြင်းပြင်းရွတ်
ရတဲ့နေရာတွေမှာ ရွတ်ကြပါတယ်၊ ဥပမာ သံဃော
ဆိုတဲ့ စကားမှာ ဃောကို ပြင်းပြင်း ရွတ်ကြတာ
ကြုံဖူးကြမှာပါ။
သို့သော် များသောအားဖြင့်က ပါဠိအခေါ် နိဂ္ဂဟိတ်
မြန်မာလိုလွယ်အောင်ပြောရရင် သေးသေးတင်ပါတဲ့
ပုဒ်တွေမှာ၊ ဥပမာ သံဃံ ဆိုတဲ့ ပုဒ်မှာ သံရွတ်တဲ့နေ
ရာ ဃံရွတ်တဲ့နေရာ မှာ နှုတ်ခမ်းကို ပိတ်ရပါတယ်။
အစမ်းရွတ်ကြည့်ပါ၊ အများအားဖြင့် မပိတ်ဘဲ ရွတ်ကြ
ပါတယ်။အများအားဖြင့် ရဟန်းတော်တွေ ရွတ်တဲ့အခါ
ယခုခေတ်မှာ အဲဒီအပိုင်း ချွတ်ယွင်းနေတာ တော်တော်
ဆိုးပါတယ်၊
၅။ ကမ္မဝါက ရဟန်းလောင်းကို ရဟန်းပြုပေးတဲ့
လုပ်ငန်းမှာ သံဃာတွေဆီက သဘောတူညီချက်
ရယူတာပါ။ သဘောမကျရင် သံဃာတွေက ကန့်
ကွက်နိင်ပြီ သဘောတူရင်တော့ ဆိတ်ဆိတ်နေ
ပေးရပါတယ်၊ ကမ္မဝါလည်း ဉ တ်တွင် ဖော်ပြသကဲ့
သို့ ပီပြင်အောင် ရွတ်ရပါမယ်၊
နောက်ဆက်တွဲ ပြောချင်တာက ဒီဘက်ခေတ်မှာ
ရဟန်းဝတ်မယ်ဆိုရင် သံဃာပင်ပြီး လှူဖွယ်တွေ
လည်း လှူကြရ ၊ ပရိသတ်ကိုလည်း ကျွေးမွေးကြ
ရနဲ့ ငွေအတော်ကုန်ပါတယ်၊ ကုန်တာကပြဿနာ
မဟုတ်ပါဘူး၊ ရဟန်းမဖြစ်ခဲ့ရင်သာ အဓိကပါ။
သို့သော် ရဟန်းမဖြစ်တာကို မဖြစ်မှန်းမသိဘဲ ရဟန်း
ဘ၀နဲ့ ကောင်းကောင်းနေမယ်ဆိုရင် နတ်ရွာ မဂ်ဖိုလ်
ကို ရနိုင်ပါတယ်၊ ရဟန်းခံခြင်းအတွက် အကျဉ်းတင်ပြ
တာပါ။
ရဟန်းသီလကို စောင့်ထိန်းခြင်း
±±±±±±±±±±±±±±±±±±±±±±±
အဓိကကတော့ ရဟန်းတွေမှာ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပါပဲ၊ အဲဒီလေးမျိုးနဲ့ပတ်သက်
လို့ သိက္ခာပုဒ်များပါတယ်၊ လိုရင်းကိုပဲ ပြောသွားပါမယ်၊
ရဟန်းတွေ သိက္ခာပုဒ်ကိုချိုးဖောက်မိရင် အာပတ်သင့်တယ်၊ အာပတ်သင့်တာ ပုံစံက
ခြောက်မျိုးရှိပါတယ်၊ မည့်သို့ပင်ဖြစ်ဖြစ် စေတနာနဲ့သင့်တဲ့အာပတ်ဖြစ်မှ မဂ်ဖိုလ်တားပါ
တယ်၊
ဆွမ်းနဲ့ပတ်သက်ရင် သေးမွှားတဲ့သိက္ခာပုဒ်တွေကို မထုတ်ပြတော့ပါဘူး၊ အရေးကြီးတာက
ရဟန်းက ဆယ်ပါးသီလကစရပါမယ်၊ ဒီတော့သိသင်တာက ဆွမ်းအပိုင်းမှာ နေ့လွဲညစာ
ပိုင်း အကပ်ခံမှုအပိုင်း ပဝါရိတ်သင့်မှုအပိုင်း အစားအသောက်ရောနှောမှုအပိုင်းတွေ
သိရမယ်၊
နေ့လွဲညစာပိုင်းမှာက လ္ဘက်ခြောက်ခပ်ထားတဲ့ရေနွေး၊ ပီကေ၊ ချိုချဉ်၊ အချို့သော အချိုရည်၊
ထန်းလျက် ကြံသကာ၊ ကြက်သွန်ဥပြုတ်တို့တွေကို စားလို့သောက်လို့မရပါဘူး၊ အကျယ်တော့ ရှင်းမပြတော့ပါဘူး ၊ ရေးရတာကျယ်ပြန်နေမှာမို့ပါ။ အချိန်က နေ့လည် ၁၂နာရီဆိုတဲ့ အများ သတ်မှတ်ချိန်ကနေ မနက်အာရုံတက်တဲ့အထိပါ၊ အရုဏ်တက်တဲ့အပိုင်းကို ယူကြတာလည်း အများအားဖြင့်က မှားနေကြပါတယ်၊ အရုဏ်မတက်ဘဲ
ဆွမ်းစားရာရောက်နေကြပါတယ်၊
အချို့အချိုရည်ဆိုတာက အပ်စပ်တဲ့ဖျော်ရည်ဆိုရင် ရပါတယ်၊ Shark တို့ ကျွဲရိုင်းတို့ အခြား
လိမ္မော်ပုလင်းတို့လည်း ကျနော့်အယူအရ မရပါဘူး၊ အပ်အောင် ရေအနည်းငယ်ရောပြီး
သောက်ရင်ရပါတယ်၊
သေချာဖတ်ပါ၊ဒီနေရာက နည်းနည်းရှုပ်ပါတယ်၊ ဥပမာ လိမ္မော်ပုလင်းကို မိမိဘာသာ
ရေရောပြီးသောက်ရင် ထိုလိမ္မော်ပုလင်းက ယာဝကာလိကာဖြစ်နေတဲ့အတွက်
(ယာဝကာလိက ဆိုတာက မနက်ပိုင်းသာစားသောက်နိုင်တဲ့ ဟာမျိုးပါ၊ ယာဝကာလိက
ဖြစ်ရတာက မီးနဲ့ချက်ထားလို့ပါ။) ကိုယ်တိုင်ဖျော်လို့မရတာပါ၊ အကြောင်းက နေ့ခင်း
ဘက်မှာ ထိုယာဝကာလိကာကို စားသောက်ခြင်းငှာ အကပ်မခံကောင်းပါဘူး၊ အကပ်ခံ
ရင် ဒုက္ကဋ်အာပတ်သင့်ပါတယ်၊
ဆက်သွားပါမယ်၊ ဒီတော့ ရဟန်းဖြစ်တဲ့သူက နေ့ခင်းဘက်မှာ အဖျော်ရည်သောက်ချင်
တယ်ဆိုရင် ဒါယကာသို့မဟုတ် ကပ္ပိယကျောင်းသားက ဖျော်ရည်ကို ရေရောထားပြီးသား
ကပ်ရပါမယ်၊ ဖျော်ရည်တွေက အသင့်လုပ်ပြီး မီးနဲ့ချက်ထားတာကြောင့် ယာဝကာလိက
ဖြစ်နေပေမယ့် ကပ္ပိယက ရေနဲ့ဖျော်လိုက်ရင် ယာမကာလိက ဖြစ်သွားပါတယ်၊ ယာမ ကာ
လိကဆိုတာ တစ်နေ့လုံးဘယ်ချိန်မှီဝဲသည် ဖြစ်စေ ရပါတယ်။
ခေါင်းမရှုပ်ကြပါနဲ့ဗျာ၊ သေချာဖတ်ရင်နားလည်ပါတယ်၊ အားလုံးကိုရောပြပါမယ်။
ဒုလ္လဘရဟန်းဝတ်တဲ့အခါ အရေးကြီးတာတွေပဲ ဆိုမှာပါ၊ ရဟန်းဝတ်တဲ့အခါ လျက်ဆားတို့ အချို့ဆေးတို့ပါလာတတ်ပါတယ်၊ ပါရာစီတမောစတဲ့ဆေးတွေလည်း ရဟန်းဘ၀မှာ မိဘထံအလှူခံလို့ပဲ ဖြစ်ဖြစ် အခြားကလှူလို့ပဲ ဖြစ်ဖြစ်ရတတ်ပါတယ်၊
ဆေးက နှစ်မျိုးရှိပါတယ် ၊ကိုယ်လက်ထဲရပြီးတဲ့(အကပ်ခံပြိးတဲ့) ၇ရက်ပဲ ထားလို့ရတဲ့ဆေးနဲ့ တစ်သက်လုံးထားလို့ရတဲ့ဆေးပါ၊ အဲဒါကို သတ္တာဟာကာလိက နဲ့ ယာဝဇီဝိကလို့ ခေါ်ပါတယ်၊ အဲဒီနှစ်မျိုးကလည်း နေလည်မှာလည်း သုံးဆောင်လို့ရပါတယ်၊ ဒါပေမယ့် သက်ဆိုင်တဲ့ ကျန်းမာရေး အကြောင်း ရှိရပါမယ်၊
၇-ရက်ပဲထားလို့ရတဲ့ဆေးတွေက ထောပတ် ဆီ ဆီဦး ပျားရည် နဲ့ တင်းလဲ တို့ပါ၊ တင်းလဲထဲမှာ ထန်းလျက်တွေ ကြံသကာတွေလည်း ထည့်သွင်းယူရပါတယ်၊ အဲဒါတွေနဲ့ ရောစပ်ထားတဲ့ဆေးတွေမှန်သမျှက နိုင်ငံခြားကပဲထုတ်ထုတ် မြန်မာကပဲထုတ်ထုတ် ၇ရက်အတွင်းပဲ စားလို့ရပါတယ်၊ ဒါကအသေချာဆုံးနည်းပါ၊
အရေးကြီးလာပါပြီ၊ သန္နိဓိကာရက သိက္ခာပုဒ်ဆိုတာ ရှိပါတယ်၊ သိုမှီးစားသောက်တဲ့သိက္ခာပုဒ်ပါ၊သိက္ခာပုဒ်ရဲ့လိုရင်းက မနက်ခင်းပဲ စားသောက်လို့ရတဲ့ အစားအသောက် နေ့လည်လည်းစားသောက်လို့ရတဲ့ အစားသောက်ဖျော်ရည်တွေကို နောက်နေ့အာရုံတက်မှ စားမယ် သို့မဟုတ် ထပ်မံစားမိမယ်ဆိုရင် ပါစိတ်အာပတ်သင့်ပြန်ပါတယ်၊
ဒီသိက္ခာပုဒ်က စိတ်ဝင်စားဖို့ကောင်းပါတယ်၊ဥပမာပြောပါမယ် မနေ့ကအကပ်ခံထားတဲ့ ကိတ်မုန့်ကို လုံးလုံးမစားတာပဲ ဖြစ်ဖြစ် နည်းနည်းစား၍ သိမ်းထားတာပဲ ဖြစ်ဖြစ် နောက်နေ့ကျမှ ယူစားမိရင် သိုမှီးစားသောက်တဲ့အတွက် အာပတ်သင့်ရတာပါ၊ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက
ဥပမာ မနေ့ကအကပ်ခံထားတဲ့ သကြားသို့မဟုတ်နိ့ဆီကို ဒီနေ့မှအကပ်ခံတဲ့ ကော်ဖီနဲ့ဖျော်သောက်တဲ့အခါ(သေချာအာရုံပြုပေးပါ) ကော်ဖီက မနေ့ကအကပ်ခံတဲ့သကြားတို့နဲ့ ရောသွားတဲ့အတွက် မနေ့ကအကပ်ခံသလို ဖြစ်သွားပါတယ်၊ စားလည်းစားရော သိုမှီးစားတာရောက်လို့ ပါစိတ်အာပတ်သင့်ပြန်ပါတယ်၊
အခုပြောမှာက အကပ်ခံခြင်းနဲ့ ဆိုင်ပါတယ်၊ ရဟန်းတွေအတွက် ခံတွင်းထဲကို ထည့်ဖို့ဆိုရင် အားလုံးအကပ်ခံရပါတယ်၊ နောက်ဆုံး ဆေးရုံမှာ လည်းချောင်းပိုက်ကို ထည့်ရင်လည်း ထိုလည်ချောင်းပိုက်ကို အကပ်ခံရပါတယ်။
ပြီးရင် ပိုက်ထဲကနေသွင်းမယ့် ဆေးနဲ့အစာကိုလည်း အကပ်ခံရပါတယ်၊ နှာခေါင်းပိုက်လည်း နည်းတူပါပဲ။
အကပ်မခံဘဲစားရင် ဒန္တပေါဏ သိက္ခာပုဒ်အရ ပါစိတ်သင့်ပါတယ်၊ ဒီသိက္ခာပုဒ်က ရဟန်းတော်တွေအတွက် တော်တော်အရေးကြီိးပါတယ်၊ တလောကလုံးမှာ ရှိတဲ့အစားအသောက်မှန်သမျှဟာ မိမိကို လာမကပ်သေးသရွေ့ တို့ကြည့်လို့ကို မရပါဘူး၊ ဥပမာ ကျောင်းမှာ ရဟန်းတွေကို ကပ်ဖို့လုပ်ထားတဲ့ ဆွမ်းကျွေးပွဲက ဆွမ်းဟင်းတွေ၊ ကထိန်ခင်းပွဲတွေမှာ မကပ်ရသေးတဲ့ စားဖွယ်တွေကို ရဟန်းက ထိရုံထိရင် ဒုရူပစိဏ္ဏဒုက္ကဋ်သင့်ပါမယ်၊
ထိရုံမကဘဲ ကြွအောင်ကိုင်မယ်ဆိုရင် ဥဂ္ဂဟိတက ဒုက္ကဋ်သင့်ပါတယ်၊ ဒါအရေးကြီးပါတယ်၊ ထိရုံပဲကိုင်ရင် အဲဒီအစားအသောက်က မိမိပဲ မအပ်တော့တာပါ။ အခြားရဟန်းတွေကို ကပ်ရင် အပ်ပါသေးတယ်၊ အခြားရဟန်းတွေ စားလို့ရသေးတယ် ပြောတာပါ။
ဒီလိုမဟုတ်ဘဲ ကြွအောင်ကိုင်လိုက်တယ်ဆိုရင် ကိုင်တဲ့ရဟန်းရော အခြားရဟန်းတွေရောပါ မအပ်တော့ပါဘူး၊ သိပ်အရေးကြီိးပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ကြုံတတ်တာက ဒုလ္လဘ၀တ်နေတဲ့ ရဟန်းတွေသတိထားရမှာ ရှိပါတယ်၊ ကိုယ်ဝတ်နေခိုက်မှာ ကျောင်းမှာ ရှိရှိသမျှ စားစရာတွေကို အကပ်မခံဘဲ မကိုင်မိဘို့ပါ။ အစားအစာထည့်ထားတဲ့ ပန်းကန်ကိုပင် ထိမရပါဘူး၊ အဖုံးဖွင့်ကြည့်တာမျိုးလည်းမရပါဘူး။
အခု အကပ်မြောက်ခြင်းနဲ့ ပတ်သက်၍
ဆိုပါမယ်။ အကပ်မြောက်မမြောက်မှာ အချက်ငါးချက်ရှိပါတယ်၊
အကပ်မြောက်ကြောင်း အင်္ဂါ (၅)ပါးမှာ
(၁) ရဟန်းတော်အတွက် ရှေးရှုဆောင်ယူလာသော
စားဖွယ်ပစ္စည်းဖြစ်ခြင်း ၊
(၂) ရဟန်းတော်၏ နှစ်ထောင့်ထွာအတွင်းသို့
ရောက်ရှိလာခြင်း။
(၃) အားအလယ်အလတ်ရှိသော ယောက်ျားတစ်ယောက်
မြှောက်ချီနိုင်သော ပစ္စည်းဖြစ်ခြင်း။
(၄) ပေးလှူခြင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်
ပေးလှူခြင်း။
(၅) ရဟန်းတော်က ခံယူခြင်းနှစ်မျိုးတို့တွင်
တစ်မျိုးမျိုးဖြင့် ခံယူခြင်းဟူ၍ အင်္ဂါ(၅)ပါးရှိပါသည်။
ဤအင်္ဂါ (၅) ပါးနှင့် ပြည့်စုံပါက အကပ်မြောက်ပါသည်။
ရဟန်းတော်များမှီဝဲသုံးဆောင်ကောင်းပါတယ်။
အကပ်မြောက်မှ ရဟန်းတွေကစားလို့ရပါတယ်၊ မကပ်ရသေးဘူး ကပ်မည့်သူမရှိဘူး ဆိုပါက မစားဘဲသာ အသေခံရပါမယ်၊ အဓိကကတော့ ပါးစပ်ထဲ(ပါးစပ်ဆိုတာ လည်းချောင်းဝကို ပြောတာပါ၊ ပါစပ်ထဲထည့်ရုံနဲ့အာပတ်မသင့်ပါဘူး) ၀င့်မယ့်အရာမှန်သမျှကို သတိထားရမှာပါ။ ဥပမာ သွားကြားထိုးတံတွေ သွားတိုက်ဆေးတွေ၊ သွားတိုက်တံတွေကိုပါ အကပ်ခံရပါမယ်၊ ပါးစပ်ထဲမှာပဲ အသုံးပြုရုံဆိုပေမယ့် အာပတ်မသင့်နိုင်သော်လည်း လည်းချောင်ထဲ ၀င်ခဲ့ရင် ပါစိတ်အာပတ်ကြီး သင့်သွားနိုင်ပါတယ်၊
ရေသောက်တဲ့အခါလည်း သတိပြုရပါမယ်၊ ရေက ခဏခဏသောက်တာဆိုတော့ အနည်အမှုန်မပါရင် အကပ်ခံစရာမလိုပါဘူး၊ ပါရင်တော့ အာပတ်သင့်ပါတယ်၊
ဒီနေရာမှာ ၀ိနည်းတတ်မယ်ဆိုရင် နေ့လည်ကပြောခဲ့တဲ့ သိုမှီးစားရာမရောက်အောင် လုပ်လို့ရတဲ့ နည်းရှိပါတယ်၊ ဥပမာ မိမိကို မုန့်တွေလာလှူကြတယ်ဆိုပါတော့၊ မုန့်ကလည်းများနေတယ် မိမိကလည်း နောက်နေ့တွေမှာ အဲဒီမုန့်ကို စားချင်တယ်ဆိုရင် အကပ်မခံပါနဲ့။ မိမိဘေးမှာချခိုင်းပြီးပဲ အလှူခံလိုက်ပါ၊ ဘာလို့လည်း ဆိုရင် ကိုယ်က အကပ်ခံမိလိုက်ရင် နောက်နေ့မှာ စားလို့မရတော့ပါဘူး။ အကပ်ခံပြီးစားရင်လည်း အရင်နေ့ကအကပ်ခံထားတဲ့ အစားအစာကို နောက်နေ့မှာ စားတဲ့အတွက် သန္နိဓိကာရက သိက္ခာပုဒ်နဲ့ ပါစိတ်သင့်ပါလိမ့်မယ်။
အကပ်မခံထားဘူးဆိုရင် နောက်နေ့မှာ ကပ္ပိယ ကျောင်းသားတစ်ယောက်ယောက်ကို လိုသလောက်ပဲ အကပ်ခိုင်းပြီး စားရင် ဘာအာပတ်မှမသင့်တော့ပါဘူး၊ လိုသလောက်ပဲအကပ်ခံမယ်ဆိုရင် အဲဒီနည်းအတိုင်း လုပ်သွားရင် တစ်သက်လုံးတောင် စားလို့ရပါတယ်။
ပဝါရိတ်သင့်တာကို ပြောပါမယ် ပဝါရိတ်သင့်တယ် ဆိုတာက တစ်ခုခုကို စားသောက်နေဆဲမှာ ကိုယ့်ဆီလာကပ်တဲ့ အစားအသောက်တစ်ခုခုကို တားမြစ်မိတာပါပဲ၊ တားမြစ်မိရုံနဲ့တော့ အာပတ်မသင့်သေးပါဘူး၊ တားမြစ်မိရင် ပဝါရိတ်သင့်တယ်၊ ပဝါရိတ်သင့်ပြီးမှ ထပ်စားမိရင် (သင့်ဆဲ ဣရိယာပုထ်ကို ပြောင်းပြီးမှ)အာပတ်သင့်တာမျိုးပါ၊
ဒီသိက္ခာပုဒ်ကလည်း စိတ်ဝင်စားဖို့ တော်တော်ကောင်းပါတယ်။
ဒီသိက္ခာပုဒ်ရဲ့ အဓိကက စားနေစဉ် တစ်ခုခုကို တားမြစ်ရာရောက်တဲ့ အင်္ဂါကို အရင်ဆိုပါမယ်၊ ပဝါရိတ်သင့်ပြီးသွားရင် ဘာမှစားလို့မရပါဘူး၊ စားလို့ရအောင်လုပ်တဲ့ နည်းနှစ်နည်းတော့ရှိပါတယ်၊ အဲဒါကို နောက်ဆုံးမှ ဆိုပါမယ်။
အခု ပဝါရိတ်ဘယ်လိုသင့်တတ်သလဲ ဆိုတာပါ၊ အဓိကက မိမိစားနေဆဲ ဘာလာကပ်ကပ် မတားမြစ်မိဖို့ပါ။ လာကပ် ဆိုတဲ့နေရာမှာ မိမိကို အစားအစာ ပေးခြင်းအရ ဘယ်သူမဆို အကုန်ပါပါတယ်၊ ဥပမာ ရဟန်းတွေ အတူတူစားပွဲတစ်ဝိုင်းတည်း စားနေစဉ်မှာ အခြားရဟန်းက မိမိကို တစ်ခုခုလှမ်းထည့်ပေးတာမျိုး ကြုံတတ်ပါတယ်၊ ဒါမှမဟုတ်၊ ဟင်းပန်းကန်ထဲကဖြစ်ဖြစ် ဆွမ်းဂျုပ်ထဲကပဲ ဖြစ်ဖြစ် ဟင်းသို့မဟုတ် ဆွမ်းကို ဇွန်းနဲ့ယူပြီး " ဦးဇင်း ဘုဉ်းပေး" ဆိုပြီး မေးတတ်ပါတယ်၊
ဒီနေရာမှာ နားလည်အောင်လို့ တားမြစ်ရာရောက်တဲ့ အဂါင်္ အရ ကိုယ်နဲ့တစ်ဝိုင်းထဲ စားနေတုန်းမှာ ရဟန်းကဖြစ်စေ ဒါယကာ ဒါယိကာမတို့က ဖြစ်စေ၊ ကိုရင်ကဖြစ်စေ မိမိကို ဦးဇင်း ဆွမ်းယူဦးမလာ မေးရင် အများအားဖြင့် သူတို့က လက်ထဲမှာ ဆွမ်းဇလုံကို ကိုင်ထားတတ်ကြပါတယ်၊ ဘေးကနေ ဆွမ်းလိုက်ကြတဲ့ အလေ့အထပါ။ နားလည်အောင်လို့ ရဟန်းတွေ ဆွမ်းစားဝိုင်းမှာ စာနေကြတဲ့ ပုံစံကို စိတ်ထဲက ပုံဖော်ထားရင် ပိုကောင်းပါတယ်။
အဲဒီအခါ ပဝါရိတ်မသင့်လိုတဲ့ ရဟန်းက ကိုယ့်နဲ့ နှစ်တောင့်ထွာ အတွင်းရောက်နေသလားကြည့်ရပါမယ်၊ အများစုကတော့ မိမိနားကပ်ပြီးမှ မေးကြတော့ တားမိရင် ပဝါရိတ်ကသင့်မှာပါ။ ဒီနေရာမှာ တားမိတတ်တဲ့စကားအများစုက တော်ပြီ ဟုဖြစ်စေ၊ ရပြီဟုဖြစ်စေ၊ မလိုတော့ဘူး ဟုဖြစ်စေ ၊ အခုမလိုသေးဘူးဟု ဖြစ်စေ၊ မထည့်တော့ဘူးဟု ဖြစ်စေ စတဲ့ တားမြစ်မှုကို အဓိပ္ပာယ်သက်ရောက်တဲ့ စကားလုံးမျိုးနဲ့ တားခြင်း၊ ခေါင်းခါ၍ ဖြစ်စေ လက်နဲ့ကာပြတာပဲ ဖြစ်စေ လာထည့်တဲ့ ဇွန်းကို လက်နဲ့ ကာထားတာပဲ ဖြစ်စေ အဲဒီစကားလုံးတွေနဲ့ အမူအရာက တားမြစ်ရာ ရောက်ပါတယ်၊
ဒီသိက္ခာပုဒ်က ကပ်တဲ့ ဒါယကာ ဒါယိကာမတွေနဲ့ တော်တော်ပတ်သက်ပါတယ်၊ သူတို့အလိုက်မသိရင် ၀ိနည်းအလေးပြုတဲ့ ရဟန်းတွေမှာ ဒုက္ခရောက်ကြရပါတယ်၊ ဒီတော့ မိမိစားနေစဉ် တစ်ခုခု ထည့်ပေးခံရတဲ့ ရဟန်း၊ ယူဦးမလားလို့ အမေးခံရတဲ့ရဟန်းတွေ အနေနဲ့ အကောင်းဆုံးက မတားမိအောင် လုပ်ဖို့ပါပဲ။ မိမိဆီလာထည့်ပေးခဲ့ရင် ထည့်ဦးမလားမေးခဲ့ရင် "ထည့်မယ်နော် ခဏလေး ဒကာကြီး"ဟု ဖြစ်ဖြစ် "ဆွမ်းဇလုံ ဦးဇင်းကိုပေး " လို့ပဲ ဖြစ်ဖြစ်ပြောပါ။
ပထမနည်းက ကိုယ်က ယူမယ့်ပုံစံကို ပြတာမို့ တားရာမရောက်ပါဘူး၊ ဒုတိယနည်းကသူတို့ဆီက ဆွမ်းဇလုံကို ကိုယ်ကယူလိုက်ပါ။ ပြီးမှ မထည့်တော့ဘူးဆိုပြီး သူ့ကိုပြန်ပေးလိုက်ပါ။ ဘာလို့လဲ ဆိုရင် သူ့လက်ထဲက ပစ္စည်းကို တားတာမဟုတ်ပဲ မိမိလက်ထဲရောက်မှ သူ့ကို ပေးတာဖြစ်လို့ ရသွားပါတယ်၊ ဒီလိုလုပ်ရတာက နံပတ်လေးအချက်နဲ့ ငြိမှာ စိုးလို့ပါ။
အထူးသဖြင့် ရဟန်းတွေ ကို ဒီသိက္ခာပုဒ်ကလွတ်အောင် ဆိုရင် ကပ်မည့် ဒါယကာတွေကလည်း အရေးကြီးပါတယ်၊ ဒါယကာတွေက ပဝါရိတ်အဂါင်္ နံပတ် ၃ နဲ့မငြိရအောင် ကိုယ့်ထည့်ပေးလိုတဲ့ ရဟန်းရဲ့ နှစ်တောင့်ထွာအပြင်ဘက်က မေးတတ်ဖို့ပါ။ ဒါဆိုရင် ရဟန်းတွေက တားမိရင်လည်း ပဝါရိတ် မသင့်တော့ပါဘူး။ ပဝါရိတ်သင့်မိသွားရင် ထိုနေ့အတွက် စားဖို့ ခက်သွားပါတယ်၊
ပဝါရိတ်သင့်ခဲ့ရင် သင့်ဆဲ(ထိုင်နေတုန်းတားမိလျှင် ထိုင်နေသေးသမျှ စားရပါသေးတယ်၊ ထနေဆဲသင့်လျှင်လည်း ထနေတဲ့ဣရိယာပုထ် မဖျက်သေးသမျှ စားရပါသေးတယ်၊ ) ဣရိယာပုထ်မှာ စားရပါတယ်။ ဒါလေးလည်းမှတ်ပေးပါဦး။
ဆွမ်းစားပြီးရင် သပိတ်ကို စင်ကြယ်အောင်ဆေးရမယ်။
ဆေးပြီးရင် ရေသုတ်ပြီး နေလှမ်းရမယ်။ ခဏနေ ပြန်သိမ်းရမယ်။
ဆယ်ရက်ကျော် ဒုလ္လဘ၀တ်မယ့်သူက သပိတ်ကို ကိုင်၍ ဖြစ်စေ မိမိရဲ့ နှစ့်တောင်ထွာ အတွင်းမှာ ချထား၍ ဖြစ်စေ -
" ဣမံ ပတ္တံ အဓိဋ္ဌာမိ" ဟု ဆို၍ အဓိဋ္ဌာန် တင်ရပါမယ်။ အဲဒီလို အဓိဋ္ဌာန်မတင်ဘဲ ထားလို့ ဆယ်ရက်ကျော်သွားရင် နိဿဂ္ဂီပါစိတ်အာပတ်သင့်ပါတယ်။ ဒီအာပတ်က ဒေသနာကြားရုံနဲ့ မရပါဘူး၊ ထိုသပိတ်ကို ရဟန်းတစ်ပါးထံ စွန့်ပြီးဒေသနာကြားမှ အာပတ်ကထပါတယ်။ ထိုသပိတ်ကို မစွန့်ဘဲ ဆက်ကိုင်နေရင် ကိုင်တိုင်း ဒုက္ကဋ်အာပတ် သင့်ပါတယ်။
ဆွမ်းစားတဲ့အခါ ပါးစပ်ထဲက အာရည် လျှာရည်တွေပေနေတဲ့ ဆွမ်းလုံးစတာတွေ သပိတ်ထဲ ပြန်ကျလာရင် အဲဒီဆွမ်းလုံးက မအပ်တော့ပါဘူး။ ပြန်အကပ်ခံရပါတယ်၊ ကျတဲ့ဆွမ်းလုံးကို ဖယ်နိုင်ရင်တော့ ပြဿနာမရှိပါဘူး။ မဟုတ်ဘဲ ဆက်စားမယ်ဆိုရင် ဒန္တပေါဏနဲ့ ပါစိတ်အာပတ်သင့်မှာပါ။
ပြီးတော့ သတိထားစရာ တစ်ချက်ရှိပါသေးတယ်၊ ဆွမ်းစားဝိုင်းမှာ ရဟန်းတွေ အတူစားကြတဲ့အခါ(အလယ်က စားပွဲပေါ်မှာ ဟင်းခွက်အမျိုးမျိုးတင်၍ စားတာမျိုးပါ) ဟင်းခွက် တစ်ခွက်တည်းကို ဟိုကိုယ်တော်ကနှိုက် ဒီကိုယ်တော်ကနှိုက်ကြရပါတယ်၊ ဥပမာ ကြက်သားဟင်းခွက်ကို ဇွန်းတပ်ပြီးထိုဇွန်းနဲ့ မိမိဆွမ်းပန်းကန်ထဲကို ကိုယ်စီယူထည့်ကြတာမျိုးပါ။ အဲဒါက မအပ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စက နာမည်ကြီးဆရာတော်ကြီးများကိုယ်တိုင် လုပ်နေကြတာဆိုတော့ ထုတ်ပြောရတာ ခက်ပါတယ်။
ဒါပေမယ့် မအပ်တာတော့အမှန်ပါ။ အကြောင်းက တခွက်တည်းကို ရဟန်းနှစ်ပါး အတူမစားကောင်းတဲ့ ပညတ်တော် ရှိပါတယ်။
နောက် အဓိကအရေးကြီးတာ ရှိပါသေးတယ်၊ အဲဒါက သစ်သီး သစ်ရွက် ဥတွေစားမယ်ဆိုရင် အများအားဖြင့်က ကပ္ပိပြီးမှ စားရပါတယ်။ မကပ္ပိဘဲ စားရင် အပင်ကလွတ်ပြီးဖြစ်တဲ့ သစ်ရွက်သစ်သီး ဥတွေမှာ ဒုက္ကဋ်သင့်ပါတယ်။
ဒီသိက္ခာပုဒ်က တော်တော်လေး ကျယ်ပြန့်သလို လိုက်နာရတာလည်း ချစ်စရာကောင်းပါတယ်။ ကပ္ပိရမယ့် အသီးအရွက် အဥတို့ရဲ့ အနေအထားကို ဆိုပါမယ်။ ကပ္ပိရတာက အပင်ပေါက်နိုင်တဲ့ သတ္တိရှိမယ်ဆိုရင် အားလုံးကပ္ပိရပါတယ်။ မျိုးစေ့သဘောမျိုးပါ။
မျိုးစေ့က-အမြစ်ကနေလည်း အပင်ပေါက်နိုင်တာမျိုး ရှိတယ်။ ပင်စည်ကလည်း အပင်ပေါက်နိုင်တာမျိုးရှိတယ် စသဖြင့် မျိုးစေ့ ငါမျိုးရှိပါတယ်။
အကျဉ်းအားဖြင့်တော့-
၁။ အမြစ်မျိုးစေ့
၂။ ပင်စည်မျိုးစေ့
၃။အဆစ်မျိုးစေ့။
၎။အညွှန့်မျိုးစေ့။
၅။ အစေ့မျိုးစေ့ တို့ပါပဲ။
ဥပမာ ပြောရရင် အဆစ်မျိုးစေ့ဆိုတာမျိုးက ကန်စွန်းရိုးဆိုပါတော့ ၊ ဆွမ်းစားတဲ့အခါ ကန်းစွန်းရိုးတွေပါခဲ့ရင် အဲဒီကန်စွန်းရိုးကို မြေမှာချစိုက်လို့ အပင်ပေါက်လာနိုင်တယ် ဆိုရင် အဲဒီကန်စွန်းရိုးကို ကပ္ပိရပါမယ်။ ထို့အတူ ကိုင်းကိုစိုက်ရင် အညွှန်ထွက်လာတတ်တာမျိုး စဉ်းစားကြည့်ပါ။ ကျနော်က သစ်ပင်နဲ့ ပတ်သက်ရင် သိပ်မကျွမ်းကျင်တော့ ဘယ်အပင်က ဘယ်ကပေါက်တယ်ဆိုတာ သိပ်မသိပါဘူး။
ဆွမ်းစားတဲ့အခါ ငရုပ်သီးတို့ ကြက်သွန်နီတို့(ကြက်သွန်ဖြူက ကျန်းမာရေးအကြောင်းမရှိရင် ဒီအတိုင်းမအပ်ပါဘူး၊ ဟင်းထဲမှာ ထည့်ချက်ထားတာမျိုးက အပ်ပါတယ်) က မြေမှာ ချစိုက်ရင် အပင်ပေါက်နိုင်လို့ အကပ်ခ့ရပါမယ်။ အများအားဖြင့် စားသောက်ရေးမှာ ကပ္ပိဖို့လိုတတ်တဲ့ အသီိးအရွက်တွေကို ပြောပါမယ်၊
အဲဒါတွေက ငရုပ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ မုန်လာဥ ကန်စွန်းရွက် နံနံပင် ပူစီနံ
စတာတွေပါ။ ကျန်တာတော့ အပင်ပေါက်နိုင် မပေါက်နိုင်နဲ့ စဉ်းစားကြည့်ပါ။
အချိုပွဲတွေမှာ ကပ္ပိဖို့လိုတာက အစေ့ပါတဲ့ငှက်ပျောသီး (ရိုးရိုးငှက်ပျောသီမျိုးမဟုတ်ဘဲ တောင်ပေါ်ငျက်ပျောလို အစေ့ထင်ရှားတာမျိုးပါ)၊ လိမ္မော်သီး၊ ရှောက်သီး,သံပုရာသီး၊ နာနတ်၊ ပန်းသီး၊ စလဲသီး၊ သခွားသီး၊ ဖရဲသီး၊ ကြံရိုး၊ နဂါးမောက်သီး စတာတွေပါ၊ အဓိကကတော့ အပင်ပေါက်နိုင်တဲ့ သတ္တိရှိတဲ့ အသီးအရွက် အဥတွေကို ကပ္ပိဖို့လိုတာပါ။
တစ်ခုရှိတာက အစေ့နုဆိုရင် ကပ္ပိစရာမလိုပါဘူး၊ ပြီးတော့ ပါတဲ့အစေ့ကို မထိခိုက်စေဘဲ ထုတ်လို့ရနိုင်တယ်ဆိုရင်လဲ ကပ္ပိစရာမလိုဘဲ မိမိဘာသာ အစေ့ကို ထုတ်ပြီး စားလို့ရပါတယ်၊ ဥပမာ သရက်သီးလိုဟာမျိုးပါ၊ တို့စားကြတဲ့ သရက်သီးနုကတော့ မလိုပါဘူး။
ကပ္ပိခြင်းမှာ ကိုရင်သို့မဟုတ် လူတစ်ယောက်ယောက်ဖြစ်ဖို့လိုပါတယ်၊ သူ့ကို ကပ္ပိယံ ကရောဟိ လို့ပြောပြီး သူက ကိုယ်ကပ္ပိစေလိုတဲ့ အရာကို(ဥပမာ ငရုပ်သီးဆိုပါတော့။ အဲဒီငရုပ်သီးကို ) လက်သည်းနဲ့ပဲဖြစ်ဖြစ် ဓားနဲ့ပဲဖြစ်ဖြစ် ပဲ့သွားအောင် လုပ်၍ ကပ္ပိယံ ဘန္တေလို့တပြိုင်နက်ဆိုလိုက်ရင် ထိုငရုပ်သီက ကပ္ပိပြီးဖြစ်လို့ စားလို့ရသွားပါပြီ။
ငရုပ်သီးကအများကြီိးဆိုရင်လည်း ရပါတယ်၊ ငရုပ်သီးတွေတစ်ခုနဲ့တစ်ခုထိနေဖို့ပဲလိုတာပါ။ တစ်တောင့်ကို ကပ္ပိလိုက်ရုံနဲ့ အားလုံးကပ္ပိပြီး ဖြစ်သွားပါတယ်။
ကပ္ပိခြင်းဆိုင်ရာ သိက္ခာပုဒ်မှာက အာပတ်နှစ်မျိုးကွဲပါတယ်၊ မြေမှ မလွတ်သေးတဲ့ သစ်ပင်ကို ဖြတ်မိ ဆိတ်မိတာဆိုရင် ပါစိတ်။ မြေမှလွတ်ပြီးမှ အဲဒီသစ်ပင် အရွက်အဥစတာတွေကို ဖြတ်မိ ဆိတ်မိရင် ဒုက္ကဋ်ပါ။
နောက်တစ်နည်းက မြေမှလွတ်သော်လည်း ဂျင်း စတာတွေမှာ အညွှန့်ရော အမြစ်ပါထွက်နေရင် ပါစိတ်။ တစ်ခုခုပဲ ထွက်တယ်ဆိုရင် ဒုက္ကဋ်ပါ။
့
https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်
posted from Bloggeroid
No comments:
Post a Comment