Thursday, December 29, 2016

ထမင်းစားမယ်။
ပဲဟင်း ဆမ်းစားလိုက်တယ်။
ငါးကြီးကြော် ဝါးတယ်။

ကဲ တွေ့တာ...

ငါးကြီးကြော် တွေ့တာလား။
ဆိမ့်တာ တွေ့သလား။

ဆိမ့်တယ်လို့ စားသိတာ ဝိညာဏက္ခန္ဓာ
စားသိစိတ် ဇိဝှါဝိညာဏ်ပေါ့
တစ်ဝိညာဏ်တည်း စားသိလို့ ဖြစ်ကဲ့လား။
မဖြစ်ရင် သူနဲ့ သဟဇာတဖြစ်တဲ့ ကောင်းတယ်လို့
ခံစားတာ လူလား ဝေဒနာ။

ဆိမ့်တယ်လို့ ခံစားတာ လူနတ်ဗြဟ္မာလား ဝေဒနာနော်။
အဲလို စိစစ်ဖို့ မကောင်းလား။

အဲ မိမိက အခု ဆိမ့်တယ် လို့မှတ်တာ
သူတွေ ငါတွေ လား သညာ။
ခံစားနိုင်အောင် စေ့ဆော်တာ ၊
မှတ်နိုင်အောင် စေ့ဆော်တာ သူငါလား စေတနာ။

ဝေဒနာ သညာ စေတနာ သုံးခုပေါင်းတော့
နာမက္ခန္ဓာ လေးပါး မပြည့်လား။

ဒါကြောင့် အပေါင်းက ခန္ဓာ။
ဝိညာဏက္ခန္ဓာပေါ့။

အဲဒီလေးပါး ပြည့်စုံမှ စားသိစိတ် ဖြစ်တာ။
ကဲ သူတွေ ငါတွေ ပါရဲ့လား။
နာမက္ခန္ဓာ လေးပါးနော်။

နာမက္ခန္ဓာ လေးပါး ဘယ်ဆီက လာတာလဲ။

လျှာအကြည်နဲ့ ဆိမ့်တဲ့ ရသာ။
ဆိမ့်ရသာကို ပဲဟင်းလို့ ပြောတာ။
ငါးကြီးလို့ ပြောတာ။
ငါးကြီးသားလို့ ပြောတာ။
ကြက်သား ဝက်သားလို့ ပြောတာ။
စဉ်းစားဖို့ မကောင်းလား။

တွေ့တာက ငါးကြီးသားလား
ဆိမ့်တဲ့ ရသာ။
ပဲဟင်း လား ဆိမ့်တဲ့ ရသာ။
အကောင်အထည် ဟုတ်ကဲ့လား။

ဆိမ့်တာကို မျက်စိနဲ့ ကြည့် မြင်ရပါမလား။
လက်နဲ့ ကိုင်စမ်းကြည့်ကား တွေ့ပါမလား။
လျှာနဲ့မှ သိတာ။

အဲဒါကြောင့်မို့လို့ အနိမိတ္တ အနိစ္စ။
သဏ္ဌာန် မပါဘူး။
သဘောအနေနဲ့ ထင်ရှားတယ်။
ဒါကြောင့် သဘောကို ပရမတ်။

မပြောမဖြစ်လို့ ငါးကြီးသား ဆိမ့်တယ်လို့
ပြောရတာဗျာ့ အဲဒါ စားတဲ့အခါ
လုပ်ရတာနော်။

ကဲ လျှာအကြည်နဲ့ ဆိမ့်ရသာက အကြောင်းတရား မရလား။

ဟိုက နာမက္ခန္ဓာ လေးပါး အကျိုးတရားမရလား။

ကဲ နာမက္ခန္ဓာ လေးပါး နဲ့ ရူပက္ခန္ဓာ ပေါင်း။
ချုံ့လိုက်တော့ နာမ်နှင့်ရုပ်။

ဖြန့်လိုက်တော့ ခန္ဓာ ငါးပါး။
အလတ်စားအားဖြင့် စိတ် စေတသိက် ရုပ်
လို့ မဟောဘူးလား။

အဲဒါ သက္ကာယတရားဗျား။
အဲလို သိရမှာ ။စားရင်းနဲ့ သိရမှာ။

ကဲ တရားထိုင်မှာ စားပြီးကာမှ ထိုင်မှာတဲ့။
စားရင်းနဲ့ လုပ်ပါတော့လား။
စဉ်းစားဖို့ မကောင်းလား။

ဟော နာမက္ခန္ဓာ လေးပါး။
ရုပ် နှစ်ခု
ုဖြန့်လိုက်တော့ ခန္ဓာ ငါးပါး မရလား။

နာမက္ခန္ဓာ လေးပါး အကြောင်း ရှာတော့
ရုပ် နှစ်ခု။
ရုပ် နှစ်ခုရဲ့ အကြောင်း ရှာကြည့်တော့
ကံ စိတ် ဥတု အာဟာရ။

ဟော နာမက္ခန္ဓာ လေးပါး အကြောင်း
ရှာတော့ ရုပ် နှစ်ခု။
အဲလို စိစစ်ဖို့ မကောင်းလား။

ကဲ နာမက္ခန္ဓာ လေးပါး နဲ့ ရူပက္ခန္ဓာ ပေါင်း
ခန္ဓာ ငါးပါး မရလား။
အေး အဲဒီ ခန္ဓာကို သိဖို့ လိုတယ်။

ထင်တာက လူနတ်ဗြဟ္မာ သတ္တဝါ
စားတာက ကြက်သား ဝက်သား ငါး။

တွေ့တာက ရသာဓာတ်။
ကဲ ကြက်သား ဝက်သား နဲ့ ရသာဓာတ်နဲ့ ပိုင်းခြားဖို့ မလိုလား။

ခန္ဓာနဲ့ လူနဲ့ ပုဂ္ဂိုလ်သတ္တဝါ နဲ့ ပိုင်းခြားဖို့ မလိုလား။
အခုတွေ့နေတာ စားနေတာ လူလား
ခန္ဓာ ငါးပါး။

သက္ကာယ သက္ကာယ ခန္ဓာငါးပါး။
နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်တာ။
သက္ကာယဒိဋ္ဌိလို့ မခေါ်ဘူးလား။

ခန္ဓာ သိရင် ဒိဋ္ဌိ မပြုတ်လား။
သက္ကာယသာ ဟုတ်တယ်။
ငါ မပါဘူးကွဲ့နော်။
အဲလို လေ့လာဖို့ မကောင်းလား။

ကဲ အဲဒီမှာ စားတဲ့ အခါမှာ ကောင်းတာကွာ
ဒီနေ့ ငါးကြီးကြော် စားရတာ အင်မတန် အရသာတွေ့တယ်။
နှစ်သက်တယ်။ သာယာတယ်
မလာဘူးလား။
အဲဒါ ဘယ်ပေါ်မှာ ဖြစ်တာလဲလို့
စိစစ်ဖို့ မကောင်းလား။

ဆိမ့်ရသာ ရူပက္ခန္ဓာ တရားအပေါ်မှာ
ငါးကြီးသား အနေနှင့် စားချင်မှု နှစ်သက်မှု
စွဲလမ်းမှုက လောဘတဏှာသမုဒယ သစ္စာ။

ပဲဟင်း အနေနှင့် … ဆိမ့်ရသာ ရူပက္ခန္ဓာ
တရားအပေါ်မှာ ပဲဟင်း အနေနှင့်
စားချင်မှု သောက်ချင်မှု နှစ်သက်မှု က
လောဘတဏှာသမုဒယ သစ္စာ။
သမုဒယသစ္စာ မဖြစ်ဘူးလား။

သမုဒယသစ္စာ အကြောင်း ရှိရင် အကျိုး ခန္ဓာ မရလား။
ခန္ဓာရ အိုနာသေ လွတ်ကဲ့လား။
ဘာသစ္စာလဲ။
သမုဒယ ဒုက္ခ စားရင်းနဲ့ နှလုံးသွင်း
မှားနေတာ
သမုဒယ ဒုက္ခ မဖြစ်ဘူးလား။

ဆိမ့်ရသာ ရူပက္ခန္ဓာ တရားကို
မျိုကြည့်လိုက်။
ကဲ ဆိမ့်တဲ့ ရသာဓာတ် တွေ့သေးရဲ့လား။ မတွေ့ဘူးနော်။

ဆိမ့်ရသာ ရူပက္ခန္ဓာ တရား၏ ဖြစ်ခြင်း
ပျက်ခြင်းက ဘာသစ္စာလဲ။

ဒုက္ခသစ္စာလို့ ပိုင်းခြားလို့ သိတာက
သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာနှင့်
နောက်ခန္ဓာ မလာတာ
ဟော သစ္စာလေးပါး တစ်စုံ။
အဲလို စိစစ်ဖို့ မကောင်းလား။

ကဲ မဂ္ဂ နိရောဓဆိုတော့ တဏှာ လာသေသးရဲ့လား။

ဥပါဒါန်လာသေးရဲ့လား။
ကံ လာသေး ရဲ့လား။
ပဋိစ္စသမုပ္ပါဒ် သုံးမျိုး မပြတ်လား။


နောက်ခန္ဓာ ဇာတ်မသိမ်းလား။
နိရောဓသစ္စာ။
ဤနေရာရောက်အောင်
ကြိုးစား အားထုတ်ကြ။

( မုံလယ်တောရဆရာတော်ဘုရားကြီး )

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။

posted from Bloggeroid

No comments:

Post a Comment