Thursday, December 29, 2016

ပညတ်ပျောက်အောင် စိစစ်ပုံ



ကဲ ဥပမာလေး ပြောမယ်။ အဲဒီဟာ ပညတ် ပျောက်အောင် ပြန်ပြီးတော့ စိစစ်ဖို့လိုတယ်။

ရေနွေး တစ်ခါတည်း မိမိက လက်ဖက်ရည် သောက်ဖို့ ပြုဖို့တွေ ရေနွေး မတည်ရဘူးလား ။ ပွက်ပွက် ဆူပြီနော်။ နှိုက်ကြည့်။ နှိုက်ကြည့်တဲ့အခါ ဘယ်လိုနေမလဲ။ ဘာတွေ ပူတာလဲ။ ဟင် ဘာတွေ ပူသလဲ။ ရေ ပူတာလား။ ပြောလေ။ ဟင်။ ရေပူတယ်လို့မပြောဘူးလား။

တစ်ခါ မိမိကနေပြီးတော့မှ ရေခဲ သေတ္တာထဲ ထည့်ထား။ ပူမလား အေးမလား။ အေးတာ။ ရေအေးတယ်လို့ မပြောဘူးလား။ အများသုံး။ ရေတွေ ပွက်ပွက်ဆူ ။ ပူတယ်ကွာ။ ပူတာကွာ မပြောဘူးလား။ ရေပူတယ်။ ဟာ အေးတယ် ရေ။ အေးတယ်။ မပြောဘူးလား ။

ရေဆိုတဲ့ သဘောက ပူတဲ့ သဘော မဟုတ်ဘူး။ အေးတဲ့ သဘော မဟုတ်ဘူး။ ရေဟာ မပူဘူး မအေးဘူး။ စဉ်းစားဖို့ မကောင်းလား။

ရေဟာ တကယ်သာ ပူမယ်ဆိုရင် မီးထည့်စရာ မလိုဘူးကွဲ့။ သူဟာနဲ့ သူ ပူနေရမှာ။ အေးတယ် ဆိုရင် လည်းပဲ ရေခဲ သေတ္တာထဲ ထည့်စရာ မလိုဘူးကွဲ့။ အေးရမှာ။ စဉ်းစားဖို့ မကောင်းလား ။

အေးတာ သီတတေဇော ပူတာ ဥဏှတေဇော။ အဲလို စိစစ်တဲ့ အခါ ရေဟာ သူသဘောသာ သူဆောင်တယ်။ ပူတာ အေးတာ လွတ်မနေဘူးလား ။

တေဇောဓာတ်ကြောင့် အေးတာ။ တေဇောဓာတ်ကြောင့် ပူတာ။ သီတ တေဇောက အေးတာ။ ဥဏှ တေဇောက ပူတာ။ အဲလို လေ့လာဖို့ မကောင်းလား။

လူလား တေဇောဓာတ်လား။ ဆံဖျားက ခြေဖျား ရောက်အောင် ကိုင်စမ်းကြည့် ပူတာနဲ့ အေးတာ တွေ့မယ် ကြားလား။ အဲလို စိစစ်ဖို့ မကောင်းလား ။ အဲဒီ ပူတာ အေးတာက ရုပ်တရား မရဘူးလား ။ အဲဒါ သမ္မုတိသစ္စာ အနေနဲ့။ သဘာဝသစ္စာ အနေနဲ့ ပြောရတယ် ကြားလား။ စဉ်းစားဖို့ မကောင်း လား။ ထိထိမိမိ သဘော ပေါက်ဖို့ လိုတယ်နော်။

စိစစ်တော့ အဲဒါ ပူတာကလည်းပဲ ဖောက်ပြန်ပြီးတော့ မပျက်လား။ အေးတာက လည်း ဖောက်ပြန်ပြီးတော့ မပျက်လား ။ ကဲ ဖောက်ပြန်တဲ့ သဘောနဲ့ သိတဲ့ သဘောကလွဲလို့ ဘာများ ရှိသေးသလဲ။ အဲ အဲဒီနေရာရောက်အောင်ကြိုးစား။ မပြောမဖြစ်လို့ ပူတယ်လို့ ပြောရတယ်နော်။

သြော် ဥဏှတေဇော သီတတေဇော။ မပြောရပေဘူးလား ။ မီးပူတယ် နေပူတယ်ဆိုတာ သမ္မုတိ ပညတ်ကွဲ့ ကြားလား။ သြော် တေဇောဓာတ်။ ပူတဲ့သဘော အေးတဲ့သဘောပေါ့။ စိစစ်ဖို့ မကောင်း လား ။ အဲဒီ နေရာ ရောက်အောင် ကြိုးစားဖို့ ကောင်းတယ်နော်။

ကဲ ပူတယ် အေးတယ်သိတာ သူငါလား ကာယဝိညာဏ်လား။ သူက နာမ်တရား မရလား ။ ပူတာ အေးတာက ရုပ်တရား မရလား။ နာမ်ရုပ်နှစ်ပါး။

ဆံဖျားက ခြေဖျား။ ခြေဖျားက ဆံဖျား အဲဒီလို ကိုင်စမ်းကြည့်။ အနုလုံ ပဋိလုံ ကိုင်စမ်းကြည့်။ ပူတဲ့ သဘောနဲ့ အေးတဲ့ သဘော တွေ့တယ် ကြားလား။ ကိုယ်ထင်တဲ့ လူကား တွေ့သေးရဲ့လား ။ လူမတွေ့ နတ်ကား တွေ့ရဲ့လား။ဗြဟ္မာကား တွေ့ရဲ့လား ။ သုံးဆယ့်တစ်ဘုံကား တွေ့ရဲ့လား ။ ဘာဖြစ်လို့ မတွေ့တာလဲ ။

ဆရာတော် သမားတော်တွေ ရုပ်နာမ် သုညတလို့ မဟောဘူးလား။ ရုပ်ထဲမှာ ရှာချင်တာရှာ သုံးဆယ့်တစ်ဘုံ တွေ့ရဲ့လား ။နာမ်ထဲမှာ ရှာချင်တာရှာ သုံးဆယ့်တစ်ဘုံ တွေ့ရဲ့လား ။ရုပ်နာမ် သုညတကွဲ့။ကဲ အဲဒီလို မြင်တဲ့အခါ ရာဂ ဒေါသ မောဟ ဖြစ်ခွင့်ရပါ့မလား ။တဒင်္ဂ နိရောဓ။ တဒင်္ဂ တဒင်္ဂ။ အဲလို စိစစ်ဖို့ မကောင်းလား။

ဒါ အဲဒီ ရုပ်နဲ့နာမ်ကိုသိတာ သူငါက သိတာ လား မဂ္ဂသစ္စာလား ။ ဘယ်မဂ်က သိတာလဲ။ သမာဓိ။ ဒီလူက သမာဓိရပြီလို့ မပြောရဘူးလား။ စဉ်းစား။

အဲဒီ သမာဓိကောင်းတဲ့ ပုဂ္ဂိုလ် အပုပ်ရည်သွင်းတဲ့ စကားမျိုး စိတ်ဆိုးလောက်အောင် ကိလေသာ အရည်ပျော်လောက်အောင် ပြောကြည့်။ သမာဓိ ကောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဒေါသ ဖြစ်ဦးမလား။ လောဘကား ဖြစ်ဦးမလား။ မောဟကား ဖြစ်ဦးမလား ။ အဲဒါ သမာဓိရဲ့ သတ္တိကွဲ့နော်။ အဲလို စိစစ်ဖို့ မကောင်းလား ။ အဲဒါ။ အဲဒီ နေရာ ရောက်ဖို့ လိုတယ်။ ဒါ လက်တွေ့ ကိုယ်လုပ်တဲ့ တရား တွေ ဟာ ဒီကိုများ ရောက်သလား လို့ ပြန်စိစစ်ဦး။ အဲလို စိစစ်ဖို့ မကောင်းလား။ ဒီနေရာ ရောက်ဖို့ လိုတယ် နော်။

သမာဓိ ကောင်းတော့ ဆက်ပြီး ကြည့်တော့ကာ ရုပ္ပတီတိ ရူပံ။ ဖောက်ပြန်ပြီးတော့ မပျက်လား ။ သိပြီးတော့ မပျက်လား ။ ဖြစ်ပျက်လို့ မဟောလား ။ ဘာသစ္စာလဲ ။ ချမ်းသာတဲ့ တရားလား ဆင်းရဲတဲ့ တရားလား ။ ဆင်းရဲတာ အမှန်နော်။ ကဲ ဆင်းရဲတယ်လို့ သိဖို့မလိုလား ။ အဲဒါမှ သစ္စာ ထိုက်တာကွဲ့ ကြားလား။

ဒါကြောင့် နဒီသောတော ဝိယ။ မြစ်ရေများစီးသလို လို့ ဥပမာပေးလို့ မဟောဘူးလား ။ မြစ်ရေများ ရပ်နေတယ်လို့ ရှိသေးရဲ့လား ။ အခုလည်း ဖြစ်ပျက် ဖြစ်ပျက်ဆိုတာ တစ်ဖြုတ်ဖြုတ် တသုတ်သုတ် ဆက်ဆက်နေတာနော်။

ကဲ ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရား လား ။ အဲ အဲဒီလို ဆင်းရဲကို သိဖို့ လိုတာ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော် မုံလယ် (၅)ရက် တရား စခန်း ၌် ၁၃၆၇-ခု၊ကဆုန်လပြည့်ကျော် ၇-ရက်၊တနင်္ဂနွေနေ့။ ၂၉.၅.၂ဝဝ၅ (နေ့လည် ၂-နာရီ) အချိန်တွင် ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment