Friday, December 30, 2016

🌟 မဂ္ဂင် (၈) ပါးကျင့်စဉ်တရား🌟


ဤအရာ၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင် ရှင်းလင်းဟောကြားထားတော်မူသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို အကျဉ်းချုပ်ကာ ရှင်းလင်းတင်ပြအပ်ပါသည်။

မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ*၁၅၀*တွင် #ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ #ဣဓ #အဓိပ္ပေတော, #န #လောကုတ္တရော-- ဤ မဟာသတိပဋ္ဌာနသုတ္တန်ပိုင်း၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားမှာ အရိယမဂ်၏ ရှေ့အဖို့၌ လိုက်နာပြုကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သည့် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးပင် ဖြစ်သည်။ ဤ၌ နိရောဓသစ္စာ တရားကို ၀ိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓသစ္စာအဖြစ် ဟောကြားထားတော်မူသကဲ့သို့ အလားတူပင် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုလည်း ၀ိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ဟောကြားထားတော် မူသောကြောင့် ဖြစ်၏။ လောကုတ္တရာမဂ္ဂသစ္စာတရားကား ၀ိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့်, ယင်းလောကုတ္တရာမဂ္ဂသစ္စာတရားကို မရရှိသေးသောကြောင့် ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အလိုမရှိအပ်ခြင်း ဖြစ်ပေသည်။ ယင်းလောကီ မဂ္ဂင် (၈)ပါးကို ဤတွင် အကျဉ်းချုပ်ကာ တင်ပြပေအံ့ ..။

၁။ #သမ္မာဒိဋ္ဌိ ---- ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အရိယသစ္စာ (၄)ရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်သော ဉာဏ်ကို သမ္မာဒိဋ္ဌိဟု ဟောကြားထားတော်မူ၏။ ထိုအရိယသစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ တရား နှစ်ပါးတို့မှာ ၀ိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏။ ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိမြင်တတ်သောဉာဏ်မှာ ၀ိပဿနာသမ္မာဒိဋ္ဌိဉါဏ်ပင် ဖြစ်၏။ ယင်းဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကိုလည်း သိ၏၊ ချုပ်စဉ်ကိုလည်း သိ၏။ ဖြစ်စဉ်မှာ သမုဒယအရိယသစ္စာတရားဖြစ်၍ ချုပ်စဉ်မှာ ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓအရိယသစ္စာတရားပင် ဖြစ်သည်။ တစ်ဖန် ယင်း ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ဖြစ်မှု ပျက်မှုကိုလည်း သိ၏၊ ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍ သိမြင်ပေသည်။

တစ်ဖန် ဒုက္ခသစ္စာစာရင်းတွင် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးတို့သည်လည်း ပါဝင်လျက် ရှိနေသည်ကို သတိပြုပါ။ ဆိုလိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ၀ိပဿနာရှုရာ၌ ယင်းလောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့ကိုလည်း ထည့်သွင်းကာ ၀ိပဿနာရှုနေသည်ဟု သဘောပေါက်ပါ။ ဥပမာ ---- ပထမဈာန်နာမ်တရားတို့ကို ၀ိပဿနာရှုခိုက်၌ ရှေ့ပိုင်း*၁၅၁*တွင် ရှင်းပြခဲ့သည့်အတိုင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက် ရှိကြ၏။ အလားတူပင် အရူပသတ္တက၀ိပဿနာရှုနည်း*၁၅၂*၌ လာရှိသည့်အတိုင်း ရှေးရှေးဝိပဿနာဉာဏ်ကို (= ရှေးရှေးဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုကို) နောက်နောက်သော ၀ိပဿနာဉာဏ်ဖြင့် (= နောက်နောက်သော ၀ိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုဖြင့်) တစ်ဖန် ပြန်၍ ၀ိပဿနာရှုရာ၌ မဂ္ဂင်တရားကိုယ် (၅)ပါးတို့လည်း ပါဝင်လျက် ရှိနေကြ၏။ ထိုအခါတွင် ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်က လောကီမဂ္ဂင်တရားကိုယ် (၅)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။ တစ်ဖန် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ အသီးအသီး ပါဝင်ပြဓာန်းလျက်ရှိကြသော နာမ်တရားစုတို့ကို ၀ိပဿနာရှုရာ၌လည်း ယင်း မဂ္ဂင် (၃)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ၀ိပဿနာ သမ္မာဒိဋ္ဌိÓဏ်က ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။

၂။ #သမ္မာသင်္ကပ္ပ ---
(က) ကာမဂုဏ်မှ ထွက်မြောက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊
( ခ ) မေတ္တာနှင့် ယှဉ်တွဲနေသည့် သတ္တ၀ါ သင်္ခါရတို့ကို မဖျက်ဆီးလိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အဗျာပါဒသင်္ကပ္ပ၊
( ဂ ) ကရုဏာနှင့်ယှဉ်တွဲနေသည့် သတ္တ၀ါ သင်္ခါရတို့ကို မညှဉ်းပန်း မနှိပ်စက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အ၀ိဟိံသသင်္ကပ္ပ ----ဤသင်္ကပ္ပ (၃)မျိုးကို သမ္မာသင်္ကပ္ပဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော် မူ၏။

ထိုတွင် ---- ( က) နေက္ခမ္မသင်္ကပ္ပ - အကြောင်းကို အဋ္ဌကထာ ဋီကာ၁၅၃တို့က ဤသို့ ရှင်းပြထားကြ၏ ..။

(( ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊ နိဗ္ဗာနဉ္စ ၀ိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပ၀ုစ္စရေ။))
၁။ ပဗ္ဗဇ္ဇာ = ရှင်ရဟန်းပြုခြင်းနှင့် ဆက်စပ်နေသော ကြံစည်မှု ၀ိတက် ---- ဥပမာ – သင်္ကန်းဆိုးခြင်း၊ သပိတ် ဖုတ်ခြင်း၊ ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ပစ္စဝေက္ခဏာ ဆင်ခြင်လျက် သုံးဆောင်ခြင်း၊ ၀ိနည်းသိက္ခာပုဒ်တော်များကို ရိုသေစွာ လိုက်နာပြုကျင့်ခြင်း စသည်တို့နှင့် ဆက်စပ်နေသည့် ကြံစည်မှု ၀ိတက် (= သင်္ကပ္ပ) တရားမျိုးကို ဆိုလိုပေသည်။

၂။ ပထမဈာန်နှင့် ယှဉ်သော ၀ိတက် ---- ဥပမာ – အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ အာနာပါန ပထမဈာန်သမာဓိကို ထူထောင်ခိုက်၌ ဈာန်စိတ္တက္ခဏတိုင်းဝယ် ဈာန်နာမ်တရား (၃၄)လုံးစီ ရှိနေ၏။ (နာမ်ကမ္မဋ္ဌာန်း ပိုင်းတွင် ကြည့်ပါ။) ယင်းနာမ်တရားစုတို့တွင် ၀ိတက်ခေါ်သည့် သမ္မာသင်္ကပ္ပမဂ္ဂင်လည်း ပါဝင်လျက် ရှိနေ၏။ ယင်း သမ္မာသင်္ကပ္ပသည် ဤအရာ၌ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ဈာန်စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောသာ ဖြစ်၏။ ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်မှာ ကာမဘုံမှ ထွက်မြောက်ကြောင်းတရားဖြစ်၍ နေက္ခမ္မသင်္ကပ္ပဟု ခေါ်ဆိုခြင်းြ ဖ စ်ေ ပ သည်။ ဤ၌ သတိပြုစေလိုသော အချက်တစ်ရပ်မှာ ---- ''ဆေးတံကိုက်ကာ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း မဟုတ်သည့် အာရုံအမျိုးမျိုးတို့ကို နှစ်ခြိုက်သလို စဉ်းစားတွေးခေါ်နေသည့် လုပ်ငန်းမျိုး”ကို သမ္မာသင်္ကပ္ပဟု မခေါ်ဆိုလိုသည်ကို သတိပြုပါ။
တစ်ဖန် ဒုတိယဈာန်စသော အထက်ပိုင်းဈာန်များကို နေက္ခမ္မသင်္ကပ္ပစာရင်းတွင် ထည့်သွင်းကာ မဖော်ပြခြင်းမှာ ယင်းအထက်ပိုင်းဈာန်တို့၌ ၀ိတက် မယှဉ်သောကြောင့် သမ္မာသင်္ကပ္ပမဂ္ဂင် မယှဉ်ရကား မဖော်ပြခြင်းပင် ဖြစ်ပေသည်။

၃။ နိဗ္ဗာန်ကို အာရုံပြုသော ၀ိတက် ---- ရ င့်ကျက်လာေ သာ ၀ိပ ဿ နာ ဉာ ဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ နိရောဓသစ္စာအစစ် ဖြစ်တော်မူသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်ကာ အာရုံပြုနေကြ၏။ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ၀ိတက်မှာ လောကုတ္တရာ သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်၏။ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာသင်္ကပ္ပ မဂ္ဂင်က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ အရိယမဂ်စိတ်ကို (= အရိယမဂ်စိတ်စေတသိက်တို့ကို) ရှေ့ရှုတင်ပေးလိုက်သောအခါ အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာဒိဋ္ဌိမဂ္ဂင်က ယင်းနိဗ္ဗာန်တရားတော် မြတ်ကို ထိုးထွင်းသိမြင်လေသည်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း ယင်းနိယျာနိကတရားကောင်းများ ထင်ရှားဖြစ်ပေါ်လာရေးအတွက် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိနေပေသည်။ ထိုသို့ သံသရာ ၀ဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းအစစ် အဖြစ်ကြီးဖြစ်သည့် ယင်း အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ အရိယဖိုလ်Óဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း သဒိသူပစာရအားဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာ နိဗ္ဗာန် တရားတော်မြတ်ကြီးကိုပင် ဆက်လက်ကာ အာရုံယူနေသည့်အတွက် နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။

၎။ ၀ိပဿနာဉာဏ်နှင့် ယှဉ်သော ၀ိတက် ---- ယင်းဝိတက်က ၀ိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားအာရုံပေါ်သို့ ၀ိပဿနာစိတ်ကို (= ၀ိပဿနာစိတ်စေတသိက်တရားစုကို) ရှေ့ရှုတင်ပေးလိုက်သောအခါ ၀ိပဿနာသမ္မာဒိဋ္ဌိÓဏ်က ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က အကြောင်း သမုဒယသစ္စာတရားအာရုံပေါ်သို့ ၀ိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ၀ိပဿနာသမ္မာဒိဋ္ဌိÓဏ်က ယင်းသမုဒယသစ္စာတရားတို့ကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကို) ထိုးထွင်းသိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က နိရောဓသစ္စာတရားအာရုံပေါ်သို့ ၀ိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းနိရောဓသစ္စာတရားကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို) ထိုးထွင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အာရုံပေါ်သို့ ၀ိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်း သိမြင်သွားပေသည်။ ယင်းဝိပဿနာဉာဏ်တို့ကား ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်သွားသောကြောင့် ကိလေသာမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ သို့အတွက် ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ ယခုကဲ့သို့ သမ္မာသင်္ကပ္ပမဂ္ဂင်သည် သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲကာ သမထ ၀ိပဿနာ ဘာဝနာ ကျင့်စဉ်အရပ်ရပ်တို့၌ သမထ ၀ိပဿနာ ဘာဝနာလုပ်ငန်းရပ်များ ပြီးစီးပြည့်စုံစေရန်အတွက် ဆောင်ရွက်ပေးသည့် မဂ္ဂင်ဖြစ်ခြင်းကြောင့် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲ၍ ပညာမဂ္ဂင်စာရင်းတွင် ထည့်သွင်းကာ ကျမ်းဂန်တို့၌ ဖော်ပြခြင်း ဖြစ်ပေသည်။

၅။ ကုသိုလ်တရားအားလုံးတို့နှင့် ယှဉ်သော ၀ိတက် ---- ကုသိုလ်တရားအားလုံးတို့သည် အကုသိုလ်တရားအားလုံးတို့မှ ထွက်မြောက်ကြောင်း တရားကောင်းများပင် ဖြစ်ကြ၏။ သို့အတွက် ကုသိုလ်တရားတို့နှင့် ယှဉ်တွဲလျက် ရှိသော သမ္မာသင်္ကပ္ပကိုလည်း အကုသိုလ်တရားတို့မှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မသင်္ကပ္ပဟူ၍ပင် ခေါ်ဆိုပေသည်။ ဒုတိယဈာန်စသော အထက်ပိုင်း ဈာန်ကုသိုလ်တရားတို့သည်လည်း ကာမဘုံမှ ထွက်မြောက်ကြောင်း တရားကောင်းတို့ပင် ဖြစ်ကြ၏။ သို့သော် ယင်းအထက်ပိုင်းဈာန်ကုသိုလ်တရားတို့ကား ၀ိတက် (= သမ္မာသင်္ကပ္ပ)နှင့် မယှဉ်သောကြောင့် နေက္ခမ္မသင်္ကပ္ပဟူသော အမည်ကိုကား မရရှိနိုင်ကြပေ။ သို့သော် ကာမဘုံမှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မဟူသော အမည်ကိုကား ရရှိနိုင်ကြပေသည်။
ကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ၀ိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်း နေက္ခမ္မသင်္ကပ္ပ အမျိုးမျိုးတို့ကို ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း*၁၅၄*တွင် ကြည့်ပါ။

( ခ ) အဗျာပါဒသင်္ကပ္ပ ---- အဒေါသ (= မေတ္တာ) နှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ၀ိတက်ဟူသော သမ္မာသင်္ကပ္ပ၊ မေတ္တာ ပထမဈာန်နှင့် ယှဉ်တွဲနေသည့် ၀ိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အဗျာပါဒသင်္ကပ္ပ မည်၏။ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် မေတ္တာ ပထမဈာန်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ၀ိပဿနာရှုပွားနိုင်သောအခါတို့၌ ယင်းအဗျာပါဒသင်္ကပ္ပကို ၀ိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း*၁၅၅*တွင် ကြည့်ပါ။

( ဂ ) အ၀ိဟိံသသင်္ကပ္ပ --
ကရုဏာနှင့်ယှဉ်သော ၀ိတက်သည် အ၀ိဟိံသသင်္ကပ္ပ မည်၏၊၊ ကရုဏာနှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ၀ိတက်ဟူသော သမ္မာသင်္ကပ္ပ၊ ကရုဏာ ပထမဈာန်နှင့် ယှဉ်တွဲနေသည့် ၀ိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အ၀ိဟိံသသင်္ကပ္ပ မည်၏။ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် ကရုဏာ ပထမဈာန်နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားနိုင်သောအခါနှင့် ၀ိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်းအ၀ိဟိံသသင်္ကပ္ပကို ၀ိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း*၁၅၆*တွင် ကြည့်ပါ။

၃။ သမ္မာဝါစာ = ၀စီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊

၎။ သမ္မာကမ္မန္တ = ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊

၅။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

၆။ သမ္မာဝါယာမ = မဖြစ်ပေါ်သေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးကုန်သော အကုသိုလ် တရားတို့ကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးကုန်သော ကုသိုလ်တရားတို့ကို အရဟတ္တမဂ်ဆိုက်သည့်အထိ တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း (၄)မျိုးကို သမ္မာဝါယာမမဂ္ဂင်ဖြစ်ကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏။ မည်သို့မည်ပုံ ကြိုးစား အားထုတ်ရမည်နည်း? နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ သတိပဋ္ဌာန်တရား (၄)ပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်၏။ အထက်က ရှင်းပြခဲ့သည့်အတိုင်း အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြ ထားခဲ့သည့်အတိုင်း ဈာန်သမာဓိတစ်ခုခုကို ၀ိပဿနာ၏ အခြေခံ ပါဒကဈာန်အဖြစ် ထူထောင်၍ဖြစ်စေ၊ ဥပစာရ သမာဓိတစ်ခုခုကို ထူထောင်၍ဖြစ်စေ အဆင့်လေးဆင့်တို့ဖြင့် ပိုင်းခြားထားအပ်သည့် ၀ိပဿနာကျင့်စဉ်ကို အဆင့်ဆင့် အစီအစဉ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ အားထုတ်ရာ၌ ယင်း ဈာန်သမာဓိ ဥပစာရသမာဓိတို့နှင့် ယှဉ်တွဲနေသော ၀ီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏၊ အဆင့်ဆင့်သော ၀ိပဿနာ ဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ၀ီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏။ ယင်းဈာန်နာမ်တရားတို့ကို လည်းကောင်း ယင်းဥပစာရသမာဓိနာမ်တရားတို့ကိုလည်းကောင်း ယင်းဝိပဿနာဉာဏ်ကိုလည်းကောင်း တစ်ဖန်ပြန်၍ ၀ိပဿနာရှုနိုင်သောအခါ၌ ယင်းသမ္မာဝါယာမမဂ္ဂင်ကိုလည်း ၀ိပဿနာဉာဏ်ဖြင့် သိမြင်နေမည် ဖြစ်ပေသည်။

၇။ သမ္မာသတိ = သတိပဋ္ဌာန်တရား (၄)ပါးတို့၌ အစဉ်တစိုက် ရှုပွားသုံးသပ် အမှတ်ရနေသော သတိကို သမ္မာသတိ ဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏။ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့် အတိုင်း သတိပဋ္ဌာန်တရားတို့၌ သမထပိုင်း ၀ိပဿနာပိုင်းဟု အပိုင်းနှစ်ပိုင်း ရှိရာ သမထပိုင်းကျင့်စဉ်၌လည်း သတိကား အမြဲတမ်း ပါဝင်လျက် ရှိ၏၊ အလားတူပင် ၀ိပဿနာပိုင်း၌လည်း အဆင့်တိုင်း အဆင့်တိုင်းတွင် အမြဲတမ်းပင် ၀ိပဿနာဉာဏ်နှင့် ယှဉ်တွဲကာ ပါဝင်လျက် ရှိနေ၏။ သို့အတွက် သမထဈာန်နာမ်တရားတို့ကို ၀ိပဿနာရှုနိုင်သော အခါ၊ သတိနှင့်ယှဉ်သည့် ကုသိုလ်နာမ်တရား ၀ိပါက်နာမ်တရားတို့ကို ၀ိပဿနာရှုနိုင်သောအခါ၊ ၀ိပဿနာ ဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ ၀ိပဿနာရှုနိုင်သောအခါတို့၌ ယင်းသမ္မာသတိမဂ္ဂင်ကို ၀ိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

၈။ သမ္မာသမာဓိ = ပထမဈာန်သမာဓိ ဒုတိယဈာန်သမာဓိ တတိယဈာန်သမာဓိ စတုတ္ထဈာန်သမာဓိတို့ကို သမ္မာသမာဓိဟု ခေါ်ဆိုကြောင်းကို ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏။ ယင်း ဈာန်နာမ်တရားတို့ကို ၀ိပဿနာ ရှုနိုင်သောအခါ ယင်းသမ္မာသမာဓိမဂ္ဂင်ကိုလည်း ၀ိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

ဤမဟာသတိပဋ္ဌာနသုတ္တန်၌ ဘုရားရှင်က ရူပါဝစရဈာန်သမာဓိ (၄)မျိုးကိုသာ သမ္မာသမာဓိ ခေါ်ဆိုကြောင်းကို ဟောကြားထားတော်မူ၏။ ယင်းသို့ ဟောကြားတော်မူချက်မှာ #မဇ္ဈေဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏။ ဘုရားရှင်သည် ထိုထိုသုတ္တန်တို့၌ ဓာတ်ကမ္မဋ္ဌာန်းကဲ့သို့သော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်းတို့ကိုလည်း ဟောကြားထားတော်မူ၏၊၁၅၇ ဈာန်သမာပတ် (၈)ပါးစလုံးတို့ကိုလည်း ဟောကြား ထားတော်မူ၏။၁၅၈ ထို့ကြောင့် သမာဓိမှာ (၃)မျိုး ရှိနေ၏။ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ဥပစာရသမာဓိ အမည်ရသည့် ကာမာဝစရသမာဓိက (၁)မျိုး၊ ရူပါဝစရဈာန်လေးပါးဟူသည့် ရူပါဝစရသမာဓိက (၁)မျိုး၊ အရူပါဝစရ ဈာန် လေးပါးဟူသည့် အရူပါဝစရသမာဓိက (၁)မျိုး - ဤသို့လျှင် သမာဓိ (၃)မျိုး ရှိပေသည်။ ထို (၃)မျိုးတို့အနက် အလယ်ဖြစ်သည့် ရူပါဝစရသမာဓိကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အစနှင့် အဆုံးဖြစ်သည့် ကာမာဝစရ သမာဓိ အရူပါဝစရသမာဓိတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်ပေသည်။ ဤကဲ့သို့ ဟောကြားတော်မူသည့် နည်းစနစ်ကို #မဇ္ဈေဒီပကနည်းဟု ခေါ်ဆိုပေသည်။ မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာ မြင်ရသည်မဟုတ်၊ မြွေတစ်ကောင်လုံးကို မြင်ရနိုင်သကဲ့သို့ မှတ်ပါ။ ထိုကြောင့် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ*၁၅၉*က "{{စိတ္တ၀ိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော }} = စိတ္တ၀ိသုဒ္ဓိမည်သည် ဥပစာရသမာဓိနှင့်တကွ ဈာန်သမာပတ် (၈)ပါးစလုံးကိုပင် ဆိုလိုသည်”ဟု ရှင်းပြထားတော်မူလေသည်။ ဥပစာရသမာဓိ သို့မဟုတ် ဈာန်သမာဓိကြောင့် နီဝရဏအညစ်အကြေးတို့မှ ကင်းစင်နေသည့် စိတ်အစဉ်ကို စိတ္တ၀ိသုဒ္ဓိဟု ခေါ်ဆိုလေသည်။ သို့အတွက် စိတ္တ၀ိသုဒ္ဓိနှင့် ဥပစာရသမာဓိ အပ္ပနာဈာန်သမာဓိတို့မှာ အနက်အဓိပ္ပါယ်ချင်း တူညီနေသည့်ç စကားလုံးသာ ကွဲပြားနေသည့် ဝေါဟာရ အသုံးအနှုန်းတို့ ဖြစ်ကြသည်။

အားလုံးပေါင်းသော် သမထပိုင်းအခိုက်၇ ၀ိပဿနာပိုင်းအခိုက်တို့၌ မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ဖြစ်ကြသည်။

ဘုရားရှင်သည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့တွင် ဥပစာရသမာဓိ ဈာန်သမာဓိကဲ့သို့သော သမာဓိများကို ထည့်သွင်းကာ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် အဘယ်အကြောင်းကြောင့် ဟောကြားနေတော်မူရပါသနည်းဟု မေးရန်ရှိ၏။ ရှေး #သမာဓိသုတ္တန်ပိုင်း*၁၆၀*တွင် ရှင်းလင်းတင်ပြထားခဲ့ပြီးသည့်အတိုင်း အရိယသစ္စာ (၄)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် သမာဓိမှာ သို့မဟုတ် သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းမှာ မရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ထိုကြောင့် သမ္မာသမာဓိမဂ္ဂင်ကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။
🌟🌟🌟🌟🌟🌟🌟🌟

ဖားအောက်တောရဆရာတော်ကြီး၏
#နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း
စာအုပ်မှ အခန်း(၁) သဘောတရားရေးရာအပိုင်း
စာမျက်နှာ (၁၃၈ _ ၁၃၉ _ ၁၄၀ - ၁၄၁ - ၁၄၂။)

၁၅၁ (စာမျက်နှာ၊ ၃၆။)
၁၅၂ (၀ိသုဒ္ဓိ၊၂၊၂၆၂၊ စာပိုဒ်၊၇၁၈-၇၁၉။)
၁၅၃ (ဣတိဝုတ္တက၊ဋ္ဌ၊၃၃၁။ ဒီ၊ဋီ၊၂၊၂၆၄။)
၁၅၀ (မ၊ဋ္ဌ၊၁၊၂၃၅၊ စာပိုဒ်၊၁၀၆။)
၁၅၄. (စာမျက်နှာ ၊ ၄၀၁...စသည်)
၁၅၅ (စာမျက်နှာ ၊၃၉၂။)
၁၅၆ (စာမျက်နှာ ၊၃၉၂)
၁၅၇ (မ၊၁၊၇၃၊ စာကိုဒ်၊၁၁၁... စသည်)
၁၅၈ (ဒီ၊၂၊ ၉၂ - ၉၄၊စာပိုဒ်၊၁၇၃ - ၁၇၄ စသည်)
၁၅၉ (ဝိသုဒ္ဓိ၊၂၊ ၂၂၂။)
၁၆၀ (စာမျက်နှာ ၊၅၂)၆၃

*
--------------------------------------------------------------------https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
--------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment