Thursday, December 29, 2016

အဖိုးတန်သောအမြင်



အခါတစ်ပါး၌ သိကြားမင်းကြီးသည် မြတ်စွာဘုရားရှင်အား " သတ္တဝါတို့သည် အမျက်ရန်ငြိုးကင်းကုန် လျက် စိတ်ချမ်းသာစွာနေလိုကြပါသော်လည်း မနေနိုင်ကြပါကုန်။ အဘယ်ကြောင့်ပါနည်း " ဟု မေးလျှောက်ပါ သည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် " သတ္တဝါတို့သည် အမျက်ရန်ငြိုးကင်းကုန်လျက် စိတ်ချမ်းသာစွာ နေ လိုကြပါသော်လည်း ' ဣဿာမစ္ဆရိယ' သံယောဇဉ်ကြောင့် မနေနိုင်ကြကုန် " ဟု ဖြေကြားလေသည်။

ဒေါသအုပ်စုဝင်ဖြစ်သော ဣဿာမစ္ဆရိယ တရားများသည် သတ္တဝါတို့ သန္တာန်၌ ဖြစ်လွယ်၊ သိလွယ်ပါ သည်။ ဤတရားဆိုးများကြောင့် တစ်ဦးတစ်ယောက် ကောင်းစားသွားမည်ကို မုဒိတာမပွားနိုင်ကြပေ။

မိမိထက် အရည်အချင်း သာမှန်းသိလျက် ငါ့ကိုအထင်ကြီးနေရာမှ သူ့ကိုအထင်ကြီးသွားမှာ စိုးသည့် စိတ်၊ ငါ့လူ သူ့လူဖြစ်သွားမှာ စိုးသည့်စိတ်၊ ငါသာ ဆရာကြီးလုပ်လိုသည့်စိတ် များကြောင့် သူ့ဂုဏ်ကို မဖော်နိုင် ကြတော့ပေ။ အခြားသူတစ်ဦးက ဖော်လာလျှင်လည်း " ဒါပေမယ့် " ဆိုပြီး ထိုသူ၏ အပြစ်အနာအဆာကို ရှာ ဖွေဖော်ထုတ်တော့သည်။

ဣဿာနှင့် မစ္ဆရိယသည် တရားကိုယ်တစ်ခုစီဖြစ်သည်။ ဗဟိဒ္ဓဖြစ်သော သူတစ်ပါးစည်းစိမ်၊ အောင် မြင်မှု စသည်များကို အာရုံပြု၍ ကိုယ့်ထက်သာသွားမည်ကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မနာလိုဖြစ်ခြင်းသည် " ဣဿာ " ၏ လက္ခဏာဖြစ်သည်။

မိမိရာထူးစည်းစိမ်၊ အောင်မြင်မှုများကို အာရုံပြု၍ မိမိကဲ့သို့ ရမည်ကိုလည်း မလိုလား၊ မိမိကဲ့သို့ ရရှိ သွားမည်ကိုလည်း စိုးရွံ့ခြင်း၊ သည်းမခံနိုင်ခြင်းသည် "မစ္ဆရိယ " ၏ လက္ခဏာဖြစ်သည်။

ဣဿာမစ္ဆရိယ၏ ဆိုးကျိုးကိုပြသော ဝတ္ထုများတွင် လောသကတိဿဝတ္ထုသည် အလွန်ထင်ရှား၏။

ကုသိုလ်၊ အကုသိုလ်ဆိုသည်မှာ ပြုသူ၏စိတ်စေတနာ အားသန်မှု၊ အပြုခံပုဂ္ဂိုလ်၏ ဂုဏ်ကြီးမှုတို့ကို အမှီပြုပြီး အတိုးကြီးကြီးပေးတတ်ပါသည်။ ထို့ပြင် ကုသိုလ်၊ အကုသိုလ်တို့သည် သူ့အကြောင်း၊ သူ့အကျိုးနှင့် သတ်သတ်စီရှိ၏။ လောသကတိဿလောင်းလျာသည် ရဟန္တာ၏လာဘ်လာဘကို တားမြစ်မိခဲ့၍ ဘဝအဆက် ဆက် ငတ်ပြတ်ခဲ့ရသော်လည်း သီလဖြူဖြူစင်စင်ဖြင့် ရဟန်းတရားအားထုတ်ခဲ့သော အကြောင်းကံကြောင့် ရဟန္တာအဖြစ်ဖြင့် ကျွတ်တမ်းဝင်သွားလေသည်။

ရဟန်းသည် ရဟန်းပတ်ဝန်းကျင်နှင့် ဆက်ဆံရ၏။ ဤသို့ ဆက်ဆံရသောအခါ အရိယာပုဂ္ဂိုလ်များနှင့် လည်း ကြုံနိုင်သလို သီလဝန္တပုဂ္ဂိုလ်များလည်း ပါနိုင်ပါ၏။

လူဆိုသည်မှာ မိမိကိုယ်ကို အချစ်ဆုံးဖြစ်၏။ ထိုစိတ်အရင်းခံကြောင့် မိမိနှင့်ပတ်သက်ပြီး ကိုယ့်ထက် သာသွားမှာ မနာလို၊ ကိုယ့်လိုရသွားမှာကို ဝန်တိုသည့် ဣဿာမစ္ဆရိယစိတ်များ ဖြစ်ကုန်ကြ၏။ သို့ဖြစ်၍ တစ်ဦး ကိုတစ်ဦး မုဒိတာမပွားနိုင်ကြတော့ပေ။ ဤသည်မှာ မိမိကိုယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားခြင်းသာ ဖြစ်သည်။

သတိထားကြည့်ပါ။ ဣဿာမစ္ဆရိယစိတ်များ ဖြစ်လာလျှင် မိမိမှာ အလျှင်ပူလောင်နေပါသည်။ ဤအပူ ကြောင့် ကာယကံ၊ ဝစ်ီကံဖြင့် ပြစ်မှားမိကြခြင်းဖြစ်သည်။

မိမိတကယ်ငြိမ်းချမ်းချင်လျှင် သူတစ်ပါးကို အလျင်ဆုံးငြိမ်းချမ်းစေချင်မှ ရနိုင်ပါသည်။ ဤသည်မှာ အ မှန်ကန်ဆုံး နိယာမဖြစ်သည်။ မြတ်စွာဘုရားရှင်၏ သတိပဋ္ဌာန်နည်းဖြင့် စိတ်ဖြစ်စဉ်ကို စောင့်ကြည့်လျှင် ပို၍သိ သာပါ၏။

သူတစ်ပါးကို နှိပ်ကွပ်လိုက်ရမှ စိတ်ချမ်းသာသွားသည်ဟု ဆိုကြသူများသည် မောဟအားကြီးသူများ ဖြစ်၏။ အမှန်တွင် သူစိတ်မချမ်းသာပေ။ ပူလောင်နေ၏။ မုဒိတာပွား၊ ဝမ်းမြောက်၊ ခွင့်လွှတ်၊ အနစ်နာခံလိုက်၍ ရရှိသောသုခမှသာ ငြိမ်းချမ်းငြိမ်သက်ပါ၏။ ဤအရသာမျိုးကို ခံစားဖူးမှ တန်ဖိုးထားတတ်ပါမည်။ တန်ဖိုးထား တတ်မှလည်း ဤအရသာမျိုးရရှိအောင် လေ့ကျင့်ယူပါလိမ့်မည်။

မုဒိတာပွားခြင်း၊ စာနာနားလည်ခြင်း၊ သည်းခံခြင်းစသည့် စိတ်အရည်အသွေးများသည် ရုတ်တရက် တော့ ဖြစ်ရန်မလွယ်ပေ။ ဘဝအစဉ်ဆက်က ကြီးစိုးလာသော ကိလေသာက ခုခံနေတတ်ပါသည်။ အကြိမ်ကြိမ် လေ့ကျင့်ယူရပါမည်။

ဗုဒ္ဓဘာသာဝင်များသည် ကုသိုလ်ပြုတိုင်း မဂ်ဖိုလ်ရရပါလို၏ဟု ဆုတောင်းတတ်ကြပါသည်။ မဂ်ဖိုလ်ဆို သည်ကား မြင့်မြတ်သောတရားဖြစ်၏။ ထိုတရားကိုရရန် မြင့်မြတ်သောစိတ်ဓာတ် အခြေခံရှိရန် လိုပါသည်။

အချို့က စိတ်ကောင်းများဖြစ်ရန် အကောင်းမြင်ဝါဒကို လမ်းညွှန်ကြပါ၏ နေရာတကာ အကောင်းမြင်ဝါ ဒကို စာရေးသူလက်မခံချင်ပေ။ အများအကျိုးဆောင်ရွက်သောအခါ နေရာတကာအကောင်းမြင်န၍မရ။ အမှန် မြင်တတ်ရပါမည်။

လူတစ်ယောက် အောင်မြင်ကြီးပွားနေပါ၏။ သူ့အောင်မြင်မှုကား မသမာမှုကြောင့်ဖြစ်၏။ သူ့ကို အောင် မြင်ကြီးပွား စိတ်ချမ်းသာစေချင်ပါသည်။ သို့သော မသာမာမှုကိုတော့ ရောယောင်ပြီး သာဓုမခေါ်နိုင်ပါ။

သူ့ကို အမှန်တကယ်ကြီးပွားလိုစိတ်ရှိနေလျှင် ထိုအချိန်၌ မိမိလည်း ငြိမ်းချမ်းနေပါ၏။ မေတ္တာဓာတ် သည် ချက်ချင်းကို အေးမြစေပါသည်။
ဣဿာမစ္ဆရိယစိတ်ကို သောတာပန်ဖြစ်မှသာ ပယ်သတ်နိုင်မည်ဖြစ်၏။ သာမန်သူများအဖို့ သတိလက် လွတ်ချိန်၌ ပေါ်လာနိုင်ပါသည်။

ကိုယ်တိုင်လည်းပူလောင်၊ ဆိုင်ရာရုပ်ကိုလည်း လောင်ကျွမ်းစေတတ်သော ဤသဘာဝတရားဆိုးကို စောင့်ကြည့်ပါ။ ဣဿာမစ္ဆရိယတရားများသည် စိတ်ကိုချယ်လှယ်တတ်သော စေတသိက်တရားများသာ ဖြစ်၏ ။ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်သကဲ့သို့ အတ္တဇီဝလည်း မဟုတ်ပေ။ အာရုံနှင့်ဒွါရ တိုက်ဆိုင်၍ နှလုံးသွင်းမှားမှု ကြောင့် ပေါ်လာသော နာမ်တရားသာ ဖြစ်၏။

ဤတရားဆိုးများကို မိမိသန္တာန်၌ မဖြစ်ပေါ်စေချင်လျှင် ပထမဆုံး ဣဿာမစ္ဆရိယ၏ အရှိတရားအဖြစ် ကို လက်ခံရမည်ဖြစ်သည်။ မိမိ၌ ထိုစိတ်များဖြစ်နေလျှင် ဖြစ်နေသည်ဟု လက်ခံပါ။ အရှိတရားကို အလျင်ဆုံး လက်ခံမှ နောက်ဆက်တွဲအလုပ်လုပ်၍ ရပါမည်။

လူတိုင်းသည် ကိုယ့်ကိုယ်ကို သူတော်ကောင်းအထင်ခံချင်ကြသည်။ ဤစိတ်အခံကြောင့် မိမိ၌ စိတ် ယုတ်၊ စိတ်ပုပ်များရှိနေသည်ကို မရှိသလို လှည့်ပတ်၏။ ကြာလာသောအခါ စိတ်ယုတ် စိတ်ပုပ်များ ဖြစ်လာ သည်ကို ဖြစ်နေမှန်းမသိတော့ဘဲ သူတစ်ပါးကို နှိပ်ကွပ်လိုက်ရသည်ကိုပင် မှန်သလိုလို ထင်နေတော့သည်။ နာ ပြီးရင်း နာလေ၏။ ပစ္စုပ္ပန်မှာလည်း လောင်မြှိုက်ခံရသလို သံသရာအတွက်လည်း အပါယ်မျိုးစေ့ စိုက်ပျိုးမိလေ ၏။

အမှန်တရားကိုရှာမည့်သူသည် ရိုးသားရန်လိုပါသည်။ မိမိ၌ မကောင်းသည့် စိတ်ဖြစ်နေလျှင် ' ဖြစ်နေ တယ် ' ဟု အသိမှတ်ပြု၍ ထိုစိတ်၏ အလုပ်လုပ်ပုံကို လေ့လာပါ။ သဘာဝတရားများတွင် ကြာကြာနေနိုင်သော စွမ်းရည်မရှိပါ။ ပျက်ပါလိမ့်မည်။

ဣဿာမစ္ဆရိယ၏ မမြဲသော၊ အနှစ်သာရမရှိသော သဘောကို မြင်သောအမြင်သည် အဖိုးတန်ပါ၏။ ဤသို့ မြင်ခြင်းသည် " ဒုက္ခသစ္စာ " ကို သိခြင်းဖြစ်၏။ ဤအသိကို ရင့်ကျက်အောင် ပွားများယူခြင်းသည် " ဘာဝနာ " ဖြစ်၏။ ဤအမြင်စွဲမြဲနေလျှင် ဣဿာမစ္ဆရိယတိုက်နည်းကို တွေ့ပါပြီ။ ပြီးဆုံးအောင်သာ တိုက်ပါတော့ဟု ဆန္ဒ ပြုလိုက်ပါသည်။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။

posted from Bloggeroid

No comments:

Post a Comment