Friday, December 30, 2016

ခမာထေရီ


“တရားတော်နာရန် လာရောက်ကြကုန်သော ရဟန်းမိန်းမအပေါင်းတို့.......
“ခေမာထေရီ နာမည်ဘွဲ့ခေါ် တပည့်တော်မသည် ဤကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရားပွင့်တော်မူသောအခါ ဟံသာဝတီပြည်ကြီးဝယ် ရတနာအပေါင်းတို့ဖြင့် ပြည့်စုံပေါများ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရရှိသည့် သူဌေးသမီးဖြစ်ရ၏။

“တပည့်တော်မသည် ပဒုမုတ္တရ မြတ်စွာဘုရားအထံတော်၌ တရားတော်ကို
နာရ၍ သဒ္ဒါကြည်ညိုသော စိတ်ဖြင့် သရဏဂုံကို ဆောက်တည်၏။ အမိအဖတို့အား
တောင်းပန်ပြီးလျှင် မြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းအား ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်လှူ လုပ်ကျွေး၏။ ခုနစ်ရက်မြောက်နေ့တွင် မြတ်စွာဘုရားသည် ရဟန်းမိန်းမတစ်ပါးကို မဟာပညာဧတဒဂ်အရာ၌ ထားတော်မူသည်ကို သူဌေးသမီး
မြင်ရကား ထိုအရှင်မကဲ့သို့ ဖြစ်ရပါလိုသောဟု ဆုတောင်းလေသည်။

“ပဒုမုတ္တရမြတ်စွာဘုရားသည် “ချစ်သမီး၊ သင်၏ ဆုတောင်းခြင်း ပြည့်စုံလတ္တံ။ သံဃာတော်နှင်တကွ ငါဘုရားအား ပူဇော်သက္ကာရကို ပြုသော ချစ်သမီး၏ ကုသိုလ်ကံစေတနာသည် ကြီးစွာသော မရေတွက် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏”ဟု မိန့်တော်မူပြီးလျှင် ဤသို့ ဗျာဒိတ်ပေးတော်မူပေသည်။
“ချစ်သမီး၊ ဤကမ္ဘာမှ တစ်သိန်းထက်၌ သြက္ကာက မင်းမျိုး၌ဖြစ်သော၊ ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လူ့ပြည်၌ဖြစ်လတ္တံ့။ ထို ဂေါတမမြတ်စွာ
ဘုရား၏ တရားတော်တို့၌ အမွေခံဖြစ်သော၊ ဘုရင် ရင်နှစ်သမီးဖြစ်သော၊ တရားတော်သည် ဖန်ဆင်းအပ်သော မဟာပညာ ဧတဒဂ်သို့ရောက်သော ခေမာ အမည်ရှိသော ရဟန်းမိန်းမ ဖြစ်လတ္တံ့။

“တပည့်တော်မသည် ထိုကုသိုလ်ကံဖြင့် စုတေသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ဖြစ်၏။ တာဝတိံသာမှ စုတေပြန်သော် ယာမာနတ်ပြည်၌ဖြစ်၏။ ယာမာနတ်ပြည်မှ စုတေပြန်သော် တုသိတာနတ်ပြည်၌ဖြစ်၏။ တုသိတာနတ်ပြည်မှ စုတေပြန်သော် နိမ္မာနရတိနတ်ပြည်၌ ဖြစ်ရ၏။ နိမ္မာနရတိနတ်ပြည်မှ စုတေပြန်သော် ပရနိမ္မိတ၀သ၀တီနတ်ပြည်၌ဖြစ်၏။ ထိုနတ်ပြည်တို့၌
ဖြစ်သောအခါ ပဒုမုတ္တရ မြတ်စွာဘုရားအား ခုနစ်ရက် ဆွမ်းကပ်လှူဒါန်းခြင်း ကုသိုလ်ကံတို့၏ အစွမ်းအားဖြင့် နတ်မင်းကြီးတို့၏ အဂ္ဂမဟေသီ နတ်မိဖုရားကြီး
ဖြစ်ရလေတော့သည်။

ထိုနတ်ပြည်မှ စုတေလျှင် လူ့ပြည်၌ စကြာမင်း၏ အဂ္ဂမဟေသီ မိဖုရားကြီး အကြိမ်များစွာဖြစ်ရ၏။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အစိုးရသော ဧကရာဇ်မင်း၏ အဂ္ဂမဟေသီမိဖုရားကြီးသည်လည်း အကြိမ်များစွာ ဖြစ်ရလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်မှစ၍ ၀ိပဿီ မြတ်စွာဘုရားပွင့်တော်မူသည့် တိုင်အောင် လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်၍ ခပ်သိမ်းသောဘ၀၌ ချမ်းသာစွာ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့ကို ခံစား၍နေခဲ့ရပေသည်။

“ဤ ကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်တစ်ကမ္ဘာ ထက်၌ ၀ိပဿီမြတ်စွာဘုရားပွင့်တော်မူသည်။ ထိုဝိပဿီမြတ်စွာဘုရား၏သာသနာတော်၌ တပည့်တော်မသည် ရဟန်းမိန်းမပြု၍ နှစ်ပေါင်းရှစ်သောင်းကာလပတ်လုံး
ဗြဟ္မစရိယ အကျင့်မြတ်ကိုကျင့်သုံး၍ ကျမ်းဂန်ပိဋကတ်ကို သင်ကြားကာ များသောဗဟုသုတရှိ၏။ ပဋိစ္စသမုပ္ပါဒ်၌လည်း ကောင်းစွာလိမ္မာ ကျွမ်းကျင်၏။ သစ္စာလေးပါး၌ ရဲရင့်ခြင်းရှိ၏။ သိမ်မွေ့သော အနက်အဓိပ္ပာယ်တို့ကို ထုတ်ဖော်၍ ဆန်းကြယ်သော တရားစကားတို့ကိုလည်းဟော၏။ မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒကို ကောင်းစွာလိုက်နာပြုကျင့်၏။ ကမ္မဋ္ဌာန်း၌လည်း အားထုတ်လုံ့လပြုပေသည်။

“တပည့်တော်မသည် ထို ရဟန်းမိန်းမအဖြစ်မှ စုတေပြန်သော် တုသိတာနတ်ပြည်၌
ဖြစ်ချေသည်။ များသောအခြွေအရံရှိသည့်အပြင် လူ့ပြည်၌ ဗြဟ္မစရိယ အကျင့်မြတ်ကိုကျင့်သော ကံ၏အစွမ်းကြောင့် တစ်ပါးနတ်သမီးတို့ထက်သာလွန်၍ စည်းစိမ်ချမ်းသာကြီးမားလှပေသည်။ “တပည့်တော်မသည် ရဟန်းမိန်းမပြု၍
မြတ်သောအကျင့်ကို ကျင့်သောကြောင့် ဖြစ်လေရာရာ ဘုံဘ၀၌ များသော စည်းစိမ်ဥစ္စာရှိသည်၊ ပညာရှိသည်၊ သီလရှိသည်၊ယဉ်ကျေးလိမ္မာသော အခြွေအရံ ပရိတ်သတ်ရှိသည်။

“မေထုန်ရှောင်လတ် အကျင့်မြတ်ကိုကျင့်သောကြောင့် တပည့်တော်မသည် အလုံးစုံသော စည်းစိမ်တို့ကိုအလိုရှိ၍ တောင့်တလျှင်ရလွယ်၏။ ဖြစ်လေရာဘ၀၌ တပည့်တော်မ၏ လင်ယောင်္ကျားသည် တစ်စုံတစ်ရာမထေ့မဲ့မြင်မပြု။ မချစ်ကြင်မူ၍ ဆဲရေးရိုက်ပုတ် မုန်းထားခြင်းကို မပြုလုပ်။ လင်ယောက်ျားသည် အလွန် ချစ်ကြင် မြတ်နိုး၏။ ဤကား “မေထုန်ရှောင်လတ် ပဋိပတ္တိ ဗြဟ္မာစာရီ”အကျင့်၏ အစွမ်းသတ္တိတည်း။”

“ဤ ဘဒ္ဒကမ္ဘာအတွင်း၌ ကောဏာဂုံ မြတ်စွာဘုရားပွင့်တော်မူသောအခါ တပည့်တော်မသည် ဗာရာဏသီပြည်၌ ကြွယ်ဝပြည့်စုံသော သူကြွယ်သမီးဖြစ်၍ ဓနဉ္ဇနီပုဏ္ဍေးမ၊ သုမေဓာထေရီနှင့် တပည့်တော်မသည် မိတ်ဆွေသူငယ်ချင်း
ဖြစ်ကြ၏။ သူငယ်ချင်းမိတ်ဆွေသုံးဦးတို့သည် သံဃာတော်များနေထိုင်
သီတင်းသုံးရန် အာရာမ်ကျောင်းတိုက်ကိုလှူ၍ သံဃိကကျောင်းကိုလည်း
ဆောက်လုပ်လှူဒါန်းကြပေသည်။

“ထိုဘ၀မှ စုတေကြသည်ရှိသော် မိန်းမမိတ်ဆွေသုံးဦးတို့သည် တာဝတိံသာ နတ်ပြည်၌ ဖြစ်ကြ၏။ ထိုနောက် ဘဒ္ဒကမ္ဘာအတွင်း၌ ကဿပမြတ်စွာ ဘုရားပွင့်တော်မူရာ၊ တပည့်တော်မသည် မြတ်စွာဘုရား၏ ပစ္စည်းလေးပါး ဒါယကာဖြစ်သော ကိကီမင်းကြီး၏ သမီးတော်ဖြစ်လာခဲ့ပေ၏။
“ကိကီမင်းကြီးတွင် သမီးခုနစ်ယောက်ရှိရာ ခေမာထေရီအလောင်းဖြစ်သော သမဏီလည်းတစ်ယောက်၊ ဥပ္ပလ၀ဏ် အလောင်းဖြစ်သော သမဏဂုတ္တာလည်း
တစ်ယောက်၊ ပဋာစာရီအလောင်းဖြစ်သော ဘိက္ခုနီလည်းတစ်ယောက်၊ ကုဏ္ဍလကေသီ၏ အလောင်းဖြစ်သော ဘိက္ခုဒါယိကာမလည်းတစ်ယောက်၊ ကီသာဂေါတမီ အလောင်းဖြစ်သော ဓမ္မာလည်းတစ်ယောက်၊ ဓမ္မဒိန္နာ၏ အလောင်းဖြစ်သော သုဓမ္မာလည်းတစ်ယောက်၊ ၀ိသာခါ၏ အလောင်းဖြစ်သော သင်္ဃဒါသီလည်း တစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက်ဖြစ်ပေသည်။

“ထိုအခါဝယ် တပည့်တော်မသည် သမီးတော်အကြီးဆုံး သမဏီဖြစ်ကာ၊ ကဿပမြတ်စွာဘုရား၏ တရားတော်ကိုနာရ၍ ဘိက္ခုနီပြုခွင့်ရရန် ခမည်းတော် မင်းကြီးထံ ခွင့်ပန်ရာ၊ ခမည်းတော် မယ်တော်တို့သည် ခွင့်မပြုခဲ့ကြချေ။ ထို့ကြောင့် လင်ယောက်ျားမယူဘဲ နန်းတော်၌ပင်“ကုမာရီဗြဟ္မစရိသီလ”ကိုစောင့်သုံးလျက်
နှစ်ပေါင်းနှစ်သောင်းပတ်လုံး ပျော်မွေ့စွာ နေခဲ့ရ၏။ “ကဿပ မြတ်စွာဘုရားသည် တစ်ရံသောအခါ မဟာနိဒါနသုတ်ကို ဟောတော်မူရာ၌ တပည့်တော်မသည် ထိုမဟာနိဒါနသုတ်ကို နာရ၍ နှုတ်ရဆောင်ကာ သင်ယူခဲ့သည်။ ထိုဘ၀မှ စုတေခဲ့ရာ ထိုမဟာနိဒါနသုတ်ဒေသနာတော်ကို အရဆောင်သော ကုသိုလ်
ကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်သို့ရောက်၏။ နောက်ဆုံးဖြစ်သော ယခုဘ၀၌မူ မဒ္ဒတိုင်း၊ သာကလပြည်ဝယ် မဒ္ဒမင်းကြီး၏ သမီးတော် ဖြစ်လာ၏။

“တပည့်တော်မကို ဖွားမြင်သောခဏ၌ ပြည်သူအပေါင်းတို့အား စွဲကပ်နေနှင့်
သော မကောင်းသောဥပါဒ်ရောဂါတို့သည် ကင်းစွာစင်ကြယ်လေရကား “ခေမာ” ဟူသောအမည်ကို မှည့်ခေါ်ကြကုန်သည်။ ဇမ္ဗူရာဇ်ရွှေကို ခုနစ်ထွေသောရတနာဖြင့် စီလျက် ပန်းချီပန်းပုတို့ရေးထု၍ ထားဘိသကဲ့သို့ လှပတင့်တယ် ရှုချင်ဖွယ်ရှိလွန်း
ရကား မြင်သမျှ ယောက်ျား မိန်းမတို့သည် နှစ်မြို့လေးမြတ်လျက်၊ မရပ်တည်နိုင် မူးမှိုင်တွေဝေကြရလေသည်။”အရွယ်သို့ရောက်သောအခါ ရာဇဂြိုလ်ပြည်ကို အစိုးရသော ဗိမ္ဗိသာရမင်းနှင့် ဆောင်နှင်းသင့်မြတ်ကြသဖြင့် အဂ္ဂမဟေသီ
ဒေ၀ီရတနာ၏ ချမ်းသာစည်းစိမ်ကို ခံစားရသတည်း။

“မြတ်စွာဘုရားသည်လည်း ဝေဠုဝန်ဥယျာဉ်ဝယ် စံပယ်တော်မူလာ၍ သုံးလေးဝါတိုင်အောင်ပင် တပည့်တော်မသည် မြတ်စွာဘုရားအား သွားရောက်
ဖူးမျှော်ခြင်းမပြုခဲ့ပေ။ အကြောင်းသော်ကား ဗုဒ္ဓမြတ်စွာသည် အဆင်းလှသော
သူတို့၏ အဆင်း၌အပြစ်ကို တင်ဖွဲ့၍ ကဲ့ရဲ့တော်မူတတ်သည်ဟု ကြားရကား တပည့်တော်မအားလည်း အဆင်းလှခြင်း၌ အပြစ်ကိုရှာ၍ ကဲ့ရဲ့ဘိရာသည်ဟု အဆင်းအရာ၌ ယစ်သောမာနဖြင့် မြတ်စွာဘုရားထံတော်သို့ ဖူးမျှော်ခြင်းငှာမျှ မသွားသတည်း။”

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ဤသို့ကြံ၏။ “ငါသည် မြတ်စွာဘုရားအား အသက်ဆံဖျားထား၍ ကိုးကွယ်လုပ်ကျွေးသော ဥပါသကာမြတ်ဖြစ်သည်။ ငါကဲ့သို့သော မင်း၏မိဖုရားသည် မြတ်စွာဘုရားအား ဖူးမြင်ခြင်ငှာမျှ မသွားဘဲနေသော် မလျော်ကန်ပေ။ အာဏာဖြင့် စေကလည်း ပြည်သူပြည်သားတို့ ငါ့မိဖုရားအား ကဲ့ရဲ့ကြလိမ့်မည်။ “ထို့ကြောင့် တစ်ခုသောပရိယာယ်ဖြင့်သာ
မြတ်စွာဘုရား၏ထံတော်သို့ ရောက်စေအံ့”ဟု စိတ်ကူး၍ ရတုကဗျာ လင်္ကာသီချင်း
ဖွဲ့တတ်ကုန်သော သူတို့အား “ဝေဠုဝန် ဥယျာဉ်၏ တင့်တယ်သာယာဟန်ကို သီကုံး၍ နှလုံးမွေ့လျော်ခြင်းရှိအောင် တပည့်တော်မကြားလောက်သောနေရာ၌ သီဆိုကြလေကုန်” ဟု စေလွှတ်တော်မူပါသည်။

- အကြင်သူသည် မွေ့လျော်ပျော်ဖွယ်ဖြစ်သော မြတ်စွာဘုရားနေတော်မူရာ
ဝေဠေုဝန်ကျောင်းတိုက်တော်ကိုမမြင်ဖူးချေ။ ထိုသူသည် တာဝတိံသာနတ်များစွာသို့
ပျော်ပါးမွေ့လျော်ရာဖြစ်သော နန္ဒ၀န်ဥယျာဉ်တော်ကို မမြင်ဖူးသောသူ ဟူ၍ ငါတို့ မှတ်ထင်ကြကုန်၏။
- အကြင်သူသည် လူအပေါင်းတို့ နှစ်သက်မြတ်နိုးရာ မြတ်စွာဘုရား
ကျောင်းတိုက်တော်ဖြစ်သော ဝေဠေုဝန်ဥယျာဉ်ကိုပင် မြင်ဖူး၏။ ထိုသူသည် တာဝတိံသာ ဣန္ဓာ သိကြား နတ်များတို့ ပျော်ပါးမွေ့လျော်ရာဖြစ်သော နန္ဒ၀န် ဥယျာဉ်တော်ကို မြင်ဖူးသောသူဟူ၍ ငါတို့မှတ်ထင်ကြပါကုန်၏။
- တာဝတိံသာနတ်များစွာတို့သည် နန္ဒ၀န်ဥယျာဉ်ကိုပင် ပယ်ရှားစွန့်ပစ်ခဲ့ကြ၍ လူတို့နေရာ မြေပြင်သို့ဆင်းသက်လာကြကာ၊ မွေ့လျော်ပျော်ဖွယ်ရာဖြစ်သော
ဝေဠုဝန်ကျောင်းတော်ကို ဖူးမြော်ကြကုန်လျက်၊ အလွန်အံသြကြကုန်၍၊ ဖူးမျှော် ကြည့်ရှုခြင်း၌ ရောင့်ရဲတင်းတိမ်မှု မရှိကြကုန်။
- ရာဇဂြိုလ် ပြည်ကြီးအရှင် ဘုရင်မင်းမြတ်၏ဘုန်းကံကြောင့်ဖြစ်သော
မြတ်စွာဘုရား၏ သမ္ဘာပါရမီ ဂုဏ်တော် တန်ခိုးတော်တို့ဖြင့် တန်ဆာဆင်သော
ဝေဠုဝန်ကျောင်းတိုက်ကြီးကို မြင်ရကုန်သော လူအပေါင်းတို့သည် ရှု၍မငြီးနိုင် ကြလေကုန်။

“တပည့်တော်သည် ဝေဠုဝန်ကျောင်းတိုက်ကြီး၏ ပြည့်စုံတင့်တယ်မွေ့လျော်ဖွယ်
ရှိသော အကြောင်းအရာတို့ဖြင့် ဖွဲ့ဆိုသော သီချင်း ကဗျာသံများကို ကြားရ၍ တပည့်တော်မ၏ နား၌ အလွန်သာယာလှပါပေသည်။ နှစ်သက်စွာဖြစ်ရပါသည်။
“ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုလိုပါသည်။ ပျော်ရွှင်ကစားလိုသော စိတ်ဖြစ်ပေါ်လာပါသည်။ ထိုအကြောင်းကို ဗိမ္ဗိသာရမင်းကြီးအားလျှောက်ကြား
တောင်းပန်သော် မင်းကြီးသည် ဥယျာဉ်တော်သို့ အခြံအရံများစွာ ခြံရံစေလျက် ခွင့်ပြုတော်မူရင်း ဤသို့ မိန့်တော်မူလိုက်ပေသည်။

“စည်းစိမ်ချမ်းသာကြီးလှစွာသော ခေမာမိဖုရား၊ များစွာသော အခြံအရံတို့ဖြင့် သွား၍ ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုချေလော့။ ဝေဠုဝန်ဥယျာဉ်တော်သည် မျက်စိအရသာရှိလှ၏။ အခါခပ်သိမ်းသော အသရေတို့ဖြင့် တင့်တယ် ထွန်းလင်း တောက်ပလျက်နေ၏။ မြတ်စွာဘုရား၏ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်လျက် ရောင်စုံခြယ်လှယ် ပန်းစွယ်ပန်းရုံတို့ဖြင့် လွန်စွာ တင့်တယ်ပေ၏။”

“မြတ်စွာဘုရားအကြောင်းကို ထည့်သွင်းပြောဆိုလိုက်သော်လည်း တပည့်တော်မသည် “အဆင်းကို အပြစ်တင်၍ ဟောတော်မူ
တတ်သော” မြတ်စွာဘုရား ဆွမ်းခံကြွသွားတော်မူ၍ ရာဇဂြိုလ်မြို့တွင်း၌ ရှိနေတော်မူသောအချိန်တွင် ဝေဠုဝန်ဥယျာဉ်တော်ကို ကြည့်ရှုရန် ထွက်လာခဲ့ပါသည်။ “ဝေဠုဝန်ဥယျာဉ်တော်သို့ ရောက်သောအခါ ဆန်းကြယ်စွာပွင့်နေသော ပန်းအမျိုးမျိုးတို့ကို မြင်ရသည်။ ပန်းပွင့်တို့အလယ်၌ ပျံကာ ၀ဲကာ ပန်းဝတ်ရည် စုပ်သုံးကြသော ပိတုန်းတို့၏တောင်ဟုန်သံဖြင့်လည်းကောင်း၊ အသံသာစွာ မြည်တတ်ကုန်သော ဥသြငှက်တို့၏ သီချင်းသံဖြင့်လည်းကောင်း၊ တပည့်တော်မ၏နား၌ အရသာရှိလှ၏။

“ဥဒေါင်းငှက်အပေါင်းတို့ ကမြူးလျက်နေသည်ကို မြင်ရသည်မှာလည်း မျက်စိအရသာရှိလှပါသည်။ တိတ်ဆိတ်လှစွာ လူသံမကြား၊ လူအများနှင့်
ရောပြွမ်းရှုပ်ရှက်မရှိ၊ ပကတိသန့်ရှင်းစင်ကြယ် မွေ့လျော်ဖွယ်သော စင်္ကြံလမ်းတို့ကို
လည်းကောင်း၊ ကုဋီ၊ မဏ္ဍပ်၊ ဇရပ်၊ တန်ဆောင်း၊ ကျောင်းငယ် ကျောင်းလတ် အရပ်ရပ်သော ကြည့်ရှုဖွယ်တို့ကိုလည်းကောင်း၊ လှည့်လည်ကာကြည့်ရှု၍
နှစ်သက်ကြည်နူးနေမိပေသည်။ ဥယျာဉ်တော်အနှံ့ လှည့်လည်၍ကြည့်သောအခါ ငြိမ်သက်စွာထိုင်နေသော ရဟန်းတစ်ပါးကိုမြင်ရ၍ ဤသို့စိတ်အကြံ ဖြစ်ပါသည်။”

“ဤ ရဟန်းပျိုလေးသည် အဆင်းတော်လှပါဘိသနဲ့။ အရွယ်တော်ကလေး ကလည်း အသက်နှစ်ဆယ် အစိတ်သာ ပါတကား။ ဤကဲ့သို့ အရွယ် အဆင်းဖြင့် ပြည့်စုံသော ယောက်ျားကလေးသည် ငါးပါးအာရုံကာမဂုဏ်၏ အရသာကို စွန့်ပယ်လျက်၊ ဦးခေါင်းကိုပြောင်စွာရိတ်၍ ဖန်ရည်ဆိုးသောသင်္ကန်းကို ၀တ်ရုံကာ တောမြိုင်အတွင်း၌ မပျင်းမရိ သတိမဖောက် တစ်ယောက်ထီးတည်း ကမ္မဋ္ဌာန်းကိုရှု၊ ရဟန်းပြု၍ နေနိုင်ပေ၏တကား။ လူဘ၀၌ လူတို့မည်သည်မှာ လူတို့ချမ်းသာ ကာမဂုဏ်အရသာကို ငယ်စွာအရွယ်ကသာ ကောင်းစွာ ခံစား ပျော်ပါးမွေ့လျော်၍ နောင်အခါအိုမင်းသောအရွယ်ရှိမှ တရားကို ကျင်ဖို့
ကောင်းပါပေ၏တကား။

“ထို့နောက် တပည့်တော်မသည် မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဂန္ဓကုဋီတိုက် တိတ်ဆိတ်နေသဖြင့် မြတ်စွာဘုရားမရှိဟုထင်ကာ မနီးမဝေးမှ အသာချောင်းလျက် ငဲ့စောင်း၍ ကြည့်သောအခါ တက်သစ်စနေမင်းကဲ့သို့ ထွန်းလင်းသပ္ပါယ်၍ ရောင်ခြည်သွယ်ဖြင့် တင့်တယ်တော်မူလှသော
မြတ်စွာဘုရားကို မြင်ရပါသည်။ မြတ်စွာဘုရားအပါးတွင် ချောမောလှပ၍ငယ်ရွယ်
သော မိန်းမပျို တစ်ယောက်သည် မြတ်စွာဘုရားအား ယပ်လေခပ်၍ပူဇော်
နေသည်။ “ယပ်ခပ်၍နေသော မိန်းကလေးသည် ရွှေအဆင်းကဲ့သို့ ၀င်းဝင်းဝါ၀ါ
ချောလှစွာ၏။ ပဒုမ္မာကြာပန်းကဲ့သို့ တင့်တယ်လှစွာသော မျက်နှာ၊ မျက်လုံး၊ မျက်ခုံး၊ မျက်စရှိ၏။ နီဖလံ ရွှေအဆင်းကဲ့သို့ ခြင်းခြင်းနီသော နှုတ်ခမ်းကလေး၊ သင်းခွေပန်းငုံ စံပယ်ငုံအသွေးကဲ့သို့ ဖြူဖွေးသန့်စင် ရှုချင်ဖွယ်ရှိသော သွားကလေး၊ ယဉ်ကျေးသပ်ရပ် လျှောက်ပတ်တင့်တယ်ရှုချင်ဖွယ်ရှိသော နားရွက်ကလေး၊
ရွှေမုရိုးစည်မမ ကဲ့သို့ ညီညာလုံးပြေအနေအထား နုထွားဖြောင့်စင်းသော လည်တိုင်ကလေးဖြင့် တင့်တယ်၍ မဆုံးအောင် လှပါပေသည်။

“ထိုမိန်းကလေးသည် သီးနု သီးကင်းသဖွယ် တင့်တယ်လှပစွာသော ရင်သားကလေး၊ ရွှေပွတ်လုံးအလယ်ကဲ့သို့ သေးသွယ်နွဲ့နောင်း ညွတ်ပြောင်းသော ခါးကလေး၊ ရွှေငှက်ပျောပင်ကဲ့သို့ ချောမောလှစွာသော ပေါင်ကလေး၊ ညိုရောင်စိမ်းဖန့် နူးညံ့လှစွာသော ထဘီကလေးကို ၀တ်ဆင်ကာ ၀င်းဝင်းဝါ၀ါ၊ နူးညံ့စွာသော တဘက်ပ၀ါလေးကို ပခုံးထက်၌ စံပယ်တင်သိုင်းခြုံလျက် ကြည့်ရှု၍မ၀နိုင်အောင်
ချောလှ နုပျိုစွာသော မိန်းကလေးသည် တပည့်တော်မ၏ မျက်စိ၌ ကြည့်၍ အရသာရှိလှပေသည်။” “ဤ ဘ၀တွင် ဤမျှ ချောမောလှသောမိန်းကလေးကို တစ်ကြိမ်တစ်ခါမှ မမြင်ဘူးချေ။ လူတွင်မက နတ်ထက်ပင် ချောမောလှပသည်ဟု ဆိုချင်ပါတော့သည်။”

“ တပည့်တော်မသည် ထိုလှပချောမောသော မိန်းကလေးကို ကြည့်နေစဉ်တွင် မိန်ကလေးသည် အဆင်းတစ်မျိုး အသွင်ဆိုးလျက် အရိုးအကြော ငေါငေါပေါ်ထွက် အဆင်းပျက်၍ မျက်စိ၊ နား၊ နှာ၊ ရုပ်ဝါချွတ်ယွင်း အိုမင်းခြင်းသို့ရောက်သဖြင့်
ဟောက်တောက်ခွက်တက် နက်သောမျက်တွင်း၊ ကျိုးနင်းသောသွားနှင့်၊ ပါးရေတွန့်လိပ်၊ ဖြူသောဆံပင်၊ ရှုချင်ဖွယ်မရှိ ပကတိမဟုတ်၊ တုန်လှုပ်
ဖောက်ပြန်၍သွား၏။” “ထိုမိန်းကလေး၏ တစ်ကိုယ်လုံးကို ရှုကြည့်လေသော် စောစောကမြင်ရသော အဆင်းရုပ်ဝါတို့သည် ဘာတစ်ခုမျှ မရှိတော့ပြီ။ ကျိုးသောသွား၊ တွန့်လိပ်သောပါး၊ မဲ့ခွက်သောနှုတ်ခမ်း၊ ဖြူဖွေးသော ဆံပင်၊ အသားမရှိသော အရေမျှဖြင့်၊ တွဲလျားကျနေသောရင်သား၊ အရိုးအကြောငေါငေါပေါ်ထွက်သောခါး၊ ပျက်ပြားချွတ်ယွင်း အိုမင်းသော မိန်းမကြီးဖြစ်၍ အလုံးစုံသော အင်္ဂါကြီးငယ်တို့တွင် ရှုချင်ဖွယ် တစ်စုံတစ်ခုမျှ မမြင်။ ညွတ်ကိုင်းသောကိုယ်ဖြင့် တုန်လှုပ်၍ တုတ် တောင်းဝှေးကို ကိုင်စွဲလျက် တွဲခေါ်သော အဖေါ်ရှိမှ တုန်တုန်လှုပ်လှုပ် ထ၍သွားနိုင်သည်။”

“ထိုသို့ တုန်တုန်လှုပ်လှုပ် တောင်ဝှေးကို စွဲကိုင်လျက် သွားရာမှ လဲကျသဖြင့် မထနိုင်ဘဲ တလူးလူးတလွန့်လွန့်နေသော သူအိုမကြီးကို တပည့်တော်မမြင်ရ၍ ကြက်သီးမွှေးညှင်းထကာ ထိတ်လန့်၍ လာပါသည်။” ထိုအခါ တပည့်တော်မ၏ ထိတ်လန့်ခြင်းကို သိတော်မူသော သယမ္ဘူထွတ်ထား မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူပါသည်။
“အဆင်း ရုပ်ဝါချောလှစွာသော သမီးတော် ခေမာ ...“နာကျင်ဆင်းရဲတတ်စွာ ရွံရှာစက်ဆုပ်ဖွယ် မတင့်တယ်သော အရိုးအကြောတို့ဖြင့် ဖွဲ့ဆက် စိုက်ထောင်၍
ဟောင်စပ်ညှီပုပ် စက်ဆုပ်ရွံရှာဖွယ်သော အပုပ်ရည်တို့သည် တစိစိ တစိုစို ယိုထွက်အန်စီးတတ်သော ကိုယ်ကောင်ကြီးကို ဖြီးလိမ်းဝတ်ဆင်တပြင်ပြင် တသသ အလှစုံမက် နှစ်သက်မြတ်နိုးခြင်းသည် ဆင်းရဲရုံမျှသော အလုပ်ပိုဖြစ်သည်။ ဤကိုယ်ကောင်ပုပ်၌ဟုတ်တိုင်းမှန်ရာကို
ကောင်းစွာမြင်အောင်ရှုလေ။”

“ချစ်သမီး ခေမာ “တလွန့်လွန့်တလူးလူးနေသော သူအိုမကြီး၏ ကိုယ်ကဲ့သို့ ချစ်သမီး၏ ကိုယ်ထည်သည်လည်း ရင့်ရော်ယိုယွင်း အိုမင်းတတ်သော သဘောတရားပင်ဖြစ်သည်။ တလွန့်လွန့်တလူးလူးနေသော သူအိုမကြီး၏ ကိုယ်သည်လည်း ချစ်သမီး၏ ကိုယ်ကဲ့သို့ ယခင်အခါက အလွန်လှ၏။ ယခုအခါ၌ကား ကြည့်ဝံ့စရာမရှိ။ ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ် ရွံရှာဖွယ် ဖြစ်နေ၏။”

“ဤ ကိုယ်၏ အတွင်းကိုလည်းကောင်း၊ အပကိုလည်းကောင်း အကုန်အစင် ဟုတ်တိုင်းမြင်အောင် ဆင်ခြင်ကြည့်ရှု၍ ဤကိုယ်၌ ဖြီးလိမ်းဝတ်ဆင် တပြင်ပြင် တသသ တကြွကြွ အလှစုံမက် နှစ်သက်မြတ်နိုး၍ မနေပါလင့်။ အရိုး၊ အကြော၊ အသား၊ အရေ တစ်စုတခြားနေအောင် ခွဲဝေကြည့်ရှု အာရုံပြု၍ အသုဘ သညာကို ဖြစ်စေလေလော့။ မြတ်နိုးခင်တွယ်ခြင်းကို စွန့်ပစ်လေလော့။ ခင်တွယ် မြတ်နိုးခြင်း လွတ်ကင်းလျှင် အေးငြိမ်းချမ်းသာ ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ရောက်လတ္တံ့။

“ပင့်ကူမျှင်ကိုပြုလုပ်သော ပင့်ကူကောင်သည် မိမိပြုလုပ်သော ပင့်ကူမျှင်ကို အစဉ်လိုက်၍ လျှောက်သွားသကဲ့သို့ အကြင်သူတို့သည် မိမိကိုယ်ကို ဖြီးလိမ်းဝတ်ဆင် တပြင်ပြင် တသသ တကြွကြွနေသော အဆင်းရုပ်ဝါ တဏှာအမြင်ကို အစဉ်လိုက်၍ နေကြကုန်၏။ ဖြီးလိမ်းဝတ်ဆင် ပြင်၍ သ၍ နေသော တဏှာအစဉ်ကို ပယ်ဖြတ်၍ တွယ်တွယ်တာတာ တဏှာမဖက် ငဲ့ကွက်ခြင်း မရှိကုန်သော ပညာရှိတို့သည် ကာမချမ်းသာကို ပယ်စွန့်၍ ရဟန်းပြုကြကုန်၏။”

“ချစ်သမီး ခေမာ၊ ငါဘုရား ဟောကြားသော တရားစကားကို ဆင်ခြင်လေလော့”

“တပည့်တော်မသည် မြတ်စွာဘုရားဟောကြားသော တရားစကားကို နားစိုက်၍ စဉ်းစားဆင်ခြင်လျက် ကြည်လင်ခိုင်ခန့် တည်တံ့သော စိတ်ဖြစ်၍လာပါသည်။ ထိုအခါ မြတ်စွာဘုရားသည် တပည့်တော်မ၏ စိတ်ငြိမ်သက်ကြည်လင်နေခြင်းကို သိတော်မူသဖြင့် မဟာနိဒါနသုတ်ကို ဟောတော်မူ၏။“ထို မဟာနိဒါနသုတ်ကို တပည့်တော်မသည် ကဿပမြတ်စွာဘုရားလက်ထက်တော်၌ နှစ်ပေါင်းနှစ်သောင်း
ကာလပတ်လုံး အိမ်ထောင်မပြုဘဲ “ကုမာရီ ဗြဟ္မစရိယသီလ”ကို စောင့်သုံးစဉ် အခါက နှုတ်ရဆောင်ခဲ့ဖူးပါသည်။ ယခု ထို မဟာနိဒါနသုတ်တော်ကို အမှတ်ရ
လာကာ ရှေးဘ၀ကို မြင်လာပါသည်။ တပည့်တော်မသည် ထိုနေရာ၌ပင် တည်ငြိမ်သောစိတ်ရှိသည်ဖြစ်၍ နိဗ္ဗာန်ကို မြင်သောကြောင့်
သောတာပန်ဖြစ်ခဲ့ရပါသည်။

ထိုအခါ တပည့်တော်မသည် မြတ်စွာဘုရားခြေတော်ရင်းသို့ ၀ပ်စင်းလျက် ဦးတိုက်ရှိခိုးကာ ဤသို့ဝန်ချတောင်းပန်ရပေသည်။
“ခပ်သိမ်းဥဿုံ အလုံးစုံကို အကုန်အစင်မြင်တော်မူသော မြတ်စွာဘုရား.....
“တပည့်တော်မ ခေမာသည် ရိုသေမြတ်နိုးရှိခိုးပါ၏ ဘုရား၊ မဟာကရုဏာ
ကြီးကျယ်စွာဖြင့် သတ္တ၀ါများကို သနားတော်မူတတ်သောမြတ်စွာဘုရား၊ အရှင်ဘုရားအား တပည့်တော်မသည် ရိုသေမြတ်နိုးရှိခိုးပါ၏။ သံသရာခရီးပင်လယ်ကြီးမှ ကူးမြောက်သောမူပြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားအား တပည့်တော်မ ခေမာသည် ရိုသေစွာရှိခိုးပါ၏ဘုရား။ နိဗ္ဗာန်ချမ်းသာမသေရာကို ကောင်းစွာ ပေးသနားတော်မူသော အရှင်ဘုရား၊ တပည့်တော်မသည် ရိုသေမြတ်နိုး ရှိခိုးပါ၏ အရှင်ဘုရား။

“ကာမရာဂမိုက်မှောင်ကျ၍ ယွင်းခွဖောက်ပြား အထင်မှားလျက် အရှင်ဘုရားကို မမြင်လိုဘဲ ကိုယ်ကိုပြုပင်တန်ဆာဆင်လျက် တပြင်ပြင်တသသ မိုက်မှောင်
ကျ၍နေသော အမိုက်မခေမာကို အရှင်ဘုရားသည် လိမ္မာသိမြင် တရားထင်အောင် ပုံသွင် ဆန်းကြယ် နည်းဥပါယ်ဖြင့် ချစ်ဖွယ် ရွံဖွယ် နှစ်သွယ် နှစ်ဝ ရုပ်ပုံပြ၍ ဆုံးမတော်မူတတ်ပါပေ၏။”

“ဤသို့ များပုံ ကျေးဇူးဂုဏ်ဖြင့် ပြည့်စုံသောမူသော မြတ်စွာဘုရားကို မမြင်ရ၊ မဖူးရ၊ မတွေ့ကြုံရသော အနန္တသတ္တ၀ါတို့သည် သံသရာဝဲသြဃထဲ၌ ဆင်းရဲကြီးစွာ ဘေးများစွာကို တွေ့ကြုံခံစား၍ နေကြရကုန်၏။ အမိုက်မ မိခေမာသည် မြတ်စွာဘုရားအနီးသားနှင့် မသွားရောက်လို မမြင်လိုဘဲ
ရှောင်လွှဲပုန်းလျှိုး နေမိသော အပြစ်ကို တောင်းပန်စကားလျှောက်ကြားပါ၏
မြတ်စွာဘုရား။

“တပည့်တော်မသည် မိမိမိုက်မှားသော အပြစ်ကို တောင်းပန်စကား
လျှောက်ကြားသောအခါဝယ် ချိုသာသော အသံတော်ရှိသော
မြတ်စွာဘုရားသည် အေးကြည် ချမ်းမြသော အမတ ရေစင်ဖြင့် သွန်းလောင်း ဆွတ်ဖျန်းတော်မူလျက် “ချစ်သမီး ခေမာ ..... ငါဘုရား ဆုံးမသောတရား၌
ကောင်းစွာတည်၍ နေလေတော့” ဟူ၍ မိန့်တော်မူပါသည်။
“ထိုအခါ တပည့်တော်မသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤသို့ လျှောက်ထားပြန်ပေသည်။
“ကိလေသာရန် ဘေးတန်တန်ကို အောင်လံစိုက်ထူတော်မူပေသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် စီမံဖန်ဆင်း၍ပြတော်မူပေသော ရုပ်ပုံပြ နည်းဥပါယ်သည် အံ့သြဖွယ်ကောင်းပါပေ၏။ တောကိုကြည့်ရှုလိုသော တပည့်တော်မသည်
ထွေးရှုပ်တဏှာ တောလွတ်ရာမှ မြတ်စွာဘုရားကို မြင်ရပေ၏ ဘုရား။ ဤသို့လျှောက်ကြားပြီးနောက် နန်းတော်သို့ပြန်လာကာ “အရှင်မင်းကြီး ........ ကျွန်ုပ်သည် အဆင်းရုပ်တရား၌ လွန်စွာငြီးငွေ့လှပါ၍ မြတ်စွာဘုရား
သာသနာတော်၌ ရဟန်းပြုပါတော့အံ့”ဟူ၍ ဗိမ္ဗိသာရမင်းကြီးထံ ခွင့်ပန်ကြားလျင် မင်းကြီးသည် လက်အုပ်ချီတင်လျက် “သင်၏ ရဟန်းအဖြစ်သည်
ပြည့်စုံပြီးမြောက်ပါစေလော့” ဟု ဆိုကာ ခွင့်ပြုလိုက်ပေသည်။

“တပည့်တော်မသည် ရဟန်းပြု၍ လခွဲပမာဏ ဆယ့်ငါးရက်တိုင်
ရောက်သောနေ့၌ ဆီမီးတောက်ခြင်းကိုလည်းကောင်း၊ ဆီမီးငြိမ်းခြင်းကို
လည်းကောင်း၊ မြင်၍ သံဝေဂစိတ်ဖြင့် အလုံးစုံသော သင်္ခါရတရားတို့ကို ငြီးငွေ့စေလျက် ပဋိစ္စသမုပ္ပါဒ် အကြောင်းစပ်၍ တတ်သိလိမ္မာ လေးဖြာယောဂ ကင်းပလွန်မြောက် အရဟတ္တဖိုလ်သို့ ရောက်ကာ “ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တ၀ိဇာနာန၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု” ဟူသော အဘိညာဉ်ငါးပါး၊ အာသ၀က္ခယဥာဏ် တည်းဟူသော လောကုတ္တရာ အရဟတ္တဖိုလ်စိတ်ကိုထည့်၍ အဘိညာဉ်ခြောက်ပါး၊ အတ္တ၊ ဓမ္မ၊ နိရုတ္တိ၊ ပဋိပဒါဉာဏဒဿန၊ ဉာဏဒဿန၀ိသုဒ္ဓိ ဟူသော ၀ိသုဒ္ဓိခုနစ်ပါး၊ ကထာဝတ္ထုဆယ်ပါး၊ အဘိဓမ္မာနည်းတို့၌ ကောင်းစွာလေ့လာ
ကျွမ်းကျင်၍ မြတ်စွာဘုရား သာသနာတော်၌ ရဟန္တာမိန်းမ ဖြစ်လာကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေသည်။

“တပည့်တော်မသည် ရဟန္တာအဖြစ်သို့ရောက်ပြီးနောက် မကြာမီတွင် တစ်ခုသောသစ်ပင်ရင်း၌ တည်ကြည်ငြိမ်သက်စွာနေစဉ် ၀ဿဝတ္ထီ မာရ်နတ်မိုက်သည် တပည့်တော်မထံတော်သို့ ရောက်လာကာ ဤသို့ဆိုပေ၏။
“ခေမာ မည်သော ရဟန်းမကလေး .....သင်သည် ငယ်လှသေး၏။ အဆင်းလည်းလှ၏။ ရဟန်းမိန်းမပြု၍ မနေလင့်ဦး။ ငါသည်လည်း လုလင်ပြိုရွယ် ငယ်သေးသည်ဖြစ်၍ သင်နှင့်အတူတကွ ပွဲလမ်းသဘင်ပျော်ရွှင်လို၏။ ငါခေါ်ရာသို့ ယခု လိုက်ခဲ့ပါလော့။ တူရိယာ ငါးပါးဖြင့် ပျော်ပျော်ပါးပါး ကစားမြူးထူးကြကုန်အံ့။”

“စင်စစ်သော်ကား မာရ်နတ်သည် ကာမဂုဏ်ဖြင့် ပျော်ပါးလို၍ ဆိုလာသည်
မဟုတ်၊ တပည့်တော်မ ရဟန္တာဖြစ်ခြင်းကို မသိသေး၍သာ အကျင့်သီလ
ပျက်ပြားစေရန် ဆိုလာခြင်းဖြစ်ပေသည်။ “သဘောယုတ်မာ ဖျက်ဆီးလာသည့် မိစ္ဆာသူနုတ် မာရ်နတ်ယုတ်၊”
“ ကိုးဆယ့်ခြောက်ဖျာ ဘေးရောဂါဖြင့် နာကျင်တတ်ထသော၊ ဖရိုဖရဲ ဖောက်လွဲ ကြေ

posted from Bloggeroid

No comments:

Post a Comment