Thursday, December 29, 2016

ကုသိုလ်အမှုမည်သည်


ကုသိုလ်အမှုမည်သည်...
မိမိသန္တာန်မှာရှိနေသော ကိလေသာကိုသတ်မှု ပေတည်း။ ထို့ကြောင့် ထိုထိုကုသိုလ်မှုကို အားထုတ်ကြရာ မိမိသန္တာန်မှာ လောဘ, ဒေါသ, မောဟဟူသော မီးကြီးသုံးပါး ကုန်မကုန်, ချုပ်မချုပ်, ငြိမ်း မငြိမ်းကိုသာ ကြည့်ရာ၏။ ကုသိုလ်ဖြစ်မှု ကုသိုလ်ရမှုကို အရေအတွက်ပြု၍ မနေရာ။ နေရာအိမ်ကို မီးလောင်၍ ရေတွင်းရေကန်မှရေကို ဆောင်ယူ၍ မီးသတ်သော ယောက်ျားသည်မီးငြိမ်း, မငြိမ်းကိုသာ ကြည့်ရာ၏။ အမှုစိုက်ရာ၏။ ငါ့အိမ်တွင်းသို့ရေအိုးလုံးရေ မည်မျှရောက်သည်ဟု အမှုမစိုက်ရာ။

ဥပမာ-- ဦးခေါင်းကို မီးလောင်၍ ရေဖြင့်လောင်း၍ မီးကိုသတ်ရာ၌ မီးငြိမ်း, မငြိမ်းကိုသာ အမှုစိုက်ရာ၏။ ဦးခေါင်းမှာ ရေအချင့်ပေါင်း,အချိန်ပေါင်း မည်မျှရောက်သည်ဟူ၍လည်းကောင်း၊ ချိုသည်ငန်သည်ဟူ၍လည်းကောင်း, ကြည်သည် နောက်သည်ဟူ၍လည်းကောင်း၊ ရေကို အမှုမစိုက်ရာ။ ထို့အတူအဆိပ်ထန်သောမြွေကိုက်၍ဆေးကုရာ၌ မြွေဆိပ်ငြိမ်း မငြိမ်းကိုသာ အမှုစိုက်ရာ၏။ ဆေးအချင့်ဆေးအချိန်ကိုလည်းကောင်း, မြေပေါက်ဆေး-ရေပေါက်ဆေးစသည်ကိုလည်းကောင်း အမှုမစိုက်ရာ။

ဤအတူ သာသနာထမ်း ရဟန်းတို့မှာလည်း ဘယ်လိုကျင့်လျှင်မီးသုံးပါး ငြိမ်းသည်ဟုဟောတော်မူသည်ကို နေရာကျသိသည်ရှိသော်အလျင်အမြန် မီးသုံးပါးငြိမ်းမှုကိုသာ အမှုကြီးပြု၍ ထိုထိုအကျင့်တို့ကိုကျင့်ရမည်။ ရေငတ်လှ၍ ရေတွင်းကိုတူးသောသူသည် တူးမှုမှ ထွက်၍လာသော မြေစာတို့ကို အမှုတစ်ခု မစိုက်သကဲ့သို့ ထိုကျင့်မှု, အားထုတ်မှုတို့မှဖြစ်၍လာသော သီလကုသိုလ်, သမာဓိကုသိုလ်, ပညာကုသိုလ်တို့ကိုတဏှာဖြင့် သာယာ၍ ကုသိုလ်ရပေသည်, ကုသိုလ်ဖြစ်ပေသည်,ကောင်းလေစွ ကောင်းလေစွဟု အမှုတစ်ခု မစိုက်ရာ။ မိမိကိုယ်တွင်း၌လည်း အားရဝမ်းသာခြင်း, တက်ကြွခြင်း မဖြစ်ရာ၊ သူတစ်ပါး သိစေလိုသော စိတ်လည်း မရှိရာ ဟူလိုသည်။

{လယ်တီဆရာတော်ကြီး၏ “ပဓာနသုတ်ပါဌ်နိဿယ” မှ ကောက်နုတ်ပူဇော်ပါသည်}

posted from Bloggeroid

No comments:

Post a Comment