Thursday, December 29, 2016

ကျွေးတုံ့ ကျွေးလှည့် မွေးတုံ့မွေးလှည့်




ဘုန်းကြီးတို့ ဒေသန္တရ ဗုဒ္ဓဘာသာတို့မည်သည်မှာ ဘုန်းကြီးတို့တိုင်းပြည်တွေမှာ ကျတော့ ဝါဝင်တဲ့။ ဗုဒ္ဓဘာသာ ။ ဝါဝင်မှာ ဥပုသ်စောင့်တဲ့ပုဂ္ဂိုလ်တွေ။ ကျောင်းကန် ဘုရားကို သွားကြ လာကြ။ အဲ သီတင်းကျွတ်။ အဲဒါ ဝါဝင်နဲ့ဝါကျွတ်။

ဝါကျွတ်ကျတော့ ပိုပြီးတော့ စည်ကားတယ်။ စည်ကားတဲ့ အခါကျတော့ မိကြီးဖကြီး တော်တာတွေ၊ ဦးလေး ဦးကြီးတော်တာ တွေ၊ အရီးတော် တာတွေ၊ အဲဒါသွားပြီးတော့ ဆွမ်းဆန်ကပ် ကန်တော့ ကြရတယ်။ မကန်တော့ကြဘူးလား။

အဲသည် ပုဂ္ဂိုလ် တစ်ယောက်က တောထဲမှာ ဥယျာဉ်ရှိတယ်။ ငှက်ပျောခိုင်က ပင်ထက်မှည့် ငါးခိုင်။ ဆယ့်သုံးရက်နေ့မှာ ခုတ်မယ်။ သီတင်းကျွတ်လဆန်း ဆယ့်သုံးရက် ပင်ထက်မှည့် ။ ဆယ့်လေး ရက်နေ့မှာ ဆွမ်း ဆန်ကပ်မယ်။ အသက်ထက် ကြီးသောသူ၊ ဝါထက်ကြီးသောသူကို ဆွမ်း ဆန် ကပ်မယ်။ ဦးလေး ဦးကြီး အရီးတော်တာတွေ။ မိထွေး တော်တာ တွေ။ ကပ်မယ်။ အိမ်မှာလည်း စားမယ်။ ကျောင်းကို လည်း လှူမယ်။ ဥပုသ်နေ့။ အဲလို ဆယ့်သုံးရက်နေ့ အခုတ် သွားတော့ကာ ငှက်ပျောခိုင်က တစ်ခိုင်မှ မရှိပြီ ။ သူများ ဦးသွားပြီးပြီ။

အင်း တနေ့က ဟိုလူဟာ စောင်းစောင်း ကြည့်တယ်။ သူများ ညားသလား ။ မထင်ဘူးလားဟေ့။ ဟိုလူ ထင်လိုက် ဒီလူ ထင်လိုက်။ အဲသည်လိုထင်တာ ကုသိုလ်လား၊ အကုသိုလ်လား။ အကုသိုလ် ။ အဲဒါနဲ့ ဗေဒင်သွားမေး။ ဘယ်နေ့က ပျောက်တာလဲ။ အင်း တနင်္လာနေ့က။ တနင်္လာ ကြာခံသူ ၀နေ… တော၌ ရှိတယ်။ မင်းဟာ တောထဲမှာ ဖွက်ထားတယ်ကွဲ့။ ရှုပ်ထွေးတဲ့ နေရာ။ ဘယ်ဆီမှာ

ဟုတ်ပြီ။ ငါထင်တာနဲ့ကိုက်ပြီ။ လူတစ်ယောက်ကို သွားကြည့်စမ်းကွဲ့။ ရ။ မင်းတစ်ခိုင် ပေးမယ်။ မပြောရဘူးလား။ ကဲ အဲဒီလိုထင်တာ ကုသိုလ်လား၊ အကုသိုလ်လား။ အကုသိုလ် ကွဲ့။
ထင်တာ။ မြင်တာ မဟုတ်ဘူး။ ကိုင်း ငှက်ပျောခိုင်ပျောက်တာက ရှုံးသွားပြီ။ အကုသိုလ်က နောက်ထပ် ပြန် လိုက်ပြန်တော့တာ။ နာလိုက်တာကွာ။ မသိတော့ကား ကြားလား။

ငှက်ပျောခိုင် ရှုံးတာ ထားလိုက်ဦးတော့ နောက်က အကုသိုလ်က ဖွဲမီး လောင်သလို တငွေ့ငွေ့ နေတော့တာ။ ဟိုလူ ထင်လိုက် ဒီလူထင်လိုက် မထင်ဘူးလား။ အင်း ဘယ်လောက်များ အသုတဝါ ပုထုဇ္ဇနော အကြား အမြင် မရှိတော့ အကုသိုလ်သာ။ ပစ္စည်း ရှုံးတော့ အကုသိုလ် တိုးတော့တာ ဟေ့။

ကဲ သုတ အကြားအမြင် များတဲ့ပုဂ္ဂိုလ်ကျတော့ သုတဝါ အရိယာသာဝကော သုတ အကြားအမြင်ရှိရင် အရိယာ ဖြစ်တယ်လို့ မဟောဘူးလား။
အဲသည်လူက အခုတ်သွားတော့တာ။ သူက။ ငှက်ပျောခိုင်က မရှိပြီ။ ငါက ဆယ့်လေးရက်နေ့မှာ ဆွမ်းဆန်ကပ်မယ်။ လပြည့်နေ့ ကျောင်းကိုလှူမယ်မှန်းတာ။ ငါအလှူက အခု အောင်မြင်သွားပြီတဲ့။ ကဲ သူမှန်းတာထက် ရှေ့ကျနေပြီ။ ငါအလှူက အောင်မြင်ပြီတဲ့ ကြားလား။

အဲဒီ ငှက်ပျောခိုင် ခုတ်တဲ့သူ ခိုးတဲ့သူဟာ ယောက်ျားဆို ကိုယ့်အဖေ ဖြစ်ခဲ့ဖူးမယ်။ မိန်းမဆို ကိုယ့်အမေ ဖြစ်ခဲ့ဖူးမယ်။ ကျွေးတုံ့ ကျွေးလှည့် မွေးတုံ့မွေးလှည့် တဲ့ ကြားလား။ ကဲ အဲဒါ စားသုံးတဲ့ပုဂ္ဂိုလ်တွေ သီလနဲ့ ပြည့်စုံပါစေ။ သမာဓိနဲ့ ပြည့်စုံပါစေ။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြစ်ပါစေ။ မေတ္တာ မပို့ရဘူး လား။ လွတ်ပစ်ဖို့လား၊ စားဖို့လား။ စားဖို့ကွဲ့။ သည်ထဲက လှူချင် လှူဦးမှာပေါ့။ စားဖို့လေ။ ကဲ သိရင် သုတ အကြား အမြင်ရှိတဲ့ ပုဂ္ဂိုလ်မှာ ကုသိုလ်တွေ မတိုးဘူးလား။

ငါက ဆယ့်လေးရက်နေ့မှ လှူမှာ တဲ့။ ဆယ့်ငါးရက်နေ့ လှူမယ်။ ခု ဆယ်သုံးရက်နေ့ ငါအလှူက မြောက် နေပြီးပြီ တဲ့။ ငါမှန်းတာ ထက် ရှေ့က ကျသေးတယ်တဲ့။ သိတဲ့ပုဂ္ဂိုလ်ကတော့ ကုသိုလ် တွေ မဖြစ်ဘူး လား။ မသိတဲ့ ပုဂ္ဂိုလ်က ဟိုလူ ထင်လိုက် ဒီလူ ထင်လိုက်ပေါ့။ ငှက်ပျောခိုင် ပျောက်တဲ့အထဲမှာ အကုသိုလ်က နောက်ထပ် ပါသွားသေးတာ။ ကြောက်စရာ မကောင်းလား။

အသုတဝါ ပုထုဇနော အကြားအမြင်မရှိ။ သုတဝါ အရိယာသာဝကော သုတ အကြားအမြင်ရှိရင် အရိယာ ဖြစ်တယ်လို့ မဟောဘူးလား။ ကဲ အဲဒီလို စိစစ်။ ကုသိုလ်တွေ ပါကားဟေ့။ ဆေးစက်ကျ ရာ အရုပ်ထင်တယ်လို့ မဟောဘူးလား။ အဲဒါ သုတရှိတော့ကား စိတ်နေစိတ်ထား ထားတတ်တာ ပေါ့။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လောကချမ်းသာဘုရားကြီး၌
၁၃၆၇ ခုကဆုန်လပြည့်ကျော် ၈ရက် တနင်္လာနေ့ (၃ဝ.၅.၂ဝဝ၅) နံနက်(၈)နာရီ အချိန်တွင်
ဟောကြား ဆုံးမတော်မူအပ်သော ခန္ဓာဉာဏ် ရောက် ဒိဋ္ဌိဖြုတ်တရားတော်မှ စာစီပူဇော်ပါသည်။

https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment