Thursday, December 29, 2016

ဆရာတော်ဘုရား

တပည့်တော် ရိုသေစွာ မေးမြန်းလျှောက် ထားအပ်ပါသည်ဘုရား။ လူပုဂ္ဂိုလ်တို့ ခံယူဆောက်တည်အပ်သော ရှစ်ပါးသီလတွင် ပါဝင်သည့် နောက်ဆုံးသုံးပါး၏ အဓိပ္ပါယ်ကို အကျယ်တဝင့် သိလိုပါသည်ဘုရား။

မိရိုးဖလာ လက်ခံထားသော ယေဘုယျ အဓိပ္ပါယ်များကို သိရှိပါသော်လည်း အချို့နေရာများတွင် အကြောင်းအကျိုးမသိဘဲ မရှင်းလင်းသည့်အချက်များ ရှိနေပါသည်ဘုရား၊ ဥပမာအားဖြင့်-

(၁) ရှစ်ပါးသီလ ယူထားသူသည် ထန်းလျက် ချိုချဉ် စသည်တို့ကို မွန်းလွဲညစာအဖြစ် သုံးဆောင်ရန် သင့်, မသင့်၊

(၂) ရှစ်ပါးသီလယူထားသူသည် ခုတင်၊ ဆိုဖာ၊ မွေ့ရာတို့ ပေါ်တွင် အသုံးပြုနေထိုင်ခွင့် ရှိ, မရှိ၊

(၃) ရှစ်ပါးသီလယူထားသူသည် စီးပွားဥစ္စာအလို့ငှါ ဈေးရောင်း၊ ဈေးဝယ်၊ ရုံးလုပ်ငန်း လုပ်နိုင်ခွင့် ရှိ, မရှိ၊

(၄) ရှစ်ပါးသီလ ယူထားသူသည် လောကီဆိုင်ရာ အတွေး အခေါ် စာပေ ဘာသာရပ် အတတ်ပညာတို့ကို သင်ယူခွင့်၊ ဆွေးနွေးခွင့်၊ ဟောပြောခွင့် ရှိ, မရှိ စသည့်အချက်များ ဖြစ်ပါသည်။

ထို့ပြင် ``ရှစ်ပါးသီလ ဆောက်တည်ရခြင်း၏ ရည်ရွယ်ချက် အကျိုးတရားတို့ကိုလည်း သိရှိလိုပါသည်ဘုရား၊ ဆရာတော်ဘုရား သင့်တော်သည့်အချိန်၊ သင့်တော်သည့်နေရာတွင် ဖြေပေးစေလိုပါသည် ဘုရား၊ ပြည့်စုံစွာဖြေဆိုပြီး ရေးသားပြီးရှိပါကလည်း တပည့်တော်အား ညွှန်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား´´

မောင်ဟန်ထွန်းခိုင်
(မော်လမြိုင်တက္ကသိုလ်)
၇-၁၁-၁၉၉၄

ဟူ၍ဖြစ်ပါသည်။ (၇-၁၁-၉၄) နေ့က မော်လမြိုင်တက္ကသိုလ်၌ တရားဟောအပြီး မောင်ဟန်ထွန်းခိုင် မေးလျှောက်သော အမေးဖြစ်၏။ မောင်ဟန်ထွန်းခိုင်ရဲ့ အမေးကို ငါးသိုင်းချောင်းရောက်မှပဲ ဖြေနိုင်ပါတယ်။ အမေးကစုံတော့ ခြုံငုံပြီး စုံအောင်ဖြေပါမယ်၊ အမေးအစဉ်အတိုင်းတော့ ကျချင်မှကျပါမယ်၊ အဖြေတော့ စုံအောင် ဖြေပါမယ်။

ဦးစွာပထမ ဥပုသ်အဓိပ္ပါယ်က စပြီး ရှင်းပါမယ်။ `ဥပုသ်´ ဟူသောစကားသည် `ဥပေါသထံ´ ဟူသော ပါဠိမှဆင်းသက်လာသော ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။ ယင်း ဥပေါသထ ဟူသောပါဠိကို ပုဒ်ခွဲသော် `ဥပ+ဝသထ´ ဟုခွဲရပါသည်။ အဓိပ္ပါယ် ဖွင့်သော် `ဥပ´ညစာ မစားခြင်း၊ သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍ `ဝသထ´ နေခြင်းဟု ဖွင့်ဆိုရပါသည်။ ညစာ မစားခြင်း၊ သူ့အသက် မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသောအာရုံများကို အာရုံပြုကာ ဘာဝနာပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ မိမိစိတ်စင်ကြယ်အောင် စောင့်စည်း နေထိုင်မှုကို `ဥပုသ်စောင့်သည်´ ဟုခေါ်ပါသည်။

သို့ဖြစ်၍ မနက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သူသည် ဥပုသ်စောင့်သည့်အခိုက်တွင် အိမ်မှုကိစ္စတို့ကို ရွက်ဆောင်ခြင်းငှါ မလျော်သောကြောင့် ယနေ့ထိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားသင့်ပါသည်။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြစီစဉ်ထားသင့်ပါသည်။ ဥပုသ်စောင့်မည့်နေ့၌ ခါတိုင်းထက်ပိုပြီး ကောင်းကောင်းစားဖို့တော့ မစီမံသင့်ပါ။ ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျှင် ဥပုသ်နေ့ ကိစ္စနည်းအောင် ပြီးစီးကောင်းတဲ့ စားဖွယ်များကို စီမံပြီး ဥပုသ်နေ့ အာရုဏ်တက်ချိန်ကပင် စင်ကြယ်အောင် ကိုယ်လက်သုတ်သင်၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသည့်အဝတ်ကို ဝတ်ဆင်ရပါမည်။

ပန်းနံသာလိမ်းကျံမှု အထူးတလည် ပြင်ဆင်မှု မပြုလုပ်ဘဲ ခပ်စောစော သီလဆောက်တည်ပြီး မိမိတစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ တရားနှလုံးကျင့်သုံး၍ လည်းကောင်း နေထိုင်ရပါ၏။

သို့မဟုတ် တရားစာပေများကိုမူလည်း ဖတ်ရှု၍ နေထိုင်ရပါ၏။ သို့မဟုတ် ဘုရားဟော ဓမ္မက္ခန်ကျကျ ဟောပြောမည့် ပုဂ္ဂိုလ်ရှိလျှင်လည်း တရားနာနေသင့်ပါ၏။ သို့မဟုတ် အချင်းချင်းလည်း တရားစကား ပြောဆိုဆွေးနွေး မေးမြန်းစုံစမ်း နေရပါ၏။ ညဥ့်အချိန်သို့ရောက်တဲ့အခါ မိမိ၏ သီလကိုပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာသူတော်ကောင်း၊ ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမှာပုံကို အောက်မေ့နေရပါ၏။

နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်ပါတော့သည်။ ယခုခေတ် အချို့အရပ်ဒေသများ ဥပုသ်သီလကိုချကာ ငါးပါးသီလကို ထပ်ယူဖွယ်မလိုပါ။

မှန်ပါသည်။ ဥပုသ်သီလသည် အချိန်ကာလပိုင်းခြား၍ စောင့်အပ်သော ဥပုသ်သီလ၊ အသက်ထက်ဆုံးစောင့်အပ်သော ငါးပါးသီလဟူ၍ နှစ်မျိုးရှိရာ ယခုခေတ် အများစောင့်သုံးသော ဥပုသ်သီလကို အချိန်ကာလပိုင်းခြား၍ စောင့်သုံးသော ဥပုသ်သီလသာဖြစ်၍ အချိန်စေ့က ကျသွားပါသည်။ ချဖွယ်မလိုပါ။

ယခုခေတ်ကာလ သီလဆောက်တည်သလို သီလဆောက်တည်တုန်းက တစ်ပါးစီခွဲ၍ ပါဏာတိပါတာ စသည်ဖြင့် ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပျက်က တစ်ပါးပဲ အကျိုးမရပါ။ ကျန်ခုနှစ်ပါးအတွက် အကျိုးရှိပါသေးသည်။

ယခုပြခဲ့သော အစီအစဉ်အတိုင်း ကျနစွာ စောင့်သုံးအပ်သော ဥပုသ်သီလ၏အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရသော မင်း၊ မိဖုရားအဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု ဘုရားရှင် ဟောပါသည်။

မှန်ပါသည်။ မင်း၊ မိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာဖြစ်၍ နတ်စည်းစိမ်ကိုထောက်လျှင် အောက်ကျနောက်ကျ သေးနုပ်လှပါသေးသည်။ ထိုစည်းစိမ်လည်း တစ်ဘဝသာ ဖြစ်ပါ၏။ ကျနစွာစောင့်အပ်သော ဥပုသ်သီလ၏ အကျိုးကား လူမင်း၊ နတ်မင်းစည်းစိမ် အကြိမ်အများပင် ရနိုင်ပါသည်။ ဥပုသ်စောင့်ရာ ရှစ်ပါးသီလခံယူပြီးရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ။ သီလခံယူဆောက်တည်ပြီးနောက် မိမိစိတ်ကို စင်ကြယ်သန့်ရှင်းအောင် အားထုတ်နိုင်မှသာ အကျိုးများပါသည်။ ဥပမာဆိုသော် ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်စွာ ခေါင်းလျှော်ရ၏။ ခေါင်းမလျှော်ဘဲ ဖီးလိမ်းပြင်ဆင်ပြီးလျှင် အနံမကောင်းသကဲ့သို့ သီလတန်ဆာဖြင့် ဆင်ထားသူသည်လည်း မိမိ၏စိတ်ကို လောဘ၊ ဒေါသ စသော ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင်စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးများကို အပြည့်အစုံ ရနိုင်ပါသည်။

ဥပုသ်သီလ ယူထားသူသည် ဈေးရောင်း၊ ဈေးဝယ်၊ ရုံးလုပ်ငန်းများ လုပ်နိုင်ခွင့်ရှိပါသည်။ သီလမပျက်အောင် လုပ်ပါ၊ သီလအကျိုးတော့ ဆိုသလို အပြည့်အဝမရနိုင်ပါ။

လောကီဆိုင်ရာ အတွေးအခေါ်၊ စာပေ၊ ဘာသာရပ် အတတ်ပညာတို့ကို သင်ယူခွင့်၊ ဆွေးနွေးခွင့်၊ ဟောပြောခွင့် ရှိပါသည်။ သီလမပျက်အောင် ပြုပါ။ ရှစ်ပါးသီလတွင် ပါဝင်သည့် နောက်ဆုံးသိက္ခာပုဒ်သုံးပါးမှာ အဗြဟ္မစရိယ သိက္ခာပုဒ် လုံခြုံရေးအတွက် အခြံအရံတွေ ဖြစ်ပါသည်။ မှန်ပါသည်။ ငါးပါးသီလ ဆောက်တည်သူသည် ဇနီးမောင်နှံအချင်းချင်း ပေါင်းသင်းဆက်ဆံခွင့် ရပါသည်။ ရှစ်ပါးသီလ စောင့်သူသည် ဇနီးမောင်နှံအချင်းချင်း ဆက်ဆံမှုကိုပါ ရှောင်ကြဉ်ရပါသည်။

ညစာမစားခြင်းအတွက် ကိစ္စနည်းလျှင် တရားအာရုံပြုဖို့ရန် အချိန်များစွာရစေခြင်း၊ လောကီအာရုံ ကာမဂုဏ်သို့ စိတ်မဝင်စားအောင် ချုပ်တီးထားပြီးသားဖြစ်ခြင်း အကျိုးရှိပါသည်။ ကောင်းမွန်သောညစာများကို စားသောက်၍ ပျော်ပါးကြသည်။ ညစာ စားမှုသည် လောကီအာရုံ ကာမဂုဏ်ဘက်ကိုသာ စိတ်ညွှတ်စေရကား အဗြဟ္မစရိယာ သိက္ခာပုဒ်ကို ထိခိုက်နိုင်ပါသည်။ သို့ဖြစ်၍ ညစာရှောင်မှုသည် ကိစ္စနည်း၍ တရားအာရုံပြုချိန် များစွာရခြင်း၊ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်မဝင်စားအောင် ချုပ်တီးဖြစ်ခြင်းအကျိုးကို ရစေနိုင်သည်ဟု မှတ်ပါ။

ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို ကြည့်ရှု နားထောင်တဲ့အခါ မိမိစိတ်ကို စဉ်းစားကြည့်ပါ။ (ကာမစိတ်ကို တိုးပွားစေ၊ မတိုးပွားစေ)။ ပန်း၊ နံ့သာပေါင်းတွေနှင့် ဖြီးလိမ်းပြင်ဆင်တဲ့အခါမှာလည်း သတိပြုပါ၊ (ကာမဂုဏ် အာရုံစိတ်တွေ နိုးကြွစေ၊ မကြွစေ)။ အမှန်က နစ္စ ဂီတ သိက္ခာပုဒ်သည် အထူးသဖြင့် ရာဂနိုးကြွစေမှုကို တားမြစ်ချက်ဖြစ်ပါသည်။ ဥစ္စာသယန သိက္ခာပုဒ်အရ အခြေ တစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ၊ ခုတင်၊ ကုလားထိုင် စသည်များကို ဆိုလိုပါတယ်။ ရိုးရိုး အိပ်နေကျ တစ်ထောင့်ထွာထက် မမြင့်သော အိပ်ရာ၊ ခုတင်များကို မဆိုလိုပါ။

မြတ်သောနေရာဟူသည် စည်းစိမ်အားလျော်စွာ ခံစား စံစားလေ့ရှိကြသော အတွေ့အထိကောင်းသော လက်လေးသစ်မက အမွေးရှည်သော သားမွေးအခင်း၊ ခြင်္သေ့၊ သစ်, ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွေချည်ငွေချည် တို့ဖြင့်ချုပ်လုပ်ထားသော ပိုးဖဲအခင်း၊ လဲ၊ ဝါဂွမ်း သွတ်ထားသောမွေ့ရာမျိုးကို ဆိုလိုပါသည်။ မသုံးစွဲသင့်ပါ။ အုန်းဆံမွေ့ရာ၊ အဝတ်အစား၊ ပိုးချည် သဘောပါသော မွေ့ရာမျိုးကို သုံးဆောင်နိုင်ပါသည်။ အချုပ်ပြောရသော် ဥပုသ်စောင့်ရာ၌ ``အဗြဟ္မစရိယ ဝိကာလဘောဇန၊ နစ္စ၊ ဂီတ၊ ဥစ္စာသယန´´ သိက္ခာပုဒ် (၄) ပုဒ်ကို စောင့်သောအခါ မဖြစ်အောင်ထိန်းရမည့် အကုသိုလ်စိတ်များ ပေါ်လာတတ်ပါသည်။ ထိုစိတ်များကား ကာမဂုဏ်စိတ်၊ ကိလေသာစိတ်များပင် ဖြစ်ပါသည်။

ထင်ရှားအောင်ပြရပါလျှင် ခမ်းနားသောအိပ်ရာ နေရာ၌ အိပ်စက်နေထိုင်ခြင်း၊ ဖြီးလိမ်းပြင်ဆင်ခြင်း၊ သီဆို ကပြ တီးမှုတ်ခြင်း၊ ညစာစားခြင်းတို့သည် ကိလေသာစိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများ ဖြစ်ပါသည်။ ထို့ကြောင့် ထိုကိလေသာစိတ်၊ ကာမစိတ်တို့ကို ပိတ်ဆို့ဖို့ရာ နောက်ဆုံးသိက္ခာပုဒ်ကို ဆောက်တည်ရသည်ဟု မှတ်ပါ။

မဖျားနာသောသူအား ထန်းလျက်ကို အရည်ကျိုသောက်ရပါတယ်။ ဖျားနာသူသာ အလုံးလိုက် စားကောင်း၍ ဥပုသ်သည်များ ထန်းလျက်၊ ချိုချဉ် အလုံးလိုက် မစားကောင်းပါ။ ရေဖျော်ပြီး အဖတ်မပါအောင်စစ်သောက်ပါ။ အဖတ်မပါသော မန်းကျည်းဖျော်ရည် စသော အဖျော်ရည်များ အဲသည်လိုပဲမှတ်ပါ။ အဓိပ္ပါယ်က ကျယ်ဝန်းတော့ ဤမျှနှင့်ပဲ နိဂုံးချုပ်ရစေတော့။

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် .....

posted from Bloggeroid

No comments:

Post a Comment