Thursday, December 29, 2016

ဉေယျဓံတရား ငါးပါး ( နိယာမတရား ငါးပါး )


……………………….…………………………………………………
သိတဲ့မနောက သင်္ခါရ ပြောပြုတဲ့
သဘောက ဝိကာရ ၊ ဖြစ်သမျှ
ပျက်ရတဲ့ သဘောက လက္ခဏ
စွဲယူမှားမဲ့သဘော ဖြစ်ခြင်းမရှိခြင်းကြောင့်
နိဗ္ဗါန။ သင်္ခါရ ,ဝိကာရ ,လက္ခဏ,နိဗ္ဗါန,
မြင်အောင်ဟောရသည့် ပိဋကတ်တော်က
ပညတ်။ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗါန် ပညတ်
ဤငါးပါးက ဉေယျဓံတရား………
ဥာဏ်ဖြင့် ပိုင်းခြားကာ အမြင်လင်းအောင်
သိမြင်သင့် သိမြင်အပ်သော
ဓမ္မသဘောတရားများ………………

ခန္ဓာငါးပါး ရုပ်နာမ်တရားကို
အမြင်ဥာဏ်ရှင်းအောင် သိမြင်ရေးအတွက်
တရားကို တရားအတိုင်း သိမြင်ရန်
ဓမ္မနိယာမဖြစ်သော ဥေယျဓံတရားငါးပါးကို
အမြင်ဥာဏ်ရှင်းစွာသိမြင်အောင် ကြိုးစား၍
ဟုတ်တိုင်းမှန်စွာ ဟောပြောပြသဆိုဆုံးမ၍
အသိဓါတ်ကူးပေးနိုင်သည့် ဆရာသမားကို
ရှာဖွေနည်းနာခံကာ နာယူမှတ်သား
ဝေဖန်ငြား၍ ဓမ္မသဘောကို သိမြင်အောင်
ကြိုးစားသင့်လှပေသည်။
ဓမ္မနိယာမ ဓမ္မသဘောကို ဟုတ်တိုင်းမှန်စွာ
အမြင်ဥာဏ်ဖြစ်ရေးအတွက် သိမြင်အပ်သော
တရားငါးပါးရှိလေ၏။ ထိုတရားငါးပါးကား…
သင်္ခါရ ,ဝိကာရ ,လက္ခဏ ,နိဗ္ဗာန် ပညတ်ဟူ၍
သိမြင်အပ်သော တရားငါးပါးရှိလေ၏။
သင်္ခါရ ဝိကာရ လက္ခဏကား ဖြစ်ပျက်နယ်
နိဗ္ဗာန်ကား မဖြစ်မပျက်နယ်တည်း။
ဤသဘောတရားလေးမျိုးကို သိမြင်အောင်
အမည်နာမတပ်၍ဗုဒ္ဓဟောခဲ့သည့်ပညတ်တော်
(တနည်းကား)ပိဋကတ်သုံးပုံကား ဗုဒ္ဓ၏
ပညတ်တော်များနှင့်ထုံမွန်း၍ရေးသားထားရာ
ဗုဒ္ဓ၏ပညတ်တော်များစုဝေးရာတည်း။
ဤကဲ့သို့ သိအပ်သောတရားငါးပါးရှိလေ၏။
သိတဲ့သဘောက မနောသင်္ခါရ ပြောပြုတဲ့
သဘောက ဝိကာရ, ဖြစ်သမျှတရားက
ဖြစ်တရားမှန်သမျှပျက်တဲ့သဘောကြောင့်
လက္ခဏ။ ဖြစ်တရားမှန်သမျှပျက်ရတဲ့သဘော
လက္ခဏတထပ်ထဲပါနေ၍ စိတ်ထင်သလို
စွဲယူသိမ်းပိုက်စရာ အစွဲခံပစ္စည်းမရှိသဘော
ဖြစ်ရကား စွဲယူမှားမဲ့သဘော ဖြစ်မရခြင်းကြောင့်
အဖြစ်တရားချုပ်၍ နိဗ္ဗာန(တနည်း)ဖြစ်တရားက
မဖြစ်ခင်ကလဲမရှိ ဓမ္မသဘာဝအကြောင်းဆုံ၍
သော်၎င်း အသုံးသင်္ခါရထူထောင်၍သော်၎င်း
လက္ခဏအချက် တထပ်ထဲပါနေခြင်းကြောင့်
ပျောက်ပျက်ကုန်ဆုံးကာ အနိစ္စပြန်ရောက်၍
မဖြစ်မပျက် နိဗ္ဗာန်ဓါတ်သာလျှင်ပြန်ရောက်
ရခြင်းကြောင့် စွဲယူမှားမဲ့သဘောမရှိ
စွဲမဲ့စိတ်လည်းဖြစ်မရ သူ့သဘောက
သင်္ခါရ ဝိကာရ လက္ခဏဖြစ်တိုင်း
မဖြစ်ခင်ကလဲ နိဗ္ဗာန ဖြစ်ပြီးတော့လဲ
ချုပ်ပျောက်ခြင်းကြောင့် နိဗ္ဗာန်သဘောသာ
ပြန်ကျန်ရလေ၏။
သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန်ဟု
ဆိုအပ်သော ဉေယျဓံတရားလေးပါးကို
ဟုတ်တိုင်းမှန်စွာ ဥာဏ်အမြင်ရှင်း
အသိလင်းအောင် ဗုဒ္ဓရှင်တော်
နာမပညတ်အမည်တပ်၍ သိခြင်းကိစ္စ
အမြင်ရအောင် ခန္ဓာငါးပါးထိုတရားကို
အမျိုးအမည် ခွဲပြသည်က ပညတ်တော်
(ဝါ တနည်းကား)ဗုဒ္ဓ၏ပိဋကတ်တော်က
ပညတ်…။ ဤငါးပါးက………
ဉေယျဓံတရား - ဥာဏ်ဖြင့် အမြင်လင်းအောင်
ထိုးထွင်းသိမြင်အပ်သော ဓမ္မနိယာမ
သဘောတရားများ ဖြစ်ပါသည်။
သိမြင်အပ်သော သဘောမှာ………
သိတဲ့သဘောမနောဝိဥာဏ်ဆိုတော့
သိတာလေးက မနောသင်္ခါရပေါ့။
မှတ်ဖူးအမှတ်ဟောင်းနဲ့ နှလုံးသွင်းရယ်
သိမဟစိတ်ရယ်ပေါင်းပြီး သိတာလေးကို
သိသလိုတွေးတယ် သိသလိုကြံစည်တယ်
အဲသလို သိသလိုတွေးတာ ကြံတာက
မနောသင်္ခါရပေါ့။ အဲသလို သိသလို
တွေးကြံပြီး ပြောတဲ့အလုပ် ပြုတဲ့အလုပ်
ပြောတာနဲ့ ပြုတာလေးက ဝိကာရပေါ့။
သိသလိုပြောတာ ဝစီကံ သိသလိုပြုလုပ်တာ
ကာယကံပေါ့။(တနည်းကား)မနောဝိဥာဏ်
သိတာကို ခြံရံတဲ့စိတ်တွေနဲ့ အပြောကားဝစီ
အပြုကား ကာယဆိုတဲ့ ဝစီကံ ကာယကံတွေ
ဖြစ်လာရတယ်ပေါ့။
ဓမ္မာရုံသညာအမှတ်ဟောင်းရုပ်က
သိဖူးမှတ်ဖူးတဲ့အတိုင်း ပြန်နှလုံးသွင်းပြီး
ဖြစ်လာတဲ့ မနောဝိဥာဏ် သိတာကြီးကလဲ
နှလုံးသားမှာဖြစ်ပြီး နှလုံးသားမှာပဲပျက်တယ်။
သိတဲ့သဘောကနှလုံးသားမှာ ဆံခြည်ဖျားမျှ
မရွေ့ဘဲ ဖြစ်ပြီးပျက်တာလေ။
သိသလိုပြောတာကလဲ ပြောပြီးပျက်တယ်၊
အသံရုပ်ကလေးက ဝစီနုတ်ဖျားကနေထွက်ပြီး
အဲဒီမှာပဲ တထပ်ထဲပြန်ချုပ်တာပါ။
ပြုတဲ့ ကာယကံကလဲ ပြုခြင်းပြုရင်
လေကပြုတာပါ။လေဖြတ်ထားရင်
ရုပ်ကြီးက လှုပ်ပါလား လေမပါပဲ
ရုပ်ကြီးကလဲ မလှုပ်ရှားနိုင်ဘူး။
အဲဒီတော့ ပြုတဲ့ကာယကံကလဲ
လေကပြုတာဆိုတော့ လေက
လက်လှုပ်ရင် လက်တင်ဖြစ်ပြီးပျက်တာဘဲ။
ခေါင်းလှုပ်ရင် ခေါင်းတင်ဖြစ်ပြီးပျက်တာဘဲ။
အဲသလို ဓမ္မသဘာဝဖြစ်တရားမှန်သမျှ
ဓမ္မသင်္ခါရအကျိုးတရားဖြစ်ဖြစ်
အသုံးသင်္ခါရအသုံးတရားဖြစ်ဖြစ်…
အဲဒီဖြစ်တရားဆိုတဲ့သင်္ခါမျိုးတွေက
လက္ခဏတထပ်ထဲပါနေလို့
ရပ်တည်နိုင်စွမ်မရှိဘူးလို့
အဲဒါကြောင့် ဘုရားရှင်က
သဗ္ဗေသင်္ခါရာ အနိစ္စလို့ ဟောတာပေါ့။
အဲဒီတော့ သိသလိုတွေးတဲ့ကြံတဲ့
မနောသင်္ခါရ သိသလိုပြောတဲ့ဝစီသင်္ခါရ
သိသလိုပြုတဲ့ ကာယသင်္ခါရ အဲဒီသုံးမျိုးဟာ
သုံးလီဒွါရပြုသမျှတရားတွေကအစွဲမခံဘူး။
သုံးရုံသာသုံးရတာဘဲ။သိတာနဲ့သုံးတယ်
သိတာနဲ့ ပြောတယ် သိတာနဲ့ပြုတယ်ပေါ့။
အဲဒီတွေးကြံ ပြော ပြုသုံးမျိုးကဖြစ်ခဏ
ပျက်တော့ အနိစ္စမျိုးတွေပေါ့။လက္ခဏက
ကပ်ရပ်ချပ်ရက် တထပ်ထဲပါနေတာကိုက
ဓမ္မနိယာမဘဲလေ။အနိစ္စအချက် ဒုက္ခအချက်
အနတ္တအချက်တထပ်ထဲ လက္ခဏသဘောကို
အမြင်ဥာဏ်ဖြစ်ရမှာပါ။
အဲသလို သင်္ခါရ ဝိကာရ လက္ခဏတို့ရဲ့
သဘောကို ဥာဏ်အမြင်နဲ့ ထောက်ဆကြည့်ရင်
ဒီဖြစ်တရားသုံးမျိုးက ဖြစ်ဆိုချုပ်သွားလို့
ရှေ့အဖြစ်ကို နောက်အဖြစ်က တစ်ခါမှ
မတွေ့ဘူးခဲ့ပါဘူး။သုံးရုံမျှသာ သုံးလိုက်ရတယ်
ဒီတရားတွေက ရှေ့ဖြစ်ကို နောက်ဖြစ်က
တစ်သံသရာလုံး မတွေ့ဘူးတာအမှန်ဖြစ်တယ်။
သိတဲ့စိတ်နဲ့ ဖြစ်တဲ့အဖြစ်က ရှေ့အဖြစ်ကို
နောက်အဖြစ်တွေ့မရတာ မှန်မနေဘူးလား။
တစ်ခါမှ မျက်မြင်ဒိဋ္ဌမတွေ့ရပါဘဲလျှက်
အရှိထင်ပြီး စွဲနေတာ အတူမနေရတာကို
အတူနေချင်နေတာ လွဲမနေဘူးလား။
ဟောသူက ချုပ်သွားရော နောက်အဖြစ်ကလဲ
ဒီပစ္စည်းပဲ ထပ်ရောက်ပြီး ဒီသဘောအတိုင်း
ထပ်ဖြစ်ပြန်တာပဲ။သင်္ခါရ ဝိကာရ ထပ်ပြီး
ပြုသလို ဖြစ်လာပြန်တာဘဲ။
ဖြစ်လာတိုင်းလဲ လက္ခဏအချက်က
ကပ်ရပ်ချပ်ရက် ပါလာပြီး အနိစ္စပြန်ရောက်
ပြန်တာဘဲ။
ဒါဖြင့်ရင် အမြင်ဥာဏ်နဲ့ကြည့်လိုက်တော့
စိတ်အထင်နဲ့စွဲသလို အစွဲခံပစ္စည်းကိုက
ဖြစ်တရားမှန်သမျှမှာ အစွဲခံပစ္စည်း
ကိုယ်ထင်သလို ကိုယ်စွဲသလို စွဲယူ
သိမ်းပိုက်စရာ စွဲစရာပစ္စည်းရှာမတွေ့တာ
သေချာနေတယ်။စွဲစရာအစွဲခံမှ မရှိတာ
စွဲမဲ့စိတ်ဖြစ်မရဘူး။ စွဲစရာမရှိမှန်းအမြင်ရှင်းမှ
အစွဲရပ်တော့ အစွဲကင်းတယ်ပြောတာပါ။
အဲသလို သင်္ခါရ ဝိကာရ လက္ခဏဓမ္မနိယာမ
သဘောကို အမြင်ရှင်းရမှာပါ။
ကြည့်လိုက်တိုင်းဖြစ်တရားတွေက
ချုပ်ပျောက်နေလို့ အစွဲခံတရားမရှိ
သင်္ခါရအဖြစ်တွေနိမိတ်ကင်းနေတော့
နိဗ္ဗာနဓါတ်ပြန်ဖြစ်တာ ဓမ္မနိယာမပဲ။
အဲဒါကြောင့် နိဗ္ဗာနဓါတ်က အမြင်ခံ
အနေနဲ့ ထာဝရ ရှိနေတယ်လို့
ဘုရားရှင်က သမုဒယောနတ္ထိ
နိရောဓောအတ္ထိကို ဟောခဲ့တာပေါ့။
သမုဒယော-အထင်မှားနဲ့စွဲယူမဲ့
အစွဲခံပစ္စည်းကိုက နတ္ထိ-မရှိဘူး
ချုပ်ပျောက်နေတယ်……
နိရောဓေါ -ဖြစ်တရားတို့ရဲ့ကုန်ဆုံးရာ
မဖြစ်မပျက်တဲ့နိဗ္ဗာန်ဆိုတဲ့ သဘောသာ
အတ္ထိ- ထင်ရှားရှိတယ်လို့ ဟောခဲ့တာပေါ့။
ဖြစ်တရားဆိုတဲ့ ဒီပစ္စည်းက
ဖြစ်တိုင်းဖြစ်တိုင်း အနိစ္စရောက်နေလို့
ဓမ္မသဘောအရ ဖြစ်တရားမရှိရင်
မဖြစ်တရား မဖြစ်မပျက်တဲ့ နိဗ္ဗာန်ဓါတ်ပဲ
ပြန်ကျန်တာပေါ့။တရားက ဒီအတိုင်းတိုင်းဘဲ
ဓမ္မသဘာဝ ဓမ္မနိယာမကြီးက လည်ပတ်နေလို့
ဓမ္မစကြာလို့ ပြောတာပါ။ ငါမပါ သူမဖက်
တရားက တရားသဘောအတိုင်း
ဆောင်နေလို့ သဗ္ဗေဓမ္မာ အနတ္တာပုဒ်အရ
အနတ္တတရားဆိုတာ သေချာနေတာပေါ့။
အဲဒါတွေကို အကုန်လုံး အမြင်ဥာဏ်
ရှင်းအောင်လို့ သိမြင်ရေးအတွက်
ပညတ်တင်ပြီး တရားကိုယ်တွေကို
ခွဲခြမ်းစိတ်ဖြာပြီး အမည်နာမပေးခဲ့တာက
ဓမ္မပညတ်တော်ပေါ့။ ဘုရားရှင်ဟောပြောခဲ့တဲ့
ဓမ္မပညတ်တော် (ဝါ တနည်းကား)
ပိဋကတ်သုံးပုံ အဲသလိုပြောရမှာပါ။
သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန
ပညတ်ဆိုတဲ့ ဉေယျဓံတရား ငါးပါးကို
အမြင်ရှင်းပြီး အသိလင်းတာက
ဒီနှလုံးသားမှာ ဒါ ဘုရားတစ်ဆူပွင့်တာပဲပေါ့။
ဉေယျ,ဆိုတာ…သိတဲ့တရားလေး
ဓံ,ဆိုတာက…ဓမ္မ(ဝါ)ဒီငါးပါးသောတရားပေါ့၊
အဲသလို ဥာဏ်ဖြင့်သိအပ်တဲ့ တရားငါးပါးကို
အမြင်ရှင်းရင်… အဲဒီတော့မှ ဥာဏဉေယျ-
သိအပ်သောတရား(ဝါ တနည်း)
ဥာဏ်ဖြင့် သိမြင်အပ်သော ဓံ- ထိုဓမ္မငါးပါးကို
အမြင်ရှင်းစွာသိလိုက်ရင် ဥာဏ်အလင်းပွင့်
တာလို့ မှတ်လိုက်ပါ။
အဲဒီဓမ္မနိယာမသဘောအတိုင်းတိုင်း
ဉေယျ -ဥာဏ်အသိဖြင့် ဓံ-အသိခံအမြင်ခံ
အကြည့်ခံနေတဲ့ တရားတွေဖြစ်တဲ့
ဉေယျဓံတရားငါးပါးကို ဟုတ်တိုင်းမှန်စွာ
အမြင်ဥာဏ်ရှင်း အသိလင်းရင်
အမြင်ခံ အကြည့်ခံတရား နိဗ္ဗာနဓါတ်ကြီး
ပေါ်လွင်လာတာပေါ့။အဲဒါကြောင့်
ဒီတရားငါးပါးဟာ အအေးဓါတ် အငြိမ်းဓါတ်
နိဗ္ဗာန်ကို ပေါ်လွင်စေတဲ့ တရားတွေပေါ့။
အဲဒါကြောင့် ဘုရားတစ်ဆူပွင့်တိုင်း
ဓမ္မစေတီထိုက်တဲ့ ဥေယျဓံတရားငါးပါးကလဲ
အမြင်ရှင်းရင် ဘုရားတစ်ဆူပွင့်တာပဲ။
ဘုရားတစ်ဆူ ဖူးလိုက်ရသလိုပါပဲလို့
ရှေးဆရာတော်ကြီးတွေ ပြောခဲ့တာပေါ့။
သမ္မာသံဗုဒ္ဓကလဲ ဘုရားတစ်ဆူပဲပေါ့။
ဓမ္မနိယာမသဘောကို အကျဉ်းမျှ
ရေးသားပေးတာကို ဥာဏ်အမြင်ရှင်းအောင်
ထပ်ခါ ထပ်ခါ ဝေဖန်ကြပါလို့ တိုက်တွန်းပါတယ်။

" အမြင်ဥာဏ်ရှင်း အသိလင်းကာ
ဖြစ်မှုမပွား မဖြစ်ပွား၍
ငြိမ်းရာသန္တိ နားခိုကြည့်ပါ…။"

---------------------------------------------------------------------------https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment