Thursday, December 29, 2016

အနိမ့်ဆုံး နှင့် အမြင့်ဆုံး

ဆောင်းနံနက်ခင်းမို့ နှင်းငွေ့ကတဝေဝေ၊ လေပြည်က တအေးအေး…။

ကျောင်းတွင်းရှိ အရိပ်ရပင်များဖြစ်သော သရက်၊ ပိတောက်၊ ကုက္ကိုပင်များမှ ရွက်ဟောင်းများ တဖြုတ် ဖြုတ်ကြွေကျနေကြသည်။ သန့်ရှင်းရေးလုပ်ရန် တံမြက်စည်းကိုယူ၍ အခန်းထဲမှ ထွက်ခဲ့သည်။

တံမြက်စည်းလှည်းရင်း ဓမ္မစကြာရွတ်လိုက်၊ အတွေးဝင်သွားလိုက်၊ အတွေးစိတ်လေးကို ဝိပဿနာရှု ဖြစ်လိုက်၊ တံမြက်စည်းလှည်းနေသည့် အမူရာလေးကို စောင့်ကြည့်လိုက်ဖြင့် လှည်းမှန်းမသိ လှည်းလာလိုက် သည်မှာ ချွေးပင်ခပ်စို့စို့ဖြစ်လာသည်။ ခဏရပ်ပြီး မိမိသန့်ရှင်ခဲ့ရာ လမ်းကြောင်းလေးကို ပြန်ကြည့်လိုက်၏။

အရုဏ်ဦးနေရောင်ခြည်နဲ့အတူ သန့်ရှင်းနေသော လမ်းကလေးကို မြင်ရသည်မှာ စိတ်ထဲတွင် ကြည် နူးလန်းဆန်းသွားသည်။ သန့်ရှင်းသပ်ရပ်နေသော ကျောင်းဝင်ထဲကို မြင်ရသူတိုင်း မိမိကဲ့သို့ ကြည်နူးမည်မှာ အ မှန်ပင်ဖြစ်၏။ ကျမ်းမာရေးနှင့်လည်းညီ ကုသိုလ်လည်းရသော အလုပ်ပါလားဟု တွေးမိ၏။

" ကိုယ်တော်၊ တပည့်တော်တို့ တံမြက်စည်းလှည်းတာ ကုသိုလ်ရတာပေါ့နော် "

ဆယ်နှစ်သားအရွယ်ရှိ လူကောင်သေးသေး ကိုရင်ကလေး နန္ဒသာရက အမှိုက်ကျုံးရင်း လှမ်းမေးလိုက် ခြင်း ဖြစ်သည်။ ထိုကိုရင်ကလေးသည် ငယ်ပင် ငယ်သော်လည်း ဉာဏ်ထက်၏။ ပရိတ်ကြီး ၁၁ သုတ်၊ ဘိက္ခုပါတိမောက်ပင် ရနေပါပြီ်။ ယခု သဂြိုဟ်စတက်နေသည်။ တစ်ခါတစ်ခါ လူကြီးဆန်သော မေးခွန်း များလည်း မေးတတ်သေး၏။

" အေး.. ရတာပေါ့ "

" ဘယ်လိုရတာလဲ ကိုယ်တော် "

မိမိသည် ထိုကိုရင်ကလေးအား ဓမ္မပဒ၊ ဇာတကဝတ္ထုများကို မကြာခဏ ပြောပြဖူးသည်။ ယခုလည်း ဇာတ်ကြောင်းတစ်ခုခုပြောလျှင် နားလည်နိုင်မည်ဖြစ်သည်။

" ဒီလို ကိုရင်..၊ ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂင်္ဂါမြစ်အနီးမှာ ကျောင်းတိုက်တစ် တစ်တိုက်ရှိတယ်။ အဲဒီကျောင်းတိုက်က ကိုယ်တော်တွေ ၊ ကိုရင်တွေဟာ နံနက်စောစောထပြီး တံမြက်စည်း လှည်း၊ အမှိုက်ကျုံး လုပ်ကြတာပေါ့ကွာ။

" အဲဒီမှာ ကိုရင်တစ်ပါး အမှိုက်မကျုံးဘဲနေတာနဲ့ ကိုယ်တော်တစ်ပါးက ရိုက်ပြီးခိုင်းတယ်ကွ။ အရိုက် ခံရတဲ့ ကိုရင်လဲ ငိုယိုပြီး အမှိုကျုံး၊ အမှိုက်ပစ်ရင်း ဆုတစ်ခုတောင်းတယ်။ ဘာဆုလည်းဆိုတော့ " ဤအမှိုက် ကျုံးရတဲ့ ကုသိုလ်ကံကြောင့် နိဗ္ဗာန်မရောက်မချင်း ဖြစ်လေရာဘဝ၌ မွန်းတည့်နေမင်းကြီးကဲ့သို့ ဘုန်းတန်ခိုး ကြီးရပါလို၏ " တဲ့။

" ကိုရင် အမှိုက်ကျုံးပြီး ဂင်္ဂါမြစ်မှာ ရေသွားချိုးတော့ ဆုတစ်ခုထပ်တောင်းတယ်။ " ကျွန်ုပ်သည် နိဗ္ဗာန်မ ရောက်မချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါလှိုင်းအဟုတ်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော မကုန်နိုင်သော ဉာဏ်ရှိသူ ဖြစ်ရပါလို၏ " လို့ တောင်းပြန်ရော။

" ကိုရင်ကိုရိုက်တဲ့ ကိုယ်တော်လဲ ရေချိုးဖို့လာတော့ ကိုရင်ဆုတောင်းသံကို ကြားသွားတဲ့အခါ အားကျ မခံ ဆုတောင်းတာပေါ့ကွာ။ " ငါသည် နိဗ္ဗာန်မရမချင်း ဖြစ်လေရာဘဝ၌ ဂင်္ဂါမြစ်ရေအဟုတ်ကဲ့သို့ မကုန်နိုင်မ ခန်းနိုင်သောဉာဏ်ရှိသူ ဖြစ်ရပါလို၏။ ဤကိုရင် မေးတိုင်းမေးတိုင်း ပြဿနာအလုံးစုံကို ဖြေရှင်းနိုင်တဲ့သူ ဖြစ်ရ ပါလို၏ " တဲ့။

" သူတို့နှစ်ပါးလဲ တံမြက်စည်းလှည်း၊ အမှိုက်ကျုံးတဲ့ ကုသိုလ်ကြောင့် ပျံတော်မူတဲ့အခါ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်နဲ့ အကြိမ်ကြိမ်ဖြစ်ပြီး ငါတို့ဂေါတမမြတ်စွာဘုရား သာသနာတော်မှာ အမှိုက်ကျုံးတဲ့ကိုရင်က မိလိန္ဒဆိုတဲ့ ဘုန်းတန်ခိုးကြီးတဲ့ဘုရင် ဖြစ်လာတယ်။ တံမြက်လှည်းတဲ့ကိုယ်တော်က နာဂသေနဆိုတဲ့ ရဟန္တာ ဖြစ်လာတယ်။

" မိလိန္ဒမင်းကြီးက ပုစ္ဆာတွေအမျိုးမျိုးမေး၊ မေးသမျှကို အရှင်နာဂသေနဆိုကလဲ အကုန်ဖြေနိုင်တာနဲ့ မိလိန္ဒမင်းကြီးလဲ အရှင်နာဂသေနဆီမှာ တပည့်ခံပြီး ရဟန်းဝတ် တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်ရောတဲ့ ကွာ "

" ဒါဆို အမှိုက်ကျုံးတဲ့ကိုရင်က ဘုရင်ဖြစ်ပြီးမှ ရဟန္တာဖြစ်သွားတာပေါ့ "

" အေးပေါ့ "

" တပည့်တော်ကတော့ ဘုရင်မဖြစ်ချင်ဘူး၊ သိကြားမင်းကြီးပဲ ဖြစ်ချင်တာ "

" အေး..အမှိုက်ကျုံးပြီးရင် သိကြားမင်းကြီး ဖြစ်ရပါလို၏ လို့ ဆုတောင်းပေါ့ကွာ "

ဟုတ်ပါသည်။ ဝေယျာဝစ္စကုသိုလ်ကြောင့် ဆုတောင်းတိုင်း ပြည့်စုံခဲ့သည့် သာဓကများ ရှိပါသည်။ သီဟိုဠ်ကျွန်းတွင် လူနှင့်ရဟန်း အလှချင်းပြိုင်ရာ လူဘက်မှ အဆင်းလှသော အမတ်သားနှင့် ရဟန်းဘက်မှ အ နာဂါမ်ကျမ်းတတ် အဘယမထေရ်တို့ ပြိုင်ကြ၏။

ရဟန်းအလှက သီလ၊ သမာဓိ၊ ပညာတို့ဖြင့် မွမ်းမံထားသဖြင့် လူထက်သာ၍ လူရှုံးနိမ့်သွားသည်။ ထို အခါ ရဟန်းက " ငါလှည်းတဲံ အမှိုက်ပုံကို ကျုံးတဲ့သူက ငါ့များပြိုင်လို့ " ဟု ဆိုကြောင်း ဝိနည်းအဋ္ဌကထာ၌ တွေ့ရသည်။ ဝေယျာဝစ္စကုသိုလ်အကျိုးကို ဖော်ပြထားခြင်း ဖြစ်သည်။

မိမိတို့ ရဟန်းများတွင် ရှောင်ကြဉ်ရမည့် ဝါရိတ္တသီလနှင့် လိုက်နာရမည့် စာရိတ္တသီလဟူ၍ ရှိ၏။ အိပ်ရာနေရာသန့်ရှင်းခြင်း၊ ကျောင်းဝင်းသန့်ရှင်းခြင်း၊ သောက်သုံးရေခပ်ခြင်း စသည့် သေနာသနဝတ်သည် လိုက်နာရမည့် သီလဖြစ်၏။

သို့သော် အချို့ စာချ၊ တရားဟော၊ တရားကျင့် ပုဂ္ဂိုလ်များသည် တံမြက်စည်းလှည်းခြင်း၊ ကုဋီဆေး ခြင်းတို့ကို အောက်ကျသည့်အလုပ်ဟု သဘောထားကြလားမသိ၊၊ စာချ၊ တရားဟောပုဂ္ဂိုလ် ဖြစ်နေ၍ ``ဤကဲ့သို့ အောက်ခြေသိမ်း အလုပ်တွေလုပ်နေသည်ကို ဒကာ၊ဒကာမများတွေ့လျှင် အထင်သေးသွားလေမလားမသိ " ဟူသောအမြင်များ ရှိနေကြဟန်တူသည်။ မိမိထက် သက်ကြီးဝါကြီးဟန်းတော်များ အလုပ်လုပ်နေစဉ် မိမိက အားနေလျက်ဖြင့် မသိကျိုးကျွန်ပြုနေတတ်ကြသည်။ အချို့ကျပြန်တော့လည်း အခွင့်အရေးပိုလိုချင်၍ ဟန်ရေး ပြလုပ်ကြပြန်သည်။

ပုညကြိယာဝတ္ထုဆယ်ပါးတွင် ဝေယျာဝစ္စကုသိုလ်တစ်ပါး ပါဝင်ပါသည်။ ဝေယျာဝစ္စကုသိုလ်ဆိုသည် မှာ" ရတနာမြတ်သုံးပါး၊ မိဘဆရာတို့၏ ထိုထိုအမှုကိစ္စတို့၌ ရွက်ဆောင်ပြုတတ်သော မဟာကုသိုလ်စိတ္တုပ္ပါဒ် စေတနာ " ကိုခေါ်ပါသည်။ လာဘ်လာဘ၊ အခွင့်ရေးလိုချင်၍ လုပ်ခြင်းသည် အကုသိုလ်စိတ္တုပ္ပါဒ်သာဖြစ်၍ ဝေ ယျာဝစ္စကုသိုလ်ကံ မြောက်လိမ့်မည် မထင်ပါ။

ကျောင်းတိုက်တွင်း တံမြက်စည်းလှည်းခြင်းသည် သာသနာပြုခြင်းပင်ဖြစ်သည်။ ဘုရားရှင်၏ ဆန္ဒ တော်အတိုင်း လိုက်နာကျင့်သုံးရာလည်း ရောက်ပါသည်။ ဗုဒ္ဓ၏စကားကို လေးစားခြင်း၊ နားထောင်ခြင်းပင် ဖြစ် ၏။

ရှင်သာရိပုတ္တာရာ ကိုယ်တော်မြတ်ကြီးသည် ကျောင်းတိုက်ထဲ အများနှင့်နေစဉ် တံမြက်စည်းလှည်းနေ ကျဖြစ်သည်။ တစ်ခါ၌ နိရာဓသမာပတ်ဝင်စားရန် လူမနီးသည့် ဟိမဝန္တာတော်င်ကြိုချောက်ကြားသို့ ချည်းကပ် လာခဲ့သည်။ အရေးမကြီးဟု ယူဆပြီး တံမြက်စည်းမလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေလိုက်၏။ နိရောဓ သမာပတ် ဝင်စားနေစဉ် စိတ်၊ စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော အချို့ရုပ်များ ချုပ်ငြိမ်းနေ၍ ပတ်ဝန်းကျင် ကို ဘာမျှမသိတော့ပေ။

နိရောဓ သမာပတ်မှထသောအခါ ပြန့်ကျဲနေသော အမှိုက်များကြားတွင် ဘုရားရှင်၏ ခြေတော်ရာကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေ၏။ " အလို…နိရောဓသမာပတ်ဝင်စားနေစဉ် ဘုရားကိုယ်တော်မြတ်ကြီး ရောက်နေတာပါတကား။ ငါတံမြက်စည်းမလှည်းမတာ သိသွားချေပေါ့ " ဟု ဆင်ခြင်နှလုံးသွင်းကာ သံဝေဂ ဖြစ်တော်မူသည်။

ဘုရားရှင်၏ စကားကို တစ်သဝေမတိမ်း လိုက်နာနေကျဖြစ်သော ရှင်သာရိပုတ္တရာသည် ထိုနေ့မှစ၍ ပရိနိဗ္ဗာန်စံသည်အထိ နေ့စဉ်တံမြက်စည်းလှည်းသည့် ကျင့်ဝတ်ကို အပျက်မခံတော့ပေ။ ( ပရိဝါ အဋ္ဌကထာ )

မိမိတို့ မြန်မာနိုင်ငံသာသနာ့သမိုင်းတွင် ထင်ရှားတော်မူခဲ့ကြသော လယ်တီဆရာတော်၊ ဆရာတော် အရှင်ဇနကာဘိဝံသတို့သည်လည်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဝေယျာဝစ္စများကို ကိုယ်တိုင် ဆောင်ရွက်တော်မူကြပါ၏။

ကျမ်းပြုအကျော် မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာဘိဝံသသည် ဂျပန်ခေတ်တွင် ကပ္ပိယဒါယကာ မောင်လှနှင့်အတူ နှစ်ဦးတည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေခဲ့ရသည်။

တစ်နေ့သောအခါ ကျောင်းတောင်ဘက်ဖျားမှ ရေချိုးပြီး မိမိကျောင်းသို့ အပြန်တွင် သောက်ရေအိုးက လေးကို ပခုံးပေါ်ထမ်း၊ ရေသနုပ်သင်္ကန်းအစိုလေးကို ပခုံးပေါ်တင်၊ သင်းပိုင်ခပ်တိုတိုဖြင့် ပြန်လာခဲ့သည်။

ထိုအချိန်တွင် ချွေးသီးချွေးပေါက်ကျလျက် ခရီးပန်းလာပုံရသော အသက် ၇၀- ကျော် သီလရှင်အဘွား အိုတစ်ယောက်သည် ဆရာတော်အနား ရောက်လာပြီး ..

" မောင်ဉ္စင်း..ဒီမှာ ဆရာတော် ဇနကာဘိဝံသဆိုတာ ရှိသလား " ဟု မေးသည်။ ဆရာတော်က ရပ်တန့် ၍…

" ရှိတယ် ဒကာမကြီး "

" သူအခု ဘယ်ကျောင်းမှာလဲ "

" ဒီမှာလေ ကျုပ်ပဲဟာ "

" မဟုတ်ဘူး ကိုယ်တော်ရဲ့၊ ဆရာတော် ဦးဇနက

ကိုမေးတာ "

" ဟုတ်ပါတယ် ဒကာမကြီးရဲ့၊ ကျုပ်ပါပဲ "

" ကိုယ်တော်နဲ့ ဘွဲ့တူဖြစ်နပြီထင်တယ်၊ တပည့်တော်မေးတာက ကျမ်းစာအုပ်တွေ အများကြီးရေးတဲ့ ဆရာတော် ဦးဇနကကို မေးတာ "

" ဟုတ်ပါတယ် ဒကာမကြီးရဲ့၊ ကျုပ်ပါပဲ "

သီလရှင်အမယ်ကြီးမှာ မယုံသေးသဖြင့်-

" နေပါအုံး ကိုယ်တော်ရဲ့၊ ဒီကျောင်းမှာ အခြားကိုယ်တော်တွေ ရှိသေးလား " ဟု မေးသည်။

" မရှိဘူး ဒကာမကြီးရဲ့၊ ရဟန်းဆိုလို့ ကျုပ်တစ်ပါးတဲ " ဟု ပြောမှ ယုံလေတော့၏။ ဤမျှထိ မိမိကိုယ် ကို ရိုးသားနှိပ့်ချ၍ ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်သော ဆရာတော်ပါပေတည်း။

လယ်တီဆရာတော်ဘုရားကြီးသည် ဘဝသက်တမ်းတစ်လျှောက်တွင် သံဃဝေယျာဝစ္စကုသိုလ်ကို မ ပျက်မကွက် ဆောင်ရွက်ခဲ့သည်။ ဆရာတော် ဘုရားကြီးသည် လယ်တီတောရတွင်နေစဉ် နံနက်အရုံတက်ချိန်မှ စ၍ တစ်ကျောင်းလုံးနှံ့အောင် တံမြက်စည်းလှည်း၍ သေနသနဝတ်ကို မချွတ်တမ်း ဖြည့်ဆည်းတော်ခူခဲ့သည်။

တိုက်သံဃာများသုံးရန် ရေကိုလည်း ခပ်တော်မူ၏။ လယ်တီတိုက် သံဃာများသည် နံနက်တိုင်း ကျောက်ခွက်ကြီးများ ရေပြည့်လျက်ရှိသည်ကို တွေ့ကြရပြီး အစတွင် မည်သူခပ်သည်ကို မသိကြပေ။ အတန် ကြာစုံစမ်းသောအခါ သင်္ကန်းတော်များ ရေရွှဲလျက် ရေအိုးထမ်းကာ ရေဝတ်ဖြည့်နေသော ဆရာတော်ကြီးကို တွေ့ကြရလေသည်။ သံဃာတော်တို့ မှာ သောက်ဝံ့ မသုံးဝံ့ဖြစ်နေခဲ့၏။ ထိုအကြောင်းကို ဆရာတော် သိတော် မူလျှင် ..

" လောကအစဉ်အလာအရ မကိုဋ်ဦးသျှောင်၌ တပ်ရသောပတ္တများကို ခြေ၌ ဝတ်ဆင်ရိုးမရှိကြ။ ခြေ၌ ဝတ်သောခြေချင်းကိုလည်း ဦးခေါင်း၌ ဝတ်ရိုးမရှိကြ။ ထို့အတူ ဆရာသည် တပည့်အလုပ်ကို မလုပ်သင့်၊ တပည့်သည်လည်း ဆရာအလုပ်ကို မလုပ်သင့်ဟု ယူဆနေကြသည်။

" တပည့်တို့ စဉ့်မြေခွက်ကို မကိုဋ်မှာတပ်ပြီး ပတ္တမြားကို ခြေထောက်မှာတပ်ဆင်ထားသော်လည်း ပတ္တ မြားသည် ပတ္တမြားပင်ဖြစ်၏။ ပတ္တမြား၌ အပြစ်မရှိ။ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည်လည်း ခြေဆေး ရေကို ခပ်ပေးခြင်းဖြင့် အပြစ်မရ။ ဆရာ့ဂုဏ်ရည်မပျက်၊ ပို၍ပင် ဂုဏ်ကျက်သရေ ရှိသေး၏။

" တပည့်တို့၊ ခန္ဓာကိုယ်ဟူသမျှသည် ကျင်ကြီး၊ ကျင်ငယ်၊ လောဘ စသော အပုပ်နံ့တို့ဖြင့် ညှီစော်န့ ညစ်ပတ်နေ၍ ခြေဆေးရေခပ်ပေးခြင်း၊ ကနုတံဆေးခြင်း စသောညစ်ပတ်လူးလဲ၍ အောက်ကျသော လုပ်ငန်း များနှင့်သာ ပို၍ ထိုက်တန်လှပေသည် " ဟု သြဝါဒစကား မိန့်ကြားတော် မူလေ၏။

ထို့ပြင် ဆရာတော်ကြီးသည် မိမိကျောင်းတိုက်တွင်သာမကဘဲ မိမိထက်ဝါကြီးသော မထေရ်ကြီးများသီ တင်းသုံးရာ ကျောင်းတိုက်သို့ လှည့်လည်သွားရောက်ပြီး ဝေယျာဝစ္စ ဝတ်ဖြည့်သည်။ အချို့ဘုန်းကြီးတို့က..

" လယ်တီဘုန်းကြီး၊ သည်လိုမလုပ်ပါနှင့် "ဟု တားမြစ်ကြသည်။

" အရှင်ဘုရားတို့ ကြောင့်ကြမဲ့ သီတင်းသုံးတော်မူကြပါ။ ဘဝသံသရာအဆက်ဆက် တပည့်တော်၏ ခြေလက်များဟာ သားကျွန် မယားကျွန် ဖြစ်ခဲ့ဖူးပေါင်း များလှပါပြီ။ အမှန်သိရသော ယခုလို ဘဝမျိုးတွင် တ ပည့်တော်၏ ခြေလက်အစုံကို သံဃာတော်များ၏ ကျေးကျွန်အဖြစ် ဆောင်ရွက်လိုပါသည်။ တားမြစ်တော် မမူ ကြပါနှင့်ဘုရား " ဟု ဆိုပြီး ပြုမြဲတိုင်း ပြုနေခဲ့လေသည်။

ဤကဲ့သို့ အကျော်ဒေးယျ ဆရာတော်ကြီးများသည်ပင် မာန်မာနနှိမ့်ချ၍ နိဗ္ဗာန်အထာက်အပံ့အတွက် အမှိုက်ထဲက ရွှေကို ထုတ်ယူနိုင်သေးလျှင် မိမိတို့လို သာမန်ရဟန်းတော်များမှာ ….

" အင်း…ဒီအကြောင်း စာရေးအုံးမှပါပဲ " ဟု တွေးပြီး တံမြက်စည်းသိမ်း၍ အခန်းထဲသို့ ပြန်လာခဲ့တော့ သည်။

---------------------------------------------------------------------------https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment