Thursday, December 29, 2016

မောဟစစ်တမ်း


ံ

မေး။ ။မသိမှုမောဟကိုရှင်းပြပေးပါ
ဘုရား။

ဖြေ။ ။ဒီနေရာမှာ မသိမှုဆိုတာက
လောကီအတတ်ပညာတွေကို ပြောတာမဟုတ်ဘူး။ အချက် ၈ ချက် မသိတာကို မောဟလို့ ဟောကြားထားတယ်။ အဲဒီအချက်တွေက သစ္စာလေးပါး ၄ချက်ပါသွားပြီ ပုဗ္ဗန္တ ရှေ့အစွန်းကို မသိဘူး။ ရှေ့အစွန်းဆိုတာက အတိတ်ကဖြစ်ခဲ့တဲ့ဘဝတွေဟာရုပ်နာမ်ပဲလို့မသိတာ။ နောက်အစွန်းကိုမသိဘူး။ နောက်အစွန်းဆိုတာက အနာဂတ်ဖြစ်မယ့် ဘဝတွေဟာလည်း ရုပ်နာမ်ပဲလို့ မသိတာ အဝိဇ္ဇာပဲ။ ပုဗ္ဗန္တာပရန္တ ရှေ့အစွန်းနောက်အစွန်းဆိုတာ ဒီပစ္စက္ခ ဒီဘဝဟာလည်း ရုပ်နာမ်ပဲဆိုတာ မသိတာ။ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ မသိတာ။ ပြောခဲ့ပြီလေ အဝိဇ္ဇာ တဏှာ ကံကြောင့်ဒီဘဝဖြစ်တာလေ။ အဲဒီရှစ်ချက်ကိုမသိမှ အဝိဇ္ဇာလို့ ခေါ်တယ်။

မေး။ ။မောဟဘယ်အချိန်မှာ ဖြစ်တတ်သလဲဘုရား။ မောဟဖြစ်မှန်း ဘယ်အကြောင်းအချက် ဘာခံစားမှုကို ထောက်ထား၍ သိနိုင်ပါသလဲ။

ဖြေ။ ။ သစ္စာလေးပါး မသိတဲ့အချိန်
မှာ ဖြစ်တာပေါ့။ အဲဒီလို မောဟရှိတဲ့ ပုဂ္ဂိုလ်ကို အန္ဓပုတုဇဉ်လို့ခေါ်တယ်။ အဲဒီ အန္ဓပုတုဇဉ်မျိုးက သူလိုကိုယ်လို ကုသိုလ်လည်းလုပ်တယ်။ စိတ်မထင်ရင် အကုသိုလ်လည်း လုပ်တယ်။ အကုသိုလ်တွေလုပ်တာကိုထောက်ပြီးတော့ မောဟဖြစ်မှန်းသိရတာပေါ့။

ဥပမာတစ်ခု ကောသလမင်းကြီးက ဘုရားရှင်နှင့်သံဃာတွေကို အသဒိသ ဒါနကြီးလှူတယ်။ ဘယ်သူနဲ့မှမတူအောင်လှူတယိ။ ငွေပေါင်းသိန်းချီအကုန် ခံပြီးတော့မှပေါ့။ တစ်ခါ သူပဲ ဘုရားရှင်ရဲ့ကျောင်းအနီးမှာ တိတ္ထိဆရာကြီးတွေကို ဇေတဝန်ကျောင်းအနီးမှာ ကျောင်းဆောက်ခွင့်ပေးလိုက်တယ်။ ဇေတဝန်ကျောင်းဘေးမှာ ကျောင်းဆောက်ရင် သူတို့လည်း ဘုရားလို ဘုန်းကံကြီးမယ်လို့ တိတ္ထိဆရာကြီးတွေ ထင်ကြတယ်။ တိတ္ထိဆရာတွေဆီက ငွေတစ်သိန်းလာဘ်စားပြီးတော့ ဇေတဝန်ကျောင်းဘေးမှာ ကျောင်းဆောက်ခွင့်ပေးလိုက်တယ်။

ဘုရားနဲ့ရဟန္တာတွေ တော်တော်လေးကို စိတ်ကသိကအောင့် ဖြစ်သွားရတယ်။ အဲဒီလို စိတ်အနှောင့်အယှက်ပေးခဲ့လို့ ကောသလမင်းကြီးဟာ သူ့ရဲ့အာဏာကိုအလုခံရပြီးတော့ မြို့ပြင်ဇရပ်ထဲမှာ ခွေးသေဝက်သေ သေသွားရတယ်။ အဲဒီလို ကုသိုလ်တင်မကဘူး အကုသိုလ်ပါလုပ်တတ်တာဟာ သစ္စာလေးပါး မသိမှု မောဟပဲ။ မသိမှု ဆိုတာ မင်းစည်းစိမ်ကိုမြဲတယ်လို့ ယူဆတာ မသိတာပေါ့။ ရုပ်နာမ်ကိုလည်း သူမသိဘူး။ ငါချမ်းသာရင်ပြီးရော ငါငွေရရင် ပြီးရောဆိုတာမျိုးပေါ့။

မေး။ ။မောဟကို ဘယ်လိုပြတ်
အောင်ကျင့်ကြံနိုင်ပါသလဲ။ အိပ်နေစဉ် ဘာစိတ်ဖြစ်ပေါ်ပါသလဲ။ ထိုစိတ်ကို ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ ။ သစ္စာလေးပါးတရားကို သိ
အောင်နာကြားရှုမှတ်ပွားများပေါ့။ အိပ်နေစဉ် ဘဝင်စိတ်လို့ခေါ်တယ်။ ဘဝင်စိတ်ဖြစ်ပေါ်နေတယ်။ ။

မေတ္တာရှင် ရွှေပြည်သာ

အလုပ်ပေး ဝိပဿနာ
အမေးအဖြေများ စာအုပ်မှ
ကူးယူဖေါ်ပြပါသည်။


https://www.facebook.com/muditaralinnsayadawdhamachannallive/
တွင်လည်း ဖတ်ရှုနိုင်ပါသည်

posted from Bloggeroid

No comments:

Post a Comment