Friday, March 3, 2017

ဗုဒ္ဓ မဖြေကြားသော ပြဿနာများ " ဆောင်းပါး



၁။ ဘုရားရှင် ပွင့်ထွန်းလာသည်နှင့် တပြိုင်နက် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်အလို့ငှာ သစ္စာလေးပါးတရားကို ဟောကြားတော်မူပါသည် … ဟောကြားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ မည်သူမျှ စောဒက မတက်နိုင်သေးသော သစ္စာတရားကို ဟောကြားနိုင်မူကြောင့် ထင်ရှားကျော်ကြား လူသိများပြီး သာသနာတော်ကြီး ထွန်းကား စည်ပင်ခဲ့၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( ဘုရားရှင်ကို စွပ်စွဲခြင်း )

၂။ ထိုအချိန်၌ ဘုရားအမည်ခံပြီး ၀ါဒတီထွင် တပည့်တပင်းများလှသော တိတ္တိဆရာကြီးတို့၏ တန်ခိုးရှိန်ဝါ လျှော့ကျလာသောအခါ ဘုရားရှင်အား မည်သို့ဖြေဖြေ အပြစ်မလွတ်သည့် ပြဿနာများ ဖန်တီးပြီး မေးမြန်းကြ၏ … ထိုမေးခွန်းများကို လျှော်ကန်အောင် ဖြေကြားနိုင်သဖြင့် မေးမြန်းလာသူတို့သာ ဗုဒ္ဓ၏တပည့် သာဝက ဖြစ်ကြကုန်၏ … သို့သော် တစ်ချို့သော မေးခွန်းပြဿနာများကိုကား မြတ်စွာဘုရားရှင် ဖြေကြားခြင်း မပြုခဲ့ပေ … ထိုသို့ ဖြေကြားခြင်းမပြုသည်ကိုပင် မသိ၊ နားမလည်၍ မဖြေခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုကြရာ ဘုရားရှင်၏ တစ်ချို့သော တပည့်ရဟန်းကပင် ထင်ယောင်ထင်မှား ဖြစ်၍ ဘုရားရှင်ကို မေးလျှောက်ကြလေ၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( မာလုကျ၏ အမေး နှင့် ဗုဒ္ဓ၏ အဖြေ )

၃။ မာလုကျပုတ္တဟု အမည်ရသော ရဟန်းသည် ဘုရားရှင်ကို ဤသို့ မေးလျှောက်၏ ..

မာလုကျ - အရှင်ဘုရား လောက သည် မြဲသလော၊ မမြဲသလော
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား လောကသည် အစအဆုံး ရှိသလော၊ မရှိသလော..
(လောက၌ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ၃ ပါးရှိရာ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့ကို မေးခွန်းထုတ်ခံရသော လူဘယ်က စဖြစ်သနည်း စသော အမေးများ သည် ဤ မေးခွန်းတွင် အကြုံးဝင်ပါသည်။)
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အသက်သည် ပင် ကိုယ်လော … အသက်ကတခြား ကိုယ်က တခြားလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - သတ္တ၀ါသေပြီးနောက် ဖြစ်သေးသလော … မဖြစ်သလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - သတ္တ၀ါသေပြီးနောက် ဖြစ်သည်လည်းရှိ … မဖြစ်သည်လည်း ရှိသလော …
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား သတ္တ၀ါသေပြီးနောက် ဖြစ်သည်လည်း မဟုတ် … မဖြစ်သည်လည်း မဟုတ်ပါသလော ..
ဗုဒ္ဓ - ငါဘုရားရှင် မဖြေကြားပေ။

မာလုကျ - အရှင်ဘုရား ထိုအကြောင်းများကို မြတ်စွာဘုရားရှင် မဖြေကြားပါက တပည့်တော် လူထွက်အံ့ … အကယ်၍ အရှင်ဘုရား မသိလျှင်လည်း မသိကြောင်း ၀န်ခံခြင်းသည်သာလျှင် ရိုးသားဖြောင့်မတ်ရာ ရောက်ပါသည် … ဘုရား...

ဗုဒ္ဓ - အချည်းနှီးယောင်္ကျား “ လောကမြဲ၊ မမြဲ စသော မေးခွန်းများကို မြတ်စွာဘုရားမဖြေကြားပါက ငါသည် မြတ်စွာဘုရားထံမှ အကျင့်မြတ်ကို မကျင့်အံ့ ” ဟု တစ်စုံတစ်ယောက်သောသူက ဆိုပါက ထိုသူသည် အကျင့်မြတ်ကို မကျင့်ဘဲသာလျှင် သေလွန်ရာ၏ … ငါကား ထိုမေးခွန်းများကို ဖြေကြားမည်မဟုတ်ပေ …

ဗုဒ္ဓ - မာလုကျ ... ဥပမာ - အဆိပ်လူးမြှား စူးဝင်နေသူအား ဆေးဆရာက မြှားကို နှူတ်ပယ် မည်လုပ်သောအခါ မိမိအား မြှားဖြင့်ပစ်သူမှာ မည်သူနည်း၊ ထိုသူသည် ယုတ်သလော၊ အမျိုးမြတ်သလော၊ မည်သို့သော လေးဖြင့် ပစ်သနည်း၊ မည်သို့သော မြှားဖြစ်သနည်း စသော အကြောင်းများကို မသိရသေးမီ မြှားကို မနှူတ်ရန် ပြောဆို၏ … ထိုသူသည် မြှားကို မနှူတ်ရဘဲ ထိုမြှား အဆိပ်ဖြင့်ပင် သေလွန်ရန်သာ ရှိ၏။ ထိုအကြောင်းများကို ကား သိနိုင်သွားလိမ့်မည် မဟုတ်ပေ …

မာလုကျ .. လောကမြဲ၊ မမြဲ စသော အကြောင်းများကို သိခြင်းသည် မိမိဆင်းရဲ ကုန် ခမ်းခြင်းငှာ ဖြစ်နိုင်မည်လော …

မာလုကျ - မဖြစ်နိုင်ပါဘုရား …

ဗုဒ္ဓ - မာလုကျ ... လောကမြဲနေသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ … လောက သည် အဆုံးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ … မွေးဆင်းရဲ၊ အိုဆင်းရဲ၊ သေဆင်းရဲ ဟူသော စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်း တို့သည် ရှိနေသည်သာ ဖြစ်၏… ငါကား မျက်မှောက်ဘ၀၌ ထိုဆင်းရဲတရား တို့ကို ပယ်ဖျောက်ရန်ဟောကြား၏… ထို့ကြောင့် ငါဟောသည်ကို ဟောသည်ဟု မှတ်ပါ.. မဟောသည်ကို မဟော ဟု မှတ်ပါ …

မာလုကျ … ထိုလောကမြဲ၊ မမြဲ လောက အစအဆုံး ရှိ၊ မရှိစသော အကြောင်းတို့ကို ငါမဟောကြားပေ… အဘယ်ကြောင့် မဟော သနည်း ဆိုသော် ထိုအကြောင်းများသည် အကျိုးစီးပွားနှင့် မစပ်၊ အကျင့်မြတ်၏ အစဦးလည်း မဟုတ်၊ ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ ဆင်းရဲချူပ်ငြိမ်းခြင်း၊ အသိဥာဏ်ထူးဖြစ်ပေါ်ခြင်း၊ ကိလေသာငြိမ်းခြင်းတို့အတွက်လည်း အထောက်အကူ မပြုသောကြောင့်ဖြစ်၏ …

မာလုကျ - ဤကားဆင်းရဲတည်း … ဤကားဆင်းရဲဖြစ်ကြောင်းတည်း … ဤကား ဆင်းရဲချူပ်ရာတည်း … ဤကား ဆင်းရဲချူပ်ရာအကျင့်တည်း ဟု ငါဟောကြား၏ … အဘယ်ကြောင့် ဟောသနည်း ဆိုသော ထိုအကြောင်းများသည် အကျိုးစီးပွား နှင့် စပ်၏ … အကျင့်မြတ်၏အစဦးလည်း ဖြစ်သည့်အပြင် ၀ဋ်ဆင်းရဲ၌ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ ဆင်းရဲချူပ်ငြိမ်းခြင်း၊ အသိဥာဏ်ထူးဖြစ်ပေါ်ခြင်း၊ ကိလေသာငြိမ်းခြင်း တို့အတွက် အထောက်အကူဖြစ်သောကြောင့် ဖြစ်၏။

ထိုသို့ ဘုရားရှင်ဖြေကြားသည်ကို အရှင်မာလုကျပုတ္တ သည် နှစ်သက်ကျေနပ်၍ လူမထွက်တော့ဘဲ ဘုရားရှင်အား ၀န်ချတောင်းပန်ကာ အကျင့်မြတ်ကို ဆုံးခန်းတိုင်အောင် ကျင့်ခဲ့၏ ..

(မဇ္ဈိမနိကာယ်၊ စူဋ္ဌမာလုကျသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

( မဆုံးနိုင်သော အဖြေ)

၎။ လောကမြဲ၊ မမြဲစသော အကြောင်းများသည် အကျိုးစီးပွားအတွက် အထောက်အကူ မပြုယုံသာမက ထိုအကြောင်းများကို ဖြေလျှင်လည်း မကုန်ဆုံးနိုင်ကြောင်းကို …

" သာရိပုတ္တရာ … လွန်ကဲသော သတိပညာ နှင့် ပြည့်စုံသော အသက်တစ်ရာရှည်မည့် သာဝကလေးပါးတို့သည် ငါ့အား ပြဿနာများကို မေးကုန်ရာ၏ … ငါသည်လည်း စားခြင်း၊ သောက်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း၊ အပန်းဖြေအိပ်စက်ခြင်းမှတစ်ပါး အခြား တစ်စုံတစ်ရာကိုမျှ မပြုလုပ်ဘဲ ထိုသာဝကလေးပါးတို့ မေးသမျှ ပြဿနာတို့ကို သာလျှင် ဖြေကြားနေရာ၏ … ယင်းသို့ ဖြေကြားနေခဲ့သော တောင်မှ ထိုသာဝကလေးပါးတို့သည် အသက်တစ်ရာပြည့်၍ ကွယ်လွန်ကုန်ရာ၏ … ငါ၏ အဖြေကား မကုန်ဆုံးသေးသည်သာ ဖြစ်၏ …ဟု " ဟောတော်မူခဲ့၏…

(မဇ္ဈိမနိကာယ်၊ မဟာသီဟနာဒသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(ဘုရားရှင်၏ အား ၁၀ ပါး)

၅။ လောကမြဲ၊ မမြဲစသော အကြောင်းများကို မြတ်စွာဘုရားရှင် မသိသည်မဟုတ် သိမြင်တော်မူပြီး ဖြစ်၍ အကျိုးစီးပွား နှင့် မစပ်ဆိုင်သောကြောင့်သာလျှင် ဝေနေယျသတ္တ၀ါတို့အား မဟောကြားခြင်း ဖြစ်ပေသည် …

သာရိပုတ္တရာ … ငါဘုရားရှင်သည် အား ၁၀ ပါး နှင့် ပြည့်စုံ၍ မြင့်မြတ်အရာကို ၀န်ခံ၏ …ထို အား ၁၀ ပါးကား …

၁ - လောကဖြစ်စဉ်တို့၏ အကြောင်း ဟုတ်၊ မဟုတ်ကို အမှန်အတိုင်း သိခြင်း။

၂ - များစွာသော ဓာတ်သဘော၊ အမျိုးမျိုးသော ဓာတ်သဘောရှိသည့် လောကကို အမှန်အတိုင်း သိခြင်း။

၃ - အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အလုံးစုံသော ကံ အကျိုးတရားကို အမှန်အတိုင်း သိခြင်း။

၎ - ဘုံဘ၀ အားလုံးသို့ လားရောက်ကြောင်း အကျင့်တို့ကို အမှန်အတိုင်း သိခြင်း။

၅ - သတ္တ၀ါတို့၏ အလိုအဇ္ဈာသယအမျိုးမျိုးကို အမှန်အတိုင်း သိခြင်း။

၆ - သတ္တ၀ါတို့၏ ဣဒြေအနုအရင့်ကို အမှန်အတိုင်း ခွဲခြားသိမြင်ခြင်း။

၇ - ဈာန်၊ ၀ိမောက္ခ၊ သမာဓိ၊ သမာပတ် တို့၏ ညစ်ညူးကြောင်း၊ ဖြူစင်ကြောင်း၊ ထမြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်ခြင်း။

၈ - ဖြစ်ခဲ့ဘူးသော ဘ၀များစွာကို ပြန်ပြောင်းအောက်မေ့နိုင်ခြင်း။

၉ - သတ္တ၀ါတို့၏ သေခြင်း၊ ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်ခြင်း။

၁၀ - အာသဝေါကင်းသော စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိ ကို မျက်မှောက်ပြုနိုင်ခြင်း တို့ဖြစ်၏ …

မြတ်စွာဘုရားရှင်၏ အား ဆယ်ပါး ၌ အမှတ်စဉ် ၁ နှင့် ၂ သည် လောကဖြစ်ကြောင်း နှင့် ဖြစ်စဉ်အပေါ်တွင် သိမြင်တော်မူသော ဥာဏ်တော် ဖြစ်လေ၏ ….

(မဇ္ဈိမနိကာယ်၊ မဟာသီဟနာဒသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(လောကသင်္ခါရ အကြောင်း ဟောကြားခြင်း)

၆။ မြတ်စွာဘုရားရှင်အား လောကအကြောင်း မေးမြန်းလျှောက်ထားသူတို့သည် ကျော်ဇောရန်၊ ဂုဏ်သိက္ခာတက်ရန်၊ အခြံအရံများရန်၊ ဂိုဏ်းဆရာ ဖြစ်ရန်၊ ဘုရားဟု အသိအမှတ်ပြုခံရရန်၊ လာဘ်လာဘပေါများရန်၊ ငြင်းခုံရန်အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိ နှင့်ယှဉ်၍ မေးလျှောက်ကြသဖြင့် ဖြေဆိုတော်မူခြင်း မပြုပေ …

မျက်မှောက်ဆင်းရဲပယ်ဖျောက်ရန် အတွက် ငြီးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်း၊ သစ္စာဥာဏ်ရင့်ကျက်၍ အထူးသိခြင်း၊ ကိလေသာငြိမ်းခြင်း တို့အတွက်မူကား လျှောက်ပတ်သောအခါကာလ တို့၌ လောကအကြောင်းများကို ဟောကြားတော်မူခဲ့ပါသည် …

ရဟန်းတို့ သင်္ခါရတို့သည် မမြဲကုန်၊ မခိုင်ခံ့ကုန်၊ သာယာအပ်သော သဘောမရှိ … ရဟန်းတို့ ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြိးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်းငှာသာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏ …

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော နှစ်ပေါင်းရာထောင်များစွာ ကာလပတ်လုံး၊ နှစ်ပေါင်းသိန်းပေါင်းများစွာ ကာလပတ်လုံး မိုးမရွာသော အခါသည်ရှိ၏ … မိုးမရွာသည် ရှိသော် ဗီဇဂါမ်၊ ဘူတဂါမ် ဟုဆိုအပ်သော ဆေးပင်၊ မြက်ပင်၊ တောစိုးအပင်တို့သည် ခြောက်သွေ့ပျက်စီး ကုန်၏ … ရဟန်းတို့ သင်္ခါရတို့သည် ဤသို့လျှင် မမြဲသော သဘောရှိကုန်၏ … မသာယာသော သဘောရှိကုန်၏ … ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြီးငွေ့ခြင်းငှာ သင့်၏ … တပ်မက်မူကင်းခြင်းငှာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏ …
(စကားချပ် - ဖောက်ပြန်ပြောင်းလဲနေသော အစဉ်သည် သင်္ခါရ မည်၏။)

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော ဒုတိယမြောက် နေမင်း ဖြစ်ပေါ်လာသော အခါသည် ရှိ၏ … ဒုတိယ နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် မြစ်ငယ်၊ အိုင်ငယ် ဟူသမျှတို့သည် ခန်းခြောက်ကုန်၏ ... ရဟန်းတို့ သင်္ခါရတို့သည် မမြဲကုန်၊ မခိုင်ခံ့ကုန်၊ သာယာအပ်သော သဘောမရှိ … ရဟန်းတို့ ခပ်သိမ်းသော သင်္ခါရတို့၌ စင်စစ်ငြိးငွေ့ခြင်း၊ တပ်မက်မူကင်းခြင်းငှာသာ သင့်၏ … ခပ်သိမ်းသော သင်္ခါရတို့မှ လွတ်မြောက်ခြင်းငှာ သင့်၏..

ရဟန်းတို့ တခါတရံ တတိယမြောက် နေမင်း သည် ဖြစ်ပေါ်လာသောသည် အခါသည် ရှိတတ်၏ … တတိယမြောက်နေ ဖြစ်ပေါ်လာခြင်းကြောင့် ဂင်္ဂါ၊ ယမုံနာ၊ အစီရ၀တီ၊ သရဖူ၊ မဟီဟူသော မြစ်ကြီး ၅ စင်းတို့သည် ခန်းခြောက်ကုန်၏ …

ရဟန်းတို့ တခါတရံ စတုတ္တမြောက် နေမင်း သည် ဖြစ်ပေါ်လာသောအခါသည် ရှိတတ်၏ … စတုတ္တမြောက် နေမင်း ဖြစ်ပေါ်လာသောကြာင့် မြစ်ကြီး ၅ စင်းတို့ မြစ်ဖျားခံရာ ဖြစ်သည့် အနောတတ်အိုင်၊ သီဟပပါတအိုင်၊ ရထကာရအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ကုဏာလအိုင်၊ ဆဒ္ဒန္တအိုင်၊ မန္ဒာကိနီ အိုင်ဟူသော အိုင်ကြီး ၇ အိုင်သည် ခန်းခြောက်ကုန်၏ …

ရဟန်းတို့ တခါတရံ ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာသော အခါသည် ရှိ၏ … ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် မဟာသမုဒ္ဒရာ၌ ယူဇနတစ်ရာမျှ ရေတို့သည် ယုတ်လျော့ကုန်၏ … ထို့နောက် ယူဇနာ ၇၀၀ မျှသော ရေတို့သည် ယုတ်လျှော့ကုန်၏ … ထန်းပင် ၇ ပြန်မျှသော ရေအနက် သည်သာလျှင် တည်လေ၏..ထို့နောက်တွင် ထန်းတစ်ပင်၊ လက်ခုပ်ခုနှစ်ဖေါင်၊ လပ်ခုပ်တစ်ဖေါင်၊ လက်ခုပ်ဖေါင်ဝက်မျှ ရေသာတည်လေတော့၏ … နောက်ဆုံးတွင် မဟာသမုဒ္ဒရာ ရေပြင်ကြီးသည် ခါးလောက်၊ ဒူးလောက်၊ ခြေကျင်းဝတ်မျှသော ရေသာရှိတော့ လေ၏ ...
ဥပမာ - တန်ဆောင်မုန်းလ သရဒရာသီ၌ မိုးလုံးကြီးသော မိုးရွာသည်ရှိသော် ထို အရပ်တို့၌ နွားခြေရာခွက်တို့တွင် ရေများတည်သကဲ့သို့ ထို့အတူ မဟာသမုဒ္ဒရာ၌ ခြေကျင်းဝတ်မျှသော ရေသာတည်၏ … ပဉ္စမမြောက် နေမင်း ဖြစ်ပေါ်လာသောကြောင့် မဟာသမုဒ္ဒရာ၌ လက်တစ်ဆစ်မျှသော ရေသည်ပင် မရှိတော့ပေ..

ရဟန်းတို့ တခါတရံ ဆဋ္ဌမမြောက် နေမင်း ဖြစ်ပေါ်လာသော အခါတည်ရှိ၏ .. ဆဋ္ဌမမြောက် နေမင်း ဖြစ်ပေါ်လာခြင်းကြောင့် ဤ မဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်မင်း တို့သည် အခိုးထွက်ကုန်၏ .. ဥပမာ - အိုးဖုတ်သည့် အိုးဖိုသည် မီးတိုက်သော် ရှေးဦးစွာ အခိုးထွက်သကဲ့သို့ ဖြစ်၏ …

ရဟန်းတို့ တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော သတ္တမမြောက် နေမင်းသည် ဖြစ်ပေါ်လာသောအခါသည် ရှိ၏..သတ္တမမြောက် နေဖြစ်ပေါ်လာခြင်းကြောင့် ဤ မဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်မင်းသည် အလျှံတပြောင်ပြောင် တောက်လောင်ကုန်၏ … မီးတောက်မီးလျှံ တို့သည် လေဖြင့်လွင့်ပါလျက် ဗြဟ္မာ့ပြည်အထိပင် တက်သွား၏ … ဤမဟာပထ၀ီမြေကြီး နှင့် မြင်းမိုရ်တောင်တို့သည် မီးလောင်သည် ရှိသော် ပြာလည်းမထင်၊ မီးသွေးလည်း မတွေ့ရပေ .. ဥပမာ - ထောပတ်ကို ဖြစ်စေ … ဆီကို ဖြစ်စေ .. မီးလောင်သည် ရှိသော် ပြာလည်းမထင်၊ မီးသွေးလည်း မတွေ့ရသကဲ့သို့ ဖြစ်၏ ...

ရဟန်းတို့ သင်္ခါရတို့သည် ဤသို့လျှင် မမြဲသော သဘောရှိကုန်၏ … မသာယာအပ်သော သဘောရှိကုန်၏ … ခပ်သိမ်းသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းသည် သင့်၏ … တပ်မက်ကင်းခြင်းသည် သင့်၏ .. လွတ်မြောက်ခြင်းသည် သင့်၏ ...

ရဟန်းတို့ ရှေးအခါက အယူဝါဒကို တီထွင်တတ်သော ကာမဂုဏ်တပ်မက်မူကင်းသော (သုနေတ္တ) မည်သော ဆရာသည် ပေါ်ခဲ့၏ … သုနေတ္တတွင် ရာပေါင်းများစွာသော တပည့်တို့သည် ရှိ၏ … သုနေတ္တသည် တပည့်တို့အား မြဟ္မာ့ပြည်၌ ဖြစ်ရန် တရားကိုဟော၏ … သုနေတ္တဟောကြားသည့် တရား အဆုံးအမကို အကုန်အစင်သိသော တပည့်တို့သည် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ ရောက်ကုန်၏ … အကုန်အစင် မသိသော တပည့်တို့ကား အချို့ ပရနိမ္မိတ၀သ၀တီနတ်ပြည်၊ အချို့ နိမ္မာနရတိ၊ အချို့ တုသိတာ၊ အချို့ ယာမာ၊ အချို့ တာဝတိံသာ၊ အချို့ စတုမဟာရာဇ်နတ်ပြည် သို့ ရောက်ကုန်၏ .. အချို့ လူ့ပြည်သို့ ရောက်ကုန်၏ ..

ရဟန်းတို့ ထိုအခါ သုနေတ္တသည် ဤသို့ အကြံဖြစ်ပေါ်၏ … ငါသည် တပည့်တို့နှင့် အတူ လားရာရှိသူဖြစ်ခြင်းငှာ မသင့်၊ တိုးတက်၍ မေတ္တာကို ပွားများခြင်းငှာ သင့်၏ဟု အကြံဖြစ်လေသည် … ထို့နောက် သုနေတ္တသည် ခုနှစ်နှစ် ပတ်လုံး မေတ္တာကို ပွားများလေ၏ .. ထိုသို့ပွားများခြင်းကြောင့် ဗြဟ္မာ့ပြည်သို့ ရောက်သွားပြီး သံဝဋကပ် (မီးတောက်မီးလျှံတို့ဖြင့် ကမ္ဘာပျက်သော ကာလ)၊ ၀ိဝဋကပ် (ကမ္ဘာပြည်တည်သောကာလ)၊ ထိုသို့ ကပ် ပေါင်း (၇) ကပ် ပတ်လုံး ဤ ကာမဘုံ သို့ ပြန်မလာခဲ့ပေ … သူသည် ကမ္ဘာပျက်သောအခါ " အာဘာဿရဘုံ " သို့ရောက်နေ၏ .. ကမ္ဘာလောကတည်သော အခါ ကာမဘုံ သို့ ပြန်လာ၏ …

ရဟန်းတို့ ဤသို့လျှင် အလွန်အသက်ရှည်သည့် သုနေတ္တဆရာသည်လည်း မွေးဆင်းရဲ (ဇာတိ)၊ အိုဆင်းရဲ (ဇရာ)၊ စသော ၀ဋ်ဒုက္ခမှ မလွတ်ခဲ့ .. အဘယ်ကြောင့် မလွတ်သနည်းဆိုသော် အရိယာတို့၏ သီလ (သီလမဂ္ဂင်)၊ အရိယာတို့၏ သမာဓိ (သမာဓိမဂ္ဂင်)၊ အရိယာတို့၏ ပညာ ( ပညာမဂ္ဂင်)၊ ၀ိမုတ္တိ (နိရောဓ) ဟူသော တရားလေးပါး ကို ထိုးထွင်းမသိသောကြောင့် ဖြစ်၏ .. ရဟန်းတို့ ငါသည်ကား ထိုတရား လေးပါးကို ထိုးထွင်းသိခဲ့ပေပြီ .. ထို့ကြောင့် ငါ့မှာဇာတိ ဆင်းရဲကုန်ပြီ၊ ဘ၀တဏှာပြတ်ပြီ၊ ဘ၀အသစ်ဖြစ်ဖို့ မရှိတော့ပေဟု ဟောကြားတော်မူပေသတည်း …။
(အဂုင်္တ္တရနိကာယ်၊ သတ္တကနိပါတ်၊ သတ္တသူရိယသုတ်)

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၇။ " တခါတရံ ရှည်လျားသော အဓွန့်ကာလလွန်လတ်သော နှစ်ပေါင်းရာထောင်များစွာ ကာလပတ်လုံး နှစ်ပေါင်းသိန်းပေါင်းများစွာ ကာလပတ်လုံး မိုးမရွာသောအခါသည် ရှိ၏ .. " ဟု မြတ်စွာဘုရားရှင် ဟောတော်မူသည်ကား မဟာဘုတ်ဓာတ်လေးပါးဖြစ်သော ပထ၀ီ (မာခြင်း၊ပျော့ခြင်း) ၊ အာပေါ ( ယိုစီးခြင်း၊ ဖွဲ့စည်းခြင်း) ၊ တေဇော (ပူခြင်း၊ အေးခြင်း) ၊ ၀ါယော (ထောက်ကန်ခြင်း) တို့တွင် တေဇောဓာတ်လွန်ကဲ၍ အခြားဓာတ်တို့ ယုတ်လျော့ဖောက်ပြန်လာခြင်းပင် ဖြစ်၏ …

ထိုသို့ ဖောက်ပြန်သော ဓမ္မနိယာမကြောင့် ဖောက်ပြန်သော ဥတုနိယာမ ဖြစ်လာ၏ … ထိုဓာတ်ကြီး လေးပါးမှာ ပြောင်းလဲဖောက်ပြန်ခြင်းရှိသော်လည်း ချူပ်ပျောက်ပျက်စီး ကောင်းသော တ၇ား မဟုတ်ပေ …

ဒီဃနိကာယ်၊ ကေ၀ဋသုတ်၌ ရဟန်း မဟာဘုတ်ဓာတ်လေးပါးသည် အဘယ်အရပ်၌ အကြွင်းမဲ့ချူပ်သနည်း ဟု မမေးအပ်၊ အဘယ်အရပ်၌ ဓာတ်လေးပါး မတည်သနည်း ဟုသာ မေးအပ်၏ ..ဟု ဟောတော်မူခြင်းကြောင့် ထို မဟာဘုတ်ဓာတ်လေးပါးသည် ချူပ်ပျောက်ကောင်းသော တရား မဟုတ်ပေ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၈။ နိယာမတရားဟူသည်ကား တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရား တို့၏ ပြုလုပ်မူ၊ ဖန်ဆင်းမူတို့နှင့် မစပ်မဆိုင်ဘဲ ဓာတ်သဘာဝအလျောက် အစဉ်မပျက် တဆက်တည်း ဖြစ်ပွားနေ မူပင်ဖြစ်၏ …

- ပထ၀ီဓာတ်၌ မာသောအရာ တို့ ပျော့သွားခြင်း၊ ပျော့သောအရာတို့ မာသွားခြင်းသည်လည်းကောင်း …

- အာပေါဓာတ်၌ ယိုစီးသောအရာတို့ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းသော အရာတို့ ယိုစီးခြင်းသည် လည်းကောင်း …

- တေဇောဓာတ်၌ ပူသောအရာတို့ အေးခြင်း၊ အေးသော အရာတို့ ပူခြင်းသည်လည်းကောင်း …

- ၀ါယောဓာတ်၌ ကျစ်လစ်သောအရာတို့ ပွယောင်းခြင်း၊ ပွယောင်းသော အရာတို့ ကျစ်လစ်ခြင်းသည် လည်းကောင်း တို့သည်

အစဉ်မပျက် တဆက်တည်းဖြစ်ပွားနေခြင်းသာဖြစ်ပြီး တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ထာဝရ ဘုရားတို့ ပြုလုပ်ဖန်ဆင်းခြင်း မဟုတ်ဘဲ ဓာတ်သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းသည် ဓမ္မနိယာမ ၏ သဘောတရားပင် ဖြစ်လေသည် … ထို ဓမ္မနိယာမ ကြောင့် နေ၊ လ၊ နက္ခတာရာ၊ ဂြိုလ်၊ ဥက္ကာ၊ တွင်းနက်၊ ကြယ်တံခွန်၊ နဂါးငွေ့ စသော အရာတို့သည် အစအဆုံး မရှိသော စကြာဝဋ္ဌာ၌ ဖြစ်ပေါ်နေကြ၍ အမြဲမပြတ်ပြောင်းလဲနေကြ၏ .. ထိုပြောင်းလဲမူတွေ အလွန် အဓွန့်ရှည်ကြာလွန်းသောကြောင့် မပြောင်းလဲ အမြဲတည်တံ့နေသည်ဟု ထင်မှတ်မှားနေခြင်း ဖြစ်လေသည် …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၉။ ယခင်က ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မူများသည် လူတို့၏ ပယောဂကြောင့် ဂေဟစနစ်ပျက်ပြားမူဖြစ်သည် ဟုထင်မှတ်ကြသော်လည်းနောက်ပိုင်းတွင် လူတို့၏ ပယောဂ ကြောင့်သာမဟုတ်ဘဲ ကမ္ဘာကြီး၏ ဟန်ချက်ပျက်ပြားမူ ပြောင်းလဲမူဖြစ်စဉ် ကြောင့် ဟု သိလာကြသည် … ထို့ကြောင့်နောက်ပိုင်းတွင် ဟန်ချက်ပျက်ပြားမူ ကြောင့် အေးသောနေရာများတွင် အပူချိန်မြင့်တက်လာပြီး ..အပူပိုင်းဒေသများတွင် အလွန်အမင်း မိုးရွာသွန်းမူများ ဖြစ်ပေါ်လာလေသည် .. ကမ္ဘာအချို့နေရာများတွင်မူ ၃၊ ၄ နှစ် ကြာအောင် မိုးခေါင်ရေရှားမူများ ဖြစ်ပေါ်က ကမ္ဘာ့ အပူချိန်သည် နောက်ပိုင်းနှစ်များတွင် သိသိသာသာ ကို မြင့်တက် လာနေပေသည် …

နောင်အခါ နှစ်ရာစုနှစ်များတွင်မူ မိုးလုံးဝမရွာတော့တဲ့ အခါကာလထိကို ရောက်ရှိလာပေလိမ့်မည် … ထိုအခါ သက်ရှိ သတ္တ၀ါအားလုံး ပျက်သုဉ်းပြီး ဗီဇဂါမ်၊ ဘူတဂါမ် ဟု ခေါ်အပ်သော ကမ္ဘာပျိုးပင်၊ တောစိုးပင်ကြီး များတို့လည်း ပျက်သုဉ်းကြလေတော့မည် ဖြစ်၏ ...

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁၀။ အဓွန့်ရှည်ကြာသော ကာလလွန်လတ်သော် မဟာဘုတ် ဓာတ်လေးပါး ပြောင်းလဲမူ ဓမ္မနိယာမဖြစ်စဉ်သည် အဆက်မပြတ်ဖြစ်လျက်ရှိရာ စကြာဝဋ္ဌာ၌ နေနှင့်နီးသော ဂြိုလ်တို့လောင်မြိုက်ခံရပြီး ကောင်းကင်၌ နေ ၂ စင်းပေါ်ပေါက်လာပေမည် ..

ဥပမာ ..ကြီးမားသော မီးပုံ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ … ဒုတိယနေပေါ်ပေါက်လာသောကြောင့် ကမ္ဘာပေါ်ရှိ မြစ်ငယ်၊ အိုင်ငယ်တို့ ခန်းခြောက်ကုန်၏ …

အဓွန့်ရှည် ကာလတစ်ခု လွန်လတ်သော တတိယ နေမင်း ဖြစ်လာပြန်၏ … ဥပမာ - မီးပုံ ၂ ပုံ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံ တစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ဖြစ်၏...တတိယ နေမင်း ပေါ်ပေါက်လာသဖြင့် ကမ္ဘာ့အရှည်ဆုံး၊ အကြီးဆုံး မြစ်တို့သည် ခန်းခြောက်ကုန်၏ …

နောက်ထပ် အဓွန့်ရှည်သော ကာလတစ်ခု လွန်လတ်သော် စတုတ္တ နေမင်း ပေါ်ပေါက်လာ၏ … ဥပမာ - မီးပုံ ၃ ပုံ ၏ မီးပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ …

စတုတ္ထနေမင်း ပေါ်ပေါက်လာခြင်းကြောင့် မြစ်ကြီး တို့ မြစ်ဖျားခံရာ အင်းအိုင်ကြီး တို့မှ ရေ တို့ ခန်းခြောက်ကုန်၏ … အဓွန့်ကာလရှည်လျားသော အချိန်တစ်ခုတွင် ပဉ္စမနေမင်း ထပ်မံ ပေါ်ပေါက်လာလေ၏ … မီးပုံ ၄ ပုံ ၏ အပူရှိန်ကြောင့် နောက်ထပ် မီးပုံတစ်ပုံ အလွယ်တကူ လောင်မြိုက်ခံရသကဲ့သို့ ဖြစ်၏ …

ပဉ္စမနေမင်း ပေါ်ပေါက်လာခြင်း ကြောင့် မဟာသမုဒ္ဒရာ ရေတို့သည် ခန်းခြောက်၍ ခြေကင်းဝတ်မျှသာ ရှိတော့မည် ဖြစ်လေသည် … အချိန်တစ်ခု ကြာပြီး သည့်အချိန်တွင် နောက်ထပ် ဆဋ္ဌမ မြောက် နေမင်း ဖြစ်ပေါ်လာပြန်၏ ...ဥပမာ မီးပုံ ၅ ပုံ ၏ အရှိန်သည် နောက်ထပ် မီးပုံတစ်ပုံကို အလွယ်တကူ လျှင်မြန်စွာ လောင်မြိုက်သကဲ့သို့ ဖြစ်၏ … ဆဋ္ဌမ မြောက် နေမင်း ပေါ်ပေါက်လာသောကြောင့် မဟာပထ၀ီမြေကြီး နှင့် ကမ္ဘာ့အမြင့်ဆုံးတောင်တို့သည် အခိုးတငူငူ ထွက်ကုန်၏ ..

ကမ္ဘာကို အာကာသ မှ ကြည့်မည်ဆိုလျှင် မီးတိုက်ခံရသော ထင်းစိုတုံးကဲ့သို့ အငွေ့တထောင်းထောင်း ထွက်နေပေလိမ့်မည် … နောင်အချိန်ကာလတစ်ခု လွန်သော သတ္တမမြောက် နေမင်း ပေါ်ပေါက်လာ၏ … မီးပုံ ၆ ပုံ ၏ အပူရှိန်ကြောင့် နောက်ထပ်မီးပုံတစ်ပုံ လျှင်မြန်စွာ တောက်လောင်သကဲ့သို့ ဖြစ်၏ … သတ္တမမြောက် နေမင်း ပေါ်ပေါက်လာသောကြောင့် မဟာပထ၀ီမြေကြီးသည် အလျှံတပြောင်ပြောင်တောက်လောင်ခံရ၍ မဟာ ပထ၀ီ မြေကြီးသည် မိမိကိုယ်တိုင်နေအဖြစ်သို့ ရောက်ရလေသည်…

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁၁။ ဤသို့အားဖြင့် မဟာပထ၀ီမြေကြီး အလျှံတပြောင်ပြောင်မီးတောက်လောင်၍ ကမ္ဘာပျက်နေခြင်းသည် လည်း တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရား တို့က ဖန်ဆင်းခြင်း မဟုတ်ဘဲ မဟာဘုတ်ဓာတ်ကြီးလေးပါး၏ ဓာတ်သဘာဝအလျောက် အစဉ်မပြတ်ဖြစ်ပေါ်နေသော ဓမ္မနိယာမတရား ကြောင့်ပင်ဖြစ်၏ … ထို ကမ္ဘာပျက်သော အဓွန့်ကာလကား ( သံဝဋ) ကပ် မည်လေ၏ …

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဝိ၀ဋကပ် ( ကမ္ဘာတည်ကာလ) နှင့် ဥတုနိယာမ

၁၂။ ဓမ္မနိယာမပြောင်းလဲမူဖြစ်စဉ်အရ အလွန်အဓွန့်ရှည်သောကာလတစ်ခု လွန်လတ်သော ကမ္ဘာပျက်မီးတို့ လောင်စာကုန်ခမ်း၍ လောင်ကျွမ်းပြီးချိန် ရောက်လေ၏ …

ထိုအခါဝယ် ကြွင်းသော သီတတေဇောဥတု (အအေးဘက်သို့ လားရာရှိသော တေဇောဓာတ်) ၏ အစွမ်းဖြင့် မာကျောခက်ထန်သော ကျောက်ဆိုင် ကျောက်ခဲ အဖြစ်သို့ ရောက်လေ၏ … နောင်ကာလ၌ သီတတေဇောဥတု၏ အလွန်ပြင်းထန်သော အစွမ်းအားဖြင့် နှင်းခဲအပြင်တို့ ဖြစ်ပေါ်၍ နေလမရှိ၊ နေ့မရှိ၊ မှောင်အတိကျသော ကမ္ဘာသည် အဓွန့်ရှည်ကြာစွာ ဖြစ်ပေါ်ပေ၏ …

တဖန် ဓမ္မနိယာမ၏ ပြောင်းလဲမူဖြစ်စဉ်အရ အဓွန့်ရှည်ကာလလွန်လတ်သော နေ တစ်လုံး စတင် ဖြစ်ပေါ်လာ၍ အလင်းရောင် စတင် ကျရောက်လေသည် … ဥပမာ - အရုဏ်လင်းအားကြီးအချိန် အလင်းရောင် ပျို့ပျို့ ကို မြင်ရသကဲ့သို့ ဖြစ်၏ … ထိုအခါ ကြွင်းကျန်သော ဥဏှတေဇောဥတု (အပူဘက်လားရာရှိသော တေဇောဓာတ်) ၏ အစွမ်းဖြင့် အခဲအပြင်တို့ အရည်ပျော်စေပြီး အလွန်ပြင်းထန်သော ဥဏှတေဇောဥတု၏ အစွမ်းအားဖြင့် ကမ္ဘာတစ်ခု လုံး ရေပြင်ဖြစ်ခြင်း၊ တိမ်ခိုး တိမ်တိုက်အဖြစ် အငွေ့ပြန်ခြင်းဖြင့် ရေတို့ ယုတ်လျော့ခြင်း၊ ကုန်းမြေပေါ်ခြင်း၊ ရေစီးကြောင်း များ ဖြစ်ပေါ်ခြင်း ဖြင့် မဟာဘုတ်ဓာတ်ကြီးလေးပါး ညီမျှသော ကာလသို့ ရောက်လေ၏ … နေ့ ည တို့သည် လည်း ပြန်လည် ဖြစ်ပေါ်လာ၏ … ထိုကာလသည် ကမ္ဘာတည်သော ကာလ ၀ိဝဋ ကပ် မည်လေ၏ …

ဓမ္မနိယာမကြောင့် ပေါ်ပေါက်သော ကမ္ဘာမီး ဓာတ်ကြီး ဖြင့် တိမ်ခိုး၊ တိမ်ငွေ့ ဖြစ်ပေါ်ခြင်း သည် ၀ဿန္တဥတု (မိုးဥတု) ဖြစ်စေရန် အကြောင်းတည်း …

ကြွင်းကျန်တိမ်ခိုး တိမ်ငွေ့နှင့် အေးစက်ခြင်း သည် ဟေမန္တ (ဆောင်းဥတု) ဖြစ်ရန် အကြောင်းတည်း…

ရေငွေ့ကင်းစင် အပူပိုလွန်လာခြင်းသည် ဂိမှန္တ (နွေဥတု) ဖြစ်ရန် အကြောင်း တည်း ...

ထိုသို့ နွေ၊ မိုး၊ ဆောင်း သူ့အကြောင်း နှင့် သူဖြစ်စဉ် ပေါ်ပေါက်နေခြင်းသည် တစ်စုံတစ်ယောက်သော လူ၊ နတ်၊ ဗြဟ္မာ၊ ထာဝရဘုရား တို့၏ ဖန်ဆင်းခြင်း မဟုတ်၊ ကမ္ဘာမီးဓာတ်ကြီး ၏ ဥတုနိယာမ ကြောင့် ပင်ဖြစ်လေ၏

No comments:

Post a Comment