
အမြဲမပြတ် သတိထားလို့ ဖြစ်လာသမျှလေးတွေကို သိသိလာပြီ။ သဘာဝတရားကို နားလည်သဘောပေါက်လာရင် အတွင်းအပြင် ကိုလည်း သုံးသပ်ရှုတတ်လာပါတယ်။
ဒီလိုသိလာတာ နားလည်လာတာဟာ ကိုယ်ကဟိုအာရုံရှုမယ် ၊ ဒီအာရုံရှုမယ် လို့ စိတ်ကိုပိုင်းဖြတ်ထားတာမဟုတ်ပဲ ပေါ်လာတာကိုသာ ရှုမယ်လို့ နှလုံးသွင်းပြီး သတိထားတတ်လာလို့ သတိရှိလို့ဖြစ်ပါတယ်။
ဦးဇင်း ဟိုးအစကတည်းက ရုပ်နာမ်တို့ရဲ့ သဘော ၊ သူတို့ဖြစ်ကြောင်း အထောက်ပံသဘောတွေ ရေးခဲ့တယ်နော်။
ဒါကိုနားလည်ထားရင် အာရုံဆိုတာ သူ့အကြောင်းနဲ့ သူဖြစ်လာတာ။ မိမိကလုပ်ယူရတာ လည်းမဟုတ် ၊ ပျက်အောင်ဖျက်ပစ်တာ လည်းမဟုတ်ဘူး။
ဒီတော့ ဘယ်အာရုံလာလာ ဘာကြောက်စရာလိုလဲ။
အားလုံးဟာ ဉာဏ်အောက်မှာ ရှုကွက်တွေကြီး ဖြစ်နေတယ်လေ။
ဒီအာရုံကိုမကြိုက်ဘူး ၊ ဟိုအာရုံမှ ရှုခြင်တယ်ဆိုရင် ဝိပဿနာကို ငါ,က ရှု သလိုဖြစ်နေပြီ။
ဝိပဿနာမှာ အရှုခံကလည်း အကြောင်းကြောင့်ပေါ်လာတဲ့ တရား ၊ ရှုတဲ့ဉာဏ်ကလည်း အကြာင်းကြောင့်ပေါ်လာတဲ့တရား။
နှစ်ခုစလုံးက သခါင်္ရ တရားတွေသာဖြစ်တယ်။
သခါၤရတရားကို သခါၤရတရားက ရှုနေသာဖြစ်ပါတယ်။
ဒီသဘောကိုမိပြီဆိုရင် အာရုံရွေးစရာမလိုတော့ဘူး။
ဝိပဿနာဉာဏ်ဘက်မှာ ရှုလို့မရသေးဘူးပဲ ဆိုပါတော့။ ဘာဖြစ်လဲ... ။ ဝိပဿနာဉာဏ်ဆိုတာလည်း မဂ္ဂင် ငါးပါးပြည့်မှ ဖြစ်တာလေ။ မပြည့်သေးရင် အာရုံကို အသေချာ မရှုနိုင်သေးဘူးပေါ့။
ဒီတော့ ရှုနိုင်အောင် အကြောင်း
ထူထောင်ပေးရုံပဲ လုပ်ရမှာ။
သပ္ပါယ မရှိသေးရင်လည်း ဝိပဿနာဉာဏ်မဖြစ်သေးဘူး။
အရမ်းပူပြင်းပြီး ချွေးသီးချွေးပေါက်တွေ ကျလောက်အောင်ဖြစ်နေရင်လည်း ခန္ဓာကပင်ပန်းပြီး ဉာဏ်မဖြစ်ပြန်ဘူး။
အစာအာဟာရ မပြည့်စုံလို့ ဗိုက်အရမ်းဆာနေရင်လည်း ဉာဏ်မဖြစ်ပြန်ဘူး။
လူသူဆူညံပြီး နေရင်လည်းဉာဏ်မဖြစ်ပြန်ဘူး။
ဣရိယာပထ မမျှတရင်လည်း ဉာဏ်မဖြစ်ပြန်ဘူး။
အဲဒီတော့ မိမိတို့ဘက်က သပ္ပါယ ဖြစ်တဲ့ အခြေနေကိုထူထောင်ပေးရုံပဲ။
ယောဂီတွေဖြစ်တတ်တာက ဒီအချိန်ထိုင်ကောင်းတယ် ။ ထိုင်မကောင်းဘူး။ မှတ်မရဘူး ။ မှတ်ရတယ်... စသည်ဖြင့် ဖြစ်တတ်တယ်။
အဲဒီအခါ ကိုယ့်အခြေနေ ကိုယ်ဆင်ခြင်ပေး။ ဝီရိယလျော့နေလား ။ လွန်နေလား။ သမာဓိလွန်နေလား ။ လျော့နေလား။
ဝီရိယလွန်ရင် ဥဒ္ဒစ ဖြစ်ပြီး ပျံ့လွင့်တယ်။
သမာဓိလွန်ရင် အိပ်ငိုက်တတ်တယ်။
မလွန်တာဆိုလို့ သတိပဲရှိတယ်။ သတိနဲ့ ကိုယ့်ဘာသာဆင်ခြင်ပြီး ညှိပေး။
ပျံ့လွင့်တယ် ဆိုတာမှာ အတွင်းပျံ့ အပြင်ပျံ့လို့ရှိသေးတယ်။
အတွင်းပျံ့ဆိုတာက ဘာရှုမယ် ညာရှုမယ်ဆိုပြီး စိတ်က မိမိအတွင်း ခန္ဓာမှာ လိုက်ကြံစည်နေတာပဲ။ ပြီးတော့ ဘာမှလည်းရှုမှတ်လို့မရလိုက်ဘူး။
အပြင်ပျံ့ဆိုတာက ပြင်ပကို လိုက်ကြံစည်နေတာပဲ။ သူလည်း မှတ်စိတ် မရှိတော့ဘူး။
သတိဟာ အခရာပဲ။ သတိလေးနဲ့ ပြန်ညှိပေးပါ။
မိမိတို့က ဘာကိုရှုမယ်ဆိုတာထက် ဘာလာလာရှုမယ်ဆိုတာက လွတ်လပ်ပေါ့ပါးတယ်။ ချုပ်တီးမှု ကင်းတယ်။ စိတ်ကြည်လင်လွယ်တယ်။
ကဲ . ဝိပဿနာတိုက်ရိုက်ရှုတယ် ဆိုတဲ့ ဥဒယဗ္ဗယ ဉာဏ်ကိုပြောကြည့်ရအောင်။
ဝိပဿနာကို အရကောက်တဲ့အခါ ဥဒယဗ္ဗယဉာဏ်က စကောက်ရတယ်။ သူ့ကိုမှ ဝိပဿနာအစစ်လို့ခေါ်တယ်။
ဖြစ်ပျက်ရှုတယ်ပေါ့။ အနိစ္စ ဒုက္ခ အနတ္တ ရှုတယ်ပေါ့။
ဒီဉာဏ်ကတော့ ပစ္စုပ္ပန် တည့်တည့်ကိုပဲ ရှုတယ်။ အတိတ် အနာဂါတ် အတွင်း အပြင် ဆိုတာတွေကို မသုံးသပ်တော့ဘူး။
ပစ္စုပ္ပန် တည့်တည့်ပဲ။
ရုပ်ဖြစ်စေ နာမ်ဖြစ်စေ တိုက်ရိုက်ရှုပြီဆိုရင် ဒါရုပ်ပဲ ၊ ဒါနာမ်ပဲ ၊ ဒါပထဝီပဲ ၊ ဒါတေဇောပဲ ၊ ဒါဝေဒနာပဲ ၊ ဒါ စေတနာပဲ ၊ ဒါဝိဉာဏ်ပဲ ၊ အစရှိသဖြင့် လိုက်မသုံးသပ်ပါနဲ့တော့။
ဘာပေါ်ပေါ် ခန္ဓာဆိုတဲ့ ဓမ္မလေးသာပေါ်တာဖြစ်လို့ ပေါ်ပြီးသိ ၊ သိပြီးပျက်၊ ဒါကိုပဲ လိုက်သိနေတာဟာ ဥဒယဗ္ဗယ ဉာဏ်အစစ်ပါ။
တွေးတယ်။ သုံးသပ်တယ်ဆိုတာ ရှေ့ဉာဏ်ပိုင်းတွေမှာ လုပ်ခဲ့ပြီးပြီ။ ဒါတွေကို နားလည်သွားလို့ အခု တိုက်ရိုက်ရှုတော့မှာ ဖြစ်ပါတယ်။
တိရစ္ဆာန်အားလုံးရဲ့ ခြေရာဟာ ဆင်ခြေရာမှာ လမ်းဆုံးသလို ၊ တရားအားလုံးဟာလည်း ဓမ္မာနုပဿနာမှာပဲ လမ်းဆုံးပါတယ်။
မိမိတို့ နှာသီးဖျားမှတ်နေပြီဆိုပါတော့။ ထိထိပြီးတိုးသွားတာလေးကို လေပဲ ၊ဝါယောပဲ ခေါင်းစဉ်တပ် မနေနဲ့တော့။ ဆရာကြီးဦးကြည်ပြောသလို တိုက်ရိုက်သိ ပရမတ်ပဲ ဆိုသလိုပါပဲ။
ရုပ်မှန်သမျှဟာ ဖောက်ပြန်တတ်တဲ့သဘောလေးပဲ။ဒီတော့ ဝါယောဖြစ်ဖြစ် တေဇောဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဖောက်ပြန်တတ်တဲ့ သဘောလေးဖြစ်ပေါ်လာတယ်။ သိလိုက်တော့ မရှိတော့ဘူး။ သြော် မမြဲပါလား။ အကောင်ထည်သဘောလည်း မရှိပါလား။ သဘောတရားလေးသက်သက်ပါလား။
ဒါလိုရင်းပဲ ။
နှာသီးဖျားလေးမှတ်နေတုန်း တခြားနေရာတွေကလည်း အမျိုးမျိုးပြလာမယ်။ ဒါဖောက်ပြန် နေတာပါလား။
ခန္ဓာဆိုတာ ဖောက်ပြန်မှုသဘောကိုသာ ဆိုလိုတာပါလား။ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါလား။ သူ့သဘောသူဆောင်နေတာပါလား။
ဒါကိုပဲ နှလုံးသွင်းပြီး တိုက်ရိုက်လိုက်သိပါ။
ဒီကြားထဲ အတွေးတွေထွက်သွားမယ် ဆိုရင်လည်း ချက်ချင်းသိလိုက်။ သိလိုက်တော့မရှိ တော့ပြန်ဘူး။ ဖြစ်ပျက်။
ခံစားမှုတွေဖြစ်လာမယ်။ သိလိုက်တယ်။ မရှိတော့ပြန်ဘူး။ ဖြစ်ပျက်။
နီဝရဏလို့ခေါ်တဲ့ အိပ်ချင်စိတ်တွေ လိုချင်မှုတွေ ပျံ့လွှင့်မှုတွေ ဖြစ်လာမယ်။လိုက်သိ ။ သိရင်မရှိတော့ဘူး။ဖြစ်ပျက်။
ဘယ်ရုပ် ဘယ်စိတ် ဖြစ်ဖြစ် သိရင်မရှိတော့ပါဘူး။
သတိသမာဓိအားကောင်းရင် မြင်ပါတယ်။
ထိုင်တာကြာလာမယ်။ နာကျင်လာပြီ။ ရုပ်ဖောက်ပြန်မှုပဲ။ သီးခံပြီးရှု။ အရမ်းပြင်းထန်လာရင်တော့ အာရုံပြောင်းရှု။ မရတော့ရင် အနေထားပြောင်းပါ။
ဝေဒနာကို ကျော်တယ်ဆိုတာ ဒုက္ခဝေဒနာကို သီးခံရှုတာပဲ ဖြစ်ပါတယ်။
တကယ်တော့ စိတ်ရှိရင် ဝေဒနာရှိလို့ ကျော်လို့မရပါဘူး။
ဒီနေရာမှာ တခုသတိပေးလိုပါတယ်။ အရမ်းပြင်းထန်လာတဲ့ ဝေဒနာကို ခွာရှုပါတယ်။ ခွာရှုတယ် ဆိုတာ နာနေ တာကို နှလုံးမသွင်းတာပါ။
ဒီအချိန်မှာ နာနေတာကို နှလုံးသွင်းရင် ဒေါမနဿလာပါတော့မယ်။
သင်တို့ ကိုယ့်အခြေနေကိုယ် စောင့်ကြည့်ပါ။ နာကျင်မှု့ပြင်းထန်ရင် စိတ်ထဲမှာ တင်းနေပါပြီ။ လက်မောင်းတွေ ခါးတွေ နဖူးကျောတွေ ၊ တင်းနေပါပြီ။ ဒါစိတ်က မခံနိုင်လို့ တုန့်ပြန်နေတာပါ။ ရင်ဘတ်ကြီး တင်းနေပြီး စိတ် မငြိမ်ချင်တော့ပါဘူး။
ဒါကို အဋ္ဌကထာတွေမှာ ရှင်းပြထားပါတယ်။
``ထိုကွေးမှု ဆန့်မှု၌ ခြေလက်တို့ကို ထားသင့်သည်ထက် အချိန်ကြာမြင့်စွာ ကွေးထား ဆန့်ထား လျှင် ခဏတိုင်း၌ ဝေဒနာခံစားမှုတို့သည် ဖြစ်ကုန်၏။ အသိစိတ်သည် တည်ငြိမ်မှုကို မရ။ ကမ္မဋ္ဌာန်း အာရုံမှ လည်ကျ ၍ တရားထူးကိုမရ။
ကွေးသော ဆန့်သောကာလာ၌ ပြုပြင်၍ ဉာဏ်ဖြင့်ရှုသောသူသည် ဝေဒနာတို့သည်မဖြစ်။ ဉာဏ်ပါသော သိစိတ်သည် ဝေဒနာနှောက်ယှက်မှု့ ကင်းသဖြင့် ကမ္မဋ္ဌာန်း ပွားများမှု ရောက်၏။ တရားထူးကို ရ၏။´´(သုတ်သီလက္ခန်)။
ကျားစားလို့ အရိယာဖြစ်သွားတဲ့ ရဟန်းငယ်ဟာ ဒုက္ခဝေဒနာကို နှလုံးသွင်းမိရင် ဒေါမနဿလာနိုင်လို့ ဝေဒနာကို နှလုံးမသွင်းတော့ပဲ မိမိအားကောင်းစွာရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ရှုပြီး အရိယာဖြစ်သွားတာပါ။
ဒါကိုပဲ ခွာရှုတယ်လို့ ဆိုလိုပါတယ်။
ဦးဇင်းအနေနဲ့ သာမာန်လူတွေ နားလည်လောက်မယ် ထင်တဲ့ အနေထားမျိုးရေးပြနေတာပါ။
အသေးစိတ်ကတော့ ရှုရင်းတတ်သွားပါလိမ့်မယ်။
အလုပ်ကသင်သွားမှာပါ။
ကဲ . ဒီနေ့တော့ ဒီလောက်ပါပဲ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Website = https://muditar.blog.com
www.facebook.com/Muditaralinnsayadawdhama
channallive/လည်းဖတ်ရှူု နိုင်ပါသည် ။ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
No comments:
Post a Comment