
{ မဟာဓနသူဌေးသား ပါရမီရှိပါလျက်နှင့်
တရားထူးမရပုံအကြောင်း အထောက်အပံ့များနှင့်
စွမ်းနိုင်သမျှ ရှင်းလင်းချက် }
▬▬▬▬▬▬▬▬▬▬▬▬▬
လူနာသုံးမျိုးနှင့် ပုဂ္ဂိုလ်သုံးမျိုး
▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားသည် လူနာသုံးမျိုးနှင့် တူသော
ပုဂ္ဂိုလ်သုံးမျိုးကို တိကနိပါတ် ၊ အင်္ဂုတ္တရပါဠိတော်၌ ဤသို့
ဟောထားသည်။
၁။ အချို့သော လူနာသည် သင့်လျော်သော ဆေးဝါး ၊
ဓာတ်စာ ၊ သူနာပြုစုမှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ
ထိုရောဂါဝေဒနာမှ မထမြောက်သော လူနာ
၂။ အချို့သော လူနာသည် သင့်လျော်သော ဆေးဝါး ၊
ဓာတ်စာ ၊ သူနာပြုစုမှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ
ထိုရောဂါဝေဒနာမှ ထမြောက်သော လူနာ
၃။ အချို့သော လူနာသည် သင့်လျော်သော ဆေးဝါး ၊
ဓာတ်စာ ၊ သူနာပြုစုမှု ရလျှင် ပျောက်ကင်းထမြောက်၏။
သင့်သော ဆေးဝါး ဓာတ်စာ ၊ ပြုစုမှု မရလျှင် မထမြောက်
သေမည့် လူနာမျိုးတို့ ဖြစ်ရာ ..............
ပထမလူနာမျိုးနှင့် ပဒပရမပုဂ္ဂိုလ်မျိုး တူ၏။
ပဒပရမပုဂ္ဂိုလ်သည် ဤကိုယ် ဤဘဝ၌ မည်မျှပင် တရားအလုပ်
အားထုတ်ပါသော်လည်း ကျွတ်လွတ်ခွင့်မရှိ။ သို့ရာတွင်
ဤအားထုတ်မှုအကြောင်းခံကြောင့် ....
" #အနာဂတေပစ္စယောဘဝိဿတိ " အရ ဒုတိယဘဝ
ဤဘုရားသာသနာမှာပင် ကျွတ်လွတ်နိုင်ပါသည်။
( ဝိမာနဝတ္ထုမှ ဆတ္တမာဏဝလုလင်ဝတ္ထု ၊ ဖားနတ်သား
ဝတ္ထုနှင့် မူလပဏ္ဏာသမှ သစ္စကပရဗိုဇ်တို့တည်း ။) ဒုတိယ
လူနာမျိုးနှင့် ရှေးရှေးဘုရားတို့ အထံတော်တွင် နိယတဗျာဒိတ်
ရပြီးသော ကျိန်းသေ အကျွတ်တရားရမည့် ပုဂ္ဂိုလ်မျိုး
ဖြစ်သည်။
တတိယလူနာမျိုးနှင့် နေယျပုဂ္ဂိုလ်မျိုးတူသည်။ ယင်း
တတိယလူနာသည် သင့်လျော်သော ဆေးဝါး ၊ ဓာတ်စာ
အပြုအစုကောင်းက ရောဂါပျောက်ကင်း၍ မသင့်သော
ဆေးဝါး ဓာတ်စာ အပြုအစုမကောင်းပါက
သေရမည့်သူနည်းတူ နေယျပုဂ္ဂိုလ်ဖြစ်သော ပုဂ္ဂိုလ်သည်
ပါရမီလည်းပါမည် ၊ မဟာသတိပဋ္ဌာန်နည်းမှန်လည်းရမည် ၊
ရသည့်နည်းအတိုင်းလည်း သမ္မပ္ပဓာန် လုံ့လဝီရိယနှင့်
အားထုတ်ပါက ထမြောက် ရောဂာ ပျောက်ကင်းသော
လူနာကဲ့သို့ တရားရမည်။ ဤတတိယလူနာသည်
သင့်လျော်သော ဆေးဝါး ဓာတ်စာကိုလည်း မမှီဝဲ
အပြုအစုလဲမကောင်းက ထိုလူနာသေသကဲ့သို့
ဤဘဝကျွတ်မည့် ပစ္ဆိမဘဝိကပါရမီပင် ပါသော်လည်း
တရားကို နည်းမှန်လမ်းကျ မလေ့လာ။ အားထုတ်မှု
လုံ့လဝီရိယလည်း မရှိက ထိုတတိယလူမမာ
သေသူနှင့်တူသည်။
မဟာဓနသူဌေးသားကို ဓမ္မပဒကထာက လာသည့်
အတိုင်း အကျဉ်းချုပ်လေ့လာကြည့်ပါ။ သူသည်.......
၁။ သူ့ဘက်မှ ဥစ္စာပစ္စည်းကုဋေ (၈၀) ၊ မယားဘက်မှ
ဥစ္စာပစ္စည်းကုဋေ (၈၀) ၊ ပေါင်း (၁၆၀) ပိုင်ဆိုင်သော
သူဌေးကြီး
၂။ ဘုရင်၏ ဘဏ္ဌာရေး အတိုင်ပင်ခံဖြစ်၍ နနိးတော်သို့
တစ်နေ့ သုံးကြိမ် သွားရောက်၍ ခစားရခြင်း
၃။ အရက်သမားတို့၏ စည်းရုံးမှုအရ အရက်သမားဘဝ
ရောက်၍ ပစ္စည်းဥစ္စာ ကုန်ခမ်းရခြင်း
၎။ နောက်ဆုံး စားစရာပင်မရှိ၍ ခွက်လက်ဆွဲကာ တောင်းစား
ရခြင်းတို့ကြောင့် မြတ်စွာဘုရားက.....
" အာနန္ဒာ _ ဤမဟာဓန သူဌေးသားကို ကြည့်လော့။
သူသည် ပထမအရွယ်က ကောင်းသော ပစ္စည်းဥစ္စာ ရှာဖွေ
ရင်းနှီးအံ့ ၊ ဤဗာရာဏသီပြည်တွင် ထိပ်တန်းသူဌေးကြီး
ဖြစ်မည်။ အကယ်၍ လူ့ဘောင်ကို စွန့်ခွာ၍ ရဟန်းဝတ်ကာ
တရားအားထုတ်ပါက ရဟန္တာဖြစ်မည်။ မယားကား
အနာဂါမ်ဖြစ်မည်။ ဒုတိယအရွယ်ကျမှ ရှိသမျှပစ္စည်းနှင့် ရင်းနှီး
ပါက ဒုတိယတန်းသူဌေးဖြစ်မည်။ တရားအားထုတ်ပါက
အနာဂါမ်ဖြစ်ပြီး မယားကား သကဒါဂါမ်ဖြစ်မည်။
တတိယအရွယ်ကျမှ သတိတရားရပြီး ကျန်ရှိသမျှ
ပစ္စည်းကလေးနှင့် ရင်းနှီးပါက တတိယတန်း
သူဌေးတော့ဖြစ်နိုင်၍ တရားအားထုတ်ပါက သကဒါဂါမ်
ဖြစ်ကာ မယားက သောတာပန် ဖြစ်လိမ့်ဦးမည်။
ဣဒါနိပန _ ယခုတော့ကား ၊
ဂီဟိဘောဂတောပိ _ လူ့ဥစ္စာစီပွားချမ်းသာမှလည်း ၊
ပရိဟီနော _ ပျက်စီးဆုတ်ယုတ်ပြီး
သာမညတောပိ _ ရဟန်းဘဝ အရဟတ္တဖိုလ်မှလည်း ၊
ပရိဟီနော _ ပျက်စီးဆုတ်ယုတ်ပြီး
ပရိဟာယိတွာ _ လောကီဥစ္စာလူ့ချမ်းသာ, လောကုတ္တရာ
ချမ်းသာ ရဟန်းတရားတို့မှ ပျက်စီး ဆုတ်ယုတ်ပြီးရမှာကား..
သုက္ခပလ္လလေ _ ရေခြောက်ခမ်းနေသော ရွှံ့အိုင်နှုတ်ခမ်း၌
ကောဉ္စသကုဏောဝိယ _ အတောင်ကျိုးကာ ဘယ်မှ
မသွားနိုင်, မပျံနိုင်သော ကြိုးကြာအိုကြီးကဲ့သို့ ၊
ဇာတော _ ဖြစ်၏ " ဟု... ဟောတော်မူကြောင်း
ဓမ္မပဒဋ္ဌကထာတွင် ဖော်ပြသည်။ ဤဖော်ပြချက်အရ ပါရမီ
ပါခဲ့ပါလျက် မည်သည့်အတွက်ကြောင့် တရားမရသည်ကို
မြင်သာပြီ။
.
.
▬▬▬▬▬▬▬▬▬▬▬
တရားမရ ကြောင်းနှစ်ဝ
▬▬▬▬▬▬▬▬▬▬▬
တရားမရသော အကြောင်းတရား နှစ်ပါးရှိသေးသည်။
မြတ်စွာဘုရား၏ မျက်မှောက်တော်တွင် တရားနာနေစေကာမူ
၁။ ကိရိယပရိဟာနိယာ (တရားနည်းခံယူရာ၌ မပြီးမဆုံး
ချွတ်ယွင်းမှု)
၂။ ပါပမိတ္တတာယ (မကောင်းသောသူနှင့် ပေါင်းမိမှု)
၁။ အရှင်သာရိပုတ္တရာသည် ဓနဉ္စာနိပုဏ္ဏားကြီးအား
တရားသွားဟောရာ၌ ပုဏ္ဏားကြီးခံယူနိုင်သော
ပရမတ္ထသဘာဝကို ဟောညွှန်ပေးပါက ပုဏ္ဏားကြီး
သောတာပန်ဖြစ်မည်။ ထိုအာသယကို မဆင်ခြင်ပဲ
ဗြဟ္မာဖြစ်ကြောင်း သမထမျိုးသာ ဟောမိ၍ သောတာပန်
မဖြစ်ပဲ သေပြီးနောက် ဗြဟ္မာ့ပြည်သို့ ရောက်သွားရခြင်းသည်
ကိရိယပရိဟာနိအပြစ် ဖြစ်သည်။
၂။ အဇာတသတ်မင်းသားသည် ပေါင်းမှားသော ဒေဝဒတ်
စကားကို နားထောင်၍ခမည်းတော် ဗိမ္မိသာရမင်းကြီးအား
မသတ်မိငြားအံ့။ သာမညဖလသုတ်ကို မြတ်စွာဘုရား
ထံတော်မှ ကြားနာပြီးအဆုံး၌ သောတာပန်ဖြစ်ရာ၏။
ယခု အဖသတ်ကံကို မကောင်းသော မိတ်ဆွေနှင့်
ပေါင်းမိ၍ ကျူးလွန်မိသဖြင့် တရားမရသော
ပါပမိတ္တတာ အပြစ်ဖြစ်သည်။
(မဇ္ဈိမပဏ္ဏာသဋ္ဌကထာ-၇)
ယခု မဟာဓနသူဌေးသားလည်း
" ပါပမိတ္တတာယ " ဟူသော အရက်သမားနှင့် အပေါင်း
အသင်းမှားကာ ဥစ္စာပစ္စည်းကုဋေ (၁၆၀) လုံး ကုန်သွား
သည့်အပြင် အိမ်,ခြံ,လယ်ယာ,ပရိဘောဂအသုံးအဆောင်,
စောင်,ခြင်ထောင်,အိုးခွက်,ပန်းကန် ဘာမျှမကျန်အောင်
ရောင်းစားရသည့်အဖြစ်ကား " အပေါင်းမှား၍
သူတောင်းစား " ဖြစ်ရခြင်းထက် ဘဝများစွာ ဆည်းပူး
ခဲ့ရသည့် ရဟန္တာဖြစ်လောက်သည့် ပါရမီကား.....
တော်ရုံတန်ရုံမဟုတ် ။ လောကီဥစ္စာလို တစ်ဘဝ,နှစ်ဘဝ
မျိုးနှင့် ရှာဖွေ၍ ရခဲ့သည်မဟုတ် ၊ ဘဝများစွာ ဒါန,သီလ
စသော ကောင်းမှုမျိုး ဝဋ်ပြတ်သော ဝိဝဍ္ဍမျိုးတို့နှင့်
ရင်းနှီးမြှုပ်နှံ၍ ပြတ်ပြတ်သားသား ဖြည့်ကျင့်ဆည်းပူးခဲ့
ရသည်များကား နှမြောဖို့ ကောင်းလှသည်။
မဟာဓနသူဌေးသား၏ ယခုအခြေအနေသည်
ပစ္စည်းဆုံး,ပါရမီရှူံးရုံတင်မက ယခုဘဝ၌ဖြစ်သော
မကောင်းမှု ကံစုအတွက် အပါယ်၌ ဘဝရှည်လျား၍
နေပြန်လျှင် အရိမေတ္တယျဘုရားရှင် သာသနာ၌လည်း
ပေါ်လာဦးမည်မဟုတ် ၊ နောက်၌လည်း သုညကမ္ဘာတွေသာ
များစွာ ရှိတော့သည်။ အနီးအပါး၌ ဘုရားပွင့်သော
ကမ္ဘာပင်မရှိပြီ။ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိက ဖြစ်သူ
ထိုသူဌေးသားသည် ကျွတ်ခွင့် လွတ်ခွင့် ကွာလှမ်းလျက်ရှိ၏။
.
.
▬▬▬▬▬▬▬▬▬▬
အထင်လွဲကြ ခုကာလ
▬▬▬▬▬▬▬▬▬▬
ယခုကာလ၌ အများတို့ ထင်မှတ်နေကြသည်ကား
ပါရမီပြည့်လျှင် ဘုရားသာသနာနှင် မတွေ့ချင်သော်လည်း
မနေရ,တွေ့ရမည်မုချ ၊ မကျွတ်ချင်သေည်လည်း မနေရ,
ကျွတ်ရမည်မုချ ဟု မှတ်ထင်ကြကုန်၏။ နိယတ,အနိယတ
ရှိသည်ကို သတိမမူကြကုန် ။ ဤသို့ ပြဆိုခဲ့ပြီးသော ပါဠိ ,
အဋ္ဌကထာတို့ကိုလည်းကောင်း ၊ မဟာဓနသူဌေးသား
ဝတ္ထုများကိုလည်းကောင်း ထောက်မြော်၍ ကျွတ်ထိုက်သော
ပါရမီရှိကြကုန်သော်လည်း အနိယတနေယျ ပုဂ္ဂိုလ်မျိုးတို့မှာ
ကျွတ်လောက်အောင် ဝီရိယထား၍ အားထုတ်ကုန်ကြမှသာ
ဤဘုရား သာသနာတော်၌ မဂ်ဖိုလ်ကို ရနိုင်ကြကုန်၏။
ကျွတ်ထိုက်သော ပါရမီရှိကြပါကုန်သော်လည်း အားထုတ်မှု
လုံလဝီရိယ ယုတ်လျော့၍ နေခဲ့လျှင် ဤဘုရား သာသနာ
တော်၌ မဂ်ဖိုလ်ကို မရကြကုန် ဟူသောသဘောကို
ယုံကြည်စွာ သိအပ်,မှတ်အပ်၏။
အာဠရရသေ့,ဥဒကရသေ့ တို့ကဲ့သို့
ကျွတ်ထိုက်သော ပါရမီရှိကြပါလျက် လောက၌
ဘုရားပွင့်ဆဲအခါတွင် မိမိတို့က အရပ်ပြစ်ရှစ်ပါးသို့ ရောက်၍
နေခိုက်ကြုံသည်နှင့် ဘုရားအပေါင်း တစ်ရာ,တစ်ထောင်
မက ပွင့်သော်လည်း ကျွတ်ခွင့်မရရှိနေကြကုန်သော သတ္တဝါ
အနန္တတို့သည်ကား ဤဒေသနာမှ အလွတ်ဖြစ်ကုန်၏။
(ဤစကားစု-ကျေးဇူးရှင်လယ်တီဆရာတော်ကြီး
၏ ဗောဓိပက္ခိယ ဒီပနီမှ)
ကျွန်ုပ်တို့ ဆိုလိုသည့် အဓိပ္ပါယ်မှာလည်း ဤအတိုင်း
ပင်ဖြစ်သည်။ တစ်ခါက ဓနုဖြူမှ ဓမ္မမိတ်ဆွေတစ်ယောက်က
"မဟာဓနသူဌေးသားသည် ပစ္ဆိမဘဝိက" ဖြစ်၍ ဤဘဝတွင်
ကျွတ်ရမည့် ပါရမီရှိရိုးမှန်ပါက မုချ ကျွတ်လွတ်ရမည်ဟု
ယုံကြည်ကြောင်း ပြောရာ ဤသဘောအတိုင်း ရှင်းပြရဖူးသည်။
မိမိ၌ အောင်မြင်သော မျိုးစေ့ မည်မျှပင်ရှိစေဦးတော့
ထိုမျိုးစေ့ပင်အား အပင်ပေါက်ရာ ပေါက်ကြောင်း မြေဥတု,
ရေဥတုတို့နှင့် ပေါင်းဆုံထိတွေ့ခွင့်မရပါက တစ်နည်း
မြေသို့ချခြင်း, ရေလောင်းခြင်း စသည် ပြုလုပ်ဆောင်ရွက်
မပေးပါက ထိုမျိုးစေ့တို့ အပင်မဖြစ်ရုံသာမက ပုပ်ဆွေး
ပျက်စီးသွားမည်သာဖြစ်ကြောင်း ၊ စင်စစ် ပါရမီရှိသူတို့မှာ
ရင့်သန်ပွားစီးရန် မြတ်စွာဘုရား သာသနာတော်နှင့် တွေ့၍
တရားတော်ကို ကျွန်ုပ်တို့ စိတ်ပါဝင်စားခြင်းသည်ပင်လျှင်
ကျွန်ုပ်တို့ ပါရမီရှိကြ၍သာ ဖြစ်ကြောင်း လက်တွေ့ကျကျ
ယုံကြည်ရပေသည်။ မျက်မှောက် ကျွန်ုပ်တို့ခေတ်တွင်
ဗုဒ္ဓဘာသာ ဆိုသူတို့ ဝိပဿနာတရား၌ စိတ်မဝင်စား
သူတို့ကို ထောက်မြော်ပါလေ။
ယခု မဟာဓနသူဌေးသားမှာ ပါရမီရှိ၍ ဘုရားနှင့်
တွေ့ပါသည်။ အောင်မြင်သော မျိုးစေ့ကို မြေ,ရေတို့နှင့်
မတွေ့စေဘဲ မကောင်းသော အပေါင်းအသင်းဟူသော
မီးထဲသို့ထည့်ကာ ဖျက်စီးပစ်လိုက်သကဲ့သို့ ဖြစ်ရသည်။
အပေါင်းမကောင်းမှုသည် " မဟတော အနတ္ထာယ
သံဝတ္တတိ " ဟု ဟောတော်မူသည့်အတိုင်း ကြီးစွာသော
အကျိုးစီးပွားမဲ့ဖြစ်ကြောင်း အဇာတသတ်သည် ဒေဝဒတ်နှင့်
အပေါ်မှားသောကြောင့် ကြီးစွာသောငရဲ၌ ခံရပြီးနောက်
ကမ္ဘာပေါင်း နှစ်သင်္ချေတိုင်တိုင် သံသရာ၌ မျောလေ၍
ပစ္စေကဗုဒ္ဓဖြစ်လတ္တံ့ဟူ၏။ လောကတွင် အပေါင်းမှားမှုတွင်
အများအပြားတွေ့နေရသည်။ ကျွန်ုပ်တို့ တွေ့နေရသော
အပေါင်းမှားမှုကြောင့် ပျက်စီးမှုတွေသည် ကျွန်ုပ်တို့
မမြင်မတွေ့ရသော သံသရာဘဝ ပျက်စီးဆုံးရှူံးမှုများအား
မြင်တော်မူ, သိတော်မူသော မြတ်စွာဘုရားတို့၏ ဥာဏ်တော်
အရသာဖြစ်၍ မသိ မမြင်တတ်သော ကျွန်ပ်တို့အတွက်
ကြောက်ဖွယ်ကောင်းလှပါသည်။
.
.
▬▬▬▬▬▬▬▬▬
ကြောက်ဖွယ်အမှား
▬▬▬▬▬▬▬▬▬
မြန်မာစကားပုံတွင် " တစ်ချက်မှားလျှင် တစ်သက်သွား
ရော့ ၊ တစ်ခါမှားတော့ တစ်ကမ္ဘာသွားမည် " စသော မြန်မာ
တို့၏ မှတ်သားစရာ ကာရန်နဘေ စကားပုံများမှာ ချစ်စရာ
ကောင်းသလောက် အဓိပ္ပါယ်လည်းရှိပေသည်။ ယခုအခါ
အပဒါန်အဋ္ဌကထာလာ တစ်ခါအပေါင်းမှားသဖြင့် ကမ္ဘာပေါင်း
များစွာ ဒုက္ခတွေ့ရပုံကိုလည်း ကြောက်လန့်စရာအသွင်နှင့်
ဖြစ်ရပုံကား.......
အလောင်းတော် သုမေဓာ အရှင်ရသေ့သည်
ရမ္မာဝတီပြည်သို့ ဒီပင်္ကရာမြတ်စွာဘုရားသည် သံဃာ
နှစ်သောင်းနှင့် ကြွလာတော်မူစဉ် လမ်းပြင်နေသော
သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား
လွန်မင်းစွာ ကြည်ညိုအားကျလှသဖြင့် ဤဒီပင်္ကရာဘုရား
ကဲ့သို့ ဘုရားဖြစ်ချင်သော ဆန္ဒဓာတ်အားကြီးစွာနှင့် နောင်
တစ်ချိန်တွင် ဘုရားဖြစ်လိုပါ၏ဟု ဗျာဒိတ်ခံယူသောအခါ
ဘုရားဆုရရန် အဘိနီဟာရ ရှစ်ပါးနှင့်ပြည့်စုံသော
အလောင်းတော်ကို မြင်တော်မူသော ဒီပင်္ကရာ
မြတ်စွာဘုရားသည် ဤကမ္ဘာမှစ၍ ရေလျှင် လေးအသင်္ချေ
နှင့် ကမ္ဘာတစ်သိန်း လွန်သော တစ်ခုသော ဘဒ္ဒကမ္ဘာ၌
" #ဂေါတမောနာမဗုဒ္ဓေါဘဝိဿတိ "
ဂေါတမမည်သော ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေး
သောအခါ အုန်းအုန်းကျွက်ကျွက် ကောင်းချီးသာဓုပြုကြသည့်
ပရိတ်သတ်ထဲမှ " မေဃ " မည်သော လုလင်ပျို လူငယ်
တစ်ယောက်သည် ဗျာဒိတ်ရသော အလောင်းတော်ရသေ့အား
ကြည်ညိုလှသဖြင့် " ရှင်ရသေ့ ဘုရားဖြစ်လျှင် ငါလည်း
အတူပါရအောင် " ဟူ၍ ပါရမီဖြည့်ရန် ရသေ့တော
သို့အသွားတွင် နောက်ကလိုက်ပါ၍ ဝတ်ကြီးဝတ်ငယ် ပြုစု
လေသည်။
တစ်နေ့သောအခါ သစ်သီးရှာရန် တောထဲသို့
အရောက်တွင် လမ်းသွားလမ်းလာတို့ကို လုယက်
တိုက်ခိုက်သည့် လူဆိုးအဖွဲ့နှင့် တွေ့၍ အတင်းဖမ်းဆီး
ခေါ်ဆောင်သွားပြီး လုယက်တိုက်ခိုက်သည့် လူဆိုး
အဖွဲ့ထဲသို့ စာရင်းသွင်းကာ လုယက်တိုက်ခိုက်နည်း
သင်ကြားပေးကာ တိုက်ခိုက်သတ်ဖြတ်ခိုင်းရာမှ တကယ့်
လူသတ်သမား လူဆိုးကြီးဘဝသို့ရောက်၍ မိဘများကိုပင်
တိုက်ခိုက်လာလေသည်။
မေဃလုလင်သည် ပင်ကိုက လိမ္မာယဉ်ကျေးသော
သူငယ်, ရသေ့သူတော်ကောင်းကို လုပ်ကျွေးပြုစုသည့်
သူငယ်မှာ လူဆိုးများနှင့်ပေါင်းမိရာမှ ထိပ်တန်းလူဆိုးကြီး
ဖြစ်၍ အကုသိုလ် အပြစ်ကြီးများချည်းသာ ကျူးလွန်ရကား
၎င်းဘဝမှ စုတေသေလွန်သောအခါ မဟာအဝိစိငရဲ၌
ကျခံရလျက် ကျူးလွန်ခဲ့သော အကုသိုလ်တို့၏
အကျိုးပေးအတိုင်း အပါယ်လေးပါး ဒုဂ္ဂတိဘဝချည်းသာ
ကျင်လည်ခဲ့၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်၍
ဗျာဒိတ်ရလာသော သုမေဓာရသေ့ ဂေါတမဗုဒ္ဓဖြစ်ပြီးချိန်တွင်
သူကား မဟာသမုဒ္ဒရာအတွင်း၌ " တိပိင်္ဂလ "ငါးကြီးဖြစ်၍
သမုဒ္ဒရာသို့ သွားသော သင်္ဘောတို့ကို ဖျက်ဆီးကာ
လူတွေကို စားပစ်တတ်လေသည်။
ယခု သင်္ဘောနှင့်လာသော
ကုန်သည်တို့ကို ငါးကြီးက တိုက်ခိုက်ဖျက်ဆီးရန်
လိုက်လာသောအခါ သင်္ဘောပေါ်ပါသူများက
" ဂေါတမဗုဒ္ဓေါ ၊ ဂေါတမဗုဒ္ဓေါ " ဟု ရွတ်ဆို ဘုရားတသော
အသံ ကြားရသောအခါ ငါးကြီးမှာ ရုတ်တရက် ကုသိုလ်ဆက်၍
သတိရကာ" ငါ့ဆရာရသေ့ ဘုရားတောင် ဖြစ်နေပါပေါ့လား "
ဟုသတိရပြီး သင်္ဘောကိုလည်းမလိုက် , အစာလည်းမစားဘဲ
သေလေသောအခါ သာဝတ္ထိပြည်တွင် ပစ္စည်းဥစ္စာကြွယ်ဝသော
ပုဏ္ဏားမျိုး၌ဖြစ်၍ ဘုရားထံတော်သို့ အလွန်သွားချင်, အလွန်
ဖူးမြော်ချင်သည့်အတိုင်း သွားရောက်ကာ တရားနာလျက်
မြတ်စွာဘုရားက " စိရံဓမ္မရုစိ ၊ ဓမ္မရုစိ ၊ ငါဘုရားနှင့်
မတွေ့တာ အလွန်ကြာသွားပြီ " ဟု မိန့်လျက် ဝိပဿနာတရား
အားထုတ်စေရာ ပဋိသမ္ဘိဒါမဂ် နှင့် ရဟန္တာဖြစ်သောအခါမှ
မြတ်စွာဘုရားနှင့် မတွေ့ရ ကြာသွားပုံကို သိတော်မူသည်။
(အပဒါနာဍကထာ ၂၁၀ မူယူ၍ ဖော်ပြသည်)
ထို့ကြောင့် အကြောင်းတရားများအားထုတ်ကြည့်လျှင်
ပါရမီလည်းရှိပါမှ ၊ လုံ့လဝီဝရိယလည်း စိုက်ထုတ်၍ လွတ်လို
ကျွတ်လိုသော ဆန္ဒဓာတ်နှင့် ပါရမီရှိကြ၍ အားလုံးသော
ဗုဒ္ဓဝါဒီ သူတော်ကောင်းတို့ လုံ့လမယုတ် ကြိုးစား
အားထုတ်နိုင်ကြပါစေ......... ။
━━━━━━━━━━━
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment