Sunday, January 1, 2017

“ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်


••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ဘဝအတွက် သင်ခန်းစာရတာချင်းက တစ်ဦးနဲ့
တစ်ဦး မတူဘူး။သင်ခန်းစာယူတတ်ပုံချင်းလည်း မတူဘူး။
စကားလုံးတစ်လုံးနဲ့ ပတ်သတ်ပြီးတော့
အတွေးအမြင်ချင်းလည်း မတူဘူးပေါ့။

ဘုန်းကြီးတို့ ဇေယျသုခလမ်းမှာ မဟာသတိပဋ္ဌာန
အနှစ်ချုပ်ဆိုတာ ငါးရက်ဟောတယ်။
အဲဒီ ငါးရက်ဟောတဲ့အထဲက စကားလုံးလေးတစ်လုံးက
သူ့ဘဝကို ပြောင်းလဲသွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက်
ရှိခဲ့တယ်။ စကားလုံး တစ်လုံးတည်းပဲ။
ဒီပြင့်တရားတွေက ပြောင်းမပြောင်းတော့ မသိဘူး။
ဒါက သူလျှောက်လို့သိတာ။

သူ့ဘဝ ဘယ်လိုပြောင်းသွားလဲ?
“ကောင်းတာကို ရချင်ရင်တော့ တစ်ခုခုတော့
လက်လွှတ်ရမယ်။တစ်ခုခုကို မလွှတ်ဘဲနဲ့ နောက်တစ်ခု
ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ဟိုဘက်ကမ်းကိုရောက်ချင်ရင်
ဒီဘက်ကမ်းက ခွာရမယ်။” လို့ အဲဒီလို တရားထဲမှာ
ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်။
သံသရာဝဋ်က လွတ်ချင်တယ်၊နိဗ္ဗာန်ရောက်ချင်တယ်
ဆိုရင်လည်း ဒီဘက်ကမ်းက ခွာရမယ်။ စွန့်လွှတ်ရမယ်။
မစွန့်လွှတ်ရင် မရဘူးဆိုတော့၊ ဒီတော့ သူ့နားထဲမှာ
ဘာစွဲသွားတုန်းဆိုရင်
“ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်”
ဆိုတာ သဘောပေါက်လို့ “ငါ နိဗ္ဗာန်ရချင်တယ်ဆိုတာ
ဒီအတိုင်းထိုင်ဆုတောင်းနေလို့ မဖြစ်ဘူး။ဒီဘက်ကမ်းက
ခွာမှပဲ။” ဆိုပြီးတော့ ဘုန်းကြီးဝတ်သွားတယ်နော်။
အဲဒါ ရန်ကုန်မှာ တကယ်ဖြစ်တာ။

ဆိုလိုတာက ဘာပြောချင်တုန်းဆို စကားလုံးလေး
တစ်ခုဟာ တချို့ပုဂ္ဂိုလ်တွေအတွက် တွန်းအားတစ်ခု
ရတယ်။ တချို့ပုဂ္ဂိုလ်တွေအတွက်တော့စကားလုံး
ထောင်သောင်းချီပေမယ့်လို့ တွန်းအားဘာမှ မဖြစ်တာလဲ
ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်အတွက်မှာ အသုံးဝင်တဲ့
စကားလုံးလေးတစ်ခု ရှိရမယ်။ အဲဒီလို စကားလုံးလေး
တစ်လုံးကနေပြီးတော့ အမှန်ဘက်ကို ဦးတည်ပြီးတော့
ရောက်ရှိသွားအောင် စာပေကျမ်းဂန်ထဲမှာ
ဘာပြောတုန်းဆိုရင် လူတွေရဲ့စိတ်ဟာ မကောင်းဘက်ကို
သွားတာများတယ်။မကောင်းဘက်သွားတဲ့စိတ်ကို
ကောင်းတဲ့ဘက်ကို ဆွဲဖို့အတွက်ဟာ တစ်ခါတစ်လေ
ကျတော့ လွယ်လွယ်နဲ့ မလိုက်ဘူးနော်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကောင်းအောင်ပြင်ရမယ်။”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီတော့ လွယ်လွယ်နဲ့မလိုက်တဲ့အခါမှာ ဘာလုပ်ရတုန်း?
အားလုံးသိကြပါလိမ့်မယ်၊ ဆင်တွေကိုထိန်းတဲ့
လက်နက်ကိရိယာ တစ်ခုကို ချွန်းလို့ ခေါ်တယ်။
အင်မတန်မှ ထက်တယ်။ ဆင်ဦးစီးကြီးကိုင်တဲ့
ချွန်းမှာ အကောက်ကလေး လုပ်ထားပြီးတော့
အင်မတန်မှ ထက်တယ်။ မုန်ယိုနေတဲ့ဆင်တောင်
အဲဒီ ချွန်းနဲ့ထိန်းလို့ ရတယ်။ နားရွက်ကြားလေးထဲကို
အဲဒီချွန်းနဲ့ စိုက်ထားပြီတော့ ဆင်ကိုထိန်းထားလိုက်ရင်
အင်မတန်မှ နာတော့ ဒီဆင်ကြီးးဟာ သူခိုင်းတာ
အကုန်လုပ်ရတော့တာပဲ၊ အသံကုန်အော်တော့တာပဲ။
အဲဒီဟာနော်၊ လူနဲ့ဆင်နဲ့ ဆိုလို့ရှိရင် အင်အားချင်းက
ဘာမှမဆိုင်ဘူး။ ဆင်ရဲ့အင်အားက အင်မတန်မှ
ကြီးတယ်။ ဒါပေမယ့်လို့ ဘယ်လောက်ဆိုးတဲ့
ဆင်ဖြစ်ဖြစ် လူကခေါင်းပေါ်ရောက်သွားပြီ။
အဲဒီ ချွန်း ကိုင်ထားပြီဆိုရင် နားရွက်ကြားထဲမှာ
ချွန်းကလေးနဲ့ ဆွဲထားလိုက်လို့ရှိရင် ဒီဆင်ဟာ
ကုန်းအော်တော့တာ။ ဘာမှမတတ်နိုင်တော့ဘူး။

နွားကျတော့ နွားဖားကြိုးထိုးတာပေါ့နော်။
နိုင်ပေါက်တွေကနေ ကိုင်ရတာ။ စာပေမှာ ဘာလိုသုံးတုန်း
ဆို အဲဒီချွန်းကို “အင်္ကုသ” လို့ ခေါ်တာ။

လူရဲ့စိတ်ဟာလည်းပဲ တစ်ခါတစ်ခါ ဆင်ရိုင်းလိုပဲ။
အင်မတန်မှ ရိုင်းတယ်။ ဆင်မုန်ယိုသလို လူတွေကလည်းပဲ
မုန်ယိုတတ်တယ်။ လောဘကလည်း မုန်ယိုတာပဲ။
ဒေါသကလည်း မုန်ယိုတတ်တာပဲ။
လောဘမုန်ယိုလို့ ခိုးမှု၊တိုက်မှုတွေ ဖြစ်တယ်။
ရာဇဝတ်မှုတွေ ဖြစ်တယ်။ ဒေါသမုန်ယိုလို့
လူသတ်မှုတွေ ဖြစ်တယ်နော်။ အဲဒီလို လောဘ၊
ဒေါသ မုန်ယိုလာတဲ့အခါမှာ ထိန်းချုပ်ရမယ့်ဟာ
စကားလုံးသုံးတဲ့အခါမှာ
“အကြောင်းအရာတစ်ခုကို ချွန်းသဖွယ်အသုံးပြု၍”
“အင်္ကုသကတွာ” ဆိုတဲ့ စကားလုံးလေး သုံးတယ်။

“ချွန်းလိုအတွေးလေးနဲ့ ကိုယ့်စိတ်ကိုနိုင်အောင်
အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်ပြီးတော့
အဲဒီဆင်ခြင်သုံးသပ်မှုကိုပဲ ဆင်ကို ချုပ်ကိုင်တဲ့ ချွန်းလို
အသုံးချပြီးတော့ ကိုယ့်ကိုယ်ကို နိုင်အောင် ကိုင်ထား”
လို့ ဒီလိုပြောတာ။

အဲဒီလိုနိုင်အောင် ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားထူး၊
တရားမြတ်တွေရပြီး သံသရာဝဋ်က လွတ်သွားတာလေ။
အဲဒီလို မကိုင်နိုင်သေးလို့ရှိရင် တရားထူး တရားမြတ်
ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းသေးတယ်ပေါ့။
ဒီဘဝမရရင် နောက်ဘဝရမယ်ဆိုတာ မျှော်လင့်
နိုင်သော်လည်းပဲ သေချာဖို့ အင်မတန်မှ ခက်တယ်ပေါ့။
မသေချာဖို့ရာပဲ များတယ်။ ရာခိုင်နှုန်းက သေချာဖို့
ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ၅၅၀ ဇာတ်လမ်းတွေ
ဖတ်ကြည့်လိုက်။ ဘုရားလောင်းကြီးတွေတောင်မှပဲ
ငရဲကို အကြိမ်ကြိမ်ကျတယ်။
တိရစ္ဆာန် အကြိမ်ကြိမ်ဖြစ်တယ်။
စိတ်ကိုပိုင်နိုင်ပြီးတော့ ပါရမီဖြည့်ကျင့်တဲ့ဘုရား
အလောင်းကြီတွေတောင်မှပဲ အပါယ်ဘုံကို ရောက်ရောက်
သွားသေးတာပဲ။ အဲဒီတော့ အပါယ်ဘုံရောက်တယ်
ဆိုတာ ဘာကြောင့်ရောက်တာတုန်းဆိုတော့
စိတ်မနိုင်လို့ ရောက်တာတွေချည်းပဲ။

စိတ်ထဲမှာ မစင်ကြယ်တဲ့ လောဘတွေ၊ ဒေါသတွေ၊
မောဟတွေ၊ မာန်မာနတွေ၊ ဣဿာ မစ္ဆိရိယတွေ
အဲဒါတွေကြောင့် အပါယ်ရောက်တာ။ စိတ်ထဲမှာဖြစ်တဲ့
အညစ်အကြေးတွေကို သန့်ရှင်းအောင် မလုပ်နိုင်လို့
အပါယ်ရောက်တာ။ အဲဒါကြောင့် “ကိုယ့်စိတ်ဆင်ရိုင်းကို
ပညာတည်းဟူသော ချွန်းဖြင့်အုပ်တယ်” လို့
မြန်မာစာပေတွေမှာ ရေးလေ့ရှိတယ်။

အသိပညာနဲ့ ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်စိတ်ကို
ကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ်။
အဲဒါကိုပြောတာနော်။
ကောင်းအောင်ပြင်ရမယ်။

အခုလို သာသနာနဲ့ တွေ့တဲ့အချိန်ကလေးမှာ
ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင် နောင်ဒီလို
အသိဉာဏ်မျိုးရဖို့ ဆိုတာ အများကြီး ခဲယဉ်းသွားပြီ။
ရလာလိမ့်မယ်လို့တော့ မထင်လေနဲ့။

လူတွေရဲ့စိတ်ကို ဘာက လွှမ်းမိုးထားလဲဆို
ပတ်ဝန်းကျင်က လွှမ်းမိုးထားတယ်နော်။ အခုတော့
ပတ်ဝန်းကျင်ကောင်းမှာ လူလာဖြစ်သည့်အတွက်ကြောင့်
ဒီအသိဉာဏ်တွေ ရတယ်။ ပတ်ဝန်းကျင်ဆိုတာ
“ဥပနိဿယပစ္စယော” ၂၄-ပစ္စည်းတွေမှာ ဥပနိဿယ
ဆိုတာ အားကြီးသော အကြောင်းတရားလို့ ပြောတာ။
အင်မတန်မှ အားကောင်းတဲ့ အကြောင်းတရားကြောင့်
ဘုန်းကြီးတို့တစ်တွေဟာ မှန်မှန်ကန်ကန် စဉ်းစား
တတ်လာကြတယ်။ အဲဒီ စဉ်းစားတတ်လာတာလေးတွေကို
ခိုင်မာမှုရှိအောင် ဒီဘဝမှာ မကြိုးစားဘဲနဲ့ အမှတ်တမဲ့
နေလိုက်ကြမယ်ဆိုရင် သူ့ဘာသာသူ ခိုင်မာလာမှာ
မဟုတ်ဘူး၊ ရင့်သန်မှာလဲ မဟုတ်ဘူး။
ဒီအသိလေးတွေဟာ မကြာခင်လေးပဲ
ပျောက်သွားနိုင်တယ်။ ကြိုးးစားအားထုတ်ရမယ်
ဆိုတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။
ဒါကြောင့်မို့ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဖို့ရာအတွက်စဉ်းစားရမယ်။မစဉ်းစားဘဲ မနေရဘူး။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အလေးထားဖို့ရာအတွက် (၃)မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကောင်းအောင်ပြင်ဖို့ရာ အတွက်
ဘုန်းကြီးတို့တစ်တွေဟာ အလေးထားစရာ
သုံးမျိုးမှတ်ထားရမယ်။ မြတ်စွာဘုရားက ဟောထားတယ်။
အလေးထားဖို့ရာအတွက် (၃)မျိုး။
ဘာကိုအလေးထားတာတုန်းဆိုတော့
နံပါတ်(၁)။ကိုယ့်ကိုကိုယ် အလေးထားပြီးတော့
စဉ်းစားဆင်ခြင်ရမယ်။
နံပါတ်(၂)။ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို
အလေးထားပြီးတော့ ဆင်ခြင်တတ်ရမယ်။
နံပါတ်(၃)။တရားဓမ္မကို အလေးထားပြီးတော့
ဆင်ခြင်သုံးသပ်တတ်ရမယ်။

ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ
ဘယ်လိုဟာကို ပြောတာလဲ? မြတ်စွာဘုရားက ဟောတယ်။
“အတ္တာနံ ယေဝ အဓိပတိံ ကတွာ”ကိုယ့်ကိုကိုယ်
အလေးထား ပြီးတော့ “အကုသလံ ပဇာဟတိ၊
ကုသလံ ဘာဝေတိ”အကုသိုလ်တွေ ဖယ်ရှားဖို့
ကြိုးစားတယ်။ ကုသိုလ်တွေ တိုးတက်လာအောင်
ကြိုးစားတယ်တဲ့။
ဒါဟာ ကိုယ့်ကိုကိုယ် အလေးထားတာ။ ။

【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 】
--------------------------------------------------------------------------
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------

posted from Bloggeroid

No comments:

Post a Comment