Monday, January 23, 2017

ဝိပဿနာဉာဏ် မဂ်ဉာဏ်နဲ့မှ ကြွေးဆပ်နိုင်မှာ



ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ။
ဝိညာဏ်မြင် သမ္မုတိသစ္စာအားဖြင့်... ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်နော်။
ပညာမြင် ပရမတ္ထသစ္စာဘက်က ဝိပဿနာဉာဏ် မဂ်ဉာဏ်ပေါ့။
အဲဒီ ဉာဏ်ကို အားကိုး ရမယ်နော်။

ကံက ယုံကြည်ရမည့်တရား။
အဲလိုစိစစ်ဖို့ မကောင်းလား။
ဒီတော့ မိမိ မသိခင်တုန်းက မိုက်ခဲ့တဲ့ ကိစ္စတွေ ပြန်ပြီးတော့မှ
စိစစ်ဖို့ ကောင်းတယ်နော်။

အဲဒီ မိုက်ခဲ့တဲ့ အကုသိုလ်တရားတွေကို ပပျောက်အောင် လို့ ဘုရား ပွင့်မှ ကြားသိရတဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ပေါ့။
အဲဒီ ဉာဏ်နဲ့မှ ကြွေးဆပ်နိုင်မှာနော်။

ဝိပဿနာဉာဏ် မဂ်ဉာဏ်သာ မပါဘူးဆိုရင်....
ဒါနနဲ့ ဆပ် ကျေပါ့မလား။
သီလနဲ့ ဆပ် ကျေပါ့မလား။
သမထနဲ့ ဆပ် ကျေပါ့မလား။
ပခုံးခွန်နဲ့ ဆပ်ရင်ကား ကျေပါ့မလား။
အသားနဲ့ ဆပ်ရင်ကား ကျေပါ့မလား။
ကျေဘူးကွဲ့နော်။

အဲဒါတွေကို နားလည်ဖို့ လိုတယ်။
အဲဒါကြောင့် ခဏ ခဏ သတိပေးရတယ်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။


®နှစ်သိန်းနှင့် မလဲနိုင်တဲ့ တစ်ဆယ်®


ကုသိုလ်ကံ အကုသိုလ်ကံ တရားနာရင်းနဲ့ စဉ်းစားရတယ်နော်။
မစဉ်းစားဘူး ဆိုရင် တရားနာရငြားသော်လည်း ဆန်ကုန်မြေလေး ဖြစ်မှာပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။

စဉ်းစား စဉ်းစား အကုသိုလ်အလုပ်ဆိုတာ...စဉ်းစားကြ ၊ ထိထိမိမိ လေ့လာကြနော်။
အခု အကုသိုလ်တရား ရပ်တိုင်း ရွာတိုင်း အတော်ကို တိုးနေကြတယ်။ ချဲ ခေတ်စားနေတာကိုးကွဲ့ ။
အဲဒါတွေဟာ မိမိက စဉ်းစားဖို့မကောင်းလား။

ဘုန်းကြီးတို့ ရန်ကုန်မှာ သီတင်းသုံးနေတဲ့အခါ...
မန္တလေး မှာ သုတအနေနဲ့ ဒကာတယောက် ချဲ ဆယ်သိန်းလောက် ပေါက်လာခဲ့တယ်တဲ့ ကြားလား။
မိဘကို သုံးဖို့ စွဲဖို့ နှစ်သိန်းပေးတယ်။
မိဘက သူ့ဆီမှာ ရှိတဲ့ ဝတ္ထုစ ဆယ်တန်ကို ထောင်ပြတယ်။
မင်း ငွေ နှစ်သိန်းက ဟောဒီ ဆယ်တန် နဲ့ မလဲနိုင်ဘူးကွယ်လို့ ပြောသတဲ့။
ဟောဒီ ဆယ်တန်က သီလနဲ့ ပြည့်စုံပြီးတော့ ရတဲ့ ဆယ်တန်တဲ့။
မင်းဟာ ငါ လက်မခံနိုင်ဘူးတဲ့ ကြားလား။
မင်းဟာတွေ အဆိပ်ပါတယ်တဲ့။

အဲဒီတော့ ပြန်ပြီးတော့ အသေးစိတ် ကြည့်တဲ့အခါ ညောင်ပင်ကြီးလောက် လှူငြားသော်လည်း ညောင်စေ့လောက် ရတယ်လို့ ကြားဖူးရဲ့လား။
ညောင်စေ့လောက် လှူငြားသော်လည်း ညောင်ပင်ကြီးလောက် ရတယ်
အဲဒီဆယ်တန်က သီလနဲ့ ပြည့်စုံတယ်ဆိုတော့ ညောင်စေ့ ပမာဏကွဲ့နော်။
ညောင်ပင်ကြီး က သီလနဲ့ မပြည့်စုံတာနဲ့ မတူဘူးလား။
အဲလို လေ့လာဖို့ မကောင်းလား။ စဉ်းစားကြကွဲ့နော်။

စားဝတ်နေရေး မပြေတာ အကုသိုလ်ကံ လှည့်တာပေါ့။
ပြေတာ ကုသိုလ်ကံ လှည့်တာပေါ့။
စဉ်းစား...စဉ်းစား ကြားလား။
ရပ်တိုင်း ရွာတိုင်း မြို့တိုင်းတွေမှာ ဒီကိစ္စ ချဲခေတ်စားပြီးတော့ ရန်ကုန်မှာ ဘုန်းကြီး ဒကာတွေ ပြောဖူးတယ် ။
အပေါင်ဆိုင် မှာ ထမင်းချိုင့်တွေကအစ ရောက်ကုန်တော့တာ ဘုရားတဲ့။အပေါင်ဆိုင်မှာ ထမင်းချိုင့်က အစ ရောက်ကုန်ပြီတဲ့နော် ။အေး
ကြာတော့ အဲဒါတွေက ခိုးဖို့ လိမ်ဖို့ စိတ်ကူးတော့တာပေါ့။
သုံးစရာက မရှိ စွဲစရာက မရှိ အကုသိုလ် စိတ်တွေ ဝင်မနေဘူးလား။ စဉ်းစားကွဲ့။
အလုပ်တွေကလည်း ပျင်းတော့တာဟေ့ နော်။
လေ့လာ...လေ့လာ။

ကိုယ့်ကိုယ်ကို အကုသိုလ်လို့...သေခါ ငရဲကို ရောက်ဦးမယ်။ ငရဲကို ရောက်လို့ ငရဲသက်ကစေ့ပြီးတော့ ပြန် ပြီးတော့မှ ဖြစ်ကာ လူ့အဖြစ်ကို ရခဲတယ်။ တိရစ္ဆာန် ဘဝ ရောက်တာ များတယ်ကွဲ့နော်။ တိရစ္ဆာန် ဆိုတော့ နိုင်ရာစား ဘဝပေါ့။အဲဒီ တိရစ္ဆာန် စိတ်တွေက အကုသိုလ်စိတ်တွေ နော်။ တိရစ္ဆာန် က သေသွားတော့ကာ ငရဲကို မရောက်ဘူးလား။ ငရဲကိုခံ...အားရအောင်ခံ ငရဲသက်ကစေ့ တိရစ္ဆာန် ဖြစ်။ တိရစ္ဆာန် ကနေ ငရဲကို ရောက်...ဟော ချာလည်လည် မနေလားဟေ့။ အဲလို စိစစ်ဖို့ ကောင်းတယ်ကွဲ့နော်။
ဘယ်လောက်များ ကြောက်စရာ ကောင်းသလဲ။

သီလနဲ့ ပြည့်စုံလို့ လူ့အဖြစ်ကို ရလာခဲ့တာနော်။ အဲဒီလူ့အဖြစ်ကို ရပြီးကာမှ ဒီသီလလေးကို အလွဲ သုံးစားလိုက်မယ်ဆို အပါယ်က သွားတော့မှာပေါ့။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ

သူခိုး အစစ်ကို မဖမ်းမိဘူး။
##################

ဝဋ် အနေနဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်။ ဟုတ်ကဲ့လားဟေ့။
စဉ်းစားနော်။
အဲဒါ... ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့ မဟောဘူးလား။
စဉ်းစား။ စဉ်းစား။

ဒါကြောင့်... ကာယကံ ဝစီကံ မနောကံ။
ကံကို ယုံကြည်ပြီးတော့မှ...
အဲဒါ သစ္စာအနေနဲ့
အကြောင်း အကျိုးသိဖို့ လိုသေးတယ်ကွဲ့နော်။

ဒါတော့... တဏှာ ဥပါဒါန် ကံ။ ၃-အကွက်မှာလေ။
သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။....?။
တဏှာ ဥပါဒါန် ကံ သစ္စာဖွဲ့တော့ ဘာသစ္စာလဲ။
သမုဒယသစ္စာနော်။

ကဲ အဲတော့ သမုဒယသစ္စာဆိုတော့ကာ ...
ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်လို့
ဝဋ်ကျတော့ သုံးမျိုး မရဘူးလား။

ကာယကံ ဝစီကံ မနောကံနော်။
ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် ၊ ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ်၊ မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် လို့ မပြောဘူးလား။
အဲဒီကံကြောင့် အကုသိုလ် ဖြစ်တယ်လို့ မယူဘူးလား။
ဒါ ပြန်ပြီးတော့ ကံကြောင့် အကုသိုလ် ဖြစ်တယ် ဆိုတဲ့ကိစ္စ ... ပြန်ဆန်းစစ်။
အရင်းစစ်တော့ အမြစ်မြေက လို့ မဟောဘူးလား။
အဲဒီကံတွေ ဘာမှ ကြောက်စရာ မရှိဘူး ကွဲ့။

သူက အကျိုးတရား။
အကျိုးတရား ... သူ့ကို ဘယ်နှယ့်ကြောင့် သစ္စာ...
သမုဒယသစ္စာ ထဲကို ထည့်သလဲလို့ မေးရင် ဘယ်လို အဖြေ ပေးမလဲ။ ...?
အကျိုးတရားကို ဘယ်နှယ့်ကြောင့် သမုဒယထဲ ထည့်ရတာလဲ။
ဘယ်လို အဖြေ ပေးမလဲ။

စဉ်းစားကွဲ့နော်။
ဒါတော့ တဏှာ က အကြောင်း ကွဲ့။ တဏှာ ဥပါဒါန်က အကြောင်း မရဘူးလား။ ကဲ... ကံက အကျိုးတရား။
အကျိုးတရား ဒုက္ခသစ္စာ။
သမုဒယသစ္စာထဲ ဘယ်လို ထည့်တာလဲ ပြန်စဉ်းစားဖို့ မကောင်းလား။

ဒါတော့... သူ့ကို သမုဒယထဲ ထည့်တော့ အကျိုး မရှာရဘူးလား။
အကျိုးရှာ.... ဇာတိ ဆိုတဲ့ ခန္ဓာ မရလား။
အဲဒီ ခန္ဓာကို သစ္စာ ဖွဲ့တော့ ဘာသစ္စာလဲ။
သြော် ဒုက္ခသစ္စာ။
ဒုက္ခသစ္စာ ... ဒီကံကြောင့် ဖြစ်တာကိုး။
ဇာတိဆိုတဲ့ အကျိုးတရား ထောက်တော့ ကံက အကြောင်းတရား။
သမုဒယသစ္စာ မရလား။

တဏှာ ဥပါဒါန် ထောက်ကြည့်တော့ ကံက အကျိုးတရား မရလား။
ဒုက္ခသစ္စာ။
စိစစ်ဖို့ မကောင်းလား။
ဒါကြောင့် စေ့စေ့စပ်စပ် ခန္ဓာသိဖို့ လိုတာကွဲ့။
ကိလေသဝဋ် သိဖို့ လိုတယ်။ ကမ္မဝဋ် သိဖို့ လိုတယ်။ ဝိပါကဝဋ် သိဖို့ လိုတယ်။ ကြားလား။

ဒါမို့ ဆရာတော်ဘုရားကြီးက မိမိကနေပြီးတော့မှ သူခိုး အစစ်ကို မဖမ်းမိဘူး တဲ့။ကြားလား။
သူ ဖမ်းတာ ... ပန်းတိမ် မှာပဲ သွား သွား ဖမ်းတယ်တဲ့။
ရွှေတွေ ဘာတွေ ပျောက်တဲ့ အခါလေ။

ပန်းတိမ် သမားက ကံနဲ့ မတူလား ကွဲ့။
လက်သည် ရှာကြည့်တော့ တဏှာ ဥပါဒါန်လို့ မဟောဘူးလား။
ဥပါဒါနပစ္စယာ....?၊ (ကမ္မ)ဘဝေါ ၊

ကဲ ဥပါဒါန်သာ ချုပ်ရင် ဒီကံ လာဦးမလား။
ဒါတော့ တရား အားထုတ်တာ ဥပါဒါန် ချုပ်ဖို့ လိုတာ။
ဒီလို စိစစ်ဖို့ မကောင်းလား။
ဥပါဒါန် ဆိုတာ လိုရင်းကတော့...
ဥပါဒါန်ဟာ တဏှာကြောင့် ဖြစ်တာ။
ဒါကြောင့် တစ္ဆေ ကြီးတော့ သရဲ လို့ မဟောဘူးလား။
တဏှာကြောင့် ဥပါဒါန် ဖြစ်တာဗျား။ အဲလို စိစစ်ဖို့ လိုတယ်နော်။

ဒီလိုဆိုတော့ကာ တဏှာ ဥပါဒါန်က ဝဋ်အနေနဲ့ ဘာဝဋ်လဲ။
ကိလေသဝဋ်။
ဟိုက ကမ္မဘဝက ... ကမ္မဝဋ်။
ကာယကံ ဝစီကံက ကမ္မဝဋ် မနေဘူးလား။
ဇာတိ ဇရာ မရဏက အကျိုးတရား ဝိပါကဝဋ်။

ဇာတိ ဇရာ မရဏကို ထောက်ပြီးတော့ တဏှာ ဥပါဒါန် ကံကို ....
အဲဒါ သမုဒယလို့ သစ္စာ ဖွဲ့ရတယ်ကွဲ့နော်။

ဝဋ် အနေကျတော့...
တဏှာ ဥပါဒါန်က ကိလေသဝဋ်။
ကမ္မဘဝက ကမ္မဝဋ် မဟောဘူးလား။

အဲဒါကြောင့် တဏှာ ဥပါဒါန်ကို ပြန်ကြည့်တဲ့အခါ....
ကမ္မဝဋ်က အကျိုးတရား ဒုက္ခသစ္စာ။
တဏှာ ဥပါဒါန်က အကြောင်း သမုဒယသစ္စာ။
ဒီလို မနေဘူးလား။

ဇာတိ ဇရာ မရဏ အကျိုးတရားကို ထောက်တော့ ကမ္မဝဋ်က သမုဒယသစ္စာ ဒီလို မယူဘူးလား။

သူ့ကို ထောက်ကြည့်တော့ သမုဒယ ။
ဤနှစ်ခုကို ကြည့်တော့ သူက အကျိုး ဒုက္ခပေါ့။
အဲလို ယူလို့ မရဘူးလား။
သူ့နေရာနဲ့သူ နားလည် ဖို့ လိုတယ်နော်။
သိမှ ပယ်နိုင်တာ။

ပဋိစ္စသမုပ္ပါဒ် ဟောတာလေ။ အဲလို စိစစ်ဖို့ မကောင်းလား။
ထိထိမိမိ အဲဒါ သဘောပေါက်ဖို့ လိုတယ် ကွဲ့။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။


ငါ မရှိပါဘူးဆို ... ငါနာတယ်လို့ ဝင်လာခဲ့တာ ကွဲ့။
################################

ကိုယ့်ခန္ဓာကြီးက သေမည့် အပိုင်းကို ရောက်နေပြီနော်။ သမ္မုတိ အနေနဲ့...။

မနက်ခင်းနဲ့ နေ့ခင်း တူရဲ့လား။
နေ့ခင်းနဲ့ ညနေ တူရဲ့လား။
ညနေနဲ့ ည တူရဲ့လား။

အမောတွေက စိပ် စိပ် စိပ် စိပ် မလာဘူးလား။
ဒီ ခန္ဓာ ... မိုးလင်းတော့မှာ မဟုတ်ဘူးပေါ့။
ဒီ ခန္ဓာ... ညဦးမှာ ဇာတ်သိမ်းမှာပဲ။
အဲလို လေ့လာဖို့ မကောင်းလား။

အဲလို သိတော့...
ခန္ဓာဘက်ကို ဉာဏ်လှည့်လိုက်တော့တာနော်။
ကဲ... ပုဂ္ဂိုလ် သတ္တဝါ တွေ့သေးရဲ့လား။
တွေ့တဲ့ တရားက သူတွေ ငါတွေလား ခန္ဓာငါးပါး...။

အဲဒီ ခန္ဓာဘက်ကို တွေ့တဲ့အချိန်မှာ ပုဂ္ဂိုလ်သတ္တဝါ တွေ့ရဲ့လား။
မတွေ့တော့ဘူးနော်။

တွေ့တာက... ခန္ဓာငါးပါးပေါ့။
ချုံးလိုက်တော့... နာမ်နှင့်ရုပ်ပေါ့။
ချုံ့လိုက်တော့ ... အနိစ္စပေါ့။

ရုပ်တရားကြီးကလည်း ဖြစ်ပြီး ပျက်။
နာမ်တရားကလည်း ဖြစ်ပြီး ပျက်။
ဖြစ် ပျက်။ ဖြစ် ပျက်။ လို့ မဟောဘူးလား။

ရှေ့က ဖြစ်ပျက်။ နောက်က မဂ်။
ရှေ့က ဖြစ်ပျက်။ နောက်က မဂ်။
ဖြစ်ပျက်နဲ့ မဂ် ဆက် ဆက် ဆက်သွားတော့...
ကိလေသာ ကြားဝင်လို့ ရပါမလား။
အဲဒီ စိတ်လေးနဲ့ ဝိညာဏ်ချုပ်ဖို့ မလိုဘူးလား။
အဲဒါ လိုတာ....။ မဂ်စိတ် ဖိုလ်စိတ်နဲ့ ပေါ့နော်။

ဒါမို့... ချုံးလိုက်တော့
ကိုယ်သာ နာ၍ စိတ် မနာစေနဲ့ ပေါ့။

ကိုယ်ဆိုတာ... အကျိုးတရား ဝိပါကဝဋ် ခန္ဓာနော်။
နာတယ် ကျဉ်တယ် ကိုက်တယ် ခဲတယ် အော်နေတာပေါ့။
ငါလား ဝေဒနာ...။
ဝေဒနာဘဲ။ သူတွေ ငါတွေ ဟုတ်ကဲ့လား။
ဝေဒနာ လို့ မဟောဘူးလား။

ကိုယ်သာ နာ၍ စိတ် မနာစေနဲ့နော်။
အဲလို အကျိုး အပြစ်ကို သိတော့ကာ...
အကျိုးအကြောင်းကို သိတဲ့အတွက် ဒေါသ ဖြစ်သေးရဲ့လား။
စိတ် မနာတာ။... စိတ် မနာတာ။

ခန္ဓာကိုယ်ကတော့ လွတ်ကဲ့လား။
အော်နေတာ...။ အင်မတန် ပြင်းထန်တဲ့ အခါ မအော်ဘူးလား။
အော်တာ... လူလား ဝေဒနာ။
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ လို့ ဟော မဟော။
ငါ ပါရဲ့လား။

ခန္ဓာပဲ တွေ့တယ်နော်။
ဒီလိုဆို... ဒိဋ္ဌိ ပြုတ်တာပေါ့ကွဲ့။
အခု အဲလို တည့်တည့် ဟောငြားသော်လည်း
မရဘူးကွာ ငါ နာတယ်။ မရဘူး။
ငါ နာတယ် မလာဘူးလား။
ငါ မရှိပါဘူးဆို ... ငါနာတယ်လို့ ဝင်လာခဲ့တာ ကွဲ့။
ငါ မရှိဘူးလို့ မဟောဘူးလား။

အော်နေတာ... ငါလား ဝေဒနာ။
အဲဒီ ပြောတဲ့ အထဲကမှ ကြောင်တောင်ကန်းက .... ငါ နာတာတဲ့ဗျား။
စိစစ်ဖို့ မကောင်းလား။
ကဲ ရှာကြည့်လိုက်။ ငါ တွေ့ပါမလား။

အော်နေတာ... ငါလား ဝေဒနာ။
ဘာဖြစ်လို့ ငါ မတွေ့တာလဲ။
အဲဒါ သူများ မေးရမှာလား ကိုယ်တွေ့...။
သန္ဒိဋ္ဌိက တွေ့နေပြီ...။ ကြားလား။

ဒါ... သိရမည့် တရားနော်။
အကျိုးတရား ဝိပါကဝဋ် ခန္ဓာ လို့ မဟောဘူးလား။
ဘုရား ရဟန္တာတွေ လွတ်ပါမလား။
ကိလေသာ မဟုတ်ဘူး။ အကျိုး ဝိပါကဝဋ်။

ရဟန္တာတွေဖြစ် ... ရဟန္တာတွေလည်း မခံရဘူးလား။
သူတို့လည်း ဥတု မညီတဲ့အခါ ဖျားတာ နာတာ မဖြစ်ဘူးလား။
ဖြစ်တယ်။ ကိလေသာ သာ ကုန်တာနော်။
ကိလေသာချုပ် နောက်ခန္ဓာ လာသေးရဲ့လား။

ရှိတဲ့ ခန္ဓာကတော့ အကျိုးတရားမို့ လွတ်ပါမလား။
အေး... ဒါကတော့ သည်းခံရတာပေါ့။
စိစစ်ဖို့ မကောင်းလား။
ကိလေသာ မဟုတ်ဘူး။
ဒါမို့....
ကိုယ်သာ နာ၍ စိတ် မနာစေနဲ့။
အဲလို သိတော့ ဒေါသစိတ် ဖြစ်သေးရဲ့လား။
အဲဒါ လွတ်တော့တာ ကွဲ့။

အဲလို လွတ်ဖို့ မလိုဘူးလား။
လိုရင်းအချက်ကတော့ ကိလေသာ ချုပ်ဖို့ အဓိကပေါ့။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment