Wednesday, January 18, 2017

ဓုတင် အဓိပ္ပါယ်များ အကျဉ်းမျှသိရန်


၁ ။ ပံသုကူဓုတင်

သုသာန်, ဈေးတန်း, လှည်းကြီးလမ်း၊ လူလမ်း, မှိုက်ပုံပါ၊
ကိုယ်ဝန်ညစ်ပေ, ဘုတ်ချိုးရေ၊ စွန့်လေ ချိုးဆိပ်ပါ၊
မီးလောင်, နွားဝါး, ကြွက်ကိုက်ထား၊ ခြစား, ပြတ်စွန်း, ဆာ၊
တောင်ပို့, လေယူ, ရဟန်းလှူ၊ နတ်လှူ`, တံခွန်လွှား၊
သုသာန်ပြန်ထုတ်, ဘိသိက်အုပ်၊ သမုဒ်, တံခိုးသာ၊
နှစ်ဆယ့်သုံးဟူ ပံသုကူ၊ ကောက်ယူ သုံးဆောင်ရာ………
(၀ိသုဒ္ဓိမဂ်အရသာ-၈၅)

ဤဖော်ပြပါ ၂၃-ဌာနတို့တွင် တစ်ခုခုမှကောက်ယူ၍ အဆွေးကို ပယ်,ဖွပ်လျှော်၍ သင်္ကန်းပြုပြီးလျှင် ဒကာလှူထားသော ယခင်ရှိနေပြီး သင်္ကန်းကို
ပယ်၍ ပံသုကူသင်္ကန်းအဖြစ် သုံးဆောင်အပ်၏ ………

ဒကာလှူသော သင်္ကန်းကို သာယာလက်ခံသော ခဏ၌ ဓုတင်ပျက်၏
စူဠ၀ါဋီကာ၌ လှူသူ၏ သဒ္ဓါကို ငဲ့၍ မပယ်ဘဲ သူတစ်ပါးအား ပေးအံ့ဟု
ခံယူလျှင် ပံသုကူဓုတင် မပျက်ဟု ဆို၏
နတ်လှူ ရဟန်းလှူ သင်္ကန်းများပံသုကူဓုတင်သင်္ကန်း၌ ပါဝင်သည် ………
………………………………………………………………

၂ ။ တိစီဝရိက်ဓုတင်

ပခုံးတင်စရာ ချွေးခံစရာ အံသကိုဋ် အပိုထားနိုင်သည်
အိပ်ရာခင်း
အံသကိုဋ် ဤနှစ်ထည်သည် တိစီဝရိက်ဓုတင်ကို မပျက်စေနိုင် (ဘိက္ခုနီတို့အား ရေသနုပ်, ရင်လွှမ်းတဘက်နှင့်ပါ ငါးထည်သည် တိစီဝရိက် မည်၏၊)
………………………………………………………………

၃ ။ ပိဏ္ဍပါတ်ဓုတင်

ဆွမ်းခံ၍ကျင့်ရသော ဓုတင်ဖြစ်သည်
ပင့်၍ လှူအပ်သောဆွမ်း မအပ်ကုန်
ဆွမ်းကျွေးရန် ဒကာတို့ကျောင်း၌ ချက်လှူသော ၀ိဟာရပက္ကဘတ်လည်းအပ်သည်
သံဃာထံမှ ယာဝကာလိကကင်းသော ဆေးစသော
စာရေးတံ အပ်သည်
သံဃဘတ်ကို ဥဒ္ဒေသဘတ်ကို အလှူခံပါ စသည်ဖြင့်
မဆိုဘဲ ဘိက္ခာကို ( = ဆွမ်းကို) သံဃာကုန် အလှူခံပါဟု ဆို၍ လှူလျှင်အပ်၏ ………

ယခုကာလ ထမင်းဖြင့် မဖိတ်၊ ဆွမ်းဖြင့်သာ ဖိတ်ကြသောကြောင့်ဤဓုတင် ပျက်နိုင်ခဲ၏
နေ့စဉ် ဆောက်တည်သင့်သည်ဟု ဆရာမြတ်တို့ဆိုကုန်၏
ဆွမ်းခံ မကြွခြင်းဖြင့် ဓုတင်မပျက်၊ ထမင်းကို ခံယူမှ ဓုတင်ပျက်သည် ………
………………………………………………………………

၎ ။ သပဒါနစာရိကဓုတင်

ဤရဟန်းသည် စောစော ရွာဝင်သင့်သည်
မပြည့်စုံသောအရပ်
ဘေးရန်ရှိသောအရပ်ဖြစ်လျှင် ပယ်၍ အရပ်တစ်ပါးသို့ သွားနိုင် ဆွမ်းခံနိုင်လတ္တံ့
ကျောင်း၌ အလှူလာလှူသူ ခရီးအကြား၌ တွေ့ဆုံလာသူတို့သည်သပိတ်ယူ၍ ဆွမ်းလှူကုန်အံ့၊ အပ်၏
ခရီးသွားစဉ်လည်း ဆွမ်းခံချိန်
ရောက်သော် ရွာကို အိမ်ကို ကျော်၍ မသွားအပ်
ထိုရွာ၌ အစဉ်အတိုင်းဆွမ်းခံ၍ မရသော်လည်းကောင်း, အနည်းငယ်သာ ရသော်လည်းကောင်း
ရွာစဉ် အိမ်စဉ်ဖြင့်သာ သွားအပ်၏ ………
………………………………………………………………

၅ ။ ဧကသနိက်ဓုတင်

တစ်နေရာတည်း တစ်ထိုင်တည်းသာ စားရ၏
အထူးထူးသော နေရာ၌
ဘောဇဉ်စားသောခဏ၌ ဓုတင်ပျက်၏
ဆွမ်းစား၍ မပြီးသေးမီ ဆရာ-
ဥပဇ္ဈာယ် ကြွလာသည်ဖြစ်အံ့၊ ထ၍ ၀တ်ကြီးဝတ်ငယ် ပြုရမည်သာတည်း ………

ဓုတင်မပျက်အောင် နေရာကလည်း စောင့်ရာ၏ စားခြင်းကလည်း စောင့်ရာ၏
စားမပြီးခင် မထရ
စား၍မပြီးခင် ထ၍ ၀တ်ပြုသော ဤသူကား
စောင့်ခြင်းနှစ်ပါး မရှိသောကြောင့် ပြန်မစားရ
ပြန်စားလျှင် ဓုတင်ပျက်၏
မစားခင် ထနိုင်၏ ………
……………………………………………………………

၆ ။ ပတ္တပိုဏ်ဓုတင်

ဆွမ်းဘောဇဉ်ယူသောအခါ ၀မ်းပမာဏချင့်၍ သင့်ရုံထည့်ယူအပ်၏
စားမကုန် မဖြစ်စေလင့် ဟင်းရွက်စိမ်းကို လက်ဖြင့် ကိုင်၍စားလျှင် အပ်၏
လက်သည် ခွက်မဟုတ် အပ်သော်လည်း သပိတ်၌သာ ထည့်ရ၏
ဒုတိယ-ခွက် ပယ်ခြင်းဖြစ်သောကြောင့် တစ်ပါးသော သစ်ရွက် ဇွန်းတို့ကားဆားပုံရုံမျှ ခွက်အလို့ငှာ မအပ်
ဆရာမြတ်တို့ကား ခံသောအခါ ခွက်အများ အပြစ်မရှိ၊
စားသောအခါ တစ်ခွက်တည်းသာ စားရသည်
ဝမ်းပမာဏသင့်ရုံ ယူအပ်
သောကြောင့် ကိုယ်တိုင်ပြင်ထည့်ခြင်းကို
အပြစ်မဆိုသင့် နေရာရွှေ့ပြောင်း၍ အထပ်ထပ်စားလျှင် အပြစ်မရှိ ခွက်ကားမပြောင်းရ ခွက်၌ရှိသော အရိုး
စပါးလုံးစသည်ကို လက်ဖြင့်ယူ၍ ထွေးခံ၌သော်လည်း မစွန့်အပ်
ကြံစုပ်သောအခါ ကြံဖတ်ကို မမျိုနိုင်ရကား လက်ဖြင့်ယူ၍ ခွက်၌ စွန့်အပ်၏
ငါးအရိုး စပါးလုံးတို့ကား ၀ါး၍ မျိုသာလျှင် မျိုချ၊ မမျိုသာလျှင် လက်ဖြင့်ယူ၍ ခွက်၌မစွန့်ရ
ပါးစောင်ဖြင့်သာ မြေ၌လည်းကောင်း ခွက်၌လည်းကောင်း စွန့်ရသည် ဘေး၌ ထွေးခံမထားရ ………

အချို့ကား ခံတွင်းသို့ရောက်သမျှ အရိုးစသည်တို့ကို တစ်ဖြည်းဖြည်း စား၍မျိုချရမည် မမျိုမူ၍ ထွေးလျှင် ဓုတင်ပျက်သည်ဟု အတ္တကိလမထနည်း အယူ
သည်းကုန်၏
အချို့ကား ခွက်၌ရှိသမျှ အားလုံးရောနယ်မွှေမှ မြတ်သည်ဟု
ပညာမဲ့ သဒ္ဓါလွန် စကားကျွံကုန်၏ ရောမွှေရသည်ဟူသော စကားလွန် တွင်ကျယ်သောကြောင့် စက်ဆုပ်၍ မစားနိုင်သဖြင့် ဤဓုတင်ကို ကျင့်လိုသူ နည်းပါးချေ၏
ဘုရားရှင်သည် သန့်သန့်ရှင်းရှင်း စားခြင်းကိုသာ နှစ်သက်သော
မြို့ကြီးသားဖြစ်၏
သေခိယ၌ ရွံဖွယ်ပြုခြင်းကို များစွာ ကဲ့ရဲ့တော်မူသည်ကို
ထောက်ပါ ………
………………………………………………………………

၇ ။ ခလုပစ္ဆာဘတ္တိကဓုတင်

ဘောဇဉ်စားနေစဉ် ရှေးရှုဆောင်သော ဘောဇဉ်ကို တန်ပြီဟု တားမြစ်ပြီးနောက် ဣရိယာပုထ်တစ်ပါး၌ရသော ဘောဇဉ်ကို အပ်သောဝိနည်းကံပြု၍သော်လည်း မစားအပ်
ရှေးဦးစွာသော ဆွမ်းလုတ်၌ ပ၀ါရိတ်သင့်သော
မည်သည် မရှိ
မျိုပြီးနောက် တားမြစ်မှ ပ၀ါရိတ်သင့်သည်
ထို့ကြောင့်
ဥက္ကဌ်သည် တားမြစ်သည်မှနောက် နောက်ထပ်ဆွမ်းလုတ်ကို မစားတော့၊
ခံတွင်း၌ ရှိသမျှကိုသာ စားသည်
မဇ္ဈုကား တားမြစ်စဉ် ခွက်၌ ရှိသမျှကိုသာစားသည် နောက်ထပ်မယူ
မုဒုကား နေရာမှ မထမချင်း နောက်ထပ် ပေး
သည်ကိုလည်း စားသည် …

ပ၀ါရိတ်သင့်ပြီးလျှင် ၀ိနည်းကံဖြင့် အပ်အောင်ပြု၍ စားသောခဏ၌
သုံးယောက်လုံး ဓုတင်ပျက်၏ ၀ိနည်းကံမပြုဘဲ စားလျှင် အာပတ်လည်းသင့်၏၊ ဓုတင်လည်း ပျက်၏ ဤဓုတင်ကား ပျက်ခဲ၏ နေ့စဉ် ဆောက်တည်သင့်သည် ………
………………………………………………………………

၈ ။ အာရညကင်ဓုတင်

ရွာနီးကျောင်းကို ပယ်၍ တော၌ အရုဏ်တက်စေအပ်၏ တစ်အိမ်ရှိသောရွာ၊
အိမ်များစွာရှိသောရွာ၊ အရံရှိ/မရှိရွာ၊ လူနေဆဲရွာ၊ လူမနေဆဲရွာတို့သည် အယုတ်ဆုံး မိုးလေးလနေလျှင် ဂါမမည်၏ …

အယုတ်ဆုံးကုလလေးတာ ငါးရာဝေးသောကျောင်း အတောင်အားဖြင့်
(၂၀၀၀) အနည်းဆုံးဝေးကွာသော ကျောင်းသည် အာရညကင်တောရ-
ကျောင်း မည်၏
အရံရှိသောရွာတံခါးခုံမှ, အရံမရှိလျှင် ပထမခဲတစ်ကျမှစ၍
ကျောင်းအရံထိ တာအပ်၏

ရွာသူရွာသားတို့၏အသံ ကြားလောက်အောင် ကျောင်းနှင့်ရွာ နီးကပ်သော်လည်း တောင်, မြစ်စသည်ခြား၍ ဖြောင့်ဖြောင့် မသွားနိုင်ခဲ့အံ့၊ ပကတိသွားနေကျဖြစ်သော လမ်းခရီး ကုန်းလမ်းရေလမ်းအတိုင်း တာအပ်၏
ရွာနှင့်နီးကပ်သဖြင့် လမ်းဝေးအောင် ထိုထိုလမ်းငယ်တို့ကို ပိတ်ဆို့၍ တောကျောင်းအင်္ဂါပြည့်စုံစေခြင်းငှာ ကြိုးစားလျှင် ဓုတင်္ဂစောရ-ဓုတင်သူခိုး မည်၏…

တောနေရဟန်းသည် ကိုယ်စိတ် ဆိတ်ငြိမ်၏
ရောနှောသူကင်း၍သန့်ရှင်း၏
ဘုရားရှင် ၀မ်းမြောက်အောင် တတ်နိုင်၏ တောနေရဟန်း၏
ခံစားရသော ၀ိဝေကသုခကို နတ်သိကြားတို့သော်လည်း မခံစားရကုန် …
………………………………………………………………

၉ ။ ရုက္ခမူဓုတင်

တိုင်းကြား၊ နတ်ကြီး၊ အသီး, စေးထွက်၊
ခေါင်းသက်၊ ကျောင်းလယ်၊ လင်းနို့တွယ်၊
ရှောင်ဖွယ် ခုနစ်ပင်

ဤသစ်ပင် ခုနစ်ပင်တို့ကို ဘေးရန်မကင်း သမာဓိပျက်လွယ်ခြင်း
မတည်ငြိမ်ခြင်းတို့ကြောင့် ပယ်သည် ဓုတင်ပျက်သည် မဟုတ်ပါ

လူအများစုဝေးသော နေ့တို့၌ ရုက္ခမူဓုတင်ဆောင်သူသည် နေမြဲ သစ်ပင်အောက်၌ လူမြင်ခံမနေမူ၍ ဖုံးကွယ်ရာ အရပ်တစ်ပါး၌ နေအပ်၏
အုတ်,ကျောက်, သစ်ရွက်, မြက်, အင်္ဂတေ ငါးထွေသော အမိုးမိုးရာအရပ်၌ နေလို
သောဆန္ဒဖြင့် ၀င်နေသော ခဏ၌ ဓုတင်ပျက်၏
ဖျာမိုး ပျဉ်မိုးတို့၌လည်းပျက်၏ အ၀တ်မိုး၌ မပျက်ဟုဆို၏ …

သစ်ပင်ရင်းသည် ဘုရားရှင်၏ ဖွားရာ, ပွင့်ရာ, ဓမ္မစကြာဟောရာ,
နိဗ္ဗာန်စံရာဖြစ်၍ နိဗ္ဗာန်စံတော်မူပြီးသော ဘဘုရားထားတော်မူခဲ့သောအမွေဖြစ်၏
ဝိနည်းပါဠိတော်၌ ဤရုက္ခမူဓုတင်ကို ဆောင်းနွေ ရှစ်လသာ
ဆောက်တည်အပ်သည်
မိုးလေးလ မအပ်ဟုပယ်သည် ကျောင်းရှိလျှင်ကား
ဤဓုတင်ကို မိုးလေးလလည်း မပယ်ဟု ဆုံးဖြတ်၏ ………
………………………………………………………………

၁၀ ။ အဗ္ဘောကာသိကဓုတင်

တရားနာခြင်းငှာ, ဥပုသ်ပြုခြင်းငှာ ဥပုသ်အိမ်သို့ ၀င်လျှင် အပ်၏ ၀င်စဉ်
မိုးရွာအံ့၊ မိုးရွာစဉ် မထွက်မူ၍ မိုးစဲသောအခါ ထွက်အပ်၏ တရားဟော
စာပေပို့ချ သင်ယူလို၍ အမိုးတွင်း ၀င်ခြင်းငှာအပ်၏
ဆွမ်းစားဇရပ်
မီးတင်းကုပ်သို့ဝင်၍ ၀တ်ကြီးဝတ်ငယ်ပြု ခြင်းငှာအပ်၏ …

အမိုးငါးရပ်နှင့် သစ်ပင်အောက်သို့ ၀င်သောခဏ၌ ဓုတင်ပျက်၏
အင်္ဂုတ္တရနိကာယ်ဆောင်တို့ကား အရုဏ်တက်ချိန်ကိုသာ ယူ၏ ထိုနေရာ၌
အာရုံတက်အောင်နေလျှင် ဓုတင်ပျက်၏ ရုက္ခမူလည်း ထိုနည်းတူပင်ဖြစ်သည် ………
………………………………………………………………

၁၁ ။ သုသာန်ဓုတင်

သူသေကောင်မြှုပ်ဘူးသည်မှ သုသာန်လက္ခဏာရှိသောကြောင့် မြှုပ်
ဘုတ် မီးရှို့ဘူးသောကာလမှ စ၍ (၁၂)နှစ်တိုင်အောင် စွန့်ထားသော်လည်း
သုသာန် မည်သည်သာတည်း
သုသာန်၌ မဏ္ဍပ် ညောင်စောင်း သောက်ရေ
သုံးရေ စသည်ကို ထား၍ စာပေပို့ချကာ မနေအပ်၊ ဘေးရန်ကို ကာကွယ်
ခြင်းငှာ သံဃာ့မထေရ်ကြီး, ရပ်ရွာလူကြီး, မင်းနှင့်စပ်သူတို့ကို သိအောင်ပြော၍ မမေ့မလျော့ နေအပ်၏ …

သုသာန်သို့ သွားသောအခါ၌လည်း လမ်းမကြီးက မသွားဘဲ လမ်း-ယောင်လမ်းငယ်ဖြင့် မထင်မရှားသွားအပ်၏
နေ့အခါကပင် ‘ဤကား
သစ်ငုတ် သစ်ပင် တောင်ပို့ ချုံပုတ်’ စသည်ကို မှတ်သားထားအပ်၏
ညအခါ
ကြောက်ဖွယ်အာရုံ မဖြစ်နိုင် ဘီလူး ပြိတ္တာ စသည်တို့ အသံကြားလျှင်
မြင်လျှင် ခဲ, လှံတံစသည်တို့ဖြင့် မပစ်ခတ်အပ်ကုန် ဘီလူးပြိတ္တာတို့
နှစ်သက်သော ဆီထွေး နှမ်းလှော် ပဲထမင်း ငါး အမဲ နို့ရည် ဆီ တင်လဲစသော ဖုတ်လှော် ကင်သင်းသည့် အစာတို့ကိုလည်း မစားအပ်
သုသာန်မှအပြန် ပြိတ္တာငွေ့ ထုံခြင်း, ဘုတ်ပြိတ္တာကပ်ပါလာတတ်ခြင်းတို့ကြောင့်
ဒကာတို့၏ အိမ်သို့ မ၀င်အပ် ဆရာမြတ်တို့ကား ကြောက်တတ်လျှင် နှစ်ပါး
သုံးပါးအဖော်နှင့် သွားပါ တားထားသော ကျမ်းမရှိဟု ဆိုကုန်၏ သုသာန်မသွားသောနေ့ ဓုတင်ပျက်သည် ………
………………………………………………………………

၁၂ ။ ယထာသန္တတိဓုတင်

ဤကျောင်းသည် သင့်အားရောက်သည်ဟု ညွှန်းချလျှင် ထိုကျောင်းဖြင့်သာ နှစ်သက်ရာ၏ တစ်ပါးသော ရဟန်းကို အဖယ်ခိုင်း၍ မနေအပ်
မိမိ ပုဂ္ဂလိကကျောင်းဖြစ်မူ သံဃာညွှန်းချဖွယ်မရှိ
မုဒုကား အနာရောဂါ
မရှိဘဲ ကျောင်းတစ်ပါးကို ယူခြင်း၊ မဇ္ဈုံ ကား သွားကြည့်ခြင်း၊ ဥက္ကဌ်ကား
နီးသလော ဝေးသလော ပူသလော အေးသလော စသည် မေးမြန်းခြင်းသည်လောလုပ္ပ မည်၏ ဓုတင်ညစ်နွမ်း၏ ကျောင်းယူရာ၌ လျှပ်ပေါ်လော်လီခြင်းဖြစ်ကာမျှ၌ ဓုတင်ပျက်၏ ………
……………………………………………………………

၁၃ ။ နေသဇ္ဇိဓုတင်

ညဥ့်သုံးယံတို့တွင် တစ်ယံ ထ၍ စင်္ကြံသွားအပ်၏
ကျောချ၍ အိပ်သော
ဣရိယာပုထ် တစ်ခုသာ မအပ် ဥက္ကဌ်ကား နောက်မှီတံကဲပျဉ်, ပုဆိုး-အာယောဂပတ်, အာယောဂပတ်ပြား သုံးခုမအပ်
မဇ္ဈုံကား တစ်ခုခု အပ်၏
မုဒုကား သုံးမျိုးလုံး အပ်သည် မှီစရာ ခေါင်းအုံး ဖြောင့်စင်းစွာ အိပ်၍
မရသော နောက်မှီအမြင့်ရှိသော ပက်လက်ကုလားထိုင် ညောင်စောင်းများ-လည်း အပ်သည်ဟုဆို၏ …

အထက်ကိုယ် ဖြောင့်တန်း တင်ပျဉ်ခွေထိုင်သော ရဟန်းသည် မာရ်နတ်
စိတ်ကို ချောက်ချားစေ၏ အထိုင်မွေ့သော ရဟန်းသည် အိပ်ခြင်း လှိမ့်ခြင်း
မှိန်းခြင်းဟူသော အာမိသချမ်းသာကို စွန့်နိုင်၏ လုံ့လ၀ီရိယ ရှိ၏ သာသနာတော် အင်ကြင်းတောကို တင့်တယ်စေ၏ ကာမဂုဏ်အာမိသကင်းသောပီတိသုခကို ရနိုင်၏
ထို့ကြောင့် ပညာရှိသည် နေသဇ္ဇိဓုတင်ကို ဖန်ဖန် မယုတ် အားထုတ်သင့်လှ၏ (၀ိသုဒ္ဓိမဂ်အရသာ-၁၁၁)

ပရိဝါသ်ဒဏ်သားရဟန်း မဆောက်တည်အပ်သော ဓုတင်

ပရိဝါသ်ယူပြီး ဓုတင် (၁၃)ပါးကို ဆောက်တည် ကျင့်သုံးလိုသော ရဟန်းသည် အထက်ပါစူဠ၀ါပါဠိတော်အရ အာရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင်မဆောက်တည်ရဟု ဟောတော်မူသည် ………

အဋ္ဌကထာအဖွင့်
………………………

စူဠ၀ါအဋ္ဌကထာ၌ အာရညကင်ဓုတင်မဆောက်တည်ရဟူသည်မှာ
ရောက်လာကုန် ရောက်လာကုန်သော ရဟန်းတို့အား ပရိဝါသ်ကြားခြင်းငှာရှက်သောကြောင့် မဆောက်တည်ရဟု ဆိုသည်
ပင်ကိုက (နဂိုက) ဆောက်
တည်ထားပြီးသူ ရဟန်းဖြစ်လျှင် အဖော်ရဟန်းကို ခေါ်၍ တော၌ အရုဏ်ကိုတက်စေရမည်
ဆွမ်းစားကျောင်း စသည်၌ နေရာစွန်၌ နေရခြင်းဖြင့် ရှက်၍
ပိဏ္ဍပါတ်ဓုတင်မဆောက်တည်အပ် ပင်ကိုကပင် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ထားသူဖြစ်က တားမြစ်ခြင်းမရှိ ကျင့်ကောင်းသည်ဟု ဖွင့်ဆိုထား-ပါသည်
………………………………………………………….

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment