
''ကဲ ဒီနေ့တော့ တော်ဦးစို့ကွယ်၊ မနက်ဖြန်မှ ကျန်တာကို ဆက်ပြီးပို့ချကြတာပေါ့''
'အင်း..ဒီနေ့စာချတာ အချိန်နည်းနည်းကြာသွားလို့လား မပြောတတ်ဘူး။ ရင်ထဲက မောလာသလိုပဲ။ အသက်အရွယ်ကလည်း စကားပြောလာတယ်ထင်ပါရဲ့။ အင်း..ခြောက်ဆယ့်ခြောက်နှစ်ဆိုတော့ လူအိုထဲရောက်လာပါပကော။ ဘာလိုလိုနဲ့ စာပေပို့ချလာတာလည်း အနှစ်သုံးဆယ်ကျော်လာပြီ။ ဒီနှစ် စာလိုက်သံဃာ နှစ်ရာဝန်းကျင် လောက်ရှိအံ့ထင်ပါရဲ့။ တကယ်ဆို ဒီထက်မက သံဃာများများကို ပို့ချပေးချင်တာ။ ဒါပေမယ့် နေရာက မပေးနိုင်ဘူး။ ဒါတောင် အင်းဝနေပြည်တော်က နရာဝရမင်း ပုညရှင် စေတီတော်လာဖူးရင်း ကျောင်းထဲဝင်လာလို့ ကျောင်းဆောင် တွေဆောက်လှူလို့၊ အမယ်''တိလောကဂုရု''ဆိုတဲ့ဘွဲ့တောင် ကပ်သွားသေး။ အဲဒီတုန်းက အသက်က ဘာရှိသေးတုန်း။ သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်ပေါ့။ ဒီကတည်းက အားလုံးက 'တိလောကဂုရု' ဆရာတော်လို့ပဲ ခေါ်ကြတော့တာ။ တိလောကဂုရုဆိုတော့ လောကသုံးပါးရဲ့ဆရာပေါ့။ မင်းဆရာလည်းဖြစ်ပြန်၊ စာသင်သားကိုယ်တော်လေးတွေ အားထားရတဲ့ဆရာလည်းဖြစ်ပြန်ဆိုတော့ သြော်..အင်း..ဟုတ်ပြီ..ဟုတ်ပြီ, သူ့ကျေးဇူး..သူ့ကျေးဇူး ဒီ ဒကာမလေး အခုချိန် ရှိပဲရှိသေးလား။ ရှိရင်လည်း ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ဝန်းကျင်ပေါ့။´
×××××××××
ဒီအတွေးတွေကတော့ တိလောကဂုရုဆရာတော်ရဲ့ပုံရိပ်တွေထဲက နောက်ပိုင်းပုံရိပ်တစ်ခုကို စိတ်ကူးနဲ့မှန်းပြီး တွေးကြည့်လိုက်တာပါ။ ဆရာတော်ကိုယ်တိုင်လဲ မကြာမကြာတွေးဖြစ်မယ့် အတွေးတွေလို့ ထင်ပါတယ်။ တွေးဖြစ် အောင်လည်း နောက်ခံသမိုင်းကြောင်းက ခိုင်မာခဲ့တာကိုး။
×××××××
၁ဝ၃၄ ခုနှစ်၊ ပြည်မင်းတရားသားတော် နရာဝရမင်းလက်ထက်။ ရွှေစည်းခုံစေတီ မြောက်ဘက်စောင်းတန်းအနီး ဇေတဝန်ကျောင်းတိုက်မှာ နှစ်ဆယ်စွန်းစ ရဟန်းပျိုလေးတစ်ပါး စာသင်နေပါတယ်။ တနေ့မှာ အရွယ်အလျောက် လူငယ်တွေး, တွေးရင်း၊ လူထွက်ချင်စိတ်ပေါက်လာပါတယ်။ ကိုယ့်အရွယ်ကိုယ်ပြန်ကြည့်လိုက်တော့လဲ လူ့ဘဝမှာ နေလို့ကောင်းတဲ့အရွယ်ဖြစ်နေပါတယ်။ ဒါကြောင့် တစ်ခါတည်းပဲ လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရဟန်းဘဝမှာ ဘာလုပ်လုပ်, ဘယ်သွားသွား ဦးစွာဘုရားရှိခိုးပြီးမှ လုပ်တဲ့အပြုအမူလေးက အကျင့်ပါနေလေတော့ အခုလူဝတ်လဲဖို့ စီစဉ်တော့လည်း လုပ်နေကျ အပြုအမူကလေးက ဦးစွာခေါင်းထဲဝင်လာပြန်တယ်။ ဘယ်လို ဝင်လာသလဲဆိုတော့ 'လူမထွက်ခင် ရဟန်းဝတ်နဲ့ ရွှေစည်းခုံဘုရားကို ရှိခိုးလိုက်ဦးမယ်။ ဘုရားရှိခိုးပြီးမှ လူထွက်မယ်' ဆိုတဲ့အတွေးပါ။
ဒါကြောင့် အဖော်ရဟန်းတွေနဲ့အတူ အဝတ်အစားတွေယူလာပြီး ရွှေစည်းခုံဘုရားဆီကို ထွက်ခဲ့ပါတယ်။ အဖော် ရဟန်းတွေခေါ်ခဲ့ရတာက ရဟန်းတစ်ပါးလူထွက်မယ်ဆိုရင် ကိုယ့်ဟာကိုယ်ထွက်လို့မရပါဘူး။ အခြားတစ်ပါးက သိက္ခာချပေးမှ သိက္ခာကျတာပါ။ (လူဖြစ်တာပါ)။ ဒါကြောင့် အဖော်ရဟန်းတွေခေါ်ခဲ့တာပါ။ ရွှေစည်းခုံဘုရားရောက်တော့ အဖော်ရဟန်းတွေကို အဝတ်အစားတွေပေးပြီး ခပ်လှမ်းလှမ်းမှာ စောင့်ခိုင်းပါတယ်။ ရဟန်းပျိုကတော့ ဘုရားရှိခိုးဖို့ ဘုရားလိုဏ်ဂူတွင်းကိုဝင်ခဲ့ပါတယ်။ လိုဏ်ဂူတွင်းမှာ ဘုရားရှိခိုးနေရင်း တစ်ဝက်လောက်ရောက်တော့ လိုဏ်ပြင်က ဆုတောင်းသံတစ်ခု ကြားလိုက်ရပါတယ်။ ဘယ်လိုဆုတောင်းသံလဲဆိုတော့ ....
``တပည့်တော်မသည် ဤကောင်းမှုဖြင့် ဆင်းရဲနှင့်ငရဲကင်းရပါလို၏။ ဖြစ်လေရာ ဘဝတိုင်း၌လဲ ဘုန်းကြီးလူထွက်မယား မဖြစ်ရပါလို၏´´ တဲ့။
ဆုတောင်းသံကြားပြီး ရဟန်းပျိုလည်းတော်တော် အံ့သြသွားပါတယ်။ ကိုယ်ကလဲ လူထွက်ဖို့လာ၊ ဒကာမကလဲ လူထွက်မယား မဖြစ်ရပါလိုလို့ ဆုတောင်း၊ တိုက်ဆိုင်တယ်ပဲပြောပြော၊ ဘာကြောင့် လူထွက်မယားမဖြစ်ချင်ရတာကိုတော့ မေးဦးမှပဲဆိုပြီး လိုဏ်ပြင်ထွက်ခဲ့ပါတယ်။ လိုဏ်ပြင်မှာ ရဟန်းပျိုနဲ့သက်တူရွယ်တူ ဒကာမတစ်ယောက်ကို တွေ့ရပါတယ်။ ရဟန်းပျိုက ဒကာမနားကပ်သွားပြီး ....
``စောစောက ဆုတောင်းသံသည် ဒကာမထံမှ ဖြစ်မည်ထင်သည်´´
``ဟုတ်ပါသည် အရှင်´´
``အဘယ်ကြောင့် လူထွက်မယား မဖြစ်ရပါလိုလို့ ဆုတောင်းရပါသနည်း´´
``လူမိုက်မယား မဖြစ်လိုသောကြောင့်ပါ အရှင်´´
``နေပါဦး.... လူထွက်လျှင်ပင် မိုက်လေတော့သလား´´
``လူထွက်သော ရဟန်းသည် အဘယ့်ကြောင့် မမိုက်ဘဲရှိတော့အံ့နည်း။ ရဟန်းမည်သည်ကား သူတစ်ပါးလှူသော အဝတ်အစား၊ သူတစ်ပါးလှူသော အရိပ်သင်္ခမ်းကို သုံးဆောင်စားသောက်၍ ချမ်းသာစွာနေထိုင်ရပေသည်။ စာပေ ကျမ်းဂန်သင်ကြားလိုက သင်ကြားနိုင်၏။ မသင်လိုလျှင်လဲ သင်္ကန်းကြီးကို ခြေကန်ကာသာအိပ်လိုသမျှ အိပ်နေနိုင်သည်။ ထိုသို့စဉ်လျက် သူ့ကျွန်ခံဦးမည်, မယားကျွန်ပြု၍ လုပ်ကျွေးဦးမည်။ လူထွက်သောရဟန်းထက် မိုက်သောသူ မရှိပြီ။ လူမိုက်မယားမဖြစ်ချေက ကျွန်ုပ် မဆင်းရဲပြီလော´´
ဒကာမရဲ့အဖြေစကားကိုကြားရတော့ ရဟန်းပျိုလည်း ထိတ်လန့်သွားပါတယ်။ ထိတ်လန့်မှုနဲ့အတူ ``မြတ်စွာဘုရားတောင်မှ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာ။ ရဟန်းဝတ်နဲ့ လောကအကျိုး၊ သာသနာအကျိုးဆောင်ရွက်နိုင်ခွင့် ပိုပြီး အခွင့်အရေးရတာ´´ စတဲ့ အတွေးတွေတွေးပြီး မှင်သက်မိသွားပါတယ်။ ဒါကြောင့် ဘေးဘီကိုတောင် သတိမထားမိတော့ဘဲ တစ်နေရာတည်းမှာခြေစုံရပ်ပြီး 'တွေ' နေမိပါတယ်။
ရဟန်းပျိုရဲ့ အခြေအနေကို ခပ်လှမ်းလှမ်းမှာစောင့်နေတဲ့ အဖော်ရဟန်းတွေက အထင်းသားမြင်တွေ့နေရပါ တယ်။ ဒါကြောင့် အဖော်တွေက လှမ်းပြီးအသံပြုပါတယ်။ ရဟန်းပျိုလည်း အဖော်ရဟန်းတွေရဲ့အသံကြားမှ
ကိုယ့်ကိုယ်ကို ပြန်သတိရသွားပါတယ်။ အဖော်ရဟန်းတွေဆီ မသွားနိုင်တော့ဘဲ မိမိဆီကိုပဲလာခဲ့ကြဖို့ လက်ယပ် ခေါ်လိုက်ပါတယ်။ အဖော်ရဟန်းတွေ အနားရောက်တော့ မိမိအတွေ့အကြုံကိုပြောပြပြီး ``တပည့်တော် လူမထွက်တော့ဘူး´´ ဆိုပြီး စစ်ကိုင်းဘက်ကို ကူးသွားပါတယ်။
စစ်ကိုင်းရောက်တော့ အပြင်အာရုံတွေအဝင်မခံတော့ဘဲ ဆရာတွေဆီမှာ ဆက်လက်စာသင်လိုက်တာ ပိဋကတ်သင်ရိုးကုန်တဲ့အထိ တတ်မြောက်သွားပါတယ်။ ပိဋကတ်စာပေသင်ရိုးကုန်တတ်ပြီးတဲ့အခါ ပုညရှင်စေတီအနီးက ကျောင်းမှာပဲ စာပေပို့ချပြီး သီတင်းသုံးနေပါတယ်။ စာလိုက်သံဃာတွေ တဖြည်းဖြည်းများလာလိုက်တာ ကျောင်းဆောင်မလောက်တော့လို့ တဲသာသာကျောင်းဆောက်ပြီး နေကြရတဲ့အထိ စာလိုက်သံဃာတွေ ပေါများခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ အင်းဝနရာဝရာမင်း ပုညရှင်စေတီကို လာဖူးရင်း ရဟန်းပျိုလေးရဲ့ကျောင်းတိုက်ကို တွေ့သွားပါတယ်။ စာသင်သားကိုယ်တော်လေးတွေ တဲသာသာ ကျောင်းဆောင်တွေမှာ ဆင်းဆင်းရဲရဲစာသင်နေရတာကို မြင်တွေ့ပြီး တစ်ခါတည်း ကျောင်းဆောင်သစ်တွေ ဆောက်လုပ်လှူဒါန်းပေးပါတယ်။ ပြီးတော့ ရဟန်းပျိုလေးကိုလည်း 'တိလောကဂုရု'ဆိုတဲ့ ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းသွားပါတယ်။ ဒကာမင်းမြတ်အနေနဲ့ သဒ္ဓါနဲ့တာဝန်ကို ဟန်ချက်ညီညီဆောင်ရွက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ စာထဲမှာ တိုက်ရိုက်မပါပေမယ့် တစ်ဆင့်စကားကြားဖူးတာကတော့ အဲဒီခေတ်ကာလတုန်းက ရဟန်းပျိုရခဲ့တဲ့ဘွဲ့ဟာ အမြင့်ဆုံးဘွဲ့လို့ဆိုပါတယ်။
ကဲ-ကြည့်ပါဦး။ အမည်မသိ သာမန်မိန်းကလေးတစ်ယောက်ရဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့တာ။ အဲဒီပြောင်းလဲမှုဟာလည်း တစ်ဦးတစ်ယောက်အတွက်သာမဟုတ်ဘဲ လောကအတွက် သာသနာအတွက်ပါ အကျိုးများစေခဲ့တာ။ လောကမှာ စကားကောင်းတွေပြောဖြစ်ဖို့ လိုအပ်သလို စကားကောင်းတွေ ကြားနာခွင့်ရဖို့လည်း လိုအပ်ပါတယ်။ ဒီအခွင့်အရေးနှစ်ခုကို ရဖို့အတွက် ဗုဒ္ဓရဲ့စကားခြောက်ခွန်းကို အစဉ်သဖြင့် အာရုံပြုထားဖို့လိုပါတယ်။
✔ စကားခြောက်ခွန်း✔
၁။ မဟုတ်မမှန်ဘူး။ အကျိုးလဲ မရှိဘူး။ ကြားရသူ မနှစ်သက်တဲ့စကားမျိုး။
၂။ မဟုတ်မမှန်ဘူး။ အကျိုးလဲ မရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။
၃။ ဟုတ်မှန်တယ်။ အကျိုးလဲ မရှိဘူး။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။
၎။ ဟုတ်မှန်တယ်။ အကျိုးလဲ မရှိဘူး။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။
၅။ ဟုတ်မှန်တယ်။ အကျိုးလဲ ရှိတယ်။ ကြားရတဲ့သူ မနှစ်သက်တဲ့စကားမျိုး။
၆။ ဟုတ်မှန်တယ်။ အကျိုးလဲ ရှိတယ်။ ကြားရတဲ့သူ နှစ်သက်တဲ့စကားမျိုး။
အထက်ပါစကားခြောက်ခွန်းမှာ နံပါတ် ၁, ၂, ၃, ၄ ဖြစ်တဲ့ စကားတွေက မပြောရမယ့်စကားတွေဖြစ်ပြီး နံပါတ် ၅, ၆ ကတော့ ပြောရမယ့်စကားတွေဖြစ်ပါတယ်။ ဒါကြောင့် ---
''စကားခြောက်ခွန်း, လူ၌ထွန်း, လေးခွန်းကို မျှော, နှစ်ခွန်းပြော''လို့ စပ်ဆိုခဲ့ကြပါတယ်။
ဘာပဲပြောပြော မနက်အိပ်ရာထ,ကနေ ညအိပ်ရာဝင်တဲ့အထိ စကားတွေကတော့ မဖြစ်မနေ ပြောနေကြရမှာပါ။ တစ်နေ့တာ အိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး ''ငါ ဒီနေ့တစ်နေ့တာကုန်ဆုံးလို့ ပြောဖြစ်ခဲ့တဲ့စကားတွေထဲ မှာ စကားခြောက်ခွန်းထဲက ဘယ်လိုစကားတွေ ပြောဖြစ်ခဲ့သလဲ?..'' အဲဒီလိုများ စဉ်းစားဖြစ်ခဲ့ရင်။
×××××××
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်_အင်းမ)
ကျမ်းကိုး ..
(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသင်္ကြံ)
(၂) ပုခန်းသာသနာဝင် (လယ်တီဦးလှပိုင်)
(မြတ်သတိ နိုဝင်ဘာ၊၂ဝဝဝ)
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment