
“အချိန်မရွေး သေသွားနိုင်တယ်” ဆိုတဲ့ ဆင်ခြင်မှု၊
တစ်နည်းအားဖြင့် “ခဏနေရင် သေသွားနိုင်တယ်” ဆိုတဲ့
ဆင်ခြင်မှု၊ ဒီဆင်ခြင်မှုကတော့ အရေးအကြီးဆုံးပါပဲ။
အချိန်မရွေးသေသွားနိုင်တယ်လို့
ဆင်ခြင်ထားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ
မိမိရဲ့နှလုံးသားမှာ
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို
လက်ခံထား၊ မွေးမြူထားမှာ မဟုတ်တော့ပါဘူး။
စိတ်ကောင်း၊ စိတ်မြတ်၊ စိတ်သန့်ကလေးတွေကိုပဲ
လက်ခံထား၊ မွေးမြူထားမှာ ဖြစ်ပါတယ်။
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဆိုတာ
ကိလေသာတွေကို ပြောတာပါ။
“ကိလေသာ၊ ကိလေသာ” နဲ့ ပြောပြောနေကြတယ်။
ကိလေသာဆိုတာ ဘာလဲ။
ကိလေသာဆိုတာ စိတ်ကို ပူလောင်စေတတ်၊
ညစ်နွမ်းစေတတ်တဲ့
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေပါပဲ။
ကိလေသာမှန်သမျှ
ဘယ်ကိလေသာမှ ကောင်းတာ၊ မြတ်တာ၊ သန့်စင်တာ မရှိပါဘူး။
လောဘ ကိလေသာပဲဖြစ်ဖြစ်၊
ဒေါသကိလေသာပဲဖြစ်ဖြစ်၊
မာနကိလေသာပဲဖြစ်ဖြစ်၊
ကိလေသာအားလုံး ဘယ်ကိလေသာမဆို
ဆိုးတာ၊ ပုပ်တာ၊ ယုတ်ညံ့တာချည်းပါပဲ။
ဝိပဿနာနယ်ပယ်၊
လောကုတ္တရာနယ်ပယ်မှာတော့
သိမ်မွေ့နူးညံ့တဲ့ အသေးစား
ကိလေသာ လေးတွေကိုတောင်
ဆိုးတယ်၊ ပုပ်တယ်၊ ယုတ်ညံ့တယ်လို့ သတ်မှတ်ပြီး
ရှုမှတ်-ပယ်ကြရပါတယ်။
ကိုယ့်ခန္ဓာကိုယ်မှာ
အသားအရေ ပြည့်ဖြိုးစိုပြေနေတာကို ကြည့်ပြီး
သဘောကျကျေနပ်သွားရင်တောင်
“လောဘကိလေသာဟဲ့၊
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဟဲ့” လို့
နှလုံးသွင်းပြီး အဲဒီ သဘောကျနေတဲ့
စိတ်ကလေးကို သတိပဋ္ဌာန်နည်းကျ
ရှုမှတ်ပွားများပြီး ပယ်သတ်ကြရပါတယ်။
နေပူလွန်း၊ မိုးရွာလွန်း၊ ဆောင်းအေးလွန်းလို့
မကျေမနပ် ဖြစ်သွားရင်တောင်
“ဒေါသကိလေသာဟဲ့၊ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဟဲ့” လို့
နှလုံးသွင်းပြီး အဲဒီ မကျေမနပ်ဖြစ်နေတဲ့ စိတ်ကလေးကို
သတိပဋ္ဌာန်နည်းကျ ရှုမှတ်ပွားများပြီး
ပယ်သတ်ကြရပါတယ်။
ဒါက ၀ိပဿနာ နယ်ပယ်၊
လောကုတ္တရာနယ်ပယ်မှာပါ။
လောကီနယ်ပယ်၊
လက်တွေ့ဘ၀နယ်ပယ်မှာတော့
ပုထုဇဉ်သဘာဝ၊ ပုံမှန်ဖြစ်နေကျ လောဘ၊
ပုံမှန်ဖြစ်နေကျ ဒေါသ၊
ပုံမှန်ဖြစ်နေကျ မာနလေးတွေကို စိတ်ဆိုး၊ စိတ်ယုတ်၊
စိတ်ပုပ်၊ စိတ်ညံ့တွေလို့ လူ့အသိုင်းအ၀ိုင်းက မသတ်မှတ်ကြပါဘူး။
ပုံမှန်ထက် လွန်ကဲလာတဲ့ လောဘ၊
ပုံမှန်ထက်လွန်ကဲ လာတဲ့ ဒေါသ၊
ပုံမှန်ထက် လွန်ကဲလာတဲ့ မာနတွေကို
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့
လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပါတယ်။
ဥပမာ-သူတစ်ပါးပစ္စည်းကို
မတော်မတရားလိုချင်တဲ့ လောဘ၊
အကြောင်း မလုံလောက်ပဲ ပေါက်ကွဲ ပြင်းထန်တဲ့ ဒေါသ၊ မပြောပလောက်တဲ့ ပြည့်စုံမှုလေးအပေါ်မှာ
ဝင့်ဝါထောင်လွှားပြီး “ငါသာ တကယ့် အကောင်၊
ကျန်တဲ့လူတွေ အလကားအကောင်” လို့
ထင်မြင်ယူဆတဲ့ မာန၊
ဒါတွေကတော့ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေပါ။
တစ်နည်းပြောရရင်တော့
သူတစ်ပါးအကျိုး ပျက်စီးရာ၊ ပျက်စီးကြောင်းနဲ့ တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်ပတ်သက်နေတဲ့ ကိလေသာမျိုးကို
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ ခေါ်ဆိုနိုင်ပါတယ်။
အဆိုးဆုံးကတော့ ဣဿာ၊ မစ္ဆရိယ လို့ခေါ်တဲ့ ကိလေသာပါပဲ။
ဣဿာ၊ မစ္ဆရိယ ဆိုတဲ့ ကိလေသာကတော့
ပုံမှန်ပဲဖြစ်ဖြစ်၊ ပုံမှန်ထက် လွန်လွန်ကဲကဲပဲဖြစ်ဖြစ်
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ပဲ ခေါ်ဆိုရပါတယ်။
ဘယ်အတိုင်းအတာ၊ ဘယ်ပမာဏမှာမဆို
ဣဿာ၊ မစ္ဆရိယဆိုတဲ့ ကိလေသာဟာ
ဆိုး၊ ယုတ်၊ ပုပ်၊ ညံ့နေပါတယ်။
လောကအသိုင်းအ၀ိုင်းကကော၊
ဓမ္မအသိုင်းအ၀ိုင်းကပါ
ရွံ့ရှာ စက်ဆုပ်လွန်း လှတဲ့အတွက်
ဣဿာ၊ မစ္ဆရိယ နဲနဲရှိသူကိုပဲဖြစ်ဖြစ်၊
များများရှိသူကိုပဲဖြစ်ဖြစ်၊
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့သူလို့
တစ်လောကလုံးက တစ်ခဲနက် ရှုတ်ချကြပါတယ်။
ဣဿာဆိုတာ
သူတစ်ပါးရဲ့ ပြည့်စုံမှုကို
မကျေနပ်တဲ့ သဘောပါ။
သူတစ်ပါးရဲ့ ကြီးပွားတိုးတက်မှု၊
အဆင်ပြေမှု၊ စိတ်ချမ်းသာပျော်ရွှင်မှုကို
ကြည့်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့သဘော၊
မနာလို မရှုဆိတ် ဖြစ်နေတဲ့သဘောကို
ဣဿာလို့ ခေါ်ပါတယ်။
မစားရ မသောက်ရဘဲ
အခြောက်တိုက်လောင်တဲ့ ကိလေသာမီးပါ။
မစ္ဆာရိယဆိုတာ
ကိုယ့်ရဲ့ ပြည့်စုံမှုမျိုး
သူတစ်ပါးရသွားမှာ
စိုးရိမ်တဲ့သဘောပါ။
ကိုယ်လို သူတစ်ပါး ကြီးပွားတိုးတက်သွားမှာ၊
ကိုယ်လို သူတစ်ပါး စိတ်ချမ်းသာပျော်ရွှင်သွားမှာကို
မလိုလား၊ မနှစ်မြို့တဲ့ သဘော၊
ဝန်တို ကုတ်ကတ်တဲ့သဘောကို
မစ္ဆရိယလို့ ခေါ်ပါတယ်။
မစားရ မသောက်ရဘဲ
အခြောက်တိုက် လောင်တဲ့ ကိလေသာမီးပါ။
ဣဿာနဲ့ မစ္ဆရိယ
ကိလေသာနှစ်ပါးဟာ
ကိုယ့်မှာလည်း ကောင်းကျိုးဖြစ်မလာ၊
သူ့မှာလည်း ဆိုးကျိုးဖြစ်မသွားပဲ
အလကား အခြောက်တိုက်
စိတ်ကို လောင်ကျွမ်းတဲ့
အပေါစား မီးတွေဖြစ်ပါတယ်။
လူယုတ်မာတွေကို လောင်တဲ့မီး၊
လူနုံလူချာတွေကို စွဲတဲ့မီးလို့ဆိုရင် မမှားပါဘူး။
စိတ်စွမ်းရည် ကင်းမဲ့တဲ့
လူခပ်ညံ့ညံ့တွေဟာ
ဣဿာ၊ မစ္ဆရိယ မီးနှစ်ပါးရဲ့
လောင်မြိုက်ဝါးမျိုမှုကို
အချိန်တိုင်းလိုလို ခံနေကြရပါတယ်။
ဣဿာ၊ မစ္ဆရိယ အစရှိတဲ့
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေ ဖြစ်ခွင့်ရနေတာဟာ
သေခြင်းတရားကို မေ့နေလို့ပါပဲ။
ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ မသေတော့မယ့်ပုံ၊
သူတစ်ပါးတွေ ကိုလည်း ဘယ်တော့မှ မသေတော့မယ့်ပုံ၊
စိတ်အာရုံမှာ ထင်မြင်ယူဆနေလို့သာ
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို
ကိုယ့်သန္တာန်မှာ လက်ခံထားနေမိတာ ဖြစ်ပါတယ်။
ကိုယ်လည်း အချိန်မရွေး သေသွားနိုင်တယ်၊
သူတစ်ပါးတွေလည်း အချိန်မရွေး သေသွားနိုင်တယ် ဆိုတဲ့
အသိတရားလေးသာ
ထင်ထင်ရှားရှား နိုးကြားနေမယ်ဆိုရင်
စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို
ကိုယ့်သန္တာန်မှာ လက်ခံမွေးမြူထားမှာ မဟုတ်တော့ပါဘူး။
သတိလစ်သွားလို့ ၀င်လာခဲ့ရင်တောင်မှ
“အချိန်မရွေး သေသွားနိုင်တယ်” ဆိုတဲ့
အသိလေး ပေးလိုက်တာနဲ့
ချက်ချင်း ပျက်ပြယ်သွားနိုင်ပါတယ်။
ကိုယ်မုန်းတီးနေတဲ့သူက
နောက်တစ်မိနစ် အကြာမှာ
အသက်ထွက်တော့မယ် ဆိုတာ
သေချာနေခဲ့ရင်
အဲဒီလူအပေါ် မုန်းတီးစိတ် ဖြစ်နိုင်ပါဦးမလား။
နောက်တစ်မိနစ်အကြာမှာ
ကိုယ်အသက်ထွက်တော့မယ် ဆိုတာ
သေချာပေါက်သိနေခဲ့ရင်
ကိုယ်မုန်းတီးနေတဲ့လူကို
မုန်းတီးစိတ်နဲ့ သတိရနိုင် ပါဦးမလား။
အသိဥာဏ်ရှိသူ ဖြစ်ခဲ့ရင်ပေါ့…။
သေခြင်းတရားကို
မကြာခဏ သတိရ ဆင်ခြင်တဲ့ အလုပ်ကို
ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ။
အံ့သြဖွယ်ကောင်းတဲ့ စိတ်စွမ်းရည်၊
စိတ်တန်ခိုးတွေ
ကိန်းဝပ်လာပါလိမ့်မယ်။
ကိန်းဝပ်လာတဲ့ စိတ်စွမ်းရည်၊
စိတ်တန်ခိုးတွေက စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့မှန်သမျှကို ကျေနပ်အားရဖွယ်ကောင်းလောက်အောင်
မောင်းနှင်တိုက်ထုတ် ပေး ပါလိမ့်မယ်။
အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့
အသိရှိနေတဲ့ ပုဂ္ဂိုလ်ဟာ
မိမိရဲ့သန္တာန်မှာ ၀ိပဿနာ စိတ်ကလေး
အဆက်မပြတ် ဖြစ်နေအောင်လည်း
ကြိုးစား အားထုတ်ဖြစ်ပါတယ်။
ဝိပဿနာစိတ်ကလေး
တစ်စိတ်တည်း အဆက်မပြတ်
ဖြစ်နေဖို့ကတော့ အရေးအကြီးဆုံးပါပဲ။
မိမိတို့ မျက်မှောက်ပြုချင်တဲ့
နိဗ္ဗာန်ဆိုတာက မဂ်စိတ်ဖြစ်မှ
မျက်မှောက်ပြုနိုင်တာ၊
မဂ်စိတ်ဆိုတာ ကလည်း နေရင်းထိုင်ရင်းနဲ့
အလိုအလျောက်ဖြစ်လာတာ မဟုတ်ဘူး။
မဂ်စိတ်ရဲ့ရှေ့မှာ ၀ိပဿနာ စိတ်ရှိရတယ်။
ရှိတယ်လို့ ဆိုတဲ့နေရာမှာလည်း
သာမန်ကာလျှံကာလေး ရှိရမှာ မဟုတ်ဘူး။
အင်အားရှိတဲ့ ၀ိပဿနာစိတ်၊
ရင့်ကျက်တဲ့ ၀ိပဿနာစိတ် ရှိနေရမယ်။
အင်အားရှိတဲ့ ၀ိပဿနာစိတ်၊
ရင့်ကျက်တဲ့ ၀ိပဿနာစိတ် ဖြစ်ဖို့ဆိုတာကလည်း
ပေါ့ပေါ့လျော့လျော့လေး
အားထုတ်ရုံနဲ့တော့ မဖြစ်နိုင်ဘူး။
ဝိပဿနာစိတ် တစ်စိတ်တည်း
အဆက်မပြတ်ဖြစ်နေမှသာ
အားရှိတဲ့ ၀ိပဿနာစိတ်၊
ရင့်ကျက်တဲ့ ၀ိပဿနာစိတ် ဖြစ်နိုင်တယ်။
ဝိပဿနာစိတ် တစ်စိတ်တည်း
အဆက်မပြတ် ဖြစ်ဖို့ဆိုတာ
ထိုင်တဲ့အချိန်မှာ မှတ်ရုံ၊
စင်္ကြန်ချိန်မှာ မှတ်ရုံလေးနဲ့
ဝိပဿနာစိတ် တစ်စိတ်တည်း
အမြဲတမ်း မဖြစ်နိုင်ဘူး။
အထွေထွေ ပြုဖွယ်ကိစ္စ လေးတွေ
ဆောက်ရွက်နေတဲ့ အချိန်မှာလည်း
အထွေထွေ အသေးစိတ်
အမှတ်ကလေးတွေကို
အထူး တန်ဖိုးထား ပြီးတော့
လေးလေးစားစား ရှုမှတ်မှသာလျှင်
မိမိရဲ့သန္တာန်မှာ ၀ိပဿနာစိတ်
တစ်စိတ်တည်း အဆက်မပြတ် ဖြစ်နေမယ်။
အဲဒီလို ၀ိပဿနာစိတ် တစ်စိတ်တည်း
အဆက်မပြတ် ထပ်ကာ ထပ်ကာ ဖြစ်ပါများတော့မှ
ဝိပဿနာစိတ်က အားရှိလာ၊
ရင့်ကျက်လာပြီးတော့ အားရှိတဲ့၊
ရင့်ကျက်တဲ့ ၀ိပဿနာစိတ်ရဲ့ အခြားမဲ့မှာ
မဂ်စိတ်ဖြစ်ပြီး မိမိတို့ လိုလားတောင့်တတဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။
ဒီတော့ ၀ိပဿနာအလုပ်
အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်များရဲ့
အရေးကြီးဆုံးတာဝန်ဟာ
မိမိရဲ့ သန္တာန်မှာ ၀ိပဿနာစိတ်ကလေး
အဆက်မပြတ်ဖြစ်နေအောင် ကြိုးစားအားထုတ်ဖို့ပါပဲ။
အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့
အသိရှိနေတဲ့ပုဂ္ဂိုလ်ဟာ
အချိန်တိုင်း၊ အချိန်တိုင်း
ဝိပဿနာစိတ်ကလေး ဖြစ်နေအောင်
ကြိုးစားအားထုတ်ဖြစ်ပါတယ်။
ဝိပဿနာစိတ် ဖြစ်မနေတဲ့သူ၊
အမှတ်သတိ လွတ်နေတဲ့သူဟာ
သေခြင်းတရားကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
ဝိပဿနာစိတ် ဖြစ်သွားပါတယ်။
အမှတ်သတိ ကပ်သွားပါတယ်။
သွားရင်း လာရင်း၊ လုပ်ရင်း ကိုင်ရင်းနဲ့
လက်ရှိထင်ရှားရာ အာရုံတစ်ခုခုမှာ
အမှတ်သတိ မကပ်မိတဲ့ သူဟာ
“အချိန်မရွေး သေသွားနိုင်တယ်” သို့မဟုတ်
“ခဏနေ သေရင် သေသွားနိုင်တယ်” လို့
ဆင်ခြင် လိုက်တာနဲ့ တစ်ပြိုင်နက်
လက်ရှိထင်ရှားရာ အာရုံတစ်ခုခု၊
ရုပ်အာရုံ ထင်ရှားရင် ရုပ်အာရုံ၊
နာမ်အာရုံ ထင်ရှားရင် နာမ်အာရုံမှာ
ချက်ချင်း အမှတ်သတိ ကပ်သွားပါတယ်။
အနည်းဆုံး ၀င်လေ ထွက်လေ
ထိရာအရပ် နှာသီးဝမှာတော့
သတိကပ်ဖြစ်သွားမှာ သေချာပါတယ်။
ဝင်လေ ထွက်လေမှာ
သတိကပ်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ဆိုရင်လည်း
လက်ရှိပြုမူ လှုပ်ရှား နေတဲ့ အမူအရာ
သို့မဟုတ် လက်ရှိ အပြုအမူ ပြုနေစဉ်မှာ
ဖြစ်နေတဲ့စိတ်ရဲ့ အနေအထားမှာ
သတိကပ်ဖြစ်သွားမှာပါပဲ။
နောက်တစ်မိနစ်ကျရင်
သေရတော့မယ်လို့ သေချာပေါက် သိထားတဲ့သူဟာ
အသိဥာဏ်ရှိသူသာ ဖြစ်ခဲ့မယ်ဆိုရင်
သူ့စိတ်သူ ဘယ်လိုစိတ်မျိုးဖြစ်အောင်
ဖန်တီး တည်ဆောက်မလဲ၊
ဘယ်လိုစိတ်မျိုးနဲ့ သူနေမလဲ၊
ကာမဂုဏ်အာရုံတွေ အာရုံပြုပြီး ကာမဂုဏ်စိတ်နဲ့ နေမလား၊
ဒုစရိုက်အာရုံတွေ အာရုံပြုပြီး ဒုစရိုက်စိတ်နဲ့ နေမလား။
ဝိပဿနာအာရုံတွေ (ရုပ်နာမ်သဘောတွေ)
အာရုံပြုပြီး ၀ိပဿနာစိတ်နဲ့ နေမလား။
အဖြေက ရှင်းရှင်းလေးပါ။
အချိန်ပိုင်းအတွင်း သေရတော့မယ်လို့
သေချာပေါက် သိနေတဲ့သူဟာ
အသိဥာဏ်ရှိသူ၊
အသိဥာဏ် ရင့်ကျက်သူသာ ဖြစ်ခဲ့မယ်ဆိုရင်
သူ့စိတ်သူ ၀ိပဿနာစိတ်ဖြစ်အောင်
ဖန်တီး တည်ဆောက်မှာ သေချာပါတယ်။
လောကီစိတ်တွေထဲမှာ
အဆင့်အမြင့်ဆုံးစိတ်ဖြစ်တဲ့
ဝိပဿနာစိတ်နဲ့
ကိုယ့်ဘ၀ အရည်အသွေးကို
အချိန်တိုင်း မြှင့်တင်ချင်တယ်ဆိုရင်တော့
သေခြင်းတရားကို
မကြာခဏ သတိရဖို့ လိုအပ်ပါလိမ့်မယ်။
လောကဓံ ခံနိုင်ရည်ရှိဖို့နဲ့
ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
“တစ်နေ့ကျရင် သေရမှာပဲ” လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီး
ဆင်ခြင်ကြရပါမယ်။
စိတ်ကောင်းနှလုံးကောင်း ရှိဖို့နဲ့
ဝိပဿနာ စိတ်ကလေး
အဆက်မပြတ် ဖြစ်ဖို့အတွက်
“အချိန်မရွေး သေသွားနိုင်တယ်”
သို့မဟုတ် “ခဏနေ သေရင် သေသွားနိုင်တယ်” လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်ကြရပါမယ်။
သေခြင်းတရားကို အမြဲသတိရနေတဲ့သူဟာ
ကိုယ်အမှန်တကယ်
လုပ်ရမယ့်အလုပ်ကိုလည်း မမေ့ဘူး။
ကိုယ်အမှန်တကယ် ပြောရမယ့် စကားကိုလည်း မမေ့ဘူး။
ကိုယ်အမှန်တကယ် စိတ်ကူး ရမယ့် အတွေးကိုလည်း မမေ့ဘူး။
မမေ့တာကို အပ္ပမာဒလို့ ခေါ်တယ်။
အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ
လောကဓံကိုလည်း ခံနိုင်ရည်ရှိတယ်။
ဘ၀ရဲ့အဆုံးသတ်မယ့် လိုအင်ဆန္ဒတွေကိုလည်း ထိန်းချုပ်နိုင်တယ်။
စိတ်ဆိုး၊ စိတ်ယုတ်တွေ ပယ်ရှားပြီး
စိတ်ကောင်း၊ စိတ်မြတ်တွေလည်း မွေးမြူနိုင်တယ်။
ဝိပဿနာစိတ် အဆက်မပြတ်ဖြစ်နေအောင်လည်း စွမ်းဆောင်နိုင်တယ်။
သေခြင်းတရားကို
အမြဲသတိရှိတော့ နေခြင်းတရားမှာလည်း
အမြဲ သတိလွှမ်းမိုးနေတော့တာပေါ့။
အသေမမေ့ရင်
အနေမမေ့တာ
သဘာဝပါပဲ။
“ မရဏဿတိံ အနုယုတ္တော ဘိက္ခု
သတတံ အပ္ပမတ္တော ဟောတိ ”
သေခြင်းတရားကို မပြတ်ပွားများနေတဲ့သူဟာ
အမြဲတမ်း သတိရှိနေပါတယ်။
ဘယ်တော့မှ မမေ့ပါဘူး။
သေခြင်းတရားကို
အမှတ်ရနေတာကို “မရဏဿတိ” လို့ ခေါ်ပါတယ်။
မမေ့တာ၊ မမေ့တဲ့ သတိနဲ့
ပဓာနအလုပ် အားထုတ်တာကို
“အပ္ပမာဒ” လို့ ခေါ်ပါတယ်။
နိဗ္ဗာန်ကို မသေရာ အရပ်ဖြစ်လို့
“အမတ” လို့ ခေါ်ပါတယ်။
မရဏသတိ ပွားတဲ့သူဟာ
အပ္ပမာဒတရားနဲ့ ပြည့်စုံပါတယ်။
အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ
အမတကို မျက်မှောက်ပြုနိုင်ပါတယ်။
အပ္ပမာဒဟာ အမတကိုရခြင်းရဲ့
တစ်ခုတည်းသော အကြောင်း ဖြစ်ပါတယ်။
အမတကို ဆိုက်ရောက်လိုသူတို့ရဲ့
တစ်ခုတည်းသော သွားရာလမ်းဟာ
အပ္ပမာဒပါပဲ။
အပ္ပမာဒနဲ့ ပြည့်စုံဖို့အတွက်
မရဏသတိကို
ထပ်ကာ ထပ်ကာ
ပွားများကြရပါမယ်…..။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏
“မသေခင် ဘာလုပ်ကြမလဲ”
စာအုပ်မှ ဓမ္မမိတ်ဆွေများ အားလုံးသို့
ဓမ္မဒါနပြုပါသည်။
ကို Thant Gyi post မှတဆင့်
_
“သေခြင်းတရားကို ဆင်ခြင်မှု”
သေခြင်းတရားသည် သတ္တဝါတို့အား ရှောင်လွှဲ၍
မရသော သဘောတရားဖြစ်နေပါသည်။
ပဋိသန္ဓေတည်ပြီးသောသတ္တဝါတိုင်း သေကြေ
ပျက်စီးကြရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော်
သေခြင်းတရားကို ကြောက်လန့်သူတွေကများနေပါသည်။
တက်ကပ်ကာလခေတ်တွင် သေမှုဝေးသည့်အတွက်
သေခြင်းကိုမဆင်ခြင်နိုင်စေကာမူ ယခုခေတ်ကဲ့သို့
သက်တမ်းတိုသောခေတ်၊ သေလွယ်ပျောက်လွယ်သော
ခေတ်၌မူ သေခြင်းတရားကို ဆင်ခြင်ရန်အလွန်
သင့်လျော်ပါသည်။ သဘောလည်း
ပေါက်လွယ်ကြသည်။ ခဏ-ခဏလည်း
အသုဘပို့နေကြ၍ ထိတ်လန့်သံဝေဂရဖို့၊
ဆင်ခြင်သုံးသပ်ဖို့သတိပေးနေသကဲ့သို့
ဖြစ်နေပါသည်။
သေခြင်းကိုဆင်ခြင်မှုသည် ပစ္စက္ခဘဝမှာလည်း
အကျိုးဖြစ်ထွန်း၍ သံသရာတစ်ခွင်မှာလည်း
ကောင်းကျိုးပေးပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည်
အထိ အကျိုးသက်ရောက်နိုင်ပါသည်။
ဗုဒ္ဓသည် နာတိကရွာ အုတ်တိုက်ပြဿဒ်ကျောင်း၌
သီတင်းသုံးနေစဉ် ရဟန်းတို့အားသေခြင်းတရားကို
ဆင်ခြင်သုံးသပ်ရန် အမြဲတိုက်တွန်း
နှိုးဆော်တော်မူပါသည်။
“ရဟန်းတို့...သေခြင်းတရားကို ပွားများနေလျှင်
အကျိုးကြီးသည်။ အာနိသင်ကြီးမားသည်။
အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်။
အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်။
သို့အတွက် သေခြင်းတရားကို ဆင်ခြင်ပွားများကြလော့။”
ထိုအခါ ရဟန်းတော်အသီးသီးက မိမိတို့၏
သေခြင်းတရား ပွားများပုံအသီးသီး
လျှောက်ထားကြသည်။
“အရှင်ဘုရား...တပည့်တော်သည်
ဤကဲ့သို့ အကြံအစည်ဖြစ်ပါသည်။
ငါသည် တစ်နေ့တစ်ညဥ့်တာမျှ အသက်ရှင်ပါမူ
ကောင်းလေစွ။ ဘုရားရှင်၏အဆုံးအမကို
နှလုံးသွင်းလေရာ၏။ စင်စစ် ငါ့အား ရဟန်းကိစ္စများစွာ
ပြုအပ်သည်ဖြစ်ရာ၏၊ ဤကဲ့သို့ အကြံဖြစ်ပါသည်ဘုရား။”
အခြားရဟန်းတစ်ပါးက -ငါသည် တစ်နေ့တာမျှ
အသက်ရှင်ရပါမူ ကောင်းလေစွ။
အခြားရဟန်းတစ်ပါးက -ငါသည် ဆွမ်းတစ်ထပ်
စားချိန်တွင်း အသက်ရှင်ရပါမူ ကောင်းလေစွ။
အခြားရဟန်းတစ်ပါးက -ငါသည် လေး၊ ငါးလုပ်သော
ဆွမ်းကိုဝါးမျိုနေချိန်အတွင်း အသက်ရှင်ရပါမူ
ကောင်းလေစွ။
အခြားရဟန်းတစ်ပါးက -ငါသည် ဆွမ်းတစ်လုပ်ကို
ဝါးမျိုနေချိန်အသက်ရှင်ရပါမူ ကောင်းလေစွ။
အခြားရဟန်းတစ်ပါးက -ငါသည် ဝင်လေ-ထွက်လေ
ရှူထုတ်ချိန်အတွင်း အသက်ရှင်ရပါမူ ကောင်းလေစွ။
ထိုအခါ ဘုရားရှင်က တစ်နေ့တစ်ညဥ့်မျှ အသက်ရှင်ရပါမူ
ကောင်းလေစွ ဟုဆင်ခြင်သောရဟန်းမှသည်
ဆွမ်း လေး၊ငါးလုပ်စာအတွင်းအသက်ရှင်ရမူ
ကောင်းလေစွ ဟုဆင်ခြင်သော ရဟန်းအထိကို-
“မေ့လျော့စွာနေသော ရဟန်းဟူ၍ လည်းကောင်း၊
အာသဝေါတရား ကုန်ခမ်းရန်နှောင့်နှေးစွာ
သေခြင်းတရားကို ပွားများအောက်မေ့သော
ရဟန်းဟူ၍ ဆိုအပ်၏”
ဟူ၍ မိန့်ကြားပါသည်။ ဆက်လက်၍ ဘုရားရှင်က-
“ငါသည် ဆွမ်းတစ်လုပ်တည်းကိုဝါးမျိုနေစဉ်အတွင်း
အသက်ရှင်ပါမူ ကောင်းလေစွ ဟုဆင်ခြင်သော
ရဟန်း၊ ဝင်သက်ထွက်သက်အတွင်း အသက်ရှင်ပါမူ
ကောင်းလေစွ ဟုဆင်ခြင်သောရဟန်းတို့ကို
မမေ့လျော့စွာနေသောရဟန်း၊ အာသဝေါကုန်ခမ်းရန်
ထက်သန်စွာသေခြင်းတရားကို ပွားများ
အောက်မေ့သောရဟန်းဟူ၍ ဆိုအပ်၏”
ဟူ၍ ချီးမွမ်းတော်မူသည်။
“ချစ်သားတို့...သို့အတွက် မမေ့မလျော့နေကုန်အံ့။
အာသဝေါတရားတို့ကုန်ခမ်းရန် ထက်သန်စွာ
သေခြင်းတရားကမ္မဋ္ဌာန်းကိုပွားကုန်အံ့ဟူ၍
ကျင့်သင့်ကျင့်ထိုက်သည်” ဟု
မိန့်ကြားတော်မူပါသည်။
(အံ-ပါ-၂-၂၆၈- ၂၆၉- ၂၇၀)
ဤတရားတော်အရ သတ္တဝါတို့၏ အသက်ရှည်မှုသည်
မည်မျှတိုတောင်းလှသည်ကို သိသာနိုင်ပါသည်။
နတ္ထိမစ္စုဿနဂဟေ -သေခြင်းတရား မရောက်လာသော
နေရာမည်သည်မရှိ။သေမင်းသည် အချိန်မရွေး၊
နေရာတိုင်းမှာ ရောက်လာမည်မှာ ဧကန်ဖြစ်သည်။
မရဏံ မေ ဓုဝံ -ငါ၏သေခြင်းသည်မြဲ၏။
ဇိဝိတံ မေ အဓုဝံ -ငါ၏အသက်မူကားမမြဲ။
မရဏံ မေ ဘဝိဿတိ -ငါ့အတွက်
သေခြင်းတရားသည် အခါမရွေး၊ နေရာမရွေး ဖြစ်လတံ့။
သေခြင်းတရားကိုဆင်ခြင်ရန် ဗုဒ္ဓက ဤသို့
ထပ်ဆင့် မိန့်ကြားခဲ့သည်။
ပုဂ္ဂိုလ်သတ္တဝါတစ်ဦးသည် နေ့စဉ်သေခြင်း(၃)မျိုးဖြင့်
အမြဲရင်ဆိုင်ကြုံတွေ့နေရသည်။
ခဏိကမရဏ - တစ်ခဏ သေရခြင်း။
သမုတိမရဏ - ပညတ်အားဖြင့် သေခြင်း။
သမုစ္ဆေဒမရဏ - အဆုံးသတ်အဖြစ် သေခြင်း။
ဤ(၃)မျိုးတွင် သတ္တဝါတို့၏ခန္ဓာသည်
“ဖြစ်-တည်-ပျက်” အားဖြင့် (၁၇)ချက်ဝီထိစိတ်ရှိပြီး
ဖြစ်-ပျက်သေနေသည်။ ထိုသို့ ဖြစ်-ပျက်-သေနေ၍လည်း
ရုပ်တို့သည် ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ နားထိုင်းခြင်း၊
ခါးကိုင်းခြင်းများဖြစ်ကြကာ ရုပ်ခန္ဓာကြီးခဏ-ခဏ
သေနေရမည်။
ပညတ်အားဖြင့် သမုတ်အပ်သော လူနတ်များစွာ
သတ္တဝါတို့၏သေခြင်းမျိုးကား မျက်မြင်တွေ့နေရသည်။
အဆုံးသတ်သေခြင်းကား ဘုရား၊ ရဟန္တာတို့
နိဗ္ဗာန်စံဝင်ခြင်းဖြစ်ပါသည်။ လူတိုင်းသည်
ရှောင်လွှဲမရနိုင်သော အနိစ္စမမြဲသောတရားကို
ဆင်ခြင်လျှက် မရဏနုဿတိ ဘာဝနာကို
ပွားများခြင်းဖြင့် သတိသမ္ပဇဉ် ရှိရပါမည်။
မအိုမီ-မနာမီကပင် ကြိုတင်၍ ဒါန၊ သီလ၊ ဘာဝနာ
ဟူသောသံသရာရိက္ခာထုပ်ကို ထုပ်ကြရပါမည်။
ထိုသို့အားထုတ်သဖြင့် သေခြင်းကို အသင့်ရဲဝံ့စွာ
ရင်ဆိုင်ရဲသောသူဖြစ်ရပါမည်။ အသက်ရှင်စဉ်၊
ကျန်းမာစဉ်ကပင် ဓမ္မလက်နက်နှင့်ရိက္ခာထုပ်
အပြည့်အစုံကို ကိုင်ထားသူသည် မရဏသေမင်းနှင့်
စစ်ခင်းသည့်အခါ အပြုံးမပျက် အောင်ပွဲခံနိုင်သူ
ဖြစ်ပါမည်။
အကြင်သူ တစ်ယောက်အား နေ့သေမလား-
ညသေမလား ဟုမေးခဲ့သော် လူ့ဘဝတွင်
ဒါန၊ သီလ၊ ဘာဝနာတို့ဖြင့် အကျိုးရှိစွာ
နေသောသူသည် လည်းကောင်း၊
ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ဖြင့်
ကောင်းစွာနေထိုင်သောသူသည် လည်းကောင်း၊
မြတ်သောနေခြင်းဖြင့် နေခဲ့၍ နေရဲသူဖြစ်သလို
တမလွန်ဘဝအတွက်လည်း မြင့်မြတ်ကောင်းမွန်သော
သေခြင်းဖြင့် သေရဲသူဖြစ်ပါမည်။
ထိုသို့သောသူသည် သေမှုအတွက် တစ်စိုးတစ်စီမျှ
ကြောင့်ကြမှု၊ စိုးရိမ်မှု၊ သောကဖြစ်မှု မရှိတော့ပါ။
(အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ )
https://muditar.blog.com
www.facebook.com/muditaralinnsayadaw
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment