
ဗုဒ္ဓလက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၂၅၅၉)နှစ်က သံဃာများကိုသာ ကိုးကွယ်သူ ဒကာ၊ ဒကာမတို့အား အပါယ်ဘေးက ကယ်တင်ခဲ့သည်မဟုတ်၊ ယခုခေတ် သံဃာများသည်လည်း ကိုးကွယ်သူ ဒကာ၊ ဒကာမတို့အား အပါယ်ဘေးမှ ကယ်တင်သည်သာ ဖြစ်၏။
ဖြူးနှင့် ပဲခူးရိုးမ တောစပ်တွင် “စိန်ကြီးဘုရား” ဟု အမည်တွင်သော စေတီတစ်ဆူရှိ၏။ ဘုရားဒကာမှာ တောင်ငူဘုရင် တပင်ရွှေထီး ဖြစ်သည်။ တစ်နေ့ ထိုစေတီအနားတွင် ရဟန်းတော်တစ်ပါး တရားထိုင်နေသည်ကို ချင်းခင်ရွာမှ ကိုမောင်ကြီးက သတိထားမိသွား၏။ ထိုရဟန်းသည် နေပူပူ၊ မိုးရွာရွာ ဘုရားရင်ပြင်နှင့် သစ်ပင်အောက်တွင်သာ အမြဲရှိနေ၏။ သီတင်းသုံးစရာ ကျောင်းမရှိပေ။ ထို့ကြောင့် ကိုမောင်ကြီးက ရဟန်းတော်ကို လျှောက်ထားပြီး မိမိတတ်နိုင်သမျှ ဓနိမိုး၊ ထရံကာ တစ်ပါးနေ တဲကျောင်းလေး တစ်ကျောင်းကို ကိုယ်တိုင်ဆောက်လုပ်လှူဒါန်းရန် ကြိုးစား၏။ တိုင်၊ အမိုး၊ အကာ အကုန်းပြီးသွားသော်လည်း အခင်းအတွက် ဝါးခြောက်လုံးခန့် လိုနေ၏။ သူ့ရွာ ပြန်ယူဖို့ကလည်း အလွန်ဝေးနေ၏။
စိန်ကြီးဘုရားနှင့် အနီးဆုံးရွာဖြစ်သည့် ဆယ်အိမ်စုရွာထဲတွင် စောထီလအမည်ရှိ အသိကရင် အမျိုးသားကြီး တစ်ယောက်ရှိ၏။ ထိုသူ့ထံတွင် အကူအညီတောင်းကြည့်ဖို့ ထွက်လာခဲ့၏။ တစ်ခုခက်နေသည်ကား စောထီလသည် ဘာသာခြားတစ်ယောက် ဖြစ်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် စောထီလကို တွေ့သောအခါ လူသားအချင်းချင်း ကူညီးပေးဖို့ အနေဖြင့် ပြောရ၏။ လှူဖို့အနေဖြင့် မပြောရပေ။ စောထီလတို့ ဘာသာအယူအရ တခြားဘာသာကို လှူလျှင် အပြစ်ရှိသည်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်၏။ စောထီလသည် ပင်ကိုယ်စိတ်ကောင်းရှိသဖြင့် ဝါးလုံးခြောက်လုံးကို အကူအညီ ပေးလိုက်၏။ ထိုအခါကျမှ တစ်ပါးနေကျောင်းလေး ပြီးစီးသွား၏။
စောထီလသည် တောင်စောင်းတွင် သီးမွှေးငှက်ပျောသီးများ စိုက်ပျိုးရောင်းချသူ ဖြစ်သည်။ တစ်ရက်တွင် ငှက်ပျောသီးခိုင်များကို ခုတ်ချရင်း တောင်ပြိုသဖြင့် စောထီလပါ မြေကြီးနှင့်အတူ တစ်ခါတည်း ရောပါသွာ၏။ ရွာမှလူများ ရောက်လာသောအခါ စောထီလ အလောင်းကို မြေကြီးထဲမှ အတော်ဖော်ယူရ၏။ အလောင်းကို သုံးရက်ခန့်ထားပြီး သဂြိုလ်မည့်နေ့မှာပင် အခေါင်းထဲက စောထီလဆီမှ ညည်းညူသံ ကြားရသဖြင့် တချို့မှာ ကြောက်လန့်ပြီး ထွက်ပြေးကြ၏။ တချို့ သတ္တိရှိသူများက အနားကပ်ပြီး သေချာကြည့်သောအခါ စောထီလမှာ မသေဘဲ သတိပြန်ရနေသည်ကို တွေ့မြင်ရ၏။ အမှန်မှာ စောထီလ သေသွားခြင်းမဟုတ်၊ သတိမေ့မြောသွားခြင်းသာ ဖြစ်၏။ စောထီလသည် သတိရလျှင် ရချင်း “စိန်ကြီး ဘုရားက ဆရာတော်ထံ ပို့ပေးပါ၊ သူ ဗုဒ္ဓဘာသာ ဝင်တော့မည်” ဟု ပြောလာ၏။ ထို့ကြောင့် ဆရာတော်ထံ ခေါ်သွားကြ၏။
ဆရာတော်ထံတွင် သရဏဂုံ ဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဝင်ပြီးသည်နှင့် သူ၏ ကြောက်မက်ဖွယ် အတွေ့အကြုံကို လျှောက်ထား၏။ သူသတိ လစ်သွားသည်နှင့် လူမည်းမည်းကြီးနှစ်ယောက်က သူ့ကို မြေကြီးအောက်ထဲသို့ ခေါ်သွား၏။ မြေကြီးအောက် ရောက်သောအခါ လူဝါဝါကြီးက ကုသိုလ်ပြုခဲ့ခြင်း ရှိ-မရှိ သူ့ကို စစ်ဆေး၏။
ဒေဝဒူတသုတ္တန်တွင်လည်း ယမမင်းလွှတ်ထားသော တမန်ငါးဦးကို ဟောကြားတော်မူထား၏။ ထိုတမန်ငါးဦးမှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသားတို့ ဖြစ်သည်။ ငရဲသို့ ရောက်လာသူများကို ထိုငါးဦးတို့နှင့် ဆက်စပ်ပြီး သံဝေဂ ဉာဏ်ဖြင့် ကုသိုလ်ကောင်းမှု လုပ်ဖူးခြင်း ရှိ-မရှိကို မေးမြန်း၏။
ထိုသို့ မေးမြန်းခြင်းမှာ ငရဲမှ လွတ်သွားအောင် စေတနာကောင်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်။ မေမြန်းပုံ နမူနာမှာ-
“အသင်လူသား၊ သင်သည် လူသေကို မြင်ဖူးသလော”
“မြင်ဖူးပါသည်”
“ထိုသို့ မြင်သောအခါ ငါသည်လည်း တစ်နေ့ကျ သည်လို သေရမှာဖြစ်သည်ဟု သံဝေဂဉာဏ် ပေါ်ခဲ့ဖူးလား”
“သံဝေဂဉာဏ် မပ်ါခဲ့ဖူးပါ”
“ထို သံဝေဂဉာဏ်ကို အကြောင်းပြုပြီး ဒီလို သေဘေးက လွတ်အောင် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို မပြုခဲ့ဘူးလား”
“မပြုခဲ့ပါ ဘုရား”
ထိုကဲ့သို့ တမန်ငါးဦးလုံးအား မေးမြန်းပြီး သံဝေဂဉာဏ် ကုသိုလ်လည်းမရှိ၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်လည်း မရှိဟု ဆိုသောအခါ ယမမင်းသည် သူဘယ်လိုမှ ကယ်တင်၍ မရနိုင်တော့သဖြင့် မျက်နှာလွှဲလိုက်လေသည်။ ထိုအခါကျမှ ငရဲသားတို့သည် ကုသိုလ်မရရှိသော လူသားကို နှိမ့်စက်ညှင်းပန်းကြလေတော့သည်။
ယခုလည်း စောထီလကို ယမမင်းက စစ်ဆေးကြည့်ရာ ဘာကုသိုလ်မှ ပေါ်မလာသောကြောင့် ယမမင်းက မျက်နှာလွှဲလိုက်လေ၏။ ထိုအခါ ငရဲသားနှစ်ယောက်က စောထီလ၏ လက်နှစ်ဖက်ကို တစ်ဖက်စီ ဆွဲယူလာကြပြီးလျှင် ဆီများပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ပစ်ချလိုက်ကြ၏။
အံ့သြစရာ ကောင်းသည်ကား ဒယ်အိုးထဲ မကျခင် လမ်းခုလတ်မှာ ဝါးလုံးခြောက်လုံး လာခံနေခြင်းပင် ဖြစ်၏။ ငရဲသားနှစ်ယောက်သည် အံ့သြစွာဖြင့် စောထီလကို ပြန်ဆွဲယူလိုက်၏။ ထိုအခါ ဝါးခြောက်လုံးသည် ပြန်ပျောက်သွား၏။ ဝါးခြောက်လုံး ပြန်ပျောက်သွားသည်နှင့် ငရဲသားများက စောထီလကို ဒယ်အိုးအတွင်း ဒုတိယအကြိမ် ပစ်ချလိုက်ပြန်၏။ ထိုအခါ ဝါးလုံးခြောက်လုံး ပေါ်လာပြီး အောက်ကလာခံနေပြန်၏။ သုံးကြိမ်တိုင်တိုင် ထိုသို့ ဖြစ်နေသောအခါ ငရဲသားများသည် စောထီလကို ဒယ်အိုးထဲ ဆက်မချတော့ဘဲ ယမမင်းကြီးထံ ပြန်ခေါ်သွားကြ၏။
ယမမင်းက အကြောင်းစုံကို မေးမြန်းစစ်ဆေး ကြည့်သောအခါတွင်မှ စောထီလ၏ ဝါးခြောက်လုံး အလှူသည် ပြန်ပေါ်လာ၏။ ထိုအခါကျမှ ယမမင်းက “ စောထီလ မင်းလူ့ဘဝမှာ ကုသိုလ်တွေ ဆက်ပြုရအောင် ပြန်ပေဦးတော့” ဟု ခွင့်ပေးသဖြင့် သူသည် ပြန်လည်သတိရလာခြင်း ဖြစ်ကြောင်း၊ ဆရာတော်ကို လျှောက်ထား၏။ ထိုနေ့မှစ၍ စောထီလသည် သူကိုယ်တိုင် ကြုံခဲ့ရသော လက်တွေ့တရားကြောင့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ကာ ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်တရားများကို အသက်ထက်ဆုံး ပြုလုပ်သွားခဲ့သည်။
ဤဖြစ်ရပ်ကို ထောက်ထား၍ ယခုခေတ် သံဃာတော်များသည်လည်း ကိုးကွယ်သူ ဒကာ၊ ဒကာမ တို့အား အပါယ်ဘေးမှ ကယ်တင်ပေးနိုင်ကြောင်း ထင်ရှားပါပေ၏။
အနန္တ ကောင်းကျိုးရနိုင်တဲ့နည်း
*
ရတနာသုံးပါကို ကိုးကွယ်ဆည်းကပ်တဲ့အခါ ဘယ၊ လာဘ၊ ကုလာစာရ ဆိုတဲ့ အစွန်းသုံးပါးက လွတ်မှ ကောင်းကျိုးအနန္တ ရနိုင်တယ်။
ဘယဆိုတာ- ရတနာသုံးပါးကို ကိုးကွယ်တာဟာ ကြောက်လို့ ကိုးကွယ်တာ မဖြစ်စေရဘူးတဲ့။
လာဘဆိုတာ- စည်းစိမ်ဥစ္စာ လာဘ်လာဘ၊ အခြံအရံ အကျော်အဇောကို လိုချင်လို့ ကိုးကွယ်တာ မဖြစ်စေရဘူးတဲ့။
ကုလာစာရဆိုတာ- အဖိုးအဖွား၊ အဖေအမေတွေ ကိုးကွယ်ဆည်းကပ်လို့ ကိုယ်လည်း ကိုးကွယ်ဆည်းကပ်တာ မဖြစ်စေရဘူးတဲ့။
ဒကာ၊ ဒကာမ နှစ်မျိုး
***
မြန်မာပြည်မှာ ဘုန်းကြီးကိုးကွယ်ကြတာ ဒကာ၊ ဒကာမ နှစ်မျိုးတွေ့ရတယ်။
တစ်မျိုးက ဂိုဏ်းဂဏမရွေး၊ သံဃာမှန်သမျှ ကိုးကွယ်တဲ့ ဒကာ၊ ဒကာမ။
တစ်မျိုးက ဂိုဏ်းဂဏ ရွေးချယ်ပြီး၊ ကိုယ့်ဂိုဏ်းသံဃာမှ ကိုးကွယ်တဲ့ ဒကာ၊ ဒကာမ။
အဲဒီနှစ်မျိုးအနက် ဂိုဏ်းဂဏ မရွေးတဲ့ ဒကာ၊ ဒကာမတွေကတော့ သံသရာမှာ အထက်တန်းက နေရမှာပဲ။
“ဂိုဏ်းဂဏ မရွေးချယ်တဲ့သူက ဘုန်းကြီးမှန်လျှင် ဘယ်ဘုန်းကြီးပဲဖြစ်ဖြစ်၊ ဝတ်ချမှာပဲ။ လှူစရာရှိ လှူမျာပဲ။ ဒီတော့ ဘုန်းကြီးတွေ့တိုင်း ကုသိုလ်ဖြစ်တာပေါ့။
ဂိုဏ်းဂဏ ရွေးတဲ့သူက ကိုယ့်ဂိုဏ်ဘုန်းကြီးမှ ဝတ်ချချင်၊ လှူချင်မှာ။ သူများဂိုဏ်းက ဘုန်းကြီးဆိုရင် ဝတ်ချချင်မှ ချမှာ၊ လှူချင်မှ လှူမှာ ။ ဒီတော့ သူများ ဂိုဏ်းက ဘုန်းကြီးတွေ့လျှင် သူ့မှာ ကုသိုလ်ဖြစ်မှာ မဟုတ်တော့ဘူး”
မေတ္တာရှင်-ရွှေပြည်သာ
ဆရာကောင်းကို ရှာဖွေခြင်း
စာအုပ်(နှာ ၇၀-၇၄ )မှ ကူးယူဖော်ပြပါသည်။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment